← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 11 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 11 Ch. 117-118

အခန်း (၁၁၇) ကြီးမြင့်လွန်းသော တန်ဖိုး

ဤမြောက်ဘက်ခရီးစဉ်တွင် ဝူကျိရှန်းက နာမည်ခံ ခေါင်းဆောင်မျှသာ ဖြစ်ပြီးနောက်ကွယ်မှစီစဉ်သူမှာ ပဉ္စမအဆင့်ရှိ အရာရှိတစ်ဦး ဖြစ်လေသည်။

သူသည် မင်မင်းဆက်၏အထူးသံတမန်သို့မဟုတ် အာဏာကုန်လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ်ဟု ဆိုနိုင်ပေသည်။

ဝမ်ကျန့်စွန်းနှင့်ပဉ္စမအဆင့် အထူးသံတမန်တို့ စစ်ရေးကိစ္စများကို ဆွေးနွေးကြသောအခါမှသာ ဝူကျိရှန်းနှင့် အခြားသူများသည် အခြေအနေကို ရိပ်မိကြတော့၏။

ယခုအချိန်တွင် အုလုမျိုးနွယ်စုသည် အချင်းချင်း ပဋိပက္ခများနှင့် ပြင်ပရန်သူများ၏ ခြိမ်းခြောက်မှုများကြောင့် ပရမ်းပတာ ဖြစ်နေရရှာသည်။

ပြီးခဲ့သော ဆောင်းရာသီက အသက်အရွယ် မကြီးသေးသော အုလုဘုရင်သည် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ မျိုးနွယ်စုအတွင်းရှိ အာဏာရှိသူများအားလုံးသည် အမြင့်ဆုံး အုပ်ချုပ်သူအာဏာကို ရယူရန် ရည်မှန်းချက် ရှိခဲ့ကြသော်လည်း တစ်ဦးကိုတစ်ဦး လုံးဝ မနှိမ်နင်းနိုင်ခဲ့ကြပေ။

ထို့ကြောင့် လူတိုင်းလက်ခံနိုင်သော ဖြေရှင်းနည်းတစ်ခုကိုသာ ရွေးချယ်ခဲ့ကြရ၏။ ၎င်းမှာ အုလုဘုရင်၏ ငယ်ရွယ်သော သားတော်ကို ထီးနန်း ဆက်ခံရန် တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

အုလုဘုရင်အသစ်သည် အသက် နှစ်နှစ်သာ ရှိသေးသဖြင့် မျိုးနွယ်စု၏ အရေးကိစ္စများကို လုံးဝ မစီမံနိုင်ပေ။ သူသည် ရုပ်သေးရုပ်မျှသာ ဖြစ်ပြီး အစစ်အမှန် ဆုံးဖြတ်ချက်ချမှတ်သူမှာ သူ၏ မယ်တော်သာ ဖြစ်လေသည်။

မင်းပျိုမင်းလွင် နန်းတက်၍ မယ်တော်က နောက်ကွယ်မှ အုပ်ချုပ်ခြင်းသည် အလယ်ပိုင်းဒေသ မင်းဆက်များတွင် အမြဲလိုလို တွေ့ရတတ်သော အခြေအနေ ဖြစ်၏။ အုလုမျိုးနွယ်စုသည် မျိုးနွယ်စုငယ်လေးမျှသာ ဖြစ်သော်လည်း ဤပုံစံအတိုင်းပင် ကျင့်သုံးထားခြင်း ဖြစ်သည်။

ထိုအုပ်ချုပ်မှုပုံစံက အုလုမျိုးနွယ်စု၏ ငြိမ်းချမ်းရေးကို ယာယီ ထိန်းသိမ်းထားနိုင်သော်လည်း အာဏာမရှိသော အမျိုးသမီးတစ်ဦးက မျိုးနွယ်စုအတွင်းရှိ ဩဇာအာဏာကြီးမားသူများကိုမနှိမ်နင်းနိုင်‌ချေ။

သင့်တော်သော အခွင့်အရေး ရသည်နှင့် အာဏာရှိသူများသည် သူမ၏နေရာကို အစားထိုးရန် ဝန်လေးကြမည်မဟုတ်ဘဲ အာဏာလွှဲပြောင်းခြင်း၊ မင်းဆက်ပြောင်းလဲခြင်း ဟူသော ဇာတ်လမ်းဟောင်းကို ပြန်လည် ကပြကြပေလိမ့်မည်။

သန်ရာစားစနစ်သည် မြက်ခင်းပြင်၏ ထာဝရ ရှင်သန်ခြင်း နိယာမ ဖြစ်၏။ အုလုဘုရင်၏မယ်တော်ကြီးသည် မျိုးနွယ်စုအတွင်းရှိ လှိုင်းတံပိုးများက မငြိမ်မသက် ဖြစ်နေပြီဖြစ်ကြောင်း ကောင်းစွာ နားလည်ထားပြီးဖြစ်သည်။

အာဏာသိမ်းမှု ဖြစ်ပွားပါက သူမအနေဖြင့် အခြေအနေကို ထိန်းချုပ်နိုင်စရာ အင်အားမရှိပေ။ ထိုအချိန်ကျလျှင် သူမနှင့် သားဖြစ်သူတို့သည် သနားစရာကောင်းသော အဆုံးသတ်နှင့် သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။

