← Chapters

ကံဆိုးရှာသော ညီအစ်ကိုနှစ်ယောက်၊ လက်ယာ-လက်ဝဲ မဟာစစ်ပွဲ

Vol. 9 Ch. 121

ကံဆိုးရှာသော ညီအစ်ကိုနှစ်ယောက်၊ လက်ယာ-လက်ဝဲ မဟာစစ်ပွဲ

Vol. 9 Ch. 121

အခန်း (၁၂၁) ကံဆိုးရှာသော ညီအစ်ကိုနှစ်ယောက်၊ လက်ယာ-လက်ဝဲ မဟာစစ်ပွဲ

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဘေးနားမှာ ထိုင်ပြီး ဒီနှစ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို စပြောပါတယ်။

ရှင်းဟုန်ရွှမ်ဟာ လက်ဝဲကျင့်ကြံသူတစ်ဦးနဲ့ တွေ့မိပြီး အဲဒီကျင့်ကြံသူရဲ့ ညွှန်ပြသင်ကြားမှုကို ရရှိခဲ့ပါတယ်။ အဲဒီကျင့်ကြံသူဟာ မကောင်းဆိုးဝါးငါးပါးထဲက ဆံဖြူမိစ္ဆာမရဲ့ တပည့်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ရှိပြီး ရှင်းဟုန်ရွှမ်ကို တပည့်အဖြစ် လက်ခံချင်နေပါတယ်။

ရှင်းဟုန်ရွှမ်က သူ့မှာ ယောက်ျားရှိနေတာကြောင့် ယောက်ျားကို ပြန်မေးအုန်းမယ်ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။ လက်ဝဲကျင့်ကြံသူဟာ ရှင်းဟုန်ရွှမ်ရဲ့ အဖြေကို သိပ်ပြီးဘဝင်မကျပေမဲ့ လက်ခံလိုက်ပါတယ်။

“ယောက်ျား... ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူကို ရန်စမိမှာ ကြောက်လား” ရှင်းဟုန်ရွှမ်က ကျီစယ်သံနဲ့ မေးလိုက်ပါတယ်။

အတိဒုက္ခဖြတ်ကျော်အဆင့်ရှိတဲ့ နတ်ဆိုးသူတော်စင်တောင် ဟန်ကျွယ်လက်အောက်မှာ အသက်ပျောက်ခဲ့ရတဲ့အတွက် ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူတစ်ယောက်ကို ကြောက်စရာအကြောင်း လုံးဝမရှိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်အဖြေက ရှင်းဟုန်ရွှမ် ထင်ထားတာနဲ့ တစ်ခြားစီပါပဲ။

“ငါ ကြောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက နောက်ခံတောင့်တယ်၊ ငါတို့တိုက်ခိုက်ကြလို့ မနိုင်ရင် သူက သူ့ဆရာသခင်ကို အကူအညီတောင်းလိမ့်မယ်၊ အဲဒါဆိုရင် ငါက သူ့ဆရာသခင်ကို သတ်ဖို့ နည်းလမ်းရှာရတော့မယ်၊ ဘယ်လောက်တောင် ဒုက္ခများလိမ့်မလဲ”

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်အဖြေကြောင့် ပြောစရာစကားမရှိ ဖြစ်သွားပါတယ်။ ဟန်ကျွယ်က ထပ်ပြောပါတယ်။

“ဒီအတောအတွင်း ကျင့်ကြံခြင်းလောကကြီးက မငြိမ်းချမ်းဘူး၊ အပြင်မထွက်တော့နဲ့၊ မင်းက ကနဦးဝိညာဉ်အဆင့်ကို ရောက်ပြီဆိုတော့ သက်တမ်းကလည်း နှစ်တစ်ထောင်နီးပါးရှိတယ်မလား”

ရှင်းဟုန်ရွှမ်ဟာ ‌ဒီလောက်အချိန်ကြာတာတောင် ကနဦးဝိညာဉ်အဆင့်ကိုပဲ ရောက်ပါသေးတယ်။ ရှင်းဟုန်ရွှမ်က ကံတရားကို ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ သေမျိုးကျင့်ကြံသူ အစစ်အမှန်ပါပဲ။

