← Chapters

မာဟိုင်ချန် သေပြီ

Vol. 167 Ch. 2386

မာဟိုင်ချန် သေပြီ

Vol. 167 Ch. 2386

အယ်မိုနှင့် ကျန်နှစ်ယောက်မှာ အချင်းချင်း ပြန်ကြည့်မိသွားခဲ့ကြပြီး လင်းရီပြောလိုက်သည့် စကားကြောင့် ဆွံ့အကြက်သေသေသွားခဲ့ကြသည်။

“ ဥက္ကဌလင်း … ငါတို့ဆိုလိုချင်တဲ့ သဘောက အဲ့လိုမျိုး မဟုတ်ပါဘူး …” အယ်လ်မို ရှင်းပြလိုက်သည်။

“ ပူးပေါင်းဆောင်ရမယ့် ကြာချိန်ကို ငါတို့ ဆက်ပြီး ဆွေးနွေးလို့ရတယ် … ငါတို့ဘက်က လင်းယွင်အုပ်စုနဲ့ တကယ်ပဲ ပူးပေါင်းဆောင်ရွက်ချင်တာပါ ….”

“ ရတယ်လေ …. ခင်များတို့က တကယ်ပဲ ပူးပေါင်းချင်တယ်ဆိုမှတော့ အသေးစိတ် ပြောကြတာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ပူးပေါင်းဆောင်ရွက်မယ့် ကာလက ဆယ်နှစ်ကျော်ရမယ် … ပြီးတော့ တင်ပို့ရမယ့် ယူနစ်က ဆယ်သန်းကျော်ရမယ် … ခင်များတို့ လုပ်ပေးနိုင်လား ….”

“ ဒါက ….”

ပူးပေါင်းဆောင်ရွက်မည့် ကြာချိန်ကို ဆွေးနွေး၍ ရသော်လည်းပဲ Apple ကဲ့သို့ ကုမ္ပဏီကြီး တစ်ခုပင် တစ်နှစ် ဆယ်သန်း ယူနစ်ဟူသော ပမာဏက အတော်လေး ဖိအားများရမည့် အရာဖြစ်သည်။

“ ငါတို့က အဲ့လောက် အော်ဒါအများကြီးရအောင် မလုပ်နိုင်ဘူးဆို ဘယ်လိုဖြစ်မှာ ….”

“ မလုပ်နိုင်ဘူး ဟုတ်လား … ခင်များတို့လို ကမ္ဘာ့ ဒိတ်ဒိတ်ကျဲ နည်းပညာ ကုမ္ပဏီကြီးက ဆယ်သန်းလေးတောင် ရအောင် မလုပ်နိုင်ဘူးလို့ ပြောနေတာလား ….”

“ ငါတို့က စွမ်းအင်သစ် ကားနယ်ပယ်ကို အခုမှ ခြေလှမ်းစဝင်ရုံ ရှိသေးတာလေ … အနာဂတ်အတွက် အတော်လေး ယုံကြည်ချက် ရှိတယ်ဆိုပေမယ့် အဲ့ ပမာဏကတော့ လုံးဝ သေးမွှားတဲ့ ပမာဏမျိုး မဟုတ်ဘူး ….”

“ အဲ့တာ ခင်များတို့ ပြဿနာလေ ….” လင်းရီ သာမန်လျှံကာပဲ ခွန်းတုံ့ပြန်လိုက်ပြီး “ မဟုတ်ဘူးဆို ဘာလို့ ကျုပ်တို့က ခင်များတို့အတွက် ထုတ်လုပ်ရေးလိုင်းအသစ် ဆောက်ပေးရမှာ … တင်မ်ကွတ်က ကျုပ်သားမှ မဟုတ်တာ ….”

