ဖန်းတရဲ့ အသက်ရှင်နေတယ်
Vol. 167 Ch. 2395
နာရီဝက်ခန့်ကြာတော့ လင်းရီနှင့် ကျန်းဟွေ့တို့ ပြိုင်တူနီးပါး ဆေးရုံသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ လီရှန်းဟွေ့နှင့် ကျူးကျွင်းချီတို့လည်း ရောက်လာခဲ့ကြ၏။
လီရှန်းဟွေ့၏ ဇနီးသည် ကျန်းဝန်လီက ကျိုးဟိုင် အမှတ် ၂ ဆေးရုံတွင် ခေါင်းဆောင်နာ့စ် အဖြစ် အလုပ်လုပ်ကိုင်နေသူပင်။
ဆေးရုံသို့ ရောက်လာပြီးနောက် ကူရိရန်က ချက်ချင်းပဲ လီရှန်းဟွေ့ကို ဖုန်းခေါ်လိုက်ပြီး အခြေအနေအကြောင်း အသိပေးလိုက်၏။
“ မရီး … အခြေအနေ ဘယ်လိုရှိလဲ … စိုးရိမ်ရလား ….” ကျန်းဟွေ့ စိုးရိမ်ပူပန်သည့် လေသံဖြင့် မေးမြန်းလိုက်သည်။
“ ခြေထောက်အောက်ပိုင်း နည်းနည်းအက်သွားတာရယ် … ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရှိတာကလွဲရင် အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး … အခု ဆရာဝန် ကြည့်ပေးနေတယ် … မကြာခင် အဆင်ပြေသွားလိမ့်မယ် … ဘာမှ မပူကြနဲ့ ….”
ဤသတင်းကြားတော့ လူတိုင်း စိတ်သက်သာရစွာ သက်ပြင်းချမိသွားခဲ့ကြသည်။
ကျိုးအက်ရုံသွားရုံလောက်ကတော့ စိုးရိမ်စရာ မရှိပေ။ သို့သော် ဖြစ်ရပ်နောက်ကွယ်တွင် ပါဝင်ပတ်သက်နေသည့် အကြောင်းအရာတို့ကတော့ လူတိုင်းကို မသက်မသာ ဖြစ်နေစေသည်။
“ ရိရန်ကို ခေါ်လာပေးတဲ့ ကြင်နာတတ်တဲ့ လူနှစ်ယောက်က ဒီမှာပဲ … နင်တို့ အသေးစိတ် သိချင်ရင် သူတို့ကို မေးကြည့်လိုက်ကြ ….”
လေးဦးလုံး လှည့်ကြည့်လိုက်တော့ အနီးနား ခုံတန်းရှည်တွင် ထိုင်နေသည့် သက်လတ်ပိုင်း အမျိုးသား နှစ်ဦးကို မြင်တွေ့သွားခဲ့ကြသည်။
၎င်းတို့နှစ်ဦးက လင်းရီတို့ လှမ်းကြည့်လာတာကို မြင်တော့ အလိုအလျောက် မတ်တပ်ရပ်မိသွားခဲ့ကြပြီး ဖိအား များသွားခဲ့ကြ၏။
ကျူးကျွင်းချီက သူ့ရဲတံဆိပ်ကို ပြသလိုက်သည်။
“ ဟယ်လို … ကျုပ်တို့က ရှင်းရှန်းဗျူရိုရုံးခွဲကပါ … ကျုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ဆေးရုံ ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ပြန်ရောက်ရင် ဆုရဖို့အတွက် စီစဉ်ပေးပါ့မယ် …”
“ မဟုတ်တာ မဟုတ်တာ အရာရှိကြီးတို့ …. ငါတို့လည်း ဘာမှ ထွေထူးမလုပ်ခဲ့ရပါဘူး … မျက်စိရှေ့မှာ မြင်နေရမှတော့ ဘယ်သူမဆို ကူညီပေးကြမှာပဲလေ …”
ပြောလိုက်သူက အသက်လေးဆယ်အရွယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦးပင်။ ဆံပင်အတိုနှင့် ဖြစ်ပြီး မျက်လုံးထောင့်စွန်းတွင်လည်း အရေးအကြောင်းတို့ ရှိနေသည်။
သူ့နာမည်က ယောင်ပေါ်ဖြစ်ပြီး တက္ကစီ ဒရိုင်ဘာ တစ်ဦးပင်။
ကျန်တစ်ဦးကလည်း သက်တူရွယ်တူခန့် ရှိပြီး နာမည်က ထျန်းကျင်းမင် ဖြစ်၏။ ကူရိရန်နှင့် တစ်ရပ်ကွက်တည်း အိမ်နီးနားချင်းဖြစ်ပြီး အိမ်ခြံမြေ စီမံခန့်ခွဲရေး ကုမ္ပဏီ၏ မန်နေဂျာ တစ်ဦးပင်။
“ အဲ့တုန်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြန်ပြောပေးနိုင်မလား ….”
နှစ်ယောက်က အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ထျန်းကျင်းမင်က စကားစလိုက်သည်။
“ ငါ့ချွေးမက အသီးစားချင်တယ်ဆိုလို့ အောက်ဆင်းပြီး သူ့အတွက် ဝယ်ပေးနေတာ … ပြန်လာတဲ့အချိန် ဗန်ကားတစ်စင်းက အရာရှိကြီးတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို တိုက်ဖို့ လုပ်နေတာ မြင်လိုက်ရတယ် … ဒါပေမယ့် သူက အချိန်မီ တုံ့ပြန်နိုင်လိုက်လို့ ရှောင်နိုင်လိုက်တယ် … ဒါပေမယ့် ကားမောင်းသမားက လက်မလျှော့ဘဲ နောက်တစ်ကြိမ် ပြန်မောင်းတိုက်ဖို့ ကြိုးစားပြန်တယ် … အဲ့မှာ တစ်ခုခုတော့ လွဲနေပြီဆိုတာကို သတိထားမိတာနဲ့ လူက အလိုလို အော်ဟစ်မိလိုက်တာပဲ … ကားကလည်း ထွက်ပြေးသွားခဲ့တယ် … အဲ့အချိန်မှာ ဒီရဲ့ အစ်ကိုကြီးက တက္ကစီမောင်းရင်း ရောက်လာတယ် … ငါလည်း သူ့ကို ကားတားပြီး လူကို ဆေးရုံ လိုက်ပို့ပေးခဲ့တာပဲ …”
လေးဦးလုံး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဒရိုင်ဘာက လက်သည်တရားခံ ဖြစ်သည်ကို အတည်ပြုလိုက်နိုင်လေပြီ။
“ ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ကျေးဇူးပြုပြီး ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ပေးထားခဲ့ပါဦး ….”
ရဲအရာရှိနှင့် ရင်ဆိုင်ရတော့ နှစ်ယောက်လည်း စိတ်လိုလက်ရနှင့် ဖုန်းနံပါတ်များ ထားခဲ့ကာ ထွက်ခွာသွားခဲ့ကြသည်။
“ အစ်ကိုလီ … မင်း ဒီကိစ္စကို ဘယ်လိုထင်လဲ …”
လီရှန်းဟွေ့ မျက်မှောင်ကြုတ်လိုက်ပြီး အချိန်တစ်ချို့ ကြာသည်အထိ သေချာသည့် ရှင်းပြမှုမျိုး မပြုလုပ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
“ ရိရန် ထွက်လာတာကို စောင့်ပြီး သူ့ကို မေးကြည့်ကြတာပေါ့ …. ရဲအရာရှိကိုတောင် တိုက်ခိုက်ဝံ့နေတယ်ဆိုတော့ ဒီရာဇဝတ်သားက မရိုးရှင်းဘူး ….”
လူတိုင်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
သာမန်လူဆိုပါက ယခုလို လုပ်ရပ်မျိုး ပြုလုပ်ဝံ့ကြမှာ မဟုတ်ပေ။
နောက်ထပ် မိနစ်သုံးဆယ်ကျော် ကြာပြီးသည့်နောက် ကူရိရန်က ဝှီးချဲတစ်ခုပေါ် ထိုင်လျက် အပြင်သို့ ရောက်လာသည်။
“ အစ်ကိုလီ … ရှင်တို့အကုန်လုံး ရောက်နေကြတာလား ….”
သူမ၏ အခြေအနေမှာ သိပ်မကောင်းလှချေ။ မျက်နှာအမူအရာက အနည်းငယ် ငိုင်တွေငေးမောနေပြီး အပြည့်အဝ မသက်သာသေးသည့်ပုံပင်။
ကျန်းဝန်လီက ၎င်းကို ချက်ချင်း သတိပြုမိသွားခဲ့ပြီး အလျင်အမြန် ပြောလိုက်သည်။
“ နင်တို့တွေ မေးစရာရှိရင် မနက်ဖြန်မှ မေးတော့ … ရိရန် ဒီညတော့ ကောင်းကောင်း နားပါစေ ….”
အခြားသူများလည်း သူမ၏ မျက်နှာအသားအရေ မကောင်းမွန်တာကို သတိပြုမိသွားခဲ့ကြသဖြင့် မနက်ဖြန်မှပဲ ဆက်ပြီး ဆွေးနွေးဖို့ရာ ဆုံးဖြတ်လိုက်ကြတော့သည်။
“ ကျွန်မ အဆင်ပြေတယ် … ခဏလောက် အသက်ရှူလိုက်ဦးမယ် …… ၊ ရှင်တို့တွေ ကျွန်မ အခု ပြောမယ့် စကားကို ယုံကြည်နိုင်လောက်မှာတော့ မဟုတ်ဘူး ….” ကူရိရန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ ကားမောင်းနေတဲ့လူက ဖန်းတရဲ့ပဲ …”
ဘုန်း ….
ဤသတင်းက နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သည့်နှယ် အင်မတန် ရှော့ခ်ရဖို့ ကောင်းလှ၏။
“ မင်းပြောနေတာ မင်းကို တိုက်သွားတဲ့လူက ဖန်းတရဲ့ပေါ့ ဟုတ်လား ….”
“ အတော်လေးတူတယ် … သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေက တစ်ထေရာတည်းပဲ ….”
ကူရိရန်၏ အသံမှာ တုန်ယင်နေသည်။
“ အရေးကြီးဆုံးကတော့ အဲ့ကားက ဖန်းတရဲ့ဥစ္စာ ဖြစ်နေတာပဲ … လိုင်စင် နံပါတ်ပြားကို ကျွန်မ သေချာ မှတ်မိတယ် ….”
အေးစက်သည့် တိတ်ဆိတ်မှုက ဆေးရုံ၏ ကော်ရစ်ဒါလမ်းတစ်လျှောက် ကြီးစိုးသွားခဲ့သည်။
လင်းရီပင် ကြက်သီးဖြန်းသွားခဲ့၏။
သေပြီလို့ အတည်ပြုခံထားရတဲ့ လူတစ်ယောက်က ကူရိရန်ကို သူ့ကားနဲ့မောင်းပြီး သတ်ဖို့ ကြိုးစားနေခြင်း။
ယင်းက လုံးဝကို မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
“ အလောင်းကို ငါတို့တွေ သေချာ စစ်ဆေးခဲ့တာပဲလေ … အခေါင်းထဲ သေနေတဲ့လူက ဖန်းတရဲ့ဆိုတာ သေချာတယ် … အဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ မှားယွင်းနိုင်စရာ အကြောင်းမရှိဘူး …. ဒီတော့ ကားမောင်းနေတဲ့လူက အယောင်ဆောင်ထားတဲ့လူ ဖြစ်လိမ့်မယ် ….” လင်းရီ ပြောလိုက်သည်။
လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ ဤရှင်းပြချက်က ယုတ္တိရှိသည်။
“ လက်ရှိ အခြေအနေအတိုင်းဆိုရင် လူသတ်သမားက ဖန်းတရဲ့ကို သတ်ပြီးတဲ့နောက်မှာ ကားကို ယူသွားတယ် … တစ်နေရာရာမှာ ပုန်းအောင်းနေပြီး ဒီနေ့ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပဲ ….”
“ အဲ့လိုပဲ ဖြစ်လိမ့်မယ် … “ ကျန်းဟွေ့ ပြောလိုက်ပြီး “ ကားက မြို့ထဲမှာ ပေါ်လာခဲ့တယ်ဆိုတော့ စုံစမ်းရတာ ပိုပြီး လွယ်ကူသွားပြီ … ငါ ယာဉ်ထိန်းရဲ ဌာနကို သွားပြီး စောင့်ကြည့်ကင်မရာ မြင်ကွင်းကို စစ်ဆေးကြည့်လိုက်မယ် … သဲလွန်စ တစ်ချို့တော့ တွေ့ရလောက်မှာပါ ….”
“ ဒါပေမယ့် တစ်ခု သတိပြုစရာ ရှိတာက ….” လင်းရီ တည်ကြည်လေးနက်သည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်ပြီး “ လူသတ်သမားက ကျုပ်တို့ ထင်ထားတာထက် ပိုပြီး ကျုပ်တို့နဲ့ ပိုနီးကပ်တဲ့လူ ဖြစ်နေနိုင်တယ် ….”
လူတိုင်း၏ အကြည့်က သူ့ထံသို့ ကျရောက်လာသည်။
“ မင်း ဆိုလိုချင်တဲ့ သဘောက ….”
“ ကူရိရန်ကို တိုက်ခိုက်လာတာက အကြောင်းမဲ့ မဟုတ်ဘူး ….”
လင်းရီလည်း သူတို့တွေ အဘွားစွန်း၏ အိမ်သို့ သွားရောက်စဉ်က ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်း ပြန်လည် ရှင်းပြလိုက်သည်။
“ မင်းပြောသလိုဆိုရင် အဲ့ဒီ အဘွားစွန်းက အတော်လေး သံသယ ဖြစ်ဖို့ကောင်းနေတာပဲ … ပြီးတော့ နောက်ပစ်မှတ်က မင်း ဖြစ်နိုင်လောက်တယ် …”
“ နောက်ပစ်မှတ်က ဘယ်သူပဲ ဖြစ်ဖြစ် လူသတ်သမားက ဒီအကြောင်းကို သိထားတဲ့လူ ဖစ်နေတာပဲ … မဟုတ်ရင် ရိရန်ကို တိုက်ခိုက်လာစရာ အကြောင်း မရှိဘူး … သူတို့နှစ်ယောက်ကြားထဲ ဘာ အဆက်အစပ်မှ မရှိတာ ….”
“ ဆိုတော့ …. လူသတ်သမားက အဘွားကြီးရဲ့ စကားအတိုင်း လိုက်ပြီး လူတွေ လိုက်သတ်နေတယ်ပေါ့ ….” ကျန်းဟွေ့ မေးခွန်းထုတ်လိုက်၏။
“ နေမှာ (ဖြစ်နိုင်လောက်တယ်) … ပြီးတော့ လူသတ်သမားက မြေခွေးဝိဉာဏ် ကျိန်စာဆိုတဲ့ အရာကို ထိန်းသိမ်းဖို့အတွက် လူတွေကို တိုက်ခိုက်လာခဲ့တာပဲ …. “
“ သာမန်လူအမြင်ကနေကြည့်ရင် အဲ့လို အပြုအမူမျိုးက လုံးဝ နားလည်နိုင်စရာ အကြောင်းမရှိဘူး … ပြီးတော့ လက်စားချေဖို့ဆို သုံးနှစ်အထိ စောင့်စရာ လိုလို့လား … ဒါပေမယ့်လည်း ဘာမဆို ဖြစ်နိုင်ပါတယ် .. ဒါပေမယ့် ဘယ်လိုပဲပြောပြော … ကျုပ်ကတော့ သူ့မှာ စိတ်ရောဂါ ရှိနေပါတယ်ဆိုတာကို မယုံဘူး ….”
“ ရိရန် မတော်တဆ ဖြစ်ခဲ့တာကလည်း ကျုပ်တို့ သူ့အိမ်ကို ရောက်သွားခဲ့လို့ပဲ …. အဲ့တာကြောင့်လည်း အဲ့လို စကားတွေ ပြောလာခဲ့တာ … တကယ်လို့ သူက လူသတ်သမားနဲ့ ဆက်စပ်နေတယ်ဆိုရင်တော့ ကျုပ်တို့တွေ ကံဆိုးခဲ့တယ်လို့ သတ်မှတ်ရမှာပဲ ….”
“ သူက လူသတ်သမားရဲ့ ကြံရာပါ မဟုတ်ဘူးလို့ ယူဆမယ်ဆိုရင်တော့ နှစ်ယောက်ကြားမှာ မလွှဲရှောင်သာတဲ့ ပတ်သက်ဆက်နွယ်မှု တစ်ခုခုတော့ ရှိကို ရှိနေရမယ် …. မဟုတ်ရင် လူသတ်သမားက အဘွားစွန်း ကျုပ်တို့နှစ်ယောက်ကို ကျိန်စာတိုက်ထားတာ သိစရာ အကြောင်းမရှိဘူး ….”
“ တစ်နည်းဆိုရရင် လူသတ်သမား ဖန်းတရဲ့နဲ့ မာဟိုင်ချန်ကို သတ်ခဲ့တာက ထုတ်ပြောလို့ မရနိုင်တဲ့ ရည်ရွယ်ချက်တွေကြောင့် ဖြစ်မယ် … ကူရိရန်ကို တိုက်ခိုက်ခဲ့တာကကျ အဘွားစွန်းရဲ့ ကျိန်စာကြေင့်ပဲ … မြေခွေးဝိဉာဏ်ကျိန်စာ ဆိုတာကို ထိန်းသိမ်းဖို့အတွက် သူ့မှာ တခြား ရွေးချယ်စရာ မရှိဘူး ….”
“ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် မင်းပြောသလိုပဲ အဘွားကြီးစွန်းနဲ့ လူသတ်သမားက တစ်နည်းနည်းနဲ့တော့ ဆက်စပ်နေလောက်တယ် … မဟုတ်ရင် မင်းတို့ အပေါ် ကျိန်စာတိုက်ထားတာကို သိစရာ အကြောင်းမရှိဘူးလေ ….” ကျန်းဟွေ့ ပြောလိုက်သည်။
လင်းရီ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
သူ့နှုတ်ခမ်းတို့က မသိမသာ တွန့်ကွေးသွားခဲ့ပြီး ခန့်မှန်းရခက်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ ဒါပေမယ့် လူသတ်သမားရဲ့ ဒီလို ရွေ့ကွက်မျိုးက …. အတော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ ….”
လေထုမှာ လေးလံသည်ထက် လေးလံလာခဲ့သည်။
အမှုကလည်း ပို၍ သည်းထိတ်ရင်ဖိုဖွယ်ရာ ကောင်းလာလေသည်။
စာစဉ် (၁၆၇) ပြီး၏။
( 22 May 2026, 1:37 AM)