← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 11 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 11 Ch. 111-112

အခန်း ၁၁၁ နံရံတိုင်းမှာ နားရှိတယ်

ဆောင်းရာသီကုန်လွန်၍ နွေဦးသို့ ကူးပြောင်းလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နှစ်၏ ဖေဖော်ဝါရီလလယ်သို့ ရောက်ရှိလာခဲ့လေသည်။

"လက်ထောက်အရာရှိဝူ ဘယ်လိုလဲခင်ဗျာ။ တစ်ခုခု ထူးခြားမှုရှိရဲ့လား"

ကျောက်ပင်တိန့်က မေးမြန်းလိုက်သောအခါ ဝူကျိရှန်းသည် ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ပြောလိုက်သည်။

"ဘာမှ တိုးတက်မှု မရှိသေးဘူး"

သူသည် ဝမ်ကျန့်စွန်းနှင့် ထိတွေ့ဆက်ဆံနေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း ဝူကျိရှန်းက နယ်မြေကွင်းဆင်းစစ်ဆေးရန် တောင်းဆိုလိုက်တိုင်း ဝမ်ကျန့်စွန်းသည် အကြောင်းပြချက်အမျိုးမျိုးပေးကာ ငြင်းပယ်လေ့ရှိသည်။ ကြည့်ရသည်မှာ သူသည် ဝူကျိရှန်းအပေါ် အလွန်အမင်း သတိထားနေဆဲ ဖြစ်ပုံရ၏။

"အရမ်းလည်း လောစရာမလိုပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ခဏခဏ တောင်းဆိုနေရင် သူ သံသယဝင်သွားလိမ့်မယ်။ ရေရှည်စီမံကိန်း ချရုံရှိတာပေါ့"

ရေရှည်စီမံကိန်း။ယခု ဖေဖော်ဝါရီလလယ်သို့ ရောက်နေပြီဖြစ်ရာ မင်မင်းဆက်၏ အကြီးစား မြောက်ပိုင်းစစ်ဆင်ရေးကို မတ်လတွင် စတင်ရန် သတ်မှတ်ထားပြီးဖြစ်သည်။

သို့သော်လည်း အုလုမျိုးနွယ်စု၏ တိကျသော တည်နေရာကို ယခုထက်ထိ မသိရသေးချေ။ အကယ်၍ ရေရှည်စီမံကိန်းသာ ချနေလျှင် အချိန်မီတော့မည် မဟုတ်ပေ။

"ဒါဆိုရင်... လက်လျှော့လိုက်ရင် ကောင်းမလား။ မင်မင်းဆက်ရဲ့ အရေးကြီးတဲ့ မြောက်ပိုင်းစစ်ဆင်ရေးကို နှောင့်နှေးသွားမှာ စိုးရိမ်မိတယ်"

"မနှောင့်နှေးပါဘူး။ မြောက်ပိုင်းစစ်ဆင်ရေးကို သြဂုတ်လ တန်ဆောင်မုန်းလပြည့် နောက်ပိုင်းအထိ ရွှေ့ဆိုင်းလိုက်ပြီ။ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်"

အကြောင်းအမျိုးမျိုးကြောင့် မတ်လတွင် စတင်ရန် မူလက သတ်မှတ်ထားသော မြောက်ပိုင်းစစ်ဆင်ရေးကို သြဂုတ်လကုန်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။ အမှန်တော့ ယခုကဲ့သို့ ဖြစ်ရပ်မျိုးမှာ ပုံမှန်ပင် ဖြစ်၏။

မြောက်ပိုင်းစစ်ဆင်ရေးကဲ့သို့ စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်ကြီးတစ်ခုမှာ အဖက်ဖက်မှ သေချာပြင်ဆင်ရန် လိုအပ်သည်။ ဟုန်ဝူခေတ်နှင့် နောက်ပိုင်း ယုံလော့ခေတ်များအတွင်းက မြောက်ပိုင်းစစ်ဆင်ရေးပေါင်း ဆယ်ကြိမ်ထက်မကကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ဖူးလေသည်။

ပုံမှန်အခြေအနေအရ မြောက်ပိုင်းစစ်ဆင်ရေး သတ်မှတ်ရက်အားလုံးနီးပါးသည် တူညီသော ပုံစံတစ်ခုအတိုင်း သွားလေ့ရှိရာ နွေဦး သို့မဟုတ် ဆောင်းဦးရာသီများပင် ဖြစ်သည်။

နွေဦးနှင့် ဆောင်းဦးရာသီများတွင် ပြင်းထန်သော ရာသီဥတုဆိုးရွားမှုများ မရှိသဖြင့် စစ်တပ်များ ချီတက်ရန် အလွန်သင့်တော်သည်။ အထူးသဖြင့် ဆောင်းဦးရာသီသို့ ရောက်ရှိလာသောအခါ မြင်းများ သန်စွမ်းပြီး လေးမြှားများ ထက်မြက်ကာ ရိက္ခာများ ပေါများသဖြင့် အကြီးစား စစ်ဆင်ရေးများ လုပ်ဆောင်ရန် အကောင်းဆုံး အချိန်ဖြစ်ပေသည်။