ထို့ကြောင့် အုလုဘုရင်၏မယ်တော်ကြီးသည် ပြင်ပမှ အကူအညီကို တက်ကြွစွာ ရှာဖွေခဲ့ခြင်း ဖြစ်ပြီး ဝမ်ကျန့်စွန်းသည် သူမ စေလွှတ်လိုက်သော ပြောရေးဆိုခွင့်ရှိသူဖြစ်လေသည်။

မင်မင်းဆက်က အုလုမျိုးနွယ်စုကို မိမိတို့ဘက်သို့ ဆွဲဆောင်လိုပြီး အုလုမျိုးနွယ်စုကလည်း တောင့်တင်းသော အကူအညီကို ရယူလိုသဖြင့် ကိစ္စက ရိုးရှင်းသွား၏။

ကျန်ရှိသည်မှာ နှစ်ဦးနှစ်ဖက်လုံးက မိမိတို့၏ သတ်မှတ်ချက်များကို တင်ပြရန်သာ ဖြစ်သည်။

"ငါတို့ အုလုမျိုးနွယ်စုက မင်မင်းဆက်ဆီမှာ ခိုလှုံနိုင်ပါတယ်၊ ဒါပေမဲ့ ငါ့မှာ သတ်မှတ်ချက် အချို့ရှိတယ်"

ဝမ်ကျန့်စွန်းက လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။

"ပထမဆုံးအနေနဲ့ မင်မင်းဆက်က ငါတို့ဘုရင်ကို တစ်ဦးတည်းသော အုလုဘုရင်အဖြစ် တရားဝင် ဘွဲ့ထူးအာဏာ သေချာပေါက် ပေးအပ်ရမယ်"

ပထမဆုံး သတ်မှတ်ချက်ကို ကြားလိုက်ရသောအခါ ပဉ္စမအဆင့် အထူးသံတမန်က ချက်ချင်းပင် ပြင်းထန်စွာ ကန့်ကွက်လေသည်။

"အုလုဘုရင်ဆိုတာ မျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်မျှသာ ဖြစ်တယ်။ နန်းတော်က ဘုရင်တစ်ပါးလို ဘွဲ့ထူးပေးဖို့ သူမှာ ဘာအရည်အချင်းနဲ့ အစွမ်းအစ ရှိလို့လဲ။ ဒါက လုံးဝ မဖြစ်နိုင်ဘူး"

မဖြစ်နိုင်ဘူး တဲ့လား။ဘာက မဖြစ်နိုင်ရမှာလဲ။အုလုဘုရင်ဆိုတာ ဘွဲ့ထူးတစ်ခုပဲဥစ္စာ၊ ပိုက်ဆံကုန်တာလည်း မဟုတ်ဘူး။ သူက ခိုလှုံချင်တယ်ဆိုရင် ကျောက်စိမ်းဧကရာဇ်ဆိုတဲ့ ဘွဲ့တောင် ပေးလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ။

အကျိုးအမြတ်ကိုသာ ကြည့်တတ်သော ဝူကျိရှန်းကမူ ဘွဲ့ထူးဆိုသည်မှာ အရေးမပါသော ကိစ္စမျှသာ ဖြစ်သဖြင့် အလုပ်ရှုပ်ခံရန်မလိုဟု ယူဆသော်လည်း အထူးသံတမန်ကမူ လုံးဝ ငြင်းပယ်နေပေသည်။

အမှန်တော့ ဝူကျိရှန်း ထင်သကဲ့သို့ မဟုတ်ပေ။

အုလုဘုရင်ဟူသော ဘွဲ့ထူးက အမည်ခံသက်သက် လုံးဝ မဟုတ်ဘဲ ပြင်းထန်သော နိုင်ငံရေး အဓိပ္ပာယ်လည်း ပါဝင်နေသည်။

မင်မင်းဆက်၏ လုပ်ထုံးအရ လက်အောက်ခံနိုင်ငံများကို ဘုရင်ဘွဲ့ ပေးအပ်နိုင်သော်လည်း အုလုမျိုးနွယ်စုသည် သေးငယ်လွန်းလှ၏။ အကယ်၍ ဘုရင်အဖြစ် ဘွဲ့ပေးလိုက်ပါက နောင်တွင် ပို၍ကြီးမားသော မျိုးနွယ်စုများ ခိုလှုံလာသည့်အခါ ပေးအပ်ရန် ဘွဲ့ထူးများ ရှိတော့မည်မဟုတ်ပေ။

ကံကောင်းသည်မှာ အထူးသံတမန်သည် ပါးနပ်သူဖြစ်ရာ ချက်ချင်းပင် စေ့စပ်ညှိနှိုင်းရေး နည်းလမ်းတစ်ခုကို တင်ပြလိုက်၏။ မင်မင်းဆက်သည် ထိုအသက် နှစ်နှစ်အရွယ် ကလေးကို အုလုဘုရင်ခံအဖြစ် ဘွဲ့ပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် ကလေး၏ ခမည်းတော်ကိုလည်းဘုရင်ခံအဖြစ် ဘွဲ့ပေးမည် ဖြစ်သည်။