ရှင်းဟုန်ရွှမ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်မလည်း အပြင်လောကက ဝရုန်းသုန်းကားဖြစ်နေတယ်လို့ တွေးမိတယ်၊ မိစ္ဆာကျင့်ကြံသူတွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတယ်၊ အဲဒီလက်ဝဲကျင့်ကြံသူကလည်း နတ်ဆိုးလမ်းစဉ်က အားကောင်းလာတော့မယ်ဆိုပြီး ပြောခဲ့တယ်၊ မိစ္ဆာကျင့်ကြံသူတွေက မကောင်းဆိုးဝါးဧကရာဇ်အောက်မှာ စုစည်းပြီး လောကကို စုစည်းလိမ့်မယ်တဲ့၊ ယောက်ျား... မကောင်းဆိုးဝါးဧကရာဇ်က လောကကို စုစည်းနိုင်လိမ့်မယ်လို့ထင်လား”

“မထင်ဘူး”

“ဘာဖြစ်လို့လဲ”

“နတ်ဆိုးတွေက တစ်ပေမြင့်ရင် တာအိုက ဆယ်ပေမြင့်လိမ့်မယ်၊ ဒီဟာက ကောင်းကင်တာအိုလမ်းစဉ်ပဲ”

ရှင်းဟုန်ရွှမ်ဟာ နက်နက်နဲနဲ စဉ်းစားလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နည်းနည်းလေးတော့ နှမြောတသ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်နှစ်တွေကြာတာတောင် ရှင်းဟုန်ရွှမ်က ရတနာကောင်း ရှာမတွေ့ခဲ့လို့ပါပဲ။

ရှင်းဟုန်ရွှမ်က ညာလက်ဖဝါးကို ကောက်ဖြန့်ပြီး ပြောလိုက်ပါတယ် “ယောက်ျား... ဒီနှစ်တွေမှာ ကျွန်မ အခွင့်အရေးတွေ အများကြီး ရခဲ့တယ်ဆိုပေတဲ့ ရတနာကောင်းကို မတွေ့ခဲ့ရဘူး၊ ဒီဟာလေးကိုရော ဘယ်လိုသ‌ဘောရလဲ၊ ယောက်ျား ကြိုက်လား”

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ လက်ဖဝါးကို ကြည့်လိုက်တဲ့အခါမှာ ပန်းရောင်သလင်းကျောက် အပိုင်းအစတစ်ခုကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ပန်းရောင်သလင်းကျောက် အပိုင်းအစကို ရှင်းဟုန်ရွမ် လက်ဖဝါးပေါ်ကနေ ကောက်ယူလိုက်ပြီး နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ ခုခံအားကို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး အားသုံးကာ ထိုးဖောက်လိုက်ပါတယ်။

“ဝုန်း...”

ပန်းရောင်သလင်းကျောက် အပိုင်းအစဟာ ရုတ်ခြည်းဆိုသလို ပြာဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ သတိတရားက မှတ်ဉာဏ်တစ်ခုကို ဖမ်းဆုပ်မိလိုက်ပါတယ်။

တိမ်ပင်လယ်ထက်မှာ နန်းတော်တစ်ခု တည်ရှိနေပြီး နတ်သမီးတွေက ဥယျာဉ်ကြားထဲမှာ ရယ်ရယ်မောမောနဲ့ ကစားနေကြပါတယ်။

ဟန်ကျွယ်ဟာ ဒီမှတ်ဉာဏ်ကို ဖတ်ပြီးတဲ့နောက်မှာ သူ့နတ်အာရုံက အရင်ကထက် ပိုအားကောင်းသွားတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။

‘စိတ်ဝင်စားဖို့‌တော့ ကောင်းသားပဲ’

အရာအားလုံးဟာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားတဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ် အမူအရာ ရုတ်ခြည်းပြောင်းလဲသွားတာကို သတိမထားမိလိုက်ပါဘူး။

“အင်း... ဒီဟာက ရတနာကောင်းပဲ”ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကြယ်ကိုးစင်းဖိနပ်ကိုထုတ်ပြီး ရှင်းဟုန်ရွှမ်ကို ပေးလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ဟန်ကျွယ်ကိုယ့်ပေါ်ကို ဖိလိုက်ပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ ညှို့ဓာတ်အပြည့်ပါတဲ့ အသံနဲ့ ခေါ်လိုက်ပါတယ် “ယောက်ျား...”