လင်းရီ၏ တုတ်ထိုးအိုးပေါက် စကားလုံးများကို ကြားတော့ အယ်လ်မို၏ မျက်နှာအမူအရာမှာ အကျည်းတန်သွားခဲ့သည်။

“ ဒါရိုက်တာလင်း … ငါတို့နဲ့ ပူးပေါင်းတာက လင်းယွင်အုပ်စုရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအပေါ် တိုးမြင့်ရာရောက်တယ် … ရေတိုအကျိုးအမြတ်ကို မမြင်ဘဲ ရေရှည်ကို ကြိုကြည့်နိုင်ဖို့ မျှော်လင့်တယ် ….”

“ ဟက် …” လင်းရီ ထေ့ငေါ့သံစွက်၍ လှောင်ရယ်လိုက်ပြီး “ နောက် နှစ်နည်းနည်းကြာလို့ ကျုပ်ရဲ့ ကာဗွန်ချစ်ပ်တွေ ဖန်တီးပြီးတာနဲ့ ခင်များတို့ M1 ချစ်ပ်ကလည်း ဘာအားသာချက်မှ ရှိတော့မှာ မဟုတ်ဘူး … အဲ့ခါကျရင် ကမ္ဘာ့ဈေးကွက်မှာ ကျုပ်တို့ရဲ့ ဂုဏ်သတင်းလွှမ်းမိုးမှုက ခင်များတို့ ကူညီပေးမှ ရမယ်ထင်လား … ပြီးတော့ ခင်များက အခု ကျုပ်ကို ရေရှည်မြင်အောင်ကြည့်ပါလို့ ပြောနေတယ် … ခင်များကိုယ်ခင်များ ဘယ်သူထင်နေလို့ … ကျုပ် အသက်နှစ်ဆယ်ကျော်မှာပဲ လင်းယွင်အုပ်စုကို လက်ရှိလို အနေအထားမျိုး ရောက်အောင် ဦးဆောင်နိုင်ခဲ့တယ် …. ဒါကို ခင်များက ကျုပ်ကို အမြင်တွေ ၊ ရှုထောင့်တွေ အကြောင်း လက်ချာလာပေးချင်နေတာလား ….”

“ ကျုပ်ဘက်က သဘောကောင်းပေးနေတာကို အားနည်းတယ်ဆိုပြီး မထင်လိုက်နဲ့ … “

ဘေးတွင် ထိုင်နေသည့် ထျန်းရန်က မနေနိုင်ဘဲ မထိတထိ ပြုံးလိုက်မိ၏။

ဒါရိုက်တာလင်းကတော့ ဒါရိုက်တာလင်းပါပဲ …

အယ်လ်မိုနှင့် သူ့လုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာအမူအရာများမှာ အကျည်းတန်းလာခဲ့ပြီး လင်းရီထံက ထုတ်လွှတ်နေသည့် ဖိအားကိုလည်း ခံစားနေရ၏။

“ ဒါရိုက်တာလင်း … မင်းဘက်က ဒီလို သဘောထားပဲ ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့တွေ ပူးပေါင်းဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး ….”

လင်းရီသည် စကားကို တိုက်ရိုက်မဆိုဘဲ ထိုအစား မတ်တပ်ရပ်၍ ချီရှန်းကျောက်နှင့် အခြားသူများကို ပြောလိုက်သည်။

“ နောင်ကျ ဒီလို လူစားမျိုးတွေ ထပ်ရောက်လာခဲ့ရင် တစ်ခါတည်း ကန်ထုတ်ပစ်လိုက် … ကျုပ်ကို လာမခေါ်နဲ့ ….”

“ မဟုတ်လို့ကတော့ ခင်များတို့သုံးယောက်လုံး နှစ်ကုန်ဘောနပ်စ်တွေ အကြောင်း မေ့ပစ်လိုက်လို့ရပြီ …”

“ နားလည်ပါပြီ ဒါရိုက်တာလင်း …”

လင်းရီ ထွက်ခွာသွားခဲ့၏။ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့က နောက်မှ လိုက်ပါလာသည်။

ချီရှန်းကျောက်ကတော့ အခက်ခဲဆုံး အပိုင်းဖြစ်သည့် နောက်ဆက်တွဲ ကိစ္စများ ကိုင်တွယ်ရန်အတွက် ကျန်နေရစ်ခဲ့ရ၏။

“ ဟော်ယွမ်ယွမ် … မင်းလည်း ရူးနေတာလား … ဒီလို စုတ်ပဲ့နေတဲ့ အမှိုက်ပရောဂျက်အတွက်နဲ့ ငါ့ကို တကူးတက ဖုန်းခေါ်လိုက်တယ်ပေါ့ ….” လင်းရီသည် လမ်းလျှောက်နေရင်းဖြင့် စောဒက တက်လိုက်၏။

“ သူတို့က ရှင်နဲ့ တွေ့မယ်ဆိုပြီးပဲ ခေါင်းမာနေကြလို့လေ … ကျွန်မလည်း ဘာတတ်နိုင်မှာလဲလို့ …” ဟော်ယွမ်ယွမ် မကျေမနပ် ဖြစ်စွာ ပြန်ပြောလိုက်၏။

“ ထားလိုက်တော့ … နောက်တစ်ခါကျရင် ငါ့ကိုယ်စား ဆုံးဖြတ်ပိုင်ခွင့်က မင်းတို့လက်ထဲ အပြည့်ရှိတယ် … နောက်တစ်ခါ ဒါမျိုးထပ်ဖြစ်ရင် လွတ်လွတ်လပ်လပ်သာ မောင်းထုတ်ပစ်လိုက် ….”

“ ဒါပေမယ့် Apple ရဲ့ အပြုအမူကို စဉ်းစားကြည့်ရင် သူတို့တွေ ဟွာယွီ storage ဘက် လှည့်သွားမှာစိုးရိမ်ရတယ် … ကျွန်မတို့ရဲ့ ဈေးကွက်ရှယ်ယာ ၃၄ ရာခိုင်နှုန်းရဲ့ ၈၃ ရာခိုင်နှုန်းကို သူတို့ကပဲ ကူညီပေးထားတာ ….”

“ အင်း …..” လင်းရီ ခေတ္တစဉ်းစားလိုက်ပြီး “ ငါ အချိန်တစ်ခု ရှာပြီး ဒါရိုက်တာဝမ်နဲ့ ဒီကိစ္စ ဆွေးနွေးကြည့်လိုက်မယ် … Apple ကို ဘာရွေးချယ်စရာမှ ပေးလို့ မဖြစ်ဘူး ….”

“ ရှေ့ရက် အနည်းငယ်လောက်တုန်းက ဒါရိုက်တာဝမ် အစ်ကိုချီဆီ ဖုန်းခေါ်လာတယ် … MBA တက်နေတဲ့ သူ့သားက ဘွဲ့ယူတော့မှာ … ကျွန်မတို့ဆီလာပြီး အတွေ့အကြုံ တစ်ချို့ ယူချင်နေတာ ….” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ သူ့သားက အစ်ကိုချီ ဘေးနား နေရင်း သင်ယူနိုင်ရင်တော့ အကောင်းဆုံးပေါ့ …”

“ ပြဿနာ မရှိဘူး … မင်း အဆင်ပြေမယ်ထင်သလို စီစဉ်လိုက် …” လင်းရီ ပြောလိုက်ပြီး “ လောင်ဝမ်က တော်တော်လေး မဆိုးတဲ့လူလို့ ပြောလို့ရတယ် … ကုမ္ပဏီရဲ့ အုတ်မြစ်ကို မထိခိုက်စေသရွေ့ သူ့ကို အလိုက်သင့် လိုက်လျောလို့ရတာ လိုက်လျောပေးလိုက် … ဘာပဲဆိုဆို ဟွာယွီ storage ရဲ့ အကူအညီ မပါရင် ငါတို့ရဲ့ စွမ်းအင်သစ် နယ်ပယ် အစီအစဉ်ကို ဘာမှ လုပ်လို့ မရဘူး …”

“ ဒါဆိုလည်း ရှင်ပြောတဲ့ အတိုင်းပဲပေါ့ …” ဟော်ယွမ်ယွမ် ခေါင်းညိတ်ပြီး မှတ်ထားလိုက်၏။

“ ပြီးတော့ Apple နဲ့ ပတ်သက်လို့က … အခုပြီးသွားပြီမလား … သူတို့နဲ့ မပူးပေါင်းတော့ဘူး ဟုတ်တယ်နော်….”

“ အင်း … စွဲမက်လောက်စရာ အကျိုးအမြတ်တွေ သိပ်မရှိရင် ဒီလို ပရောဂျက်မျိုးတွေ နောက် ဘယ်တော့မှ လက်မခံနဲ့တော့ ….”

ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး “ အထက်က မူဝါဒ အသစ် ချမှတ်လိုက်လို့လား ….”

“ နိုင်ငံက စီးပွားရေး အသွင်ပြောင်းလဲဖို့ လုပ်နေပြီး ကျိုးဟိုင်က ရှေ့ပြေး အချက်အချာ ဧရိယာ တစ်ခု ဖြစ်လာလိမ့်မယ် … ဒီလိုအချိန်မျိုးမှာ ပြည်ပရဲ့ အခြေစိုက်ထုတ်လုပ်မှုတွေအတွက် ခွင့်ပြုချက်တွေ ရဖို့ဆိုတာ အတော်လေး ခဲယဉ်းတယ် … တိုက်ရိုက် ဖြတ်တောက်ခံလိုက်ရတာမျိုးတောင် ဖြစ်ရင်ဖြစ်နိုင်တယ် … နောင်ကျ ဒီလို ကိစ္စမျိုးတွေကို အတတ်နိုင်ဆုံး ကင်းအောင် ကြိုးစား … ပြီးတော့ နည်းပညာမြင့် နယ်ပယ်တွေမှာ ပိုပြီး တိုးတက်အောင် အားစိုက်ထားရမယ် ….”

“ ဒါပေမယ့် ဒါက အုပ်စုရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားနဲ့ မကိုက်ညီနေဘူးလေ …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ကျွန်မတို့က စီးပွားရေး သမားတွေ … လူတွေပြောနေကြတဲ့ အတိုင်း ကျွန်မတို့က အရင်းရှင်းတွေ … ကျွန်မတို့ရဲ့ ရည်မှန်းချက်က ငွေနောက်လိုက်ဖို့ပဲ … အကျိုးအမြတ်ကို များနိုင်သမျှ အများဆုံးဖြစ်အောင် လုပ်ရမယ် ….”

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ဟော်ယွမ်ယွမ်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် “ မင်းပြောတာ မှန်တယ် … ဒါပေမယ့် ငါအဲ့လို လုပ်လို့ မရဘူး …. လင်းယွင်အုပ်စုက ဒီတိုင်း ကုမ္ပဏီတစ်ခုပါလို့ ဆိုတာထက် အသက်ကယ်အဆောင်တစ်ခုလို့ ပြောရင် ပိုမှန်လိမ့်မယ် … ဒါသာ မရှိခဲ့ရင် ငါ အခုချိန်လောက်ဆို ဘယ်နှကြိမ်လောက် သေပြီးနေပြီလဲ မရေတတ်တော့ဘူး ….”

ဟော်ယွမ်ယွမ်သည် လင်းရီကို စိုက်ကြည့်လိုက်၏ သူမ၏ မျက်လုံးတို့က ပုံမှန်မဟုတ်သည့် အလင်းရောင်တို့ဖြင့် တလက်လက် တောက်ပနေသည်။

ထိုအချိန်အခိုက်အတန့်မှာပဲ သူမကြည့်ရသည်မှာ လင်းရီ၏ အခက်အခဲများ အားလုံးကို နားလည်သဘောပေါက်သွားခဲ့ဟန်ရသည်။