အုလုဘုရင်ဟောင်းသည် မင်မင်းဆက်ကို အကြိမ်ကြိမ် ရန်မူခဲ့ဖူးသော်လည်း ခေါင်းတလားထဲ ရောက်နေပြီ ဖြစ်၏။ ထိုဘွဲ့ထူးဆိုသည်မှာ အခမ်းအနား သဘောမျှသာ ဖြစ်သည်။ ထို့ပြင် သေဆုံးသွားသူကို ဘုရင်ခံဘွဲ့ ပေးအပ်ခြင်းက မင်မင်းဆက်၏ လုပ်ထုံးနှင့် ညီညွတ်သဖြင့် မည်သူမျှ ဘာမှ ပြောနိုင်စရာ မရှိပေ။

ဘွဲ့ထူး နှင့် ခံစားခွင့် ကိစ္စများကို ဆွေးနွေးပြီးနောက် နောက်တစ်ဆင့်မှာ နှစ်ဦးနှစ်ဖက်လုံး၏ အဓိက အကျိုးစီးပွားနှင့် သက်ဆိုင်သော အဓိက အချက် ကိုဆွေးနွေးကြလေသည်။

အထူးသံတမန်၏ ပြောကြားချက်အရ နန်းတော်သည် အုလုမျိုးနွယ်စုအတွင်းရှိ မတည်ငြိမ်မှုကို နှိမ်နင်းရန်နှင့် ထိုအသက် နှစ်နှစ်အရွယ် အုလုဘုရင်ခံကို ကူညီရန်တပ်မတစ်ခုကိုစေလွှတ်နိုင်သည်ဟု ဆို၏။ ဒါက မင်မင်းဆက်၏ တပ်မကို ထိုနေရာတွင် အမြဲတမ်း တပ်စွဲထားမည်ဟု ယဉ်ကျေးစွာ ပြောဆိုခြင်းမျှသာ ဖြစ်သည်။

မင်မင်းဆက်၏ တပ်မရောက်လာသည်နှင့် ပြန်ထွက်သွားမည် မဟုတ်သည်ကို နှစ်ဦးနှစ်ဖက်လုံး ကောင်းစွာ သိကြ၏။

ဤကိစ္စနှင့် ပတ်သက်၍ ဝမ်ကျန့်စွန်းကပြင်းထန်စွာ ကန့်ကွက်လေသည်။

မင်မင်းဆက်၏ တပ်မတော် ရောက်လာပါက အုလုမျိုးနွယ်စု တစ်ခုလုံးကို အမှန်တကယ် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ အုလုလူမျိုးများသည် မင်တပ်မတော်၏အောက်တွင် နေထိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ အမိန့်ပေးသမျှကို အမြဲ နာခံရမည်ဖြစ်ရာ ၎င်းမှာ လုံးဝ လက်ခံနိုင်စရာ မရှိပေ။

"ငါတို့ဘုရင်ရဲ့ အမိန့်မရှိဘဲ မင်စစ်သည်တစ်ယောက်၊ မြင်းတစ်ကောင်မှ အုလုမျိုးနွယ်စုရဲ့ နယ်မြေထဲကို မဝင်ရဘူး။ ဝင်လာရင်တောင် ငါတို့ဘုရင်ရဲ့ အမိန့်ကို နာခံရမယ်"

ဝမ်ကျန့်စွန်းသည်ဘုရင်နှင့် မယ်တော်ကြီးဖြစ်သူ၏ အကျိုးစီးပွားကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။ သူသည် အတွင်းပိုင်း ရန်သူများကို နှိမ်နင်းရန် မင်မင်းဆက်၏ စစ်အင်အားကို အသုံးချရန်သာ မျှော်လင့်ပြီး မင်မင်းဆက်၏ ရုပ်သေးရုပ် လုံးဝ မဖြစ်ချင်ပေ။

ဤကဲ့သို့သော အဓိက ကိစ္စရပ်တွင် နှစ်ဦးနှစ်ဖက်လုံးက သဘောတူညီမှု မရနိုင်ကြပေ။ အဆုံးတွင် ဝမ်ကျန့်စွန်းကို ခြိမ်းခြောက်ရန် စစ်ရေးအရ ခြိမ်းခြောက်မှု ဟူသော လက်နက်ကြီးကိုသာ ထုတ်သုံးလိုက်ရတော့သည်။

"မင်းတို့ အုလုလူမျိုးတွေက မျိုးနွယ်စုငယ်လေးမျှသာ ဖြစ်တယ်။ ငါတို့ မင်မှာ ချပ်ဝတ်တန်ဆာဝတ် စစ်သည် သုံးသန်း ရှိတယ်။ အကယ်၍ မင်းတို့က မခိုလှုံဘူးဆိုရင် တပ်မတော်ကြီး ရောက်လာတဲ့အခါ မျိုးတုံးပျောက်ကွယ်ရမယ့် ဘေးဒုက္ခနဲ့ သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်။ အကောင်းပြောတုန်း နားထောင်ပါ၊ အဆိုးနဲ့ မရင်ဆိုင်ပါနဲ့"

မည်သို့ပင်ဆိုစေ ငါတို့က အုလုမျိုးနွယ်စု၏ တည်နေရာအတိအကျကို သိပြီးသား ဖြစ်သည်။ ငါတို့ အလိုရှိလျှင် တပ်မတော်ကြီးက အချိန်မရွေး ချီတက်လာနိုင်ပေသည်။