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး နာခံစွာနဲ့ အင်္ကျီချွတ်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်က ဟန်ကျွယ်ကို ဟန့်တားလိုက်ပြီး ပျော်ရွှင်တဲ့အပြုံးနဲ့ ပြောလိုက်ပါတယ် “မလောပါနဲ့၊ အချိန်ယူပါအုန်း၊ ကျွန်မရဲ့ အဝတ်အစားတွေကို အရင်ချွတ်ပေး...”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီမိန်းမက ကံကိုယုံပြီး ဆူးပုံနင်းနေတာပဲ’

…

တစ်လကြာပြီးနောက်။

ပြုံးရွှင်နေတဲ့ ရှင်းဟုန်ရွှမ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ရန်ထျန်တုန်း၊ ရွှင်ချန်အန်းနဲ့ တစ်ခြားသူတွေကို မဆိုစလောက် ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာသွားပါတယ်။

ဝူတောက်ကျန့်ဟာ မျက်မှောင်ကြုတ်သွားပြီး အသံနှိမ့်ပြီး မေးလိုက်ပါတယ် “ဘာလို့ သူ့ဆီမှာ ဒီလောက်များတဲ့ သခင်ရဲ့ရောင်ဝါ ရှိနေရတာလဲ”

ဖူစန်းသစ်ပင်ပေါ်က ငရဲကြက်နက်ဟာ ရယ်မောလိုက်ပါတယ် “ဘာလို့လဲဆိုတော့ သူက သခင်ကို စားလိုက်တာလေ”

“ဟမ်...” ဝူတောက်ကျန့်ဟာ အထိတ်တလန့်ဖြစ်သွားပြီး ချက်ချင်းပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြေးဝင်သွားပါတယ်။

ရွှင်ချန်အန်းဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “အချစ်ဆိုတာ ဘာလဲ...”

ငရဲကြက်နက်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ချန်အာက သေသွားတာကြာပြီ”

ရွှင်ချန်အန်းရဲ့ အပြုံးဟာ အေးခဲသွားပါတယ်။

ငရဲကြက်နက်က စနောက်နေတာ မဟုတ်ပါဘူး။ ချန်အာက တကယ့်ကို သေသွားတာပါ။ ချန်အာဟာ လွန်ခဲ့တဲ့ဆယ်နှစ်က အပြင်မှာ လေ့ကျင့်ဖို့ ထွက်သွားရင်း သေဆုံးသွားတာပါ။ လီချင်းဇဲ့ဟာ ရွှင်ချန်အန်းနဲ့ ချန်အာရဲ့ အတိတ်ကို သိတာကြောင့် ရွှင်ချန်အန်းကို ဒီအကြောင်း လာပြောသွားပါတယ်။ အဲဒီနှစ်တွေတုန်းက ရွှင်ချန်အန်းဟာ ကျင့်ကြံခြင်းကို အာရုံမစိုက်နိုင်ဘဲ ဖူစန်းသစ်ပင်အောက်မှာ စိတ်ရှုပ်စွာ ထိုင်နေခဲ့တာပါ။

“ကြက်စုတ်” ရွှင်ချန်အန်းဟာ အံကြိတ်လိုက်ပါတယ်။

ငရဲကြက်နက်က ပြုံးပြီး ဆက်ပြောပါတယ် “ချန်အာ သေသွားတာလည်း ကောင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် သူကမှ မင်းကိုမကြိုက်တာ၊ ‌ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်စမ်းပါ၊ မင်း အထက်ဘုံတက်ရင် နတ်သမီးတွေနဲ့‌ တွေ့ရမှာပဲ”

ရွှင်ချန်အန်းဟာ အေးစက်စွာ တောက်ခေါက်လိုက်ပြီး တစ်ဖက်လှည့်လိုက်ပါတယ်။

မုရုံချီဟာ သူ့ဆရာသခင် အနိုင်ကျင့်ခံရတာကို မကြည့်ရက်တာကြောင့် မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “ဆရာကြက်... တိုက်ကြရအောင်၊ ဂျူနီယာ အတူတိုက်ကြရအောင်”

“ကောင်းပြီလေ” ဖန်းလျန်လည်း လက်ရည်စမ်းချင်တာကြောင့် ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။

ငရဲကြက်နက်ဟာ မုရုံချီနဲ့ ဖန်းလျန်ကို အထင်သေးစွာ ကြည့်လိုက်ပေမဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ် ‘ဒီအရူးနှစ်ကောင်က အဆင့်တက်တာ မြန်လှချည်လား၊ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ငါ့ကို ကျော်တက်သွားတော့မှာပဲ’