“ ငါ့ကို အဲ့ဒီမျက်လုံးတွေနဲ့ လာမကြည့်နဲ့ … မင်းထင်နေသလောက် ချဲ့ကားမနေဘူး … ငွေကို လုံလောက်အောင် ရှာနိုင်တယ်ဆို တော်ပြီ … အပင်မြင့်ရင် လေတိုက်ခံရတယ် …. ငေါထွက်နေတဲ့ သစ်ကိုင်းက အခုတ်ခံရတတ်တယ် … စီးပွားရေးသမားကောင်းတစ်ယောက်ဆိုတာ အခြေအနေ၊ အချိန်အခါကို ကြည့်ပြီး လိုက်လျောညီထွေ နေတတ်ရတယ် .. မဟုတ်ဘူးဆိုရင် အသေဆိုးနဲ့ သေရတတ်တယ် ….”

“ ရှင်ပြောချင်တာကို ကျွန်မ နားလည်ပါပြီ ဘော့စ် ….”

လင်းရီ သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ အုပ်စုရဲ့ အမှုဆောင် အဖွဲ့ဝင်တွေ အကုန်လုံးကို အသိပေးလိုက် … နာရီဝက်နေရင် အစည်းအဝေး ရှိမယ် …”

“ အိုကေ ….”

ထိုမွန်းလွဲပိုင်းတွင် လင်းရီသည် လင်းယွင်အုပ်စုတွင် နေ၍ သုံးနာရီနီးပါးခန့်ကြာသည့် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။ ကုမ္ပဏီ၏ အနာဂတ် ဖွံ့ဖြိုးမှုများနှင့် နည်းဗျူဟာ ဂိုက်လိုင်းများ အားလုံးက ပူးပေါင်းတိုင်ပင်၍ ချမှတ်ခဲ့ကြ၏။

အစည်းအဝေး ပြီးဆုံးချိန်ရောက်တော့ ညနေခင်း ခုနစ်နာရီပင် ကျော်နေလေပြီ။

အစည်းအဝေး လုပ်နေစဉ်အတောအတွင်း ၊ ကောင်းကျုံးယွမ်က ကျီချင်းရန်ကို သွားကြိုပေး၍ အိမ်သို့ လိုက်ပို့ပေး၏။ ထို့နောက် သူတို့တွေ ညနေစာ အတူစားကြသည်။ သူတို့အားလုံး အိမ်ပြန်သွားသည့် အခိန်၌ ည ဆယ်နာရီပင် ကျော်နေလေပြီ။

ကျီချင်းရန်၏ အချိန်မှာတော့ နေ့ဘက်တွင် အလုပ်ထံသို့ ပေးထားပြီး ညဘက်တွင်တော့ ဖုန်းကို ပေးထားသည်။ သူမတွင် အချိန်ရှိသည့် အခါတိုင်း ၊ မိခင်နှင့် ရင်သွေးပစ္စည်းများကို ကြည့်ရှုနေတတ်၏။

ဝယ်ထားသည်များကလည်း အိမ်တွင် အတော်လေး များနေပြီ ဖြစ်ပြီး လင်းရီပင် ဘာပြောရမှန်း မသိတော့ချေ။

ည ဆယ့်တစ်နာရီထိုးတော့ နှစ်ယောက်လုံး အနားယူဖို့ ဟန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံက မြည်ဟည်းလာသည်။ ကူရိရန်ထံက ဖြစ်၏။

“ ဘာထူးလဲ ….”

“ မာဟိုင်ချန် သေပြီ ….”

“ ဘာပြောတယ် … မာဟိုင်ချန် သေပြီ ဟုတ်လား ….”