အထူးသံတမန်၏ စစ်ရေးအရ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း ဝမ်ကျန့်စွန်းသည် လုံးဝ ထိတ်လန့်မသွားပေ။ ထို့ပြင် သူက အေးစက်စွာ ရယ်မောရင်း တုံ့ပြန်လိုက်၏။

"မင်းတို့ မင်လူမျိုးတွေမှာ စစ်သည် သုံးသန်း တကယ် ရှိချင်ရှိလိမ့်မယ်၊ ဒါပေမဲ့ ဘာဖြစ်လဲ"

"ငါတို့ အုလုမျိုးနွယ်စုလေးအတွက်နဲ့ မင်းတို့က ဒီကို တပ်မတော်ကြီး စေလွှတ်မှာလား။ မင်းတို့ တပ်မတော် တကယ် ရောက်လာရင်တောင် ငါတို့က ကျယ်ပြောလှတဲ့ သဲကန္တာရကြီးထဲမှာ သွားပုန်းနေရုံပဲ။ မင်းတို့ ငါတို့ကို သဲကန္တာရကြီးထဲအထိ သေချာပေါက် လိုက်လံ တိုက်ခိုက်နိုင်မယ်လို့ ငါ မယုံဘူး"

ဝမ်ကျန့်စွန်းက တင်မကဝူကျိရှန်းလည်း မယုံပေ။

အုလုမျိုးနွယ်စုသည် တကယ်ပင် မကြီးမားပေ။ စစ်သည် သုံးလေးသောင်း ရှိလျှင်ပင် အုလူမျိုးနွယ်စုကို မြေလှန်ပစ်ရန် လုံလောက်လှသော်လည်း စစ်ပွဲတစ်ခုတွင် ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

စစ်သည် သုံးလေးသောင်းမျှဖြင့် စစ်မတိုက်ဘဲ ထိုနေရာသို့ ချီတက်လာရုံမျှဖြင့်ပင်စစ်စရိတ်များ ကုန်ကျပေလိမ့်မည်။

အုလုလူမျိုးများသည် မင်မင်းဆက်၏ တပ်မတော်ကို တိုက်ရိုက်ရင်ဆိုင်ရန် မည်သည့်အခါမျှ မစဉ်းစားခဲ့ကြသလို စစ်ပွဲအတွက်လည်း ပြင်ဆင်မထားကြပေ။ ထိုအချိန်ကျလျှင် ၎င်းတို့သည် အနောက်ဘက်ရှိ ကျယ်ပြောလှသော ဂိုဘီသဲကန္တာရဆီသို့ ပြောင်းရွှေ့ကာ ခဏမျှ ပုန်းနေကြရုံသာ ဖြစ်သည်။

စစ်သည် သောင်းပေါင်းများစွာက ၎င်းတို့ကို သဲကန္တာရထဲအထိ လိုက်လံ မတိုက်ခိုက်နိုင်ပေ။အကြောင်းမှာ ကုန်ကျစရိတ်က ကြီးမြင့်လွန်းသောကြောင့် ဖြစ်၏။

မျိုးနွယ်စုငယ်လေးတစ်ခုကို ခြေမှုန်းရန် တပ်မတော်ကြီးကို ဦးဆောင်ပြီး လူသူမရှိသော သဲကန္တာရထဲသို့ ဝင်ရောက်ခြင်းသည် ပြက်လုံးတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထိုသို့လုပ်ရန် ရဲဝံ့သူ မည်သူမဆို ကျူးယွမ်ကျန်းက ချက်ချင်းပင် ဝန်လေးခြင်းမရှိဘဲ ခေါင်းဖြတ်ပစ်မည်မှာ သေချာလှသည်။

ဆွေးနွေးပွဲက ချက်ချင်းပင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားတော့၏။

ဤ တင်းမာနေသောအခြေအနေကို ဖျက်ဆီးရန် ဝူကျိရှန်းက တက်ကြွစွာ ရှေ့သို့ လှမ်းထွက်လိုက်သည်။

"သဘောတူညီမှု မရတာက ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ ငါတို့ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ ရတာပဲ၊ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ငါ့အထင်တော့ ဒီလိုလုပ်တာ ပိုကောင်းလိမ့်မယ်။ လူတိုင်း တစ်လှမ်းချင်း နောက်ဆုတ်ပြီး မိမိတို့ရဲ့ သတ်မှတ်ချက်တွေကို အနည်းငယ် လျှော့ချလိုက်ကြတာပေါ့။ ဆွေးနွေးစရာတွေ အမြဲ ရှိနေတာပဲဥစ္စာ"

ဆွေးနွေးပွဲဟု ခေါ်ဆိုသောအရာသည် အမှန်တော့ စျေးရောင်းစျေးဝယ် လုပ်ခြင်းနှင့် ဆင်တူလှ၏။

စျေးကို အဆမတန် ခေါ်ပြီးမှ စျေးဆွေးနွေးကြခြင်းက ဆွေးနွေးပွဲစားပွဲတွင် အမြဲ ဖြစ်ပျက်နေကျ ဖြစ်သဖြင့် အံ့ဩစရာ လုံးဝ မရှိပေ။

