← Chapters

လင်းရီ ဖုံးကွယ်ထားသော ပူပန်မှုများ

Vol. 167 Ch. 2388

လင်းရီ ဖုံးကွယ်ထားသော ပူပန်မှုများ

Vol. 167 Ch. 2388

စာကြည့်ခန်းထဲက ထွက်လာခဲ့ပြီးနောက် အခြား အခန်းများထံ သွားရောက် ကြည့်ရှုခဲ့သော်လည်း ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမျှ မမြင်တွေ့ခဲ့ရပေ။

မိသားစု၏ နေထိုင်မှု ဘဝက အတော်လေးကို ရိုးသားပြီး ပုံမှန်မကျသည့် မည်သည့် လက္ခဏာကိုမျှ မရှိသည့်ပုံပင်။

တစ်ဖက်တွင်လည်း ဇနီးဖြစ်သူ၏ အမူအရာကို ကြည့်ရသလောက်တော့ သူတို့ချင်း ဆက်ဆံရေးကလည်း ကောင်းမွန်ပုံရသည်။ အကယ်၍ ကူရိရန်သာ သူမကို ကြိုးစားပြီး စိတ်ငြိမ်အောင် ထားဖို့ မတိုက်တွန်းခဲ့ပါက သူမမှာ သတိလစ်သည်အထိ ရင်ထုမနာ ငိုကြွေးနေလောက်၏။

နာရီဝက်နီးပါးခန့် ကြာတော့ ကူရိရန်လည်း သူမ မေးမြန်းချင်သည်များကို မေးမြန်းပြီးသွားခဲ့ပြီး သုံးယောက်အတူ ပြန်ထွက်လာခဲ့ကာ ရဲစခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။

“ ဘာတွေ သိခဲ့ရလဲ …” ကျန်းဟွေ့ မေးလိုက်၏။

“ မာဟိုင်ချန်က ကြည့်တော့တာ မထင်ရပေမယ့် သူ့ရဲ့ နေထိုင်မှု ဘဝပုံစံက တော်တော်လေးတော့ ရိုးသားတယ် … ဘာရှုပ်ရှုပ်ယှက်ယှက်တွေမှ မရှိဘူး ….” ကူရိရန် ပြောပြလိုက်၏။ “ ဒါပေမယ့် ဒီနှစ်တွေတစ်လျှောက်လုံး စီးပွားရေး လုပ်နေတာဆိုတော့ သူ့မှာ ပြိုင်ဘက်တွေ အများကြီးနဲ့ အဆင်မပြေတာတွေလည်း အများကြီး ရှိတယ် … အဲ့တာတွေက ဟိုးအရင်တုန်းက ကိစ္စတွေ ဆိုပေမယ့်ပေါ့ … သူတို့တွေ ပြန်လာပြီး လက်စားချေဖို့ဆိုတာ အတော်လေး မဖြစ်နိုင်တဲ့ ကိစ္စပဲ …”

ကျန်းဟွေ့ ခြေတင်ချိတ်လိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

“ သူ့စီးပွား ပြိုင်ဘက်တွေဆိုတဲ့ ဖြစ်နိုင်ချေကတော့ နည်းပါတယ် … တကယ်လို့ ထင်မထားတာတွေ ဖြစ်မလာခဲ့ဘူးဆိုရင် သူနဲ့ ဖန်းတရဲ့ နှစ်ယောက်လုံးကို သတ်သွားတဲ့လူတွေက တစ်ယောက်တည်းပဲ ဖြစ်လောက်တယ် ….”

ပြောဆိုပြီးနောက် ကျန်းဟွေ့က လင်းရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ “ လင်းရီ … မင်းရော ဘယ်လိုထင်တုန်း ….”

