← Chapters

မင်းက ပေါင် ၁၁၀

Vol. 167 Ch. 2391

မင်းက ပေါင် ၁၁၀

Vol. 167 Ch. 2391

ဤစကားကြားတော့ ဖန်းကျစ်ဖျင်၏ အမူအရာမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး မျက်လုံး ဂနာမငြိမ် ဖြစ်သွားခဲ့၏။

သို့သော် တစ်မိနစ်ကျော်ခန့်မျှ ကြာပြီးသည့်နောက် ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။

“ ကျွန်တော်တို့နှစ်ယောက်ကြားမှာ တကယ်ပဲ ကိစ္စတစ်ချို့ ရှိခဲ့တာ မှန်တယ် … အခုဆို ၂ နှစ်ကျော်လောက် ရှိသွားပြီ …”

ဖန်းကျစ်ဖျင်သည်လည်း အကယ်၍ တစ်ဖက်လူက သူ့အပေါ် သေချာခြင်း မရှိဘူးဆိုလျှင် ဤနေရာသို့ ခေါ်လိုက်မှာ မဟုတ်ကြောင်း ကောင်းစွာ သိနေသည်။ ထို့ကြောင့် ဖုံးကွယ်ထားမနေတော့ဘဲ ရိုးရိုးရှင်းရှင်း ဖွင့်ပြောပြလိုက်တော့သည်။

“ မာဟိုင်ချန် သေတဲ့ ကိစ္စကို ငါတို့ဆီ အရင် သတင်းပေးခဲ့တာ မင်းပဲ …. မင်းနဲ့ စွန်းရွှယ်တို့က မလျော်ကန်တဲ့ ဆက်ဆံရေး တစ်ချို့ ရှိနေတယ်ဆိုမှတော့ ဘာလို့ သူ့ကို အဲ့အကြောင်း မပြောပြခဲ့တာလဲ ….”

“ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အတော်လေး လျှို့ဝှက်ထားရတယ် … ပြီးတော့ သတိထားပြီးလည်း ဆက်သွယ်ရတယ် … တကယ်လို့ အရေးကြီးကိစ္စမှ မဟုတ်ဘူးဆိုရင် အချင်းချင်း မဆက်သွယ်ကြဘူး … ဒါကြောင့်မို့ သူ့ကို မပြောပြခဲ့တာ …”

“ မာဟိုင်ချန် သေသွားတဲ့ ကိစ္စက အရေးကြီး ကိစ္စ မဟုတ်ဘူးပေါ့ ဟုတ်လား ….”

“ အရေးကြီးတာ မှန်ပါတယ် … ဒါပေမယ့် အရာရှိလင်းတို့က လက်ထဲ ကိစ္စတွေ ကိုင်တွယ်ပြီးတာနဲ့ သူ့ဆီ မြန်နိုင်သမျှ မြန်မြန် အသိပေးမှာပဲလေ … ဒါကြောင့်မို့ အခြားသူတွေ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို သိသွားမှာစိုးလို့ မဆက်သွယ်ခဲ့တာ ….”

လင်းရီသည် ထိုင်ခုံနောက်သို့ မှီ၍ ဖန်းကျစ်ဖျင်ကို ကြည့်ရှုလိုက်သည်။

“ ဒါဆိုလည်း မင်းတို့နှစ်ယောက် ချမ်းသာဖို့အတွက် အကွက်ချပြီး လူသတ်တဲ့ အကြောင်း ပြောကြတာပေါ့ ….”

ဖန်းကျစ်ဖျင်၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး လင်းရီကို မယုံကြည်နိုင်သည့် မျက်ဝန်းတို့ဖြင့် ကြည့်မိသွားခဲ့သည်။

“ အရာရှိလင်း … မင်းဘာအကြောင်းတွေ လာပြောနေတာ … ဘာကို ချမ်းသာဖို့အတွက် လူသတ်တဲ့အကြောင်းတွေလဲ …”

“ မင်းနဲ့ စွန်းရွှယ်က … မာဟိုင်ချန်ရဲ့ ငွေတွေကို အပိုင်သိမ်းချင်တော့ သူ့ကို သတ်ဖို့ လုပ်ကြတယ် … ငါပြောတာ မဟုတ်လို့လား …”

“ မဟုတ်ဘူး … လုံးဝ မဟုတ်ဘူး … မင်းပေါက်ကရတွေ လျှောက်မပြောနဲ့ … ငါတို့နှစ်ယောက်က ထုတ်ပြောလို့ မသင့်တဲ့ ဆက်ဆံရေး တစ်ချို့ ရှိနေတာ မှန်တယ် … ဒါပေမယ့် လူသတ်စရာ ဘာစောက်ကြောင်းမှ မရှိဘူး ….”