အကယ်၍ နှစ်ဦးနှစ်ဖက်လုံးက ချက်ချင်း သဘောတူညီပြီး ဤမျှ အရေးကြီးသော ကိစ္စရပ်ကို စကားလုံးအနည်းငယ်ဖြင့် ဆုံးဖြတ်လိုက်ပါမှအမှန်တကယ် ဆန်းကြယ်သွားပေလိမ့်မည်။

ဝူကျိရှန်း၏ အကြိမ်ကြိမ် ဖျောင်းဖျမှုကြောင့် နှစ်ဦးနှစ်ဖက်လုံးသည် ဒုတိယအကျော့ ဆွေးနွေးပွဲကို စတင်လိုက်ကြလေတော့သည်။

*********

အခန်း (၁၁၈) - နှစ်ဖက်ခွကစားခြင်း

အကယ်၍ အုလုမျိုးနွယ်စုသည် မင်မင်းဆက်ထံသို့ အမှန်တကယ် ခိုလှုံလာပါက ၎င်းသည် သံတမန်ရေးနှင့် နိုင်ငံရေးအရ နှစ်ထပ်ကွမ်း အောင်ပွဲတစ်ခု ဖြစ်လာမည်ဖြစ်ပြီး အလွန် အရေးပါသော အဓိပ္ပာယ်ကို ဆောင်ပေလိမ့်မည်။

အထူးသံတမန်သည် နန်းတော်ထံမှ အရေးကြီးသော တာဝန်ကို ထမ်းဆောင်လာခြင်း ဖြစ်သည်။ သူသည် ဤတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါကရာထူးတိုးခြင်းနှင့် ဘွဲ့ထူးများ ရရှိရန် သေချာပေါက် လက်တစ်ကမ်းအကွာသို့ ရောက်ရှိမည်ဖြစ်သဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်နေခြင်း ဖြစ်၏။

ဤကိစ္စသည် အုလုမျိုးနွယ်စု၏ ကံကြမ္မာနှင့် သက်ဆိုင်နေသလို တစ်ချိန်တည်းမှာပင် ဝမ်ကျန့်စွန်း ကိုယ်တိုင်၏ အကျိုးစီးပွားနှင့်လည်း သက်ဆိုင်နေသဖြင့် သူသည်လည်း အလားတူပင် ဂရုစိုက်လှသည်။

နှစ်ဦးနှစ်ဖက်လုံးက တင်ပြသော သတ်မှတ်ချက်များသည် အလွန် ကွာဟလွန်းလှသဖြင့် ဒုတိယအကျော့ ဆွေးနွေးပွဲသည် အလွန် ခက်ခဲစွာ ရှေ့ဆက်နေရ၏။

သူတို့ စကားပြောရင်းနှင့် နှစ်ဦးနှစ်ဖက်လုံးက တစ်ဦးကိုတစ်ဦး စိုက်ကြည့်လာကြပြီး ဒေါသမျက်လုံးများဖြင့် အချင်းချင်း ရင်ဆိုင်ရန် ထရပ်လိုက်ကြသည်အထိ ဖြစ်လာတော့သည်။

အထူးသံတမန်နှင့် ဝမ်ကျန့်စွန်းတို့သည် တစ်ဦး၏နှာခေါင်းကို တစ်ဦးက လက်ညှိုးထိုးကာ ဆဲဆိုကြပြီး ထိုနေရာတွင်ပင် လက်သီးချင်း ဖလှယ်ကြတော့မည့်အလား အကြိမ်ကြိမ် ဖြစ်ခဲ့ရ၏။

အမှန်တွင်သူတို့ရန်ဖြစ်ကြခြင်းသည်မိမိတို့အတွက် ပိုမိုသာလွန်သော သတ်မှတ်ချက်များကို ရယူရန်သာ ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက်လုံး ကောင်းစွာ သိကြသည်။

မင်မင်းဆက်က အုလုမျိုးနွယ်စုကို အညံ့ခံစေချင်ပြီး အုလုမျိုးနွယ်စုကမူ ပိုကောင်းသော သတ်မှတ်ချက်များကို လိုချင်ကြခြင်း ဖြစ်၏။

အစစ်အမှန် အကျိုးအမြတ်မရှိဘဲ မည်သူက အညံ့ခံပါမည်နည်း။

ထိုအခြေအနေအောက်တွင် အထူးသံတမန်နှင့် ဝမ်ကျန့်စွန်းတို့သည် ၎င်းတို့၏ပွင့်လင်းမြင်သာပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်ကြလေသည်။

"ဒီလောက်အထိ ပြောပြီးပြီပဲ၊ မင်းတို့ အုလုလူမျိုးတွေက ငါတို့ မင်တပ်မတော်ကို အသုံးချပြီး မင်းတို့ရဲ့ အတွင်းရေးကို တည်ငြိမ်အောင် လုပ်ချင်တာပဲဥစ္စာ။ ကိစ္စပြီးရင် ငါတို့ တပ်မတော်ကို ကန်ထုတ်ပစ်ချင်နေတာပဲ၊ ဒါပေမဲ့ မင်းတို့ဘက်က ဘာသစ္စာမှ မပြချင်ဘူး။ လောကမှာ ဒီလောက် သက်သာတဲ့ အကွက် ဘယ်မှာ ရှိမှာလဲ"