“ ကျုပ်လည်း အဲ့လိုပဲ ထင်တယ် … အမှုနှစ်ခုက တူတာတွေ များလွန်းတယ် ….” လင်းရီ ပြောလိုက်ပြီး “ လူသတ်သမားက ခြေရာလက်ရာ မကျန်ဘဲ လူသတ်လို့ရတယ်ဆိုပေမယ့် သူက မောက်မာပြီး နစ်နာသူတွေကို ကျွန်တော်တို့ မြင်ကွင်းရှေ့မှာ မြင်သာလာအောင် ထုတ်ဖော်ခဲ့တယ် …”

“ ဖန်းကျစ်ဖျင် ပြောပြတဲ့အတိုင်းဆိုရင် သင်္ချိုင်းငွေတွေ မီးရှို့ပေးပြီး သူ့အဘိုးအုတ်ဂူကို သွားတုန်းကတည်းကရင် မာဟိုင်ချန်ရဲ့ အလောင်းက မြုပ်နှံထာပြီးပြီ … သူ အသွားတုန်းက သတိမထားမိရုံလေးပဲ … ဒါပေမယ့် အပြန်မှာကျ ဆိုင်းဘုတ်ကို မြင်ပြီး သတိထားမိသွားခဲ့တယ် …”

“ တစ်နည်းဆိုရင် တကယ်လို့ လူသတ်သမားက အလောင်းကို ဖျောက်ချင်ခဲ့တယ်ဆိုရင် ဖန်းကျစ်ဖျင် ဘယ်လိုမှ သတိထားမိခဲ့မှာ မဟုတ်ဘူး … ဒါ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာပဲ … ပိုပြီး မြင်သာအောင်လို့ ဆိုင်းဘုတ်တောင် ရေးပြီး အုတ်ဂူ လုပ်ပေးခဲ့လိုက်သေးတယ် ….”

“ ငါတို့အတွေးတွေက တူသလောက်ပဲ … ပြီးတော့ ထူးဆန်းတာက … “ ကျန်းဟွေ့ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် “ အဲ့လောက်ထိ ကြိုးစားပမ်းစား လုပ်ပြနေရတဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲ ….”

“ ငါတို့ကို မထိမဲ့မြင် ပြုချင်တာများလား … လူသတ်သမားက စိတ္တဇကောင် ဖြစ်မယ် … သာမန်လူသာဆို ဒီလိုမျိုးတွေ လုပ်မှာ မဟုတ်ဘူး ….” ကူရိရန် ပြောလိုက်ပြီး “ ငါကတော့ အဘွားစွန်းကို တော်တော်လေး သံသယ ဖြစ်မိတယ် … ရှန်းရှန်ရွာမှာ သူ့အိမ်တစ်အိမ်တည်း မြေခွေးတွေ မွေးထားတာ …”

“ အင်း … တကယ့်ကိုပဲ …” ကျန်းဟွေ့ ခေါင်းညိတ်လိုက်သည်။ “ ဖန်းတရဲ့နဲ့ မာဟိုင်ချန် နှစ်ယောက်လုံး သေမယ်လို့ သူပြောခဲ့တယ် … အဲ့နောက် ချက်ချင်းပဲ မာဟိုင်ချန် သေသွားခဲ့တယ် … တိုက်ဆိုင်တာတော့ မဖြစ်နိုင်လောက်ဘူး ….”

“ ဒါဆိုရင် ဒီအမှုက သေချာ စေ့စေ့ပေါက်ပေါက် စုံစမ်းရမယ့် အမှု ဖြစ်သွားပြီ …”

“ ဒါပေမယ့် အဲ့ဒါမတိုင်ခင် သူက ကျန်းလုံလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ အချင်းများ ပြဿနာ တက်ခဲ့သေးတယ် … ဒီတော့ သူ့ကိုလည်း သံသယ စာရင်းထဲ ထည့်ထားလိုက် … ငါ အသင်းကို လွှတ်ပြီး သူ့ကို ဘာတွေ ဖြစ်နေလဲ မေးဖို့ ခိုင်းထားလိုက်မယ် ….” ကျန်းဟွေ့ ပြောလိုက်သည်။

“ အဲ့တာကောင်းတယ် …”

“ ဒီနေ့တော့ ဒီလောက်ပဲ … မင်းတို့နှစ်ယောက်လည်း သွားနားကြတော့ … မနက်ဖြန်မှ ဆက်ပြီး ဆွေးနွေးကြမယ် …”

ကူရိရန် ကိုယ်ညောင်းဆန့်လိုက်ပြီး “ အောင်မယ်လေး ပင်ပန်းလိုက်တာ … ကျောတွေလည်းနာ … ပေါင်တွေလည်း ညောင်း … ငါတော့ သေချာ အနားယူမှ ရတော့မယ် ….”