ဖန်းကျစ်ဖျင်မှာ အင်မတန် ဒေါသဖြစ်လာခဲ့ပြီး သူ့စကားလုံးတို့ကလည်း ပိုပြီး ပြင်းထန်လာသည်။

အခြားတစ်ဖက်တွင်ရှိ လင်းရီကတော့ သူ့အား တည်တည်ငြိမ်ငြိမ်ပဲ စိုက်ကြည့်နေလျက် ရှိသည်။

“ မင်း ဝန်မခံလည်း ကိစ္စမရှိဘူး … စွန်းရွှယ် ဝန်ခံပြီးသွားပြီ … မင်း ဝန်မခံလို့လည်း နောက်ဆုံး ရလဒ်အပေါ် အကျိုးသက်ရောက်မှု ရှိတော့မှာ မဟုတ်ဘူး ….”

“ စောက်အဓိပ္ပာယ် မရှိတာတွေ … “ ဖန်းကျစ်ဖျင်သည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပြီး “ ငါတို့ဘာမှမှ မကျူးလွန်ခဲ့တာ သူက ဘာဝန်ခံစရာ အကြောင်းရှိလို့ …. တကယ်လို့ ဝန်ခံခဲ့ရင်တောင် အဲ့တာ မင်းတို့ အတင်းအကြပ် ဝန်ခံခိုင်းခဲ့လို့ပဲ …. ဒါ လူကို မတရားစွပ်စွဲတာပဲ ….”

လင်းရီနှင့်ကူရိရန်တို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ဖန်းကျစ်ဖျင်၏ တုံ့ပြန်မှုက သူတို့ ထင်မှတ်ထားသည်ထက်ကို ကျော်လွန်နေသည်။ သို့သော် ယုတ္တိတော့ရှိ၏။

“ မင်း သေချာ ထပ်စဉ်းစားလိုက်ဦး … မင်းက ငယ်သေးတယ် … ရူးမိုက်တာတွေ လျှောက်မလုပ်ချင်စမ်းနဲ့ ….”

ထိုသို့ပြောဆိုပြီးနောက် လင်းရီနှင့် ကူရိရန်တို့က စစ်ကြောရေးအခန်းထဲကနေ ထွက်လာခဲ့ကြသည်။

“ အခု ကြည့်ရသလောက်ကတော့ သူနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတော့ မရှိသေးဘူးပဲ ….” ကူရိရန် ပြောလိုက်သည်.

“ အင်း … အစ်ကိုဟွေ့တို့ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ ကြည့်ကြတာပေါ့ ….”

သူတို့နှစ်ဦး ရုံးခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။ များမကြာမီ ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့လည်း ပြန်ရောက်လာခဲ့ကြ၏။

“ ဘယ်လိုနေလဲ … တစ်ခုခု ရခဲ့သေးလား ….” လင်းရီ မေးလိုက်သည်။

ကျူးကျွင်းချီ ပခုံးတွန့်ပြလိုက်၏။ “ သူ အတော်‌လေး စိတ်တိုနေတာ … မာဟိုင်ချန်ကို ထိခိုက်အောင် ဘာမှ မလုပ်ခဲ့ဘူးလို့ပဲ ဆက်တိုက် ဆိုနေတယ် … သူ့ပုံစံကြည့်ရတာ ဟန်ဆောင်နေတာနဲ့လည်း မတူဘူး ….”

“ ဖန်းကျစ်ဖျင်လည်း အတူတူပဲ … တော်တော့်ကို ဒေါသထွက်နေတာ … ပြီးတော့ သူလည်း ဟန်ဆောင်နေတဲ့ပုံ မပေါ်ဘူး … တကယ်လို့ ဟန်ဆောင်နေခဲ့တာဆိုရင်တော့ ဒီနှစ်ယောက်ရဲ့ သရုပ်ဆောင်စကေးတွေက အော်စကာဆုတောင် ပေးရလောက်တယ် ….”

“ အဲ့လိုဆိုရင်တောင် သူတို့ကို လွယ်လွယ်လေးနဲ့တော့ လွှတ်ပေးလိုက်လို့ မဖြစ်သေးဘူး … နက်နက်ရှိုင်းရှိုင်း တူးဆွပြီး စစ်မေးရဦးမယ် ….”

“ ဒါပေမယ့် ပြဿနာက အခု အမြီးလမ်းစ ပျောက်သွားပြန်ပြီ … ဘယ်ကစရမှန်း မသိတော့ဘူး ….”

“ ဖြည်းဖြည်းချင်း ပြောကြတာပေါ့ … ဒီလိုအမှုမျိုးက ရုတ်တရက် ဘွားခနဲ ဖြေရှင်းနိုင်သွားတယ်ဆိုတာမျိုးမှ မရှိတာ … သဲလွန်စတွေကို သေချာပြန်ကြည့်ပြီး အသစ်တစ်ခုခု ရှာတွေ့နိုင်မလား ကြည့်ကြတာပေါ့ ….”

“ ကျုပ်တို့လည်း အခင်းဖြစ်တဲ့နေရာကို သွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ် …” လင်းရီ အဆိုပြုလိုက်သည်။

“ ကောင်းပြီ … သွားကြ…”

လင်းရီနှင့် ကူရိရန်တို့ မတ်တပ်ထရပ်လိုက်ကြပြီး ရှန်းရန်ရွာသို့ မောင်းထွက်လာခဲ့ကြသည်။

သူတို့၏ ပထမမှတ်တိုင်က ဖန်းကျစ်ဖျင်၏ အိမ်ဖြစ်ပြီး အဓိက စုံစမ်းစစ်ဆေးရာကတော့ ဂိုဒေါင်ပင်။

ကြိုတင်ဝယ်ယူထားသည့် အခေါင်းက ဂိုဒေါင်ထဲမှာပဲ အမြဲတမ်း သိမ်းထားခဲ့ပြီး … ယခု ယူထုတ်သွားပြီဆိုသော်လည်း အခင်းနေရာတွင် ခြေရာလက်ရာတစ်ချို့တော့ ကျန်ရစ်နေမှာ အမှန်ပင်။

ဂိုဒေါင်ထဲတွင် ပစ္စည်းတစ်ချို့မှာ ဟိုတစ်စ ၊ ဒီတစ်စ ပြန့်ကျဲနေလျက် ရှိသည်။ ဖန်းတရဲ့၏ ငါးမျှားတံကတစ်ဆင့် ငါးညှီနံ့ သဲ့သဲ့ကိုလည်း ရရှိနေသည်။

“ လူသတ်သမားမှာ ကြံရာပါ ရှိမယ်လို့ နင် ထင်လား …”

လင်းရီသည် ကူရိရန်ကို ကြည့်လိုက်ပြီး “ ဘာလို့ မေးတာ …”

“ ဘာလို့ဆို ဖန်းတရဲ့က အခေါင်းထဲမှာသေသွားတာ မဖြစ်နိုင်လို့လေ … သေပြီးနောက်မှပဲ အခေါင်းထဲ ထည့်ထားခံလိုက်ရတာ ဖြစ်လိမ့်မယ် …လူတစ်ယောက်တည်းက လူသေ အလောင်းကို တစ်ယောက်တည်း ကိုင်တွယ်ဖို့ဆိုတာ အတော်လေး ခဲယဉ်းတယ် ….”

“ အဲ့တာကလည်း လုံးဝ အမှန်ကြီးတော့ မဟုတ်ပါဘူး … ငါသာဆိုလို့ကတော့ လုံးဝ ပြဿနာ မရှိဘူး ….”

“ အဲ့မှာ ကြွားနေလိုက် ….” ကူရိရန် မယုံသည်မှာ အမြင်သာကြီးပင်။

“ မင်းရဲ့အတွေးအခေါ်က သိပ်ကျဉ်းမြောင်းလွန်းနေတာပဲ … လူအများစုအတွက်တော့ အဲ့လိုလုပ်ဖို့က ခက်ခဲတယ်ဆိုပေမယ့် တကယ်လုပ်နိုင်တဲ့လူတွေလည်း ရှိတယ် … မင်းငါ့ကို မယုံဘူးဆို စမ်းကြည့်လိုက်လေ …”

ကူရိရန်၏ မျက်လုံးတို့ ရွေ့လျားသွားပြီး “ ငါတို့ သရုပ်သကန် ဖန်တီးလို့ရတာပဲဟာ … ငါက ဖန်းတရဲ့ ဟန်ဆောင်မယ် … နင်က ငါ့ကို ကားထဲ ထည့်ထားလိုက် ၊ အပြင်ထုတ် ၊ ပြီးရင် အမှု ဘယ်လိုဖြစ်တယ်ဆိုတာ ခန့်မှန်းကြည့်လို့ရတယ် …”

“ အကြံကောင်းပဲ …”

ကူရိရန်သည် ကားထံသို့ ပြန်သွား၍ နောက်ခုံထဲတွင် အလွန်အမင်း သက်တောင့်သက်သာ ဖြစ်သည့် အနေအထားဖြင့် လဲလျောင်းလိုက်သည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လင်းရီကို စိတ်တိုင်းကျ ကိုင်တွယ်ခိုင်းလိုက်၏။

သို့သော် လင်းရီ စတင်လှုပ်ရှားလိုက်သည်နှင့် ကူရိရန်သည် လင်းရီက တကယ့်လူထူးဆန်းကြီးမှန်း ဖြစ်ကြောင်းကို သိရှိသွားခဲ့ရတော့သည်။

သူမကို ကားပေါ်က လက်တစ်ဖက်တည်းဖြင့် မပြီး ဂိုဒေါင်ထဲသို့ ကြက်ပေါက်လေးတစ်ကောင်နှယ် မည်သည့်ခွန်အားမျှ မစိုက်ထုတ်ရပါဘဲ သယ်ဆောင်သွားခဲ့၏။

ကူရိရန် ရှော့ခ်ရသွားခဲ့၏။ ဤသို့ ဖြစ်လိမ့်မည်ကိုတော့ လုံးဝ မျှော်လင့်မထားခဲ့ချေ။

“ နင်က ဒီလောက်တောင် သန်မာနေတယ် ….”

“ ငါက အားဆေးတွေ သောက်ပြီး ကြီးပြင်းလာတာလေ … အဲ့တာကြောင့်လည်း ဒီလောက် သန်မာနေတာပဲ ….”

“ အမှုအပေါ် အာရုံစိုက်ထားစမ်း … ပေါက်ကရတွေ လျှောက်လုပ်မနေစမ်းနဲ့ ….” ကူရိရန် အနည်းငယ် ရယ်ချင်စိတ် ဖြစ်ပေါ်သွားခဲ့သည်။

“ ငါက ပေါင် ၁၁၀ ရှိတယ် … ဖန်းတရဲ့က ပေါင် ၁၄၀ ဝန်းကျင်လောက်ရှိတယ် … ငါ့ထက် ပေါင် ၃၀ နီးပါး ပိုလေးတယ် … တကယ်လို့ နင်သာဆိုရင် သယ်တဲ့နေရာမှာ အခက်အခဲ ဖြစ်နိုင်လောက်လား ….”

“ လခွမ်း ….”

“ ဘာလဲဖြစ်တာ … နင် တစ်ခုခု တွေးမိသွားလို့လား ….” ကူရိရန်သည် လင်းရီကို မျှော်လင့်ချက် အပြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“ မင်းရဲ့ ကိုယ်အလေးချိန်က ပေါင် ၁၁၀ ဆိုတာ တကယ်ရော ဟုတ်လို့လား … မင်းရင်ဘက်မှာ အသားလည်း သိပ်မရှိသလိုပဲနော်….”

ကူရိရန် “ …. “

“ လစ်စမ်း … အဓိက အချက်အပေါ်ပဲ အာရုံစိုက်ထားလို့ မရဘူးလား … ငါ့အရပ်က ၅ ပေ ၇ လက်မ … ဖန်းတရဲ့ထက် အများကြီး ပိုရှည်တယ် ….”

“ အဓိကက မင်းရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းက လုံးဝ မပေါ်တာပဲ … ငါ အစောကြီးကတည်းက သတိထားမိပြီးသား ….”

“ နင်ကတော့ … ၊ ငါနင့်ကို သေအောင် ဆောင့်ကန်မိတော့မယ် ….” ကူရိရန်သည် လင်းရီကို ဆွဲဆိတ်ပစ်လိုက်၏။

“ အလေးအနက်ထားစမ်း … ငါ နင့်ကို မေးခွန်းမေးနေတယ် ….”