ဤသတင်းကြားတော့ လင်းရီ ကုတင်ပေါ်မှ ငေါက်ခနဲ ထထိုင်မိသွားခဲ့သည်။

“ ဖန်းကျစ်ဖျင်က သူ့အဘိုးနဲ့ အတော်လေး ရင်းနှီးတယ် … သူ့ကို မြုပ်နှံပြီးတဲ့နောက်မှာတောင် ဘယ်မှ လက်မလွှတ်နိုင်သေးဘဲ အဘိုးဖြစ်သူကို မြုပ်နှံထားတဲ့ တောအုပ်လေးထဲကို သွားလည်တယ် … အဲ့တာက သူတို့ ရွာဓလေ့ တစ်ခုဆိုလည်း ဟုတ်တယ် … တစ်ယောက်ယောက်သေပြီးတာနဲ့ ကျန်ရစ်သူ ဆွေမျိုးတွေက အုတ်ဂူကို သုံးရက်စောင့်ပေးရတယ် … လိုက်ပို့ပေးတဲ့ သဘောပေါ့ ….”

“ တစ်ညလုံး စောင့်ပေးရတာတော့ မဟုတ်ဘူး … ဖန်းကျစ်ဖျင်လည်း အချိန်တန်ပြီ ထင်တော့ ထွက်ခွာဖို့ လုပ်တယ် … ဒါပေမယ့် အလှမ်းသိပ်မဝေးတဲ့နေရာမှာ သစ်သားပြားတစ်ခုကို လှမ်းမြင်လိုက်ရတယ် … သူ ဓာတ်မီးနဲ့ ထွန်းကြည့်လိုက်တော့ မာဟိုင်ချန်ရဲ့ နာမည်ကို အဲ့ သစ်သားပြားပေါ် ရေးထားတာ … အဲ့နောက် သူလည်း ရဲဆီ ဖုန်းခေါ်လိုက်တာပဲ …”

“ မာဟိုင်ချန်ရဲ့ အုတ်ဂူလား ….”

ကြက်သီးထဖွယ်ရာ သတင်းက လင်းရီကို လေးနက်တည်ကြည်သွားစေခဲ့သည်။

“ ငါ အခုချက်ချင်း လာခဲ့မယ် .. အဲ့တော့မှ စကားပြောကြတာပေါ့ …။”

“ အိုကေ …”

လင်းရီ ဖုန်းချလိုက်တော့ ကျီချင်းရန်က မေးလာခဲ့သည်။

“ စခန်းမှာ တစ်ခုခု ဖြစ်လို့လား ….”

“ နောက်ထပ် လူသတ်မှု တစ်ခု ပေါ်လာလို့ ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ် … ဒီညတော့ အိမ်ပြန်မလာနိုင်လောက်တော့ဘူး ….”

ကျီချင်းရန် မတ်တပ်ထပြီး လင်းရီအတွက် အဝတ်အစားများ ပြင်ပေးလိုက်၏။

“ ညဘက်ကြီး ဖြည်းဖြည်းမောင်းဦးနော် …. လောစရာ မလိုဘူး ….”

“ မပူပါနဲ့ … ငါ သိပါတယ် …”

အဝတ်အစား လဲပြီးနောက် လင်းရီသည် အပြင်သို့ လျင်မြန်စွာ ထွက်ခွာလာခဲ့ပြီး ရှန်းရန်ရွာသို့ ဦးတည်လိုက်သည်။

တစ်နာရီနီးပါးခန့် ကြာပြိးနောက် ရှန်းရန် ရွာ အနောက်ဘက်ခြမ်းရှိ တောအုပ်လေး တစ်ခုသို့ ရောက်ရှိလာသည်။ စခန်းက လုပ်ဖော်ကိုင်ဖက်များကလည်း ယခုလေးတင်မှ ရောက်လာကြပြီး ရဲစည်းတားနေကြ၏။

ကျန်းဟွေ့ကို မြင်တော့ လင်းရီက “ အစ်ကိုဟွေ့ … ဒါ တစ်ယောက်ယောက် နောက်ပြောင်ပြီး လက်‌ဆော့ထားတာများလား ….”

“ ငါလည်း မပြောတတ်ဘူး …” ကျန်းဟွေ့ ခေါင်းခါယမ်းလိုက်ပြီး “ မာဟိုင်ချန်နဲ့ အဆက်အသွယ်ပြတ်နေတာတော့ အမှန်ပဲ ..”

All Chapters