“ လွယ်ပါတယ် … လင်းရီကို ကူခိုင်းလိုက်လေ …” ကျန်းဟွေ့က ပြုံးလျက်ဆိုရင်း အကြံပြုလိုက်သည်.

“ သူ့ကိုလား ….”

“ အစ်ကိုဟွေ့က ကျုပ်ကို နားလည်သားပဲ … ကျုပ်လည်း အတူတူပဲ စဉ်းစားနေတာ …” လင်းရီသည် ကူရိရန်ကို ကြည့်ရင်း ပြောလိုက်ပြီး “ လိုက်ခဲ့ … ငါ မင်းကို မျက်စိအမြင်ကျယ်အောင် ခေါ်သွားပေးမယ် …”

အံ့အားသင့်နေသည့် ကူရိရန်ကို ဆွဲခေါ်၍ လင်းရီသည် ဟွာချင်းရေကန်သို့ ခေါ်သွားပေးလိုက်သည်။

“ ဒီနေရာက နင်နဲ့ အစ်ကိုဟွေ့တို့ ပြောနေကြတဲ့ နေရာလား ….”

“ အင်း … ငါ မင်းကို အကောင်းစား တစ်ဆက်ရှင်နဲ့ ဧည့်ခံပေးလိုက်မယ် … မနက်ဖြန် မနက်ကျရင် တစ်ကိုယ်လုံး လန်းဆန်းသွားစေရမယ် ….”

“ ငါ တစ်ခါမှ ဒီလိုနေရာမျိုး မရောက်ဖူးဘူး ….”

“ ပေါက်ကရတွေ … မင်း ရှောင်တခင် စီးနင်းတုန်းကရော မရောက်ဖူးဘူးလား … ငါ မှတ်မိသလောက်ဆို အရင် တစ်ခါတုန်းက ငါ့ကို ဖမ်းခဲ့တာ မင်းပါ ….”

“ အဲ့တာက မစ်ရှင်နဲ့လေ … အခုနဲ့ ဘယ်တူနိုင်မှာလဲ ….”

“ လာစမ်းပါ … စကားတွေ နောက်မှပြောတော့ … ကိုယ့်ရဲ့ ဆက်ရှင်ကိုယူ … ပြီးရင် ဒီမှာပဲ အိပ်လိုက် … မဟုတ်ရင် မနက်ဖြန်အတွက် အင်အား ကျန်တော့မှာ မဟုတ်ဘူး …”

သူတို့တွေ ကားထဲက ထွက်လာခဲ့ကြသည်။ ထုံးစံအတိုင်းပဲ လင်းရီကတော့ အမြင့်ဆုံးသော ကြိုဆိုဧည့်ခံမှုနှင့် ကြိုဆိုခြင်း ခံလိုက်ရ၏။

ကူရိရန်မှာ လင်းရီကို ကွက်ကြည့်ကွက်ကြည့် လုပ်နေရင်း စိတ်ထဲတွင်တော့

‘ ဒီလိုမျိုး ဆက်ဆံခံရဖို့ဆို ပိုက်ဆံ ဘယ်လောက်တောင် သုံးဖို့ လိုထားလိုက်မလဲ ….’

ရေအမြန်ချိုးပြီးနောက် နှစ်ယောက်မှာ လေးလွှာရှိ ဗွီအိုင်ပီအခန်းသို့ ဦးတည်လိုက်ကြ၏။

“ ငါ မင်းဖို့ ယောက်ျား အဆင်လေး လေးယောက် ခေါ်ပေးမယ် … အဲ့လောက်ဆို လုံလောက်လား ….”

“ သွားစမ်းပါ … ဘာလို့ ယောက်ျားလေးတွေ ခေါ်မှာလဲ ….”