အချိန်လုံလောက်စွာ ရရှိထားသော်လည်း ဝမ်ကျန့်စွန်းက အကွက်ထဲဝင်မလာသေးသဖြင့် ပိုမိုပြည့်စုံသော အစီအစဉ်တစ်ခုကို ဆွဲရမည် ဖြစ်၏။

"မင်း ဝမ်ကျန့်စွန်းနဲ့ ဆက်ပြီး ထိတွေ့နေလို့ရတယ်။ ဒါပေမဲ့ သွေးပူဖို့မလိုဘူး။ သူ့ရဲ့ ယုံကြည်မှုကို ရအောင် ဖြည်းဖြည်းချင်း လုပ်ယူပြီးမှ သူ့ကို အကွက်ထဲ ဆွဲသွင်းဖို့ နည်းလမ်းရှာရမယ်"

မင်မင်းဆက်၏ လျှို့ဝှက်အ‌ထောက်တော်များဖြစ်သော ဝူကျိရှန်းနှင့် ကျောက်ပင်တိန့်တို့ တိုးတိုးတိတ်တိတ် စကားပြောနေစဉ်မှာပင် ရှုစီဝင်သည်ကုန်လှောင်ရုံအတွင်းသို့ ပုံမှန်ခြေလှမ်းများဖြင့် လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

ရှုစီဝင်သည် မြောက်ပိုင်းစစ်တပ်အတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူရေးတာဝန်ကို လွှဲပြောင်းရယူကတည်းက ဤအရာသည် မိမိကိုယ်ကိုယ် သက်သေပြရန် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း ကောင်းစွာသိရှိထား၏။ သူသည် စွမ်းဆောင်ရည် အပြည့်အဝထုတ်ကာ ဆေးဝါးအသုတ်လိုက် ဝယ်ယူစုဆောင်းပြီးဖြစ်၍ တာဝန်၏ ထက်ဝက်ကျော်မှာ ပြီးမြောက်နေပြီ ဖြစ်၏။

ငွေရှိလျှင် အရာရာ လွယ်ကူလှပေသည်။ နန်းတော်က လုံလောက်သော ရန်ပုံငွေများ ချထားပေးသဖြင့် ဆေးဝါးပစ္စည်းများ ဝယ်ယူရခြင်းမှာ လွယ်ကူချောမွေ့နေခဲ့သည်။

မူလအစီအစဉ်အရ နန်းတော်မှဆေးဝါးပစ္စည်းများကို သယ်ယူပို့ဆောင်ရန် လူလွှတ်ရမည် ဖြစ်သော်လည်း မြောက်ပိုင်းစစ်ဆင်ရေးကို သြဂုတ်လအထိ ရွှေ့ဆိုင်းလိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ ထို့ကြောင့်ဆေးဝါးပစ္စည်းများကို ဆေးဝါးရေးရာဌာန၏ ကုန်လှောင်ရုံထဲတွင်သာ ယာယီသိမ်းဆည်းထားရတော့သည်။

ကုန်လှောင်ရုံထဲတွင် ဆေးဝါးပစ္စည်းများစွာ ပုံထပ်နေပြီး ၎င်းတို့အားလုံးမှာ စစ်သုံးရိက္ခာများ ဖြစ်ကြသည်။ အနည်းငယ်ချို့ယွင်းသွားယုံဖြင့် ရှုစီဝင်၏ ခေါင်းမှာ အကြိမ်တစ်ရာ ပြတ်လျှင်ပင် လုံလောက်မည် မဟုတ်ပေ။

ရှုစီဝင်သည် သူ၏ တာဝန်မှာ အလွန်ကြီးမားကြောင်း သိရှိသဖြင့် ဆေးဝါးများ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ကာ ညဘက်တွင် အိပ်မပျော် စားမဝင် ဖြစ်နေခဲ့ရသည်။ သူသည် အားလျှင် အားသလို ကုန်လှောင်ရုံသို့ လာရောက်စစ်ဆေးလေ့ရှိ၏။

ဝူကျိရှန်းသည် ကုန်လှောင်ရုံမှူး ကျောက်ပင်တိန့်နှင့် တိုးတိုးတိတ်တိတ် စကားပြောနေသည်ကို မြင်သောအခါ ရှုစီဝင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

သူသည် ဝူကျိရှန်း ရရှိမည့် အခွင့်အရေးကို လုယူခဲ့သဖြင့် ဝူကျိရှန်းသည် ရန်ငြိုးထားကာ လက်စားချေရန် အခွင့်အရေး ရှာနေမည်မှာ သေချာလှပေသည်။

ကုန်လှောင်ရုံမှူး ကျောက်ပင်တိန့်သည် ဝူကျိရှန်းနှင့်ရင်းနီးသူဖြစ်သည်။ အကယ်၍ ထိုနှစ်ယောက် ပူးပေါင်းပြီး မိမိကို ဒုက္ခပေးရန် ကြံစည်နေလျှင် တကယ်ကို ကြောက်စရာကောင်းလှပေသည်။