ဤစကားက တကယ့်ကို ထိရောက်လှပြီး အဓိက အချက်ကို ကွက်တိ ထိမှန်သွားစေသည်။

ဝမ်ကျန့်စွန်း၏ မူလရည်ရွယ်ချက်မှာ မင်တပ်မတော်ကို အသုံးချ၍ အတွင်းပိုင်းရှိ အာဏာရှိအုပ်စုများကို နှိမ်နင်းရန် ဖြစ်ပြီး အတွင်းအာဏာကို ခိုင်မာအောင် လုပ်ပြီးနောက်တွင် မင်တပ်မတော်ကို အဝေးသို့ ကန်ထုတ်ပစ်ရန် ဖြစ်၏။နယ်မြေတစ်ခုရဲ့ ဧကရာဇ်အဖြစ် နေရတာကို စွန့်လွှတ်ပြီး မင်မင်းဆက်ရဲ့ လက်အောက်ခံ ဘာလို့ လုပ်ရမှာလဲ။ အုလုလူမျိုးတွေက အဲလောက်အထိ မအပါဘူး။

"ငါ အမှန်အတိုင်း ပြောရရင် ငါတို့ စဉ်းစားနေတာက တကယ်ပဲ အဲဒါပဲ"

ဝမ်ကျန့်စွန်းက နှာခေါင်းရှုံ့ရင်း အေးစက်စွာ ရယ်မောလိုက်၏။

"အကယ်၍ မင်းတို့ဘက်က နစ်နာတယ်လို့ ခံစားရရင်လည်း ငါတို့ လမ်းခွဲကြတာပေါ့"

အထူးသံတမန်သည် ထိုကဲ့သို့သော ခြိမ်းခြောက်မှုကို မမှုဘဲ ပို၍ပင် တင်းမာသော သဘောထားကို ပြသလိုက်သည်။

"ငါတို့ မင်က ကောင်းကင်ဘုံနိုင်ငံတော်ကြီးပဲ၊ အုလုမျိုးနွယ်စု သေးသေးလေးကို ဂရုစိုက်မနေဘူး။ ပြောင်းပြန်ပြောရရင် မင်းတို့ကသာ ငါတို့ကို လိုအပ်နေတာ"

"ငါတို့ မင်တပ်မတော်ရဲ့ ပြင်းထန်တဲ့ နှိမ်နင်းမှုမရှိရင် အဲဒီ အသက် နှစ်နှစ်အရွယ် ကလေးက ဘယ်အချိန်မှာ ရာထူးကနေ ဖြုတ်ချခံရမလဲ မသိနိုင်ဘူး။ သူတို့က မုဆိုးမနဲ့ ကလေးပဲဥစ္စာ... မြက်ခင်းပြင်က အမြဲတမ်း သန်ရာစားစနစ်ပဲ။ အဲဒီအချိန်ကျရင် ဘာဖြစ်မလဲဆိုတာ မင်းက ငါ့ထက် ပိုသိမှာပါ"

ထိုအသက် နှစ်နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူကိုသာ အားကိုးရုံမျှဖြင့် မျိုးနွယ်စုအတွင်းရှိ အာဏာရှိအုပ်စုများကို နှိမ်နင်းရန် လုံးဝ မဖြစ်နိုင်ပေ။ နန်းတွင်းအာဏာသိမ်းမှု သေးသေးလေး ဖြစ်ပွားသည်ဖြစ်စေ ပုန်ကန်ကြသည်ဖြစ်စေ ထိုအသက် နှစ်နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူတို့သည် သေချာပေါက် ရာထူးမှ ဖြုတ်ချခံရမည်ဖြစ်ရာ ၎င်းမှာ သံသယဖြစ်ဖွယ် မရှိပေ။

အကယ်၍ အသက် နှစ်နှစ်အရွယ် အုလုဘုရင်နှင့် အုလုမယ်တော်ကြီးတို့သည် မိမိတို့လူမျိုး၏ ဓားချက်အောက်တွင် မသေဆုံးချင်ပါက မင်မင်းဆက်ထံသို့ လိမ္မာပါးနပ်စွာ ခိုလှုံကြရုံသာ ရှိသည်။

ဒါက အထူးသံတမန်၏ အကြီးမားဆုံးသော ယုံကြည်ချက် ဖြစ်၏။ အကြောင်းမှာ ယခုအချိန်တွင် အုလုမျိုးနွယ်စုသည် ပေါက်ကွဲတော့မည့် မီးတောင်တစ်ခု ကဲ့သို့ ဖြစ်နေပြီး အုလုမယ်တော်ကြီးနှင့် သားဖြစ်သူတို့သည် မီးတောင်ဝပေါ်တွင် ထိုင်နေကြသလို အလွန် အန္တရာယ်ကြီးမားသောအခြေအနေတွင် ရှိနေကြောင်း သူ သိရှိထားသောကြောင့် ဖြစ်သည်။

သူတို့မှာ စျေးဆွေးနွေးရန် မည်သည့် အရင်းအနှီးမျှ မရှိပေ။သို့သော် အထူးသံတမန်သည် မှားသွားခဲ့၏၊ အကြီးအကျယ် မှားသွားခဲ့ခြင်း ဖြစ်သည်။

"မင်းတို့ ဟန်လူမျိုးတွေရဲ့ စကားပုံတစ်ခု ရှိတယ်မဟုတ်လား၊ ဝက်သတ်သမား ကျန်း မရှိရင်လည်း အမွေးပွဝက်ကို စားရတာပဲတဲ့"

ဝမ်ကျန့်စွန်းက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

"ငါတို့ အုလုမျိုးနွယ်စုက အတွင်းအပြင် ဝေဒနာတွေနဲ့ ရင်ဆိုင်နေရတာ မှန်ပေမယ့် မင်းတို့ မင်မင်းဆက်နှင့်မခွဲနိုင်မခွာရက်ဖြစ်နေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ဥူဆာခါးလ်ခန်ရဲ့ အထူးသံတမန်လည်း ရောက်နေပြီ၊ ငါတို့ဘုရင်က သူတို့နဲ့လည်း ဒီကိစ္စကိုပဲ ဆွေးနွေးနေတယ်"

ဥူဆာခါးလ်ခန်သည် ယွမ်မင်းဆက်စွန်းဧကရာဇ်၏ ဒုတိယမြောက် သားတော် ဖြစ်ပြီး မြောက်ယွမ်မင်းဆက်၏ တတိယမြောက် အုပ်ချုပ်သူ ဖြစ်ကာ သမိုင်းတွင် တီယန်ယွမ်ဧကရာဇ် ဟု လူသိများသည်။

ဤကိစ္စသည် အုလုမျိုးနွယ်စု၏ ရှင်သန်ခြင်းနှင့် သက်ဆိုင်နေသဖြင့် အားလုံးကို ခြင်းတောင်းတစ်ခုတည်းတွင် ထည့်ထားရန် လုံးဝ မဖြစ်နိုင်ပေ။

ဝမ်ကျန့်စွန်းနှင့် မင်အထူးသံတမန်တို့ ဆွေးနွေးနေကြစဉ် အခြားသော ဆွေးနွေးပွဲတစ်ခုကလည်း တစ်ပြိုင်တည်း ဖြစ်ပွားနေခြင်း ဖြစ်၏။

ဒါက စျေးရောင်းစျေးဝယ် လုပ်ခြင်းနှင့် တူလှသည်။ ဖောက်သည် နှစ်ဦးနှင့် တစ်ပြိုင်တည်း စျေးဆွေးနွေးပြီး မည်သူက ပိုကောင်းသောစျေးနှင့် ပိုများသော အကျိုးအမြတ်ကို ပေးနိုင်ပါက ထိုသူ့ထံသို့ ကုန်ပစ္စည်းကို ရောင်းချမည် ဖြစ်သည်။

အုလုမျိုးနွယ်စုသည် မူလက မွန်ဂိုအင်ပါယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သဖြင့် မွန်ဂိုများနှင့် ပို၍ ရင်းနှီးလှ၏။

အုလုလူမျိုးများသည် နှစ်ဖက်ခွကစားပြီး မင်မင်းဆက်၊ မွန်ဂိုတို့နှင့် တစ်ပြိုင်တည်း ဆွေးနွေးနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

ခုနကတင် ဗိုလ်ကျစိုးမိုးနေသော အထူးသံတမန်သည် ချက်ချင်းပင် ဆွံ့အသွားတော့သည်။

ဤနေရာသို့ ရောက်သောအခါ ဝူကျိရှန်းက အခြေအနေကို ရိပ်မိသွား၏။ အုလုလူမျိုးများသည် မင်မင်းဆက်ထံသို့ အမှန်တကယ် ခိုလှုံရန် မည်သည့်အခါမျှ စဉ်းစားခဲ့ခြင်း မရှိဘဲ ယခု ဆွေးနွေးပွဲသည် ၎င်းတို့အတွက် ထိုမျှ မရေးပါကြောင်း သိလိုက်ရသည်။

ပါးနပ်လှသော ဝမ်ကျန့်စွန်းသည် မွန်ဂိုများ မြင်စေရန်အတွက် မင်မင်းဆက်နှင့် ဆွေးနွေးပွဲပြုလုပ်သည့် ပြကွက်ကို တမင်တကာ ကပြနေခြင်းမျှသာ ဖြစ်သည်။အမှန်တွင်သူက မွန်ဂိုများကို တကယ်လို့မင်းတို့က ငါတို့ကို စိတ်ကျေနပ်လောက်တဲ့ သတ်မှတ်ချက်တွေ မပေးရင် ငါတို့ အုလူလူမျိုးတွေက မင်မင်းဆက်ဘက်ကို ကူးပြောင်းသွားမှာ ဖြစ်တယ် ဟု‌ ပြောနေခြင်းသာဖြစ်သည်။

မင်မင်းဆက်နှင့် ဆွေးနွေးခြင်းသည် ရလဒ်တစ်ခု ရရှိရန် မဟုတ်ဘဲ မွန်ဂိုများက ပို‌ ကောင်းသောသတ်မှတ်ချက်များကို ပေးအပ်လာစေရန် ဖိအားပေးခြင်းမျှသာ ဖြစ်သည်။

အထူးသံတမန်က အုလုလူမျိုးများ ငြင်းပယ်နိုင်စရာမရှိသော ကြီးမားသည့် အကျိုးအမြတ်များကို မပေးနိုင်သရွေ့ ၎င်းတို့သည် မင်မင်းဆက်ဘက်သို့ လုံးဝ ကူးပြောင်းလာကြမည် မဟုတ်ပေ။