“ ဘာလို့ ခေါ်မှာလဲ ဟုတ်လား … မင်းအတွက် နှိပ်ပေးဖို့ပေါ့ကွ... မင်းလည်း အမျိုးသမီးတွေတော့ မလိုချင်ဘူးမလား ….”

“ ငါ့ကို ကျီစားနေတာတွေ တော်လိုက်တော့ …” ကူရိရန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး “ ဒီတိုင်း ရိုးရိုးရှင်းရှင်း နှိပ်ပေးရင်ကိုပဲ ရပြီ …”

“ မင်းကတော့ ဘယ်လိုပျော်ရမလဲ တကယ် မသိဘူးပဲ …”

“ ဒီကိစ္စလေးအတွက်နဲ့ ငါ့ရှိတဲ့အလုပ်လေးတော့ မပြုတ်ချင်ပါဘူးနော်….”

“ ဒါဆိုလည်း ပြီးတာပဲလေ …”

လင်းရီသည် ပညာရှင် နှစ်ယောက်ကို ခေါ်ပြီး သူမလေးတို့၏ အနှိပ်ဝန်ဆောင်မှုတို့ကို သက်တောင့်သက်သာ ခံစားနေလိုက်တော့သည်။

“ ဟဲ့ လင်းရီ … ငါတို့တွေ အဘွားစွန်းကို ဘယ်လိုနည်းလမ်းနဲ့ ချဉ်းကပ်ပြီး စုံစမ်းသင့်တယ်လို့ ထင်လဲ …."

“ မညာတမ်း ဝန်ခံရရင် ငါတော့ အဘွားစွန်းကို အဓိက တရားခံ ဖြစ်မယ်လို့ မထင်မိဘူး … သူက စိတ်ကျန်းမာရေး သိပ်မကောင်းလို့တာ နည်းနည်း ထူးဆန်းနေသလို ခံစားနေရတာ…” လင်းရီသည် မှောက်လျက်လဲရင်း သာမန်လျှံကာ လေသံဖြင့် ပြောဆိုလိုက်သည်။

“ တကယ်ပဲ အဲ့ မြေခွေး ကိစ္စကြောင့်သာဆိုရင် လက်စားချေဖို့ကို အဲ့လောက် နှစ်တွေ အကြာကြီး စောင့်ဆိုင်းစရာ လိုလို့လား …”လင်းရီ သက်ပြင်းချလိုက်သည်။ “ ပြီးတော့ ဖန်းတရဲ့ကလည်း သူ့ကို မကြာခဏဆိုသလို ကူညီပေးသေးတယ် … အဲ့တစ်ချက်ကိုလည်း ငါတို့ လျစ်လျူရှုထားလို့ မရဘူး ….”

“ ဒါပေမယ့် ဖန်းတရဲ့နဲ့ မာဟိုင်ချန်တို့ သေတော့မယ်ဆိုပြီး သူကိုယ်တိုင်ပဲ ပြောခဲ့တာလေ …”

“ သူတို့တွေ မတူကွဲပြားတဲ့ ပုံစံနဲ့ သေသွားတဲ့အချက်ကိုရော မင်းမတွေးကြည့်ဘူးလား ….” လင်းရီ ပြောလိုက်သည်။

“ ဖန်းတရဲ့က ဘာ နှိပ်စက်တာမျိုးမှ မခံစားရဘဲ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့တယ် … မာဟိုင်ချန်ကကျတော့ ခြေထောက်တွေ ရိုက်ချိုးခံထားရတယ် … စဉ်းစားကြည့်လိုက်ရင် မာဟိုင်ချန်အပေါ် လူသတ်သမားရဲ့ မုန်းတီးမှုက ဖန်းတရဲ့ထက်ကို အများကြီး ပိုနေတာပဲ …”

“ မြေခွေးကိစ္စမှာ ဖန်းတရဲ့က တကယ့် အခရာ … တကယ်လို့ အဘွားစွန်းက လူငှားပြီး သတ်ခဲ့မယ်ဆိုရင် ဖန်းတရဲ့က မာဟိုင်ချက်ထက်ပိုပြီးတော့ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရသင့်တာ ….”

“ ဒါပေမယ့် ဖန်းတရဲ့က သူ့ကို အရင်တုန်းက ကူညီပေးခဲ့ဖူးတော့ နည်းနည်း သက်ညှာပေးလိုက်တာများလား ….”

“ သီအိုရီအရဆိုရင်တော့ မင်းပြောတာ ယုတ္တိရှိတယ် … ဒါပေမယ့် ရာဇဝတ်မှုခင်း စိတ်ပညာရှုထောင့်ကနေ ကြည့်ရင် လူတစ်ယောက်က သူတို့ရဲ့ ကျေးဇူးရှင်ကို ကျေးဇူးကန်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ လူသားဆန်မှုတွေ ၊ ကိုယ့်ကျင့်တရားတွေ … ၊ အဲ့တာတွေ ဘာမှ ခေါင်းထဲ ရှိတော့မှာမှ မဟုတ်တာ ….” လင်းရီ စကားကို ဆက်ပြီး ပြောသည်။

“ လူက သေသွားတာနဲ့ သူတို့ရဲ့ ကျေးဇူးတရားတွေကလည်း အတော်လေး မှေးမှိန်သွားပြီ ….”

လင်းရီ၏ စကားလုံးတို့က ကူရိရန်က အတွေးနက်သွားစေခဲ့၏။

“ ငါတို့ အဘွားစွန်းကို ဖြတ်ထုတ်ထားလိုက်ရင် ဘယ်ကစပြီး စစ်ဆေးတော့မှာ … တကယ်ပဲ လမ်းစပျောက်သွားလိမ့်မယ် …”

“ အင်း …..”

လင်းရီ သက်ပြင်းချလိုက်သည်။ ရာဇဝမှုခင်းများတွင် ဘယ်က စတင်ရမှန်း မသိသည်က အမှန်တကယ်ကို စိတ်တိုဖို့ကောင်းသည့် အချက်ဖြစ်၏။

“ ငါတို့ ကျန်းလုံကို သွားရှာကြည့်လို့ရတာပဲလေ .. ဘာပဲဆိုဆို မာဟိုင်ချန် မသေခင် သူနဲ့ ရန်ငြှိုးရန်စ ရှိခဲ့ဖူးတာပဲဟာ ….”

လင်းရီသည် ကူရိရန်ကို ပြုံးလျက် ခေါင်းလှည့်ကြည့်လိုက်၏။ “ ကြည့်ရတာ ဆွဲမိဆွဲရာ ဆွဲရတော့မယ့်ပုံပဲ …”

ကူရိရန်လည်း ပြုံးလိုက်သည်။

နှစ်ဦးလုံးက ကျန်းလုံသည် သံသယတရားခံ အကြီးစား မဟုတ်သည်ကို နားလည်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က မကျေမချမ်းမှုများကို ကျေအေးခဲ့ကြပြီး သာမန် ခိုက်ရန် ဖြစ်ပွားမှုလေး တစ်ခုက လူသတ်မှု အဆင့်အထိ ရောက်လာခဲ့ဖို့ရာ အတော်လေး ခဲယဉ်းလှသည်။

သို့သော် … နောက်မေးခွန်းတစ်ခုက လင်းရီ စိတ်ထဲ ဝင်ရောက်လာခဲ့၏။

အဘွားစွန်းက ဖန်းတရဲ့နှင့် မာဟိုင်ချန်တို့ နှစ်ဦးလုံး သေရမည်ဟု ပြောကြားခဲ့သည်။

တကယ်လည်း နှစ်ယောက်လုံးက သေသွားခဲ့ကြ၏။

သို့သော် သူတို့ အဘွားစွန်းအိမ်သို့ သွားလည်ပြီးနောက်တွင် သူမက သူနှင့် ကူရိရန်ကိုလည်း တစ်ထေရာတည်း ပြောဆိုခဲ့သေး၏။

မင်းတို့ အကုန်လုံး သေကြလိမ့်မယ် …

All Chapters