မကြာသေးမီက ကျောက်ပင်တိန့်နှင့် ဝူကျိရှန်းတို့သည် ယခင်ကထက်နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေကြသည်။ ၎င်းတို့ ဘာအကြောင်းအရာကို ဆွေးနွေးနေသည်ကို မသိရသော်လည်း ရှုစီဝင်သည် ဗီဇအရ အန္တရာယ်အငွေ့အသက်ကို ရရှိနေခဲ့သည်။

ဒီနှစ်ယောက် ပေါင်းနေတာ ငါ့ကို ဒုက္ခပေးဖို့ပဲ ဖြစ်ရမယ်။

အရေးကြီးကုန်လှောင်ရုံထဲတွင် ဝူကျိရှန်းနှင့် ကျောက်ပင်တိန်တို့က ကိစ္စတစ်ခုခုကို လက်ဆော့လိုက်ရုံဖြင့် ကြီးမားသော ပြဿနာ ဖြစ်လာလိမ့်မည်။

ရှုစီဝင်သည် ပင်ကိုယ် စိတ်သဘောထား ကျဉ်းမြောင်းသူဖြစ်ရာ သူတစ်ပါး၏ စိတ်ကိုသူ၏ စိတ်ဖြင့်သာနှိုင်းလေ့ရှိသည်။ သူသည် ဝူကျိရှန်းက သူ့ကို လက်စားချေရန် အလွန်ယုတ်မာသော နည်းလမ်းများကို သုံးလိမ့်မည်ဟုပင် တွေးတောနေခဲ့၏။

ဝူကျိရှန်းက မီးရှို့ရန် နည်းလမ်းရှာလိုက်သည်နှင့် ကုန်လှောင်ရုံထဲရှိ ဆေးဝါးပစ္စည်းများမှာ ပြာအတိ ဖြစ်သွားပေလိမ့်မည်။ သို့မဟုတ် အမိုးကြွေပြားများကို တိတ်တဆိတ် ဖယ်ရှားကာ မိုးရေဖြင့် ဆေးဝါးများကို စိုစွတ်အောင် လုပ်နိုင်သည်၊၊ထိုကဲ့သို့ ပြင်းထန်သော နည်းလမ်းများကိုမသုံးဘဲအစိုဓာတ်ထိန်းကိရိယာအချို့ကို ဖယ်ရှားလိုက်ရုံဖြင့် ဆေးဝါးများ သဘာဝအတိုင်း မှိုတက်ပျက်စီးသွားကာ မိမိကို ကြီးမားသော ဒုက္ခတွင်းထဲသို့ တွန်းပို့နိုင်ပေသည်။

စစ်တပ်သို့ ထောက်ပံ့မည့် ဆေးဝါးပစ္စည်းများတွင် ပြဿနာတစ်ခုခု ရှိလာသည်နှင့် အဓိက တာဝန်ရှိသူဖြစ်သော ရှုစီဝင်သည် ဧကန်မုချ ခေါင်းဖြတ်ခံရပေလိမ့်မည်။

ထို့ကြောင့်ရှုစီဝင်သည် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်တော့သည်။သူသည် တိတ်တဆိတ် ခြေလှမ်းများကို နှေး‌နှေး‌လျောက်ကာ သူခိုးတစ်ယောက်ကဲ့သို့ အနားသို့ ကပ်သွားပြီး ဆေးဝါးပုံကြီးတစ်ခု၏ နောက်ကွယ်မှနေ၍ ၎င်းတို့၏ စကားဝိုင်းကို ချောင်းနားထောင်လေသည်။

၎င်းတို့၏ အသံများမှာ အလွန်တိုးလွန်းလှသဖြင့် ရှုစီဝင်သည် သဲသဲကွဲကွဲ မကြားရဘဲ ဆေးဝါးပစ္စည်းများ၊ ဆွဲဆောင် နှင့် အကွက်ထဲဝင်စသည့် သော့ချက်စကားလုံးအချို့ကိုသာ မရေမရာ ကြားလိုက်ရ၏။

မိမိကိုယ်ကိုယ် ဉာဏ်ကောင်းလှသည်ဟု ထင်နေသော ရှုစီဝင်သည် သူ၏ ကွက်ကွက်ကွင်းကွင်း တွေးတောတတ်သော စိတ်ကူးစိတ်သန်းများကို အသုံးပြုကာ ဝူကျိရှန်းသည် ကျောက်ဘင်းတိန်နှင့် ပူးပေါင်းပြီး ဤဆေးဝါးများကို ဖျက်ဆီးကာ မိမိကို အပြစ်ပုံချရန် ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု ချက်ချင်း ကောက်ချက်ချလိုက်တော့သည်။

ရှုစီဝင်သည် ပိုမိုသဲကွဲစွာ ကြားချင်သဖြင့် အရှေ့သို့ တိုးလိုက်ရာ ဆေးဝါးပုံပေါ်ရှိအိတ်တစ်ခုကို မတော်တဆ ထိမိသွားပြီး တိုးဖျော့သော အသံတစ်ခု ထွက်ပေါ်သွားခဲ့လေသည်။

လျှို့ဝှက်စကားပြောနေသော ကျောက်ပင်တိန့်သည် ချက်ချင်းပင် ဟစ်အော်လိုက်‌လေသည်။

"ဘယ်သူလဲ"

"ငါပါ"

ထုံးမှုန့်ဖြူများ ပေကျံနေသော ရှုစီဝင်သည် ထွက်လာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ ကျောက်ဘပင်တိန့်၏ ရှေ့တွင် ရှေ့တန်းအရာရှိတစ်ယောက်ကဲ့သို့ ဟန်ပန်လုပ်ကာ ပြောလိုက်သည်။

"ဒီအရာရှိက ဆေးဝါးပစ္စည်းတွေရဲ့ သိုလှောင်မှု အခြေအနေကို လာရောက်စစ်ဆေးတာ"

"လက်ထောက်အရာရှိရှု ကုန်လှောင်ရုံကို စစ်ဆေးတဲ့အခါ ဒီအောက်ခြေလူကို ကြိုတင်အကြောင်းကြားသင့်ပါတယ်ဗျာ။ ဒါမှ ဒီအောက်ခြေလူက"

ဝူကျိရှန်းကို ယခုမှ မြင်လိုက်ရသည့်အလား ရှုစီဝင်သည် အံ့သြချင်ယောင်ဆောင်ကာ အနည်းငယ် ပိုပိုသာသာ အသံဖြင့် ပြောလိုက်၏။

"အရာရှိဝူပါ ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ခင်ဗျားတို့နှစ်ယောက် တိုးတိုးတိတ်တိတ် ဘာတွေ ဆွေးနွေးနေကြတာလဲ သိပါရစေဦး"

ရှုစီဝင်သည် တိုးတိုးတိတ်တိတ်ဆိုသည့် စကားလုံးကို တမင်တကာ ပြောဆိုလိုက်ပြီး ဝူကျိရှန်းနှင့် ကျောက်ပင်တိန့်တို့ကို သတိပေးလိုက် လေသည်။ မင်းတို့ရဲ့ ခိုးကြောင်ခိုးဝှက် အပြုအမူတွေကို ငါ စောင့်ကြည့်နေတာ ကြာပြီ၊ ငါ့ကို ဒုက္ခပေးဖို့ အကွက်တွေ ဆင်ဖို့ မစဉ်းစားနဲ့တော့။

"တိုးတိုးတိတ်တိတ် ဟုတ်စ"

ဝူကျိရှန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"ကျောက်တာဝန်ခံနဲ့ ငါက စကားစမြည် ပြောနေကြတာပါ။ ငါတို့ မကောင်းတာ ဘာမှမလုပ်ဘူးလေ။ ဘာဖြစ်လို့ တိုးတိုးတိတ်တိတ် ဆွေးနွေးတယ်လို့ ပြောရတာလဲ"

ရှုစီဝင်၏ စိတ်ထဲတွင် ဝူကျိရှန်းသည် မိမိအပေါ် ရန်ငြိုး ထားရှိနေသည်မှာ ကြာပြီဖြစ်၍ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် လက်စားချေရန် ကြိုးစားနေမည်မှာ သေချာလှသည်။

ဝူကျိရှန်းသည် သူနှင့်အတူ ဆေးဝါးရေးရာဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သဖြင့် ဝူကျိရှန်းကို သူ ဘာမှလုပ်၍မရချေ။ သို့သော်လည်း သူသည် အဆင့်ကိုးရှိသော အောက်ခြေအရာရှိငယ် ကျောက်ပင်တိန့်ကိုမူ ငေါက်ငမ်းလိုက်လေသည်။

"ကျောက်တာဝန်ခံ မင်း အခုတင် အရာရှိဝူနဲ့ တိုးတိုးတိတ်တိတ် ဘာတွေ ကြံစည်နေကြတာလဲ"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော် လက်ထောက်ညွှန်ကြားရေးမှူးဝူနဲ့ စကားပြောနေရုံတင်ပါ"

"စကားပြောနေတာ "

ရှုစီဝင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"မင်းတို့နှစ်ယောက် အခုတင် ဘာပြောလိုက်လဲဆိုတာ ဒီအရာရှိ မသိဘူးလို့ မမှတ်နဲ့။ မင်းတို့ကိုယ်မင်းတို့ သတိထားရင် ကောင်းမယ်"

စကားဆုံးသည်နှင့် ရှုစီဝင်သည် ဒေါသတကြီးဖြင့် ဝတ်ရုံလက်ကို ခါယမ်းကာ ထွက်ခွာသွားလေသည်။

သူသည် စောစောက စကားဝိုင်းကို ကြားသွားခဲ့ပြီဖြစ်ရာ ကျောက်ပင်တိန့်ကသူ့ကို ထွက်သွားခွင့်မပေးဘဲတားလိုက် လေသည်။အရေးကြီးသော လျှို့ဝှက်ချက် ပေါက်ကြားခံ၍မရပေ။

ရှုစီဝင် နောက်လှည့်လိုက်သည်နှင့်ကျောက်ပင်တိန့်သည် ချက်ချင်း လှုပ်ရှားလိုက်ပြီး ရှုစီဝင်၏ လည်ပင်းကို လက်ဝါးဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။ သူသည် ညည်းတွားသံပင် မပြုနိုင်တော့ဘဲ ပျော့ခွေကာ လဲကျသွားခဲ့လေသည်။

*********

အခန်း ၁၁၂ အရှင်လတ်လတ် မြေမြှုပ်ခံရခြင်း

ရှုစီဝင်သတိပြန်ရလာသောအခါ တုတ်တုတ်မျှမလှုပ်နိုင်အောင် တင်းကျပ်စွာ အချည်ခံထားရပြီး တောရိုင်းမြေတစ်ခုသို့ ရောက်ရှိနေသည်ကို အံ့သြတုန်လှုပ်စွာ သိရှိလိုက်ရလေသည်။

လင်းထိန်နေသော အလင်းရောင်အောက်တွင် ဆေးဝါးရေးရာဌာန၏ ကုန်လှောင်ရုံမှူး ကျောက်ပင်တိန့်က သူ့ကို ကြည့်ကာ ပြုံးနေခဲ့၏။

သူသည် သတိရခါစဖြစ်၍ ခေါင်းထဲတွင် အနည်းငယ် မူးဝေနေဆဲဖြစ်ရာ အချိန်အတော်ကြာမှသာ ဘာဖြစ်ခဲ့သည်ကို သတိပြန်ရလာပြီး ချက်ချင်းပင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့သည်။

"ကျောက်ပင်တိန့် မင်းက ဘယ်လိုသတ္တိမျိုးနဲ့ အထက်အရာရှိကို ဒီလို လူသူမရှိတောထဲ ပြန်ပေးဆွဲလာရတာလဲ။ မင်းဘာလုပ်မလို့လဲ"

"ဘာလုပ်မလို့လဲ ဟုတ်လား"

ကျောက်ပင်တိန့်က ပြုံးလျက် ၎င်း၏ ဘေးနားတွင် အသစ်စက်စက် တူးဆွထားသော ကျင်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"ငါ ဘာလုပ်မလို့လဲဆိုတာ မင်း ဘယ်လိုထင်လဲ"

ရှုစီဝင် နားမလည်နိုင်ခင်မှာပင် ကျောက်ပင်တိန့်က သူ့ကို နက်ရှိုင်းသော ကျင်းကြီးထဲသို့ ကန်ချလိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ ပေါက်ပြားကို ကောက်ကိုင်ကာ မြေကြီးများ စတင်ဖို့တော့သည်။

ထိုအချိန်မှသာ ရှုစီဝင်သည် အမှန်တရားကို သဘောပေါက်သွားခဲ့လေသည်၊၊ သူတို့သည် မိမိကို အရှင်လတ်လတ် မြေမြှုပ်တော့မည်။

ရှုစီဝင်သည် စာပေတတ်ပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် စာပေကျမ်းဂန်များထဲရှိ စွန့်လွှတ်အနစ်နာခံခြင်းနှင့် သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ခြင်းအကြောင်းများကို များစွာ ဖတ်ရှုဖူးသော်လည်း သေခြင်းတရားကို အိမ်ပြန်သကဲ့သို့ သဘောထားနိုင်သည့် အဆင့်သို့ ရောက်ရန်မူ ဝေးပါသေးသည်။

မြေကြီးများ ကျဆင်းလာသည်နှင့်အမျှ ရှုစီဝင်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်တုန်လှုပ်သွားပြီး အော်ဟစ်တော့သည်။

"ကယ်ကြပါဦး။ ကယ်ကြပါဦး"

"အော်စမ်း၊ မင်း အားရှိသလောက် အော်စမ်း။ မင်း လည်ချောင်းကွဲမတတ် အော်ရင်တောင် ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး"

ကျောက်ပင်တိန့်က ကျင်းကို ဆက်လက်ဖို့နေဆဲ ဖြစ်၏။

တောင်းပန်တိုးလျှိုး၍ မထူးခြားသဖြင့် ရှုစီဝင်သည် စိတ်ကို တင်းထားလိုက်ပြီး ပြောလိုက်သည်။

"ငါက သိက္ခာရှိတဲ့ အရာရှိတစ်ယောက်ပဲ။ ငါ သေသွားရင်နန်းတော်ကစုံစမ်းစစ်ဆေးလိမ့်မယ်။ အဲဒီကျရင် မင်းလည်း လွတ်မှာ မဟုတ်ဘူး"

"စုံစမ်းစစ်ဆေးမယ် ဟုတ်လား"

ကျောက်ပင်တိန့်သည် ကျင်းထဲသို့ တိုခုန်ဆင်းလာပြီး နှာခေါင်းရှုံ့လျက် သူ၏ ရင်ဘတ်ထဲမှ ကျင်းယီဝေ အမှတ်အသားတံဆိပ်ပြားကို ထုတ်ကာ ရှုစီဝင်၏ မျက်စိရှေ့တွင် ရမ်းပြလိုက်သည်။

"ယမမင်းရဲ့ ငရဲခန်းကို ရောက်တဲ့အခါ မကျေမနပ်ဖြစ်နေတဲ့ တစ္ဆေတစ်ကောင် မဖြစ်ရအောင် သေသေချာချာ ကြည့်ထားလိုက်။ ငါကကျင်းယီဝေကိုယ်ရံတော်တစ်ယောက်ပဲ။ အဲဒီတုန်းက ဖိန်လျန်ဘိုကို ငါကိုယ်တိုင် ရိုက်သတ်ခဲ့တာတောင် ဘယ်သူမှ မစုံစမ်းရဲခဲ့ဘူး။ မင်းလို အသုံးမကျတဲ့ အဆင့်ခြောက် တုန်ကျိတစ်ယောက်ကို မြေမြှုပ်ရတာက အနံ့ဆိုးထွက်တဲ့ ပိုးကောင်တစ်ကောင်ကို နင်းချေရသလိုပဲ"

ဖိန်လျန်ဘို ဖေးကျွင်းလျဲ့သည် မဟာမင်မင်းဆက်ကို တည်ထောင်ခဲ့သော သူရဲကောင်းတစ်ဦးဖြစ်ပြီး ဟူဝေယုံအမှုတွင် ပါဝင်ပတ်သက်မှုကြောင့်ကျင်းယီဝေတို့၏ လက်ချက်ဖြင့် ရင်နင့်ဖွယ် ဇာတ်သိမ်းခဲ့ရသည်မှာ လူတိုင်း သိရှိသော ကိစ္စဖြစ်သည်။

အမှန်မှာကျောက်ပင်တိန့်သည် လေလုံးထွားနေခြင်းသာ ဖြစ်၏။ကျင်းယီဝေတို့သည် အမှန်တကယ်ပင် ကြီးမားသော အာဏာကို ပိုင်ဆိုင်ထားသော်လည်း သူသည်အဆင့်မရှိသော အစမ်းခန့်အရာရှိငယ်မျှသာ ဖြစ်သည်။ ဖိန်လျန်ဘို ဖေးကျွင်းလျဲ့သည်ကျင်းယီ‌ ဝေတို့၏ လက်ချက်ဖြင့် အမှန်တကယ် ရိုက်သတ်ခံခဲ့ရလျှင်ပင် ၎င်းသည် သူနှင့် ဘာမှ မသက်ဆိုင်ချေ။

သို့သော် ဤအရာက ရှုစီဝင်ကို အသက်ထွက်မတတ် ကြောက်လန့်သွားစေခဲ့သည်။

ကျင်းယီဝေတို့၏ နာမည်ဆိုးမှာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသဖြင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလေ့ရှိကြသည်။ သူသည် သိမ်ငယ်လှသော အဆင့်ခြောက်ထုံကျီးတစ်ယောက်မျှသာ ဖြစ်ရာကျင်းယီ ဝေတို့၏ မျက်လုံးထဲတွင် အရေးမပါသော အနံ့ဆိုးထွက်သည့် ပိုးကောင်တစ်ကောင်မျှသာ ဖြစ်ရာသူ၏ အသက်ရှင်ခြင်း၊ သေခြင်းကို ၎င်းတို့က ဂရုစိုက်မည် မဟုတ်ပေ။

"ဓားကို ဆိုင်းထားပါဦး... အို၊ မဟုတ်ဘူး၊ ပေါက်ပြားကို ဆိုင်းထားပါဦး"

အရေးကြီးသော အချိန်တွင် ရင်းနှီးနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။၎င်းမှာ ဝူကျိရှန်းပင် ဖြစ်၏။

အသက်ထွက်မတတ် ကြောက်လန့်နေသော ရှုစီဝင်သည် ဝူကျိရှန်း မည်သည့်နေရာမှ ထွက်လာသည်ကိုပင် သတိမထားမိလိုက်ချေ။ သူ့ကို မြင်လိုက်ရသောအခါ ရေနစ်နေသူတစ်ဦးက နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသည့်အလား နှပ်တလူလူ မျက်ရည်တရွှဲရွှဲဖြင့် ထိန်းမနိုင်သိမ်းမရ ငိုကြွေးတော့သည်။

"အရာရှိဝူ ကျွန်တော့်ကို ကယ်ပါဦး"

"ကျွန်တော် လောဘဇောတက်ပြီး မျက်စိကန်ပြီးအရာရှိဝူရဲ့ အခွင့်အရေးကို လုယူခဲ့မိပါတယ်။အားလုံးက ကျွန်တော့်အမှားတွေပါ။အရာရှိဝူက စိတ်သဘောထား ကြီးမြတ်တဲ့သူမို့ ကျွန်တော်လို လူယုတ်မာကို စိတ်ဆိုးမနေပါနဲ့။ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"

ယခုအချိန်အထိ ရှုစီဝင်သည် ကျင်းယီဝေက သူ့ကို အရှင်လတ်လတ် မြေမြှုပ်ရသည့် အကြောင်းရင်းကို နားမလည်သေးချေ။ သူသည် ဝူကျိရှန်းက မိမိကို လက်စားချေနေခြင်းဖြစ်သည်ဟု ရိုးအစွာ တွေးတောနေဆဲ ဖြစ်သည်။

"အရာရှိရှု ငါက အမြဲတမ်း စိတ်သဘောထား ကြီးပါတယ်။ မင်း ငါ့ရဲ့ တာဝန်ကို လုယူခဲ့ရင်တောင် မင်းရဲ့ အသက်ကို ရန်ရှာရလောက်တဲ့အထိ မဟုတ်ပါဘူး"

ဝူကျိရှန်းက အချိန်ကိုက်ပင် သတိပေးလိုက်သည်။

"သေသေချာချာ စဉ်းစားကြည့်စမ်း၊ ခင်ဗျား ကျင်းယီဝေကို တစ်ခုခု ပြစ်မှားမိတာ ရှိလား"

ကျင်းယီဝေကို ပြစ်မှားမိတာလား။ငါက အဆင့်ခြောက် ထုံကျီးအသေးအဖွဲလေးပါ။ကျင်းယီဝေကို ပြစ်မှားချင်ရင်တောင် ပြစ်မှားနိုင်တဲ့အရည်အချင်း မရှိပါဘူး။

ရှုစီဝင် ယခုထက်ထိ နားမလည်သေးသည်ကို မြင်သောအခါ ဝူကျိရှန်းသည် ကိစ္စကို ရှင်းပြရုံမှတစ်ပါး အခြားမရှိတော့ပေ။

"ဒီနေ့ မွန်းလွဲပိုင်းက ကျောက်တာဝန်ခံနဲ့ ငါ တစ်ခုခုကို ဆွေးနွေးနေတုန်းက မင်း တစ်ခုခု ကြားလိုက်ရလား"

ဝူကျိရှန်းသတိပေးလိုက်မှရှုစီဝင်သဘောပေါက်သွားခဲ့လေသည်၊၊သူ့ကို အရှင်လတ်လတ် မြေမြှုပ်လိုခြင်းမှာ ဝူကျိရှန်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် လက်စားချေခြင်း မဟုတ်ဘဲ မိမိက မကြားသင့်သော လျှို့ဝှက်ချက်အချို့ကို မတော်တဆ ချောင်းနားထောင်မိခြင်းကြောင့် ဖြစ်၏။

"အရာရှိဝူနှင့်ကျောက်တာဝန်ခံ မဟုတ်ဘူး၊ ကျင်းယီဝေအရာရှိကြီး ဘာပြောလဲဆိုတာ ကျွန်တော် တစ်လုံးမှ မကြားလိုက်ရပါဘူး"

"အခုထိ ဝန်မခံသေးဘူးပဲ"

ကျောက်ပင်တိန့်က တမင်တကာ ရက်စက်ကြမ်းကြုတ်သော ဟန်ပန်လုပ်ကာ သူ၏ မျက်နှာပေါ်သို့ မြေကြီးတစ်ပေါက်ပြား ထပ်မံ ဖို့ချလိုက်၏။

"ကျွန်တော် ကြားပါတယ်၊ ကျွန်တော် တကယ်ပဲ တစ်ခုခု ကြားလိုက်ရပါတယ်"

"မင်း ဘာကြားလိုက်တာလဲ"

"အရာရှိကြီးတို့ ဆေးဝါးပစ္စည်းတွေအကြောင်း ပြောနေတာကို မရေမရာ ကြားလိုက်ရပါတယ်၊ ပြီးတော့ မြောက်ပိုင်းစစ်ဆင်ရေးအကြောင်းနဲ့ အကွက်ထဲဝင်တာလား ဘာလားဆိုတာလည်း ကြားလိုက်ရပါတယ်"

"ဒါပဲ ကြားတာလား"

"ကျွန်တော် ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ ဒါပဲ ကြားတာပါ"

"ဒီကိစ္စက အလွန်အရေးကြီးလို့ ပေါက်ကြားလို့ မဖြစ်ဘူး။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်း တစ်ခုပဲ ရှိတယ်"

သေလူမှသာ လျှို့ဝှက်ချက်ကို အမှန်တကယ် ထိန်းသိမ်းနိုင်သည်။ ရှုစီဝင်ကို ရှင်းလင်းပစ်မှသာ နောက်နောင် ဖြစ်လာမည့် ဒုက္ခများကို အမြစ်ပြတ် စာရင်းရှင်းနိုင်ပေလိမည်။

ရှုစီဝင်သည် လူအမဟုတ်သဖြင့် ကျောက်ပင်တိန့်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး မျက်ရည်စက်လက်ဖြင့် အော်ဟစ်တော့သည်။

"ကရုဏာသက်ပါဦး။အရာရှိဝူ ကျွန်တော့်ကို ကယ်ပါဦး"

ဝူကျိရှန်းသည် စိတ်နှလုံး နူးညံ့ပျော့ပြောင်းသွားသည့် ဟန်ပန်လုပ်ကာ ကျောက်ဘင်းတိန်၏ လက်ထဲမှ ပေါက်ပြားကို လုယူလိုက်ပြီး ရှုစီဝင်အတွက် တောင်းပန်ပေးချင်ယောင်ဆောင်လိုက်သည်။

"ကျင်းယီဝေအရာရှိကြီး ကျွန်တော့်မျက်နှာကို ထောက်ပြီး သူ့ရဲ့ ခွေးသက်ကို ချမ်းသာပေးလိုက်ပါဦး"

"ဒီကိစ္စက ထိပ်တန်း လျှို့ဝှက်ချက်ပဲ။ အကယ်၍ သူ ပေါက်ကြားအောင် လုပ်ရင် ငါတို့နှစ်ယောက်လုံးရဲ့ ခေါင်းတွေ မြေခလိမ့်မယ်။ သူ့ကို အရှင်လတ်လတ် မြေမြှုပ်လိုက်တာက စိတ်ချရဆုံးပဲ"

"ကျွန်တော် ကျိန်ဆိုပါတယ်၊ ကျွန်တော့်ပါးစပ်ကို ပိတ်ထားပါ့မယ်လို့ ကျိန်ဆိုပါတယ်၊ တစ်လုံးမှ ပေါက်ကြားစေမှာ မဟုတ်ပါဘူး"

ရှုစီဝင်သည် ရုန်းကန်လှုပ်ရှားကာ ထထိုင်ပြီး ကြက်မကြီး ဆန်ကောက်သကဲ့သို့ တဆတ်ဆတ် ဦးခိုက်တော့သည်။

"ကျွန်တော် တစ်လုံးတစ်ပါဒမျှ ဖွင့်ပြောမိရင် သားသမီးမထွန်းကားဘဲ ကျိန်စာသင့်ပြီး သေပါစေ"

"သူလည်း ကျိန်ဆိုပြီးပြီပဲ၊ ဒီတစ်ကြိမ်တော့ သူ့ကို ချမ်းသာပေးလိုက်ပါ"

ဝူကျိရှန်းသည် ကျင်းထဲသို့ ခုန်ဆင်းကာ မြေကြီးများ ပေကျံနေသော ရှုစီဝင်ကို ဆွဲထုတ်လိုက်လေသည်။

"ဒီလို အရှက်မရှိတဲ့ လူယုတ်မာက အသက်ရှင်ဖို့အတွက် ဘယ်လိုကျိန်စာမျိုးမဆို ကျိန်ဆိုမှာပဲ။ ငါကတော့ သူ့ကို မြေမြှုပ်လိုက်မှ စိတ်အေးရမယ်လို့ ထင်တယ်"

"လက်ထောက်ညွှန်ကြားရေးမှူးရှု မင်းရဲ့ ကျိန်ဆိုမှုက စစ်မှန်ရဲ့လား"

"လုံးဝ စစ်မှန်ပါတယ်ခင်ဗျာ။ အကယ်၍ မုသာဝါဒ ပါခဲ့ရင် မိုးကြိုးပစ်ခံရပါစေ"

ရှုစီဝင်၏ အသည်းအသန် တောင်းပန်မှုနှင့် ဝူကျိရှန်း၏ အကြိမ်ကြိမ် ဖျောင်းဖျမှုအောက်တွင် ကျောက်ပင်တိန့်သည် ခေါင်းညိတ်လိုက်တော့သည်။

"မင်းရဲ့ ခွေးသက်ကို အခုလောလောဆယ် ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ ဒီနေ့ ကျိန်ဆိုချက်ကို မင်း သေသေချာချာ မှတ်ထားပါ။ အကယ်၍ မင်း တစ်လုံးတစ်ပါဒမျှ ဖွင့်ပြောရဲရင် မင်းရဲ့ လျှာကို မင်းကိုယ်တိုင် အရင်ဆုံး ဖြတ်ပစ်လိုက်"

အမှန်မှာသူတို့သည် ရှုစီဝင်ကို ခြောက်လှန့်ရန်သာ လုပ်ပြီး သူ့ကို တကယ် သတ်ရန် ရည်ရွယ်ချက် မရှိချေ။

ဝူကျိရှန်းနှင့် ကျောက်ပင်တိန့်တို့သည် တစ်ယောက်က လူကောင်း၊ တစ်ယောက်က လူဆိုးလုပ်ကာ အပေးအယူမျှမျှဖြင့် ပြဇာတ်တစ်ပုဒ်ကို ပူးပေါင်းကပြခဲ့ကြခြင်း ဖြစ်သည်။

ချင်းချင်းပင်လျှင် ဤလှည့်ကွက်မျိုးကို ရိပ်မိနိုင်သော်လည်း ရှုစီဝင်မှာမူ အသက်ထွက်မတတ် ကြောက်လန့်သွားပြီး နေရာမှာတင် ဆီးထွက်ကျသည်အထိ ဖြစ်သွားခဲ့လေသည်။

အရာရှိများသည် မူလကပင်ကျင်းယီဝေကိုအလွန်အမင်းသေလုမတတ်‌ကြောက်ရွံ့ကြသည်။ ထို့အပြင် သူသည် ဝူကျိရှန်းကို အမှန်တကယ် ပြစ်မှားထားမိသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ရသောအခါ ချက်ချင်းပင် ပျာယာခတ်သွားခဲ့ရခြင်း ဖြစ်ပေသည်။

"ရပြီ၊ ရပြီ"

ဝူကျိရှန်းက သူ၏ အပေါ်မှ ကြိုးများကို ဖြည်ပေးလိုက်ပြီး မြေကြီးများကို ခါထုတ်ပေးကာ ဂရုစိုက်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။

"ကိစ္စမရှိတော့ဘူး၊ အရာရှိရှု ပြန်လိုက်ပါတော့။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ပါ၊ ဘယ်သူ့ကိုမှလည်း မပြောပါနဲ့"

*********

`

All Chapters