သို့သော် ဒါက မဖြစ်နိုင်ပေ။အထူးသံတမန်သည် နန်းတော်က စေလွှတ်လိုက်သော ပြောရေးဆိုခွင့်ရှိသူမျှသာ ဖြစ်သဖြင့် ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိသလို နန်းတော်က လက်ခံနိုင်သော အတိုင်းအတာထက် ကျော်လွန်သည့် မည်သည့် သတ်မှတ်ချက်ကိုမျှလည်း မပေးနိုင်ပေ။

"ဒီကိစ္စက အရေးကြီးလို့ သေချာ စဉ်းစားပေးပါဦး"

ဆွေးနွေးပွဲတွင် အသာစီးရသွားသော ဝမ်ကျန့်စွန်းက အလွန် တက်ကြွနေသည့် ပုံစံဖြင့် ပြောလိုက်သည်။

"ငါတို့လည်း ထပ်ပြီး တိုင်ပင်ရဦးမယ်။ ဒီနေ့ သဘောတူညီမှု မရရင်တောင် ဖြည်းဖြည်းချင်း ဆက်ပြောလို့ ရတာပဲဥစ္စာ။ အဆုံးကျရင် ရလဒ်တစ်ခုကတော့ ထွက်လာမှာပါ"

ဝမ်ကျန့်စွန်း၏ မျက်နှာတွင် လှိုက်လှဲပျူငှာသော အိမ်ရှင်တစ်ဦးကဲ့သို့အပြုံးများဖြင့် ပြည့်နှက်နေ၏။

"မင်းတို့က ငါတို့ အုလုမျိုးနွယ်စုဆီကို မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး လာခဲ့ကြတဲ့ ဧည့်သည်တွေပဲဥစ္စာ။ ဒီအခွင့်အရေးကို အသုံးချပြီး မြက်ခင်းပြင်ရဲ့ လှပတဲ့ ရှုခင်းတွေကို ကြည့်ရှုနိုင်ပါတယ်။ ဘယ်တဲအိမ်ထဲကိုပဲ ဝင်ဝင် မင်းတို့ကို လှိုက်လှဲစွာ ကြိုဆိုကြမှာပါ"

"ဪ... ဟုတ်သားပဲ၊ ငါ မေ့တော့မလို့"

ဝမ်ကျန့်စွန်းက တစ်ခုခုကို သတိရသွားသည့်အလား သူ၏နဖူးကို ရိုက်လိုက်၏။

"မနက်ဖြန် မွန်းတည့်အချိန်မှာ ငါတို့ဘုရင်က ကြီးကျယ်တဲ့ စားပွဲသောက်ပွဲတစ်ခု ကျင်းပပြီး ဥူဆာခါးလ်ခန်ရဲ့ အထူးသံတမန်နဲ့ မင်အထူးသံတမန်တို့ကို ဖိတ်ကြားမှာ ဖြစ်သလို လက်ဆောင်အမျိုးမျိုးကိုလည်း ပေးအပ်မှာ ဖြစ်ပါတယ်။ မင်းတို့ မပျက်မကွက် တက်ရောက်ပေးဖို့ မျှော်လင့်ပါတယ်"

ဤသို့ ပြောပြီးနောက် ဝမ်ကျန့်စွန်းသည် အထူးသံတမန်ကို ရိုသေစွာ နှုတ်ဆက်လိုက်ပြီးနောက် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေတော့သည်။

သူတို့ ကြာမြင့်စွာ ဆွေးနွေးခဲ့ကြသော်လည်း ဘာတစ်ခုမျှ အောင်မြင်မှု မရရှိခဲ့သည့်အပြင် ဆိုးဝါးသော သတင်းတစ်ခုကိုသာ ကြားခဲ့ရ၏။ ၎င်းမှာ အုလုလူမျိုးများသည် မြောက်ဘက်ယွမ်နှင့်လည်း ယခုကဲ့သို့ ဆွေးနွေးပွဲမျိုးကို ပြုလုပ်နေကြခြင်း ဖြစ်သည်။

ဒါက လုံးဝ မကောင်းသောအခြေအနေ ဖြစ်ပေသည်။အရေးကြီးသော အချိန်တွင် အထူးသံတမန်သည် မကြုံစဖူး ပြတ်သားမှုကို ပြသလိုက်ပြီး အန်းကျန်းကျိုး၊ ကျောက်ပင်တိန့်နှင့် အခြားသူများကို ချက်ချင်း ခေါ်ယူလိုက်၏။

"မင်းတို့လည်း အခု အခြေအနေကို မြင်တဲ့အတိုင်းပဲ၊ အုလုလူမျိုးတွေကို ခိုလှုံလာအောင် လုပ်ဖို့က လုံးဝ မလွယ်ဘူး"

"ထူးခြားတဲ့ အခြေအနေမှာ ထူးခြားတဲ့ နည်းလမ်းကို သုံးရမယ်။ ဒီအခြေအနေ ရောက်မှတော့ နောက်ဆုံး နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်"

အထူးသံတမန်က ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်ရာ သူ၏ လေသံတွင် သိသာလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေလေသည်။

"မင်းတို့အားလုံး ဟန်မင်းဆက်တုန်းက ပန်တိန်ယွမ်ရဲ့ ဇာတ်လမ်းကို သိကြတယ် မဟုတ်လား"

*********

All Chapters