“ ငါ့အတွက်ကတော့ ဘာမှ မကွာသွားဘူး … “ လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် လူတိုင်းကို ငါနဲ့ သွားယှဉ်လို့တော့ ဘယ်ရမှာ … ငါက ထူးခြားတဲ့သူလေ … သာမန်လူဆို ငါ့လို ခွန်အားမျိုး ရှိမှာမဟုတ်ဘူး ….”

စကားခေတ္တ ရပ်တန့်သွားပြီးနောက် လင်းရီ ဆက်ပြောသည်။

“ ဒါပေမယ့် တကယ်လို့ အထူးစစ်သား တစ်ယောက်ယောက်ဆိုရင်တော့ မတူတဲ့ ဇာတ်လမ်းနောက်တစ်ခု ဖြစ်သွားလိမ့်မယ် ….”

“ သူတို့လည်း အသာလေး ကိုင်တွယ်နိုင်တယ်ပေါ့ ဟုတ်လား ….”

“ အသာလေးတော့ မဟုတ်ပေမယ့် အဲ့လိုလုပ်ဖို့က ခက်တာတော့ မဟုတ်ဘူး ….”

တန်းထျန်ထဲက အတွင်းအားကို ထုတ်သုံးနိုင်သည့် တစ်စုံတစ်ယောက်အတွက် လူသေအလောင်းတစ်လောင်းကို လက်တစ်ဖက်တည်းဖြင့် သယ်မဖို့က ပြဿနာ လုံးဝ မရှိပေ။

ရှောင်ပင်း ၊ သို့မဟုတ် လော့ချီ ရောက်လာခဲ့လျှင်ပင် သူတို့သည်လည်း လင်းရီ လုပ်ပြသွားသကဲ့သို့ ပြုလုပ်နိုင်သည်။

သို့သော် ပြဿနာက …. တန်းထျန်ထဲက ချီအတွင်းအားကို အသုံးပြုနိုင်သူတို့မှာ အမြဲတစေ ကြွယ်ဝချမ်းသာသည့် လူများ ဖြစ်ကြပြီး အကယ်၍ ၎င်းတို့နှင့် ရန်ငြှိုးရှိခဲ့လျှင်ပင် ကိုယ်တိုင်ကိုယ်ကျတော့ ဆောင်ရွက်မှာ မဟုတ်လောက်ပေ။

ထို့ကြောင့် ဤအပိုင်းတွင် ဖြစ်နိုင်ချေက အတော်လေး နည်း၏။

အခြားတစ်ဖက်တွင်တော့ … အထူးတပ်ဖွဲ့ တစ်ခုခုက အနားယူထားသည့် စစ်သားဟောင်း တစ်ဦး ဖြစ်နိုင်ချေမှာတော့ အင်မတန် မြင့်မားနေသည်။

“ ဒါဆိုရင် ဖန်းတရဲ့အမှုကို ပြန်ရီဗျူး လုပ်ကြည့်ရအောင် … လူသတ်သမားရဲ့ နည်းလမ်းက အတော်လေး ရိုးရှင်းတယ် … လူကို အရင်သတ်ပြီးတော့ အခေါင်းထဲ ထည့်လိုက်တာ … ဟုတ်တယ်နော် …”

“ အင်း … ဒါပေမယ့် သူက အဲ့ဗန်ထဲမှာ သေသွားခဲ့တာ ဖြစ်ရမယ် … ဘာလို့ဆို သူ့ အင်္ကျီ အဝတ်စတွေမှာ စက်စီတွေ ပေနေလို့လေ ….”

ကူရိရန် မျက်လုံးအရောင် လက်သွားခဲ့ပြီး “ အဲ့ဒါဆိုရင် ငါတို့ လုပ်ဖို့ လိုတာက အဲ့မနက်ခင်းတုန်းက ရွာထဲ ရှိတဲ့ ကားတွေအကြောင်း စုံစမ်းရုံပဲမလား … အဲ့တာပြီးရင် သဲလွန်စတွေကို စုံစမ်းလို့ ရရင် ရနိုင်လောက်တယ် … ဟုတ်တယ်ဟုတ် …”

All Chapters