‘ဟင်း... နောက်ထပ် ကျိုတုတ်တစ်ကောင်ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ’

ငရဲကြက်နက်ဟာ ဖူစန်းပင်စည်ကို ငုံ့ကြည့်လိုက်ပြီး အရဲစွန့်ရမဲ့အတွေးတစ်ခုကို တွေးမိလိုက်ပါတယ် ‘ဖူစန်းသစ်ပင်ကနေ ခဏလောက်ခွာနေရင် ကောင်းမယ်နဲ့တူတယ်’

…

ဟန်ကျွယ်ဟာ ဝူတောက်ကျန့် ငြိမ်ကျသွားအောင် အတန်ကြာ နှစ်သိမ့်ပေးလိုက်ရပါတယ်။ ပြီးတော့မှ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။

‘ငရဲကြက်နက်က ထပ်ရဲလာပြန်ပြီ၊ ဒီကောင်ကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီ’ ဟန်ကျွယ်က တိတ်တဆိတ် တွေးလိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ အခုမှအသွင်ပြောင်းခါစ ဖြစ်တဲ့အတွက် အကြောင်းအရာ တော်တော်များများကို နားမလည်ပါဘူး။ ဒါကြောင့် ငရဲကြက်နက်ရဲ့ စကားကို ကြားရတဲ့အခါမှာ ရှင်းဟုန်ရွှမ်က ဟန်ကျွယ်ကို စားသွားတယ်ထင်ပြီး ရှင်းဟုန်ရွှမ်ကို ရန်လိုသွားပါတယ်။

ဟန်ကျွယ်ဟာ ဂျိနန်ဟယ်ကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီလောက်နှစ်တွေ ကြာပြီးတဲ့နောက်မှာ ကျင့်ကြံခြင်းလောကကြီးက ဘယ်လိုအခြေအနေ ဖြစ်နေမလဲဆိုတာကို ဟန်ကျွယ် သိချင်လာပါတယ်။

[သင့်မိတ်ဆွေ မော့ဖူချိုအား သင့်မိတ်ဆွေရွှမ်ရှီရှီသည် တားမြစ်နယ်မြေထဲ၌ ချိပ်ပိတ်ခဲ့သည်။]

[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် ကြမ္မာဆိုးဖြန့်ချီသော သင့်တပည့်စုချီနှင့် တွေ့ကြုံခဲ့သည်။ ကံတရားအထောက်အပံ့ရှိသော နတ်သားရဲ ဖြစ်သောကြောင့် ကြမ္မာဆိုးကို ကံကောင်းခြင်းနှင့် ချေဖျက်ခဲ့သည်။] x၆၆၄၃

[သင့်ရန်သူ ဂျိနန်ဟယ်သည် ကြမ္မာဆိုးဖြန့်ကျက်သော သင့်တပည့်စုချီနှင့် တွေ့ကြုံမိပြီး နတ်ဆိုးသဘာဝ ပိုအားကောင်းသွားခဲ့သည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ဂိုဏ်းတူကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၅

[သင့်မိတ်ဆွေ လော့ချင်းမော့သည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၉၂၁

[သင့်အချစ်တော် ရွှမ်ချင်းကျွင်းသည် သေမျိုးဘုံသို့ ပြန်ရောက်လာပါပြီ။]

[သင့်မိတ်ဆွေကျိုးဖန်သည် ပြန်လည်မွေးဖွားပြီး ပြန်လည်လေ့ကျင့်ကာ ဘဝဟောင်းမှ မှတ်ဉာဏ်များ နိုးထသွားပါပြီ။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၀၀၂၄

…

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘ကျွတ်..ကျွတ်... မော့ဖူချိုနဲ့ ကျိုးဖန်က တော်တော်လေး သနားစရာကောင်းတာပဲ၊ တစ်ယောက်က ချိပ်ပိတ်ခံရပြီး တစ်ယောက်က ပြန်လည်မွေးဖွားရရှာတယ်’

‘ဟွမ်ဂျိဟောင်လည်း အတူတူပဲ၊ ဘာလို့ ဒီလောက်အကြိမ်အများကြီး တိုက်ခိုက်ခံနေရတာလဲ၊ မဟုတ်မလွဲရော နတ်ဆိုးအသိုက်ထဲ ဝင်သွားလို့များလား’

‘ကြည့်ရတာ ဒီပုံအတိုင်းဆက်သွားရင် မကောင်းဆိုးဝါးဧကရာဇ်ရဲ့ လွှမ်းမိုးမှုက ရန်ဒေသကို မကြာခင် ရောက်လာတော့မှာပဲ’

ဟန်ကျွယ်ဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတာကြောင့် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ပြီးတာနောက် ချက်ချင်းဆိုသလို ကျင့်ကြံအားထုတ်ပါတယ်။

ခရမ်းရင့်ရောက်ကျောက်တုံးနဲ့ ဝူတောက်ကျန့်ရဲ့ အသွင်ပြောင်းလဲမှုကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီဟာ အရင်ကထက်အများကြီး ပိုသိပ်သည်းလာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအလျင်ဟာ အရင်ကလောက် မမြန်ဘူးဆိုပေမဲ့ သိပ်အများကြီး လျော့ကျမသွားပါဘူး။

ဟန်ကျွယ်ဟာ တကယ်တော့ မကောင်းဆိုးဧကရာဇ်ကို လုံဝးမကြောက်ပါဘူး။ ဒီလောက်များတဲ့ စိတ်ဝိညာဉ်ရတနာတွေနဲ့ မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာတောင် ရှိနေတာ မကောင်းဆိုးဝါးဧကရာဇ်က ဟန်ကျွယ်ကို ဘယ်လိုနည်းနဲ့မှ သတ်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ကြောက်တာက မကောင်းဆိုးဝါးဧကရာဇ်ကို တစ်ချက်တည်းနဲ့ အသေမသတ်နိုင်လို့ ပြဿနာပေါင်းသောင်းခြောက်ထောင် တက်မှာကို ကြောက်နေတာပါ။

‘ဟင်း... ပြဿနာမတက်အောင် လုပ်ရတာက တော်တော့်ကို ခက်ခဲတာပဲ’

…

အချိန်ဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပြီး နောက်ထပ် ဆယ့်သုံးနှစ် လွန်မြောက်သွားပါတယ်။ ဒီအချိန်မှာပဲ ရန်ဒေသကို သတင်းတစ်ခု ရောက်ရှိလာပါတယ်။

မကောင်းဆိုးဝါးဧကရာဇ် ဦးဆောင်တဲ့ နတ်ဆိုးအင်ပါယာဟာ လောကမှာရှိတဲ့ လက်ယာဂိုဏ်းတွေကို စတိုက်လာပါတယ်။ ကြီးမားတဲ့အင်အားကြောင့် လက်ယာဂိုဏ်းတွေဟာ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ပျက်သုဉ်းကုန်ပါတော့တယ်။

ဒီအဖြစ်ကြောင့် လောကမှာရှိတဲ့ လက်ယာဂိုဏ်းတွေနဲ့ မြင့်မြတ်နယ်မြေတွေဟာ အတူပူးပေါင်းပြီး နတ်ဆိုးအင်ပါယာကို ပြန်တိုက်တာကြောင့် လက်ယာ-လက်ဝဲ အသေအကျေတိုက်ခိုက်တဲ့ မဟာစစ်ပွဲကြီး စတင်ခဲ့ပါတော့တယ်။

ဒီကိစ္စကြောင့် ရန်ဒေသမှာရှိတဲ့ လက်ယာဂိုဏ်းတွေဟာ အိပ်ကောင်းချင်း မအိပ်ရ စားကောင်းချင်း မစားရ ဖြစ်ကုန်ပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ခုရှိတာက ရန်ဒေသမှာရှိတဲ့ လက်ဝဲဂိုဏ်းတွေ အကုန်လုံးဟာ ရန်ဒေသကနေ ထွက်ခွာသွားပါတယ်။ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေကလွဲလို့ ရန်ဒေသမှာ လက်ဝဲဂိုဏ်းတစ်ဂိုဏ်းမှ မရှိတော့ပါဘူး။ ဒီလက်ဝဲဂိုဏ်းတွေဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို ကြောက်ရွံ့လို အခုလို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ရန်ဒေသမှာရှိတဲ့ ကျင့်ကြံသူတွေ တုန်လှုပ်ချောက်ချားနေတုန်းမှာပဲ ဟန်ကျွယ်ကတော့ အတိဒုက္ခဖြတ်ကျော် ပဥ္စမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်သွားပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters