ဟွမ်ဂျိဟောင်၏ ဆုံးဖြတ်ချက်၊ ကနဦးဝိညာဉ်အဆင့် ဖန်းလျန်
Vol. 9 Ch. 122
အခန်း (၁၂၂) ဟွမ်ဂျိဟောင်၏ ဆုံးဖြတ်ချက်၊ ကနဦးဝိညာဉ်အဆင့် ဖန်းလျန်
တစ်နေ့မှာတော့ တာအိုသခင်ကျိုးတိရောက်လာတဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံရာကနေ ထလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်ခိုင်းလိုက်ပါတယ်။
တာအိုသခင်ကျိုးတိဟာ ဝူတောက်ကျန့်ကို မြင်လိုက်ရတဲ့အခါမှာ မှင်သက်သွားပါတယ် ‘အကြီးအကဲဟန်က သခင်မတစ်ယောက် ထားနေတာလား’
“ဒါက ငါရဲ့အိမ်မွေးသားရဲ၊ သူက ဒီနေရာမှာပဲ မွေးလာတာ၊ သတင်းပြန့်မှာကို စိုးရိမ်စရာမလိုဘူး”
‘အိမ်မွေးသားရဲ’ တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို ‘ယုံပါတယ်၊ ယုံပါတယ်’ ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပါတယ်။ တာအိုသခင်ကျိုးတိဟာ ဒီလိုကိစ္စမျိုးတွေကို ကြုံရပေါင်းများလို့ အံတိုနေပါပြီ။
ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိရဲ့ မျက်နှာထားကြောင့် မျက်လုံးပင့်တက်သွားပါတယ်။
တာအိုသခင်ကျိုးတိက အလေးအနက် ပြောလိုက်ပါတယ် “မကောင်းဆိုးဝါးဧကရာဇ်က လက်ယာဂိုဏ်းတွေနဲ့ စတိုက်နေပြီ၊ လောကတစ်ခုလုံးလည်း ဝရုန်းသုန်းကား ဖြစ်နေပြီ၊ ကံကောင်းတာတစ်ခုက ရန်ဒေသမှာရှိတဲ့ လက်ဝဲဂိုဏ်းတွေအားလုံး ထွက်ပြေးသွားတာပဲ၊ ဒီတော့ ကျုပ်တို့တွေ တစ်ခဏတော့ လုံခြုံနေသေးတယ်၊ ဒီတစ်ခေါက် ကျုပ်လာတာက အကြီးအကဲဟန်ရဲ့ သဘောထားကို လာမေးတာ၊ မကောင်းဆိုးဝါးဧကရာဇ်ကို အကြီးအကဲဟန်က ဂရုစိုက်လာတာ ကြာပြီမလား”
ဟန်ကျွယ်ဟာ မျက်နှာအမူ အရာတစ်ချက်မပျက်ဘဲ ပြန်ဖြေလိုက်ပါတယ် “ကျုပ်သဘောထားကတော့ ရှင်းရှင်းလေးပဲ၊ ဂိုဏ်းအင်အားတိုးလာကိုပဲ အာရုံစိုက်မယ်၊ ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံခြင်းလောကမှာ နံပါတ်တစ်ဂိုဏ်း မဟုတ်ဘူး၊ တတိယတန်းဂိုဏ်းစာရင်းတောင် မဝင်ဘူး၊ ကျုပ်တို့အင်အားနဲ့ လောကအခြေအနေကို မပြောင်းလဲနိုင်ဘူး၊ နယ်ရုပ်အဖြစ်ခံမဲ့အစား ကြိုးကြိုးစားစား ကျင့်ကြံတာက ပိုမကောင်းဘူးလား”
“ကောင်းကင်ပြိုကျရင် အဲဒီအင်အားကြီးတဲ့ လက်ယာဂိုဏ်းတွေနဲ့ မြင့်မြတ်နယ်မြေတွေက ဝိုင်းမလိမ့်မယ်၊ ကျုပ်တို့တွေ ဒီစစ်ပွဲမှာ ဘာလို့ ဝင်ပါနေအုန်းမှာလဲ”
တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ရဲ့စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ထပ်မေးလိုက်ပါတယ် “အကြီးအကဲဟန်ရဲ့ ကျင့်ကြံမှုက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ”
တာအိုသခင်းကျိုးတိဟာ ဟန်ကျွယ်က အတိဒုက္ခဖြတ်ကျော်အဆင့်ရှိတဲ့ နတ်ဆိုးကို သတ်လိုက်တယ်လည်း ကြားရော သေးထွက်ကျနီးပါး ဖြစ်သွားပါတယ်။ ‘ဘယ်လောက်နှစ်ကြာသေးလို့လဲ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်က မြန်လှချည်လား’ တာအိုသခင်ကျိုးတိဟာ အဲဒီတုန်းက ဒီလိုမျိုး တွေးခဲ့တာ ဖြစ်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အတိဒုက္ခဖြတ်ကျော်အဆင့်မှာပဲ ရှိပါသေးတယ်”
‘ရှိပါသေးတယ်...’ ဟန်ကျွယ်အဖြေကြောင့် တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို ထထိုးချင်စိတ် ပေါက်သွားပါတယ်။ တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ရဲ့ အသက်က နှစ်လေးငါးရာပဲ ရှိသေးတယ်ဆိုတာကို သိပါတယ်။ တာအိုသခင်ကျိုးတိဟာ အသက် ၅၀၀ နဲ့ အတိဒုက္ခဖြတ်ကျော်အဆင့်ရောက်တဲ့ ကျင့်ကြံသူကို တစ်ခါမှာ မကြားဖူးပါဘူး။ ဒီလောက်ငယ်ငယ်လေးနဲ့ ကျင့်ကြံမှုက မိုးထိမတက် မြင့်မားနေတာတောင် မကျေနပ်နိုင်သေးတဲ့ ဟန်ကျွယ်အဖြေကြောင့် တာအိုသခင်းကျိုးတိဟာ ဟန်ကျွယ်ကို ထထိုးချင်စိတ် ပေါက်သွားတာ ဖြစ်ပါတယ်။
“ကောင်းပြီလေ၊ အကြီးအကဲဟန် ပြောတဲ့အတိုင်း ကျုပ်လုပ်လိမ့်မယ်၊ နတ်ဆိုးလမ်းစဉ်က ရန်ဒေသကို လာမတိုက်ဖို့ မျှော်လင့်ရတာပဲ”
တာအိုသခင်ကျိုးတိဟာ အချိန်ကြာကြာမနေဘဲ စကားပြောပြီးတာနဲ့ ချက်ချင်း ထွက်ခွာသွားပါတယ်။
တာအိုသခင်ကျိုးတိ ထွက်သွားတဲ့အခါမှာ ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သူက ဘယ်သူလဲ”
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဂိုဏ်းချုပ်”
“ကျွန်မ ဂိုဏ်းထဲကနေရာတွေကို လျှောက်ကြည့်လို့ရမလား”
“ရတယ်၊ မင်း ယွီဂျင်ဂိုဏ်းထဲကနေ မထွက်ရင် ပြီးရော”
ဟန်ကျွယ်စကားဆုံးတာနဲ့ ဝူတောက်ကျန့်ဟာ ခုန်ပေါက်ပြီး ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့ အပြုအမူကို စိတ်ထဲမထားဘဲ ဆက်လက်အားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ မုရုံချီနဲ့ တစ်ခြားလူတွေကိုလည်း ဝူတောက်ကျန့်ကို ပြောခဲ့တဲ့အတိုင်း အသိပေးလိုက်ပါတယ်။ သူတို့တွေ ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ လျှောက်သွားလို့ရပေမဲ့ ဂိုဏ်းအပြင်ကိုတော့ လုံးဝထွက်ခွင့် မပြုပါဘူး။ အကယ်၍ ထွက်သွားခဲ့မယ်ဆိုရင်တော့ ဟန်ကျွယ်က အဲဒီလူနဲ့ သေခန်းပြတ် သံယောဇဉ် ဖြတ်မှာပါ။
ဟန်ကျွယ်ဟာ စာအိတ်တွေကို ပုံမှန်စစ်ဆေးရင်းနဲ့ ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ် ထင်ထားသလိုပါပဲ။ ယွီဂျင်ဂိုဏ်းတော်ကြီးမှာရှိတဲ့ လူတွေကလွဲလို့ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အကုန်လုံးနီးပါးဟာ မိစ္ဆာကျင့်ကြံသူတွေ တိုက်ခိုက်တာကို ခံရပါတယ်။
ဟွမ်ဂျိဟောင် အတိုက်ခိုက်ခံရတာကလည်း အကြိမ်ပေါင်း ၅၀,၀၀၀ ကျော်သွားပါတယ်။ ဒါပေမဲ့ ဟွမ်ဂျိဟောင်ရဲ့ ကျင့်ကြံမှုကလည်း အများကြီး တိုးတက်သွားပါတယ်။ ကံတရားအထောက်အပံ့နဲ့ မွေးဖွားလာတဲ့လူက သာမန်ကို မဟုတ်တာပါ။
လော့ချင်းမော့ကလည်း မိစ္ဆာကျင့်ကြံသူတွေ တိုက်ခိုက်တာခံရတာကြောင့် ဂျိနန်ဟယ်အတွက် မိစ္ဆာကျင့်ကြံသူတွေ စုဆောင်းနေတာလို့ ဟန်ကျွယ် ခန့်မှန်းလိုက်ပါတယ်။ မိစ္ဆာကျင့်ကြံသူတွေက နဂိုကတည်းက မာနကြီးပြီး ဘဝမြင့်တဲ့အတွက် မကောင်းဆိုးဝါးဧကရာဇ်ရဲ့ အမိန့်ကို အလွယ်တကူနားထောင်ကြမှာ မဟုတ်ပါဘူး။
ဒီတော့ အချင်းချင်း တိုက်ခိုက်ကြတာပေါ့။ ဒီပုံစံအတိုင်းသာ ဆက်သွားရင် မကောင်းဆိုးဝါးဧကရာဇ်အဖို့ နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူတွေကို စုစည်းဖို့က အနည်းဆုံး နှစ်တစ်ရာလောက် ကြာအုန်းမှာပါ။
ဒီဟာက သေမျိုးတွေ တိုက်ခိုက်ကြတဲ့ စစ်ပွဲမဟုတ်ပါဘူး။ ကျင့်ကြံသူတွေမှာ နည်းလမ်းမျိုးစုံ ရှိပါတယ်။ သူတို့ကို အနိုင်ယူနိုင်ရင်တောင် အသေသတ်ဖို့ အရှင်ဖမ်းဆီးဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ အညံခံတယ်ဆိုရင်တောင် အခွင့်အရေးစောင့်ပြီး နောက်ကျောဓားနဲ့ထိုးမဲ့သူတွေပါ။
ဟန်ကျွယ်ဟာ နတ်ဆိုးအင်ပါယာက ပြက်လုံးတစ်ခုလို့ ခံစားလိုက်ရပါတယ်။ အချိန်မရွေး သစ္စာဖောက်နိုင်တဲ့သူတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုက ဘယ်လောက်ကြာကြာတည်တံ့နိုင်မှာလဲ။
နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေကို တစ်ခြားလမ်းစဉ်ကျင့်ကြံသူတွေက အထင်သေးတာ လမ်းစဉ်ခြင်း ခြားနားလို့ မဟုတ်ပါဘူး။ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေက လမ်းမှန်ကနေ လွဲချော်ပြီး သတ်ဖြတ်ခြင်း အသားပေးလို့ပါပဲ။ တစ်ခါတစ်လေမှာ နတ်ဆိုးကျင့်ကြံသူတွေက နတ်ဆိုးတွေထက်တောင် ပိုပြီးတော့ အန္တရာယ်များပါတယ်။
ကျိုးဖန်ဟာ ပြန်လည်မွေးဖွားပြီး ပြန်ကျင့်ကြံအားထုတ်တာ သူ့ကျင့်ကြံမှုရလဒ်က သိပ်မဆိုးပါဘူး။ အသက် ၁၃ နှစ်နဲ့ ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ကို ရောက်နေပါပြီ။
ဟန်ကျွယ်ဟာ ကျိုးဖန်ကို တော်တော်လေး ကရုဏာသက်သွားပါတယ်။ အကြိမ်ဘယ်လောက်များများ သေဆုံးပြီး အကြိမ်ဘယ်လောက်များများ အစကနေ ပြန်စခဲ့ရလဲ မသိပါဘူး။
မော့ဖူချိုကလည်း ကျိုးဖန်ထက် ဘာမှမသာပါဘူး။ ငယ်ငယ်ကတည်းက ကလဲ့စားချေရမဲ့တာဝန်ကို ကျောပေါ် ထမ်းပိုးခဲ့ရတာပါ။ ကလဲ့စားချေပြီး ကျိုးဖန်နောက်လိုက်ခဲ့တော့လည်း နည်းနည်းမှ မသက်သာပါဘူး။ အခု မကောင်းဆိုးဝါးအင်အားကြောင့် နတ်ဆိုးစစ်စစ် ဖြစ်သွားရရှာပြီး ရှေးဟောင်းတားမြစ်နယ်မြေမှာ ချိပ်ပိတ်ခံထားရပါတယ်။ မော့ဖူချိုအတွက် အလင်းရောင်ကို ထပ်မြင်ရဖို့က အချိန်ဘယ်လောက်ကြာအုန်းမလဲ မသိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ မော့ဖူချိုနဲ့ သိကျွမ်းခဲ့တဲ့ အချိန်တွေကို ပြန်တွေးလိုက်ပါတယ်။ အဲဒီတုန်းက မော့ဖူချိုဟာ လူကြီးလူကောင်းတစ်ယောက်လိုပါပဲ။ အခုတော့ မိုးနဲ့မြေလို အကွာကြီးကွာသွားခဲ့ပါပြီ။ ဒီလောကမှ အချိန်က အရာအားလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။
ဒီဟာက အသက်ရှင်သန်မှုပါပဲ။ လူတိုင်းဟာ တစ်မူထူးခြားတဲ့ အတွေ့အကြုံတွေကို ခံစားရမှာ မလွဲဧကန်ပါပဲ။
ဟန်ကျွယ်ဟာ ဒီအကြောင်းတွေကြောင့် သူတော်ကောင်းလုပ်ဖို့ မဆုံးဖြတ်တဲ့ သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။
‘ငါ့ကိုယ်ငါ ဆုံးရှုံးလို့ မဖြစ်ဘူး’
‘အခု ငါက လမ်းမှန်ပေါ်မှာ’
…
ညနေခင်း ကောင်းကင်ယံဟာ ဆေးပန်းချီ ခြယ်သထားသလို လှပလွန်းပါတယ်။
မရေမတွက်နိုင်တဲ့ နတ်ဆိုးကျင့်ကြံသူတွေဟာ လက်နက်မျိုးစုံ ကိုင်စွဲထားပြီး လေပေါ်မှာ ဝဲပျံနေပါတယ်။ သူတို့အားလုံးဟာ တောင်ခါးပန်းကို စိုက်ကြည့်နေကြပါတယ်။ ဒီတောင်တစ်ခုလုံးဟာ သွေးစွန်းထင်းနေပြီး တောင်ခြေမှာလည်း အလောင်းတောင်လို ပုံနေပါတယ်။
တောင်ခါးပန်းမှာတော့ လူတစ်ယောက်ဟာ ဓားတစ်ချောင်ကိုင်ပြီး မတ်မတ်ရပ်နေပါတယ်။ ဒီလူရဲ့ အဖြူရောင်ဝတ်ရုံဟာလည်း သွေးစွန်းထင်ပြီး အနီရောင် ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ဆံပင်တွေက ဖရိုဖရဲ ဖြစ်နေပြီး သတ်ဖြတ်ငွေ့ကလည်း ကောင်းကင်ယံထိ ထိုးတက်နေပါတယ်။
ဟွမ်ဂျိဟောင်။
ယွီဂျင်ဂိုဏ်းကိုသွားပြီး ဟန်ကျွယ်ကို စိန်ခေါ်ခဲ့တဲ့ ဟွမ်ဂျိဟောင်ဟာ ဓားနှလုံးသားနဲ့ မွေးဖွားလာတဲ့သူ ဖြစ်ပါတယ်။ ဟွမ်ဂျိဟောင်ဟာ ရန်ဒေသကနေ ထွက်ခွာပြီးနောက် ကျန်းဝူဂိုဏ်းထဲဝင်ဖို့ ဖိအားပေးခြင်း ခံခဲ့ရပါတယ်။
ဟွမ်ဂျိဟောင်ဟာ ပင့်သက်ရှိုက်လိုက်ပါတယ်။ ဟွမ်ဂျိဟောင်ဟာ မိစ္ဆာကျင့်ကြံသူတွေနဲ့ တိုက်ခိုက်တာ ငါးရက်ငါညတိုင်ပြီမို့ စိတ်ဝိညာဉ်စွမ်းအားက ကုန်ခမ်းလုနီး ဖြစ်နေပါပြီ။
ဒီအချိန်မှာပဲ...
နတ်ဆိုးတိမ်တိုက်တွေဟာ တလိမ့်လိမ့်တက်လာပြီး လောကတစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။
ဒီအဖြစ်ကြောင့် ဟွမ်ဂျိဟောင်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး စိုးရိမ်ပူပန်သွားပါတယ် ‘စွမ်းအားကြီး မိစ္ဆာကျင့်ကြံသူ ရောက်လာပြီ’
နတ်ဆိုးတိမ်တိုက်တွေဟာ ကီလိုမီတာဒါဇင်ကျော် ရှည်လျားသွားပြီး ကြောက်မက်ဖွယ်ကောင်းပြီး အလွန်ကြီးမားတဲ့မျက်နှာကြီးတစ်ခု ဖြစ်ပေါ်လာပါတယ် “ဂျူနီယာ... မင်းအရည်အချင်းက မဆိုးဘူး၊ မင်း ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် ငါမင်းကို မသတ်ဘူး၊ ဒီလိုမဟုတ်ဘဲ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တော့...ဟမ်....”
ဒီအသံပိုင်ရှင်ကတော့ လော့ချင်းမော့ပဲ ဖြစ်ပါတယ်။
ဟွမ်ဂျိဟောင်မျက်နှာဟာ မည်းမှောင်ထွက်သွားပြီး ဓားကိုင်ထားတဲ့လက်လည်း တုန်လှုပ်သွားပါတယ်။ ဟွမ်ဂျိဟောင်ဟာ ပုံမှန်မဟုတ်တဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟွမ်ဂျိဟောင်ဟာ သူက ဒီစွမ်းအားကြီး မိစ္ဆာကျင့်ကြံသူရဲ့ ပြိုင်ဘက်မဟုတ်မှန်း သိလိုက်ပါတယ်။
ဟွမ်ဂျိဟောင်ဟာ ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘စီနီယာသာ ဒီနေရာမှာရှိနေရင် ဒီမိစ္ဆာကျင့်ကြံသူ စွမ်းအား ဘယ်လောက်ကြီးကြီး ကျိန်းသေပေါက် အနိုင်ယူနိုင်မှာပဲ၊ ငါက ဒီမိစ္ဆကျင့်ကြံသူကိုတောင် ရင်ဆိုင်ဖို့ သတ္တိမရှိရင် စီနီယာကို ဘယ်လိုစိန်ခေါ်မှာလဲ’
“ငါက ဓားနှလုံးသားနဲ့ မွေးဖွားလာတဲ့သူ၊ ဓားအတွက်ပဲ ရှင်သန်ပြီး ဓားအတွက်ပဲ သေဆုံးမယ်၊ ငါ့ဓားက ထပ်ပြီး ပြတ်ရှခြင်းမရှိတော့ဘူးဆိုရင် လောကကြီးမှာ ထပ်ရှင်သန်နေတော့ရော ဘာထူးမှာလဲ” ဟွမ်ဂျိဟောင်ဟာ သူ့ကိုယ်သူ ရေရွတ်လိုက်ပါတယ်။
ဟွမ်ဂျိဟောင်ဟာ သူ့ဓားကို မြှောက်တော့မဲ့အချိန်မှာပဲ ကြီးမားတဲ့ဖိအားတစ်ခုဟာ အရပ်မျက်နှာပေါင်းစုံကနေ ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်ကို လွှမ်းမိုးသွားပါတယ်။ ဒီဖိအားကြောင့် လေပေါ်ပျံဝဲနေတဲ့ မိစ္ဆာကျင့်ကြံသူတွေ အကုန်လုံးဟာ အောက်ပြုတ်ကျကုန်ပြီး ငယ်သံပါအောင် အော်ဟစ်သံတွေ ဆူညံသွားပါတယ်။
“ဟမ်... လော့ချင်းမော့... လက်ယာလမ်းစဉ်မှာ မင်းတို့ကိုတိုက်နိုင်တဲ့လူ တစ်ယောက်မှာ မရှိတော့ဘူးလို့ ထင်နေတာလား”
“ငါ ဂူအောင်းကျင့်ကြံနေတာ နှစ်တစ်ထောင်ရှိပြီ၊ အခု နတ်ဆိုးလမ်းစဉ်က ကျင့်ကြံခြင်းလောကကို ထိန်းချုပ်ချင်တယ်လို့ ကြားလို့ ဂူအောင်းနေရာက ထွက်လာတာ၊ မင်းတို့ကိုယ်မင်းတို့ ဘာထင်နေတာလဲ”
“မိတ်ဆွေဟောင်းတွေ... မတွေ့ရတာတောင်ကြာပြီ၊ မင်းတို့ကျင့်ကြံမှုတွေ တိုးတက်လာသေးလား”
“ဟားဟား... ဒီနေ့ငါတို့တွေ နတ်ဆိုးလမ်းစဉ်ရဲ့ မကောင်းဆိုးဝါးငါးပါးထဲက တစ်ပါးကိုသတ်ပြီး ငါတို့လက်ယာလမ်းစဉ်အတွက် ဂုဏ်ကျက်သရေကို ဆောင်ယူရမယ်”
“ရှေးအချိန်ကတည်းက မကောင်းမှုက ကောင်းမှုကို ဘယ်တော့မှ အနိုင်မရဘူး၊ နတ်ဆိုးလမ်းစဉ်နဲ့ တိုက်ပွဲမှာ လက်ယာလမ်းစဉ်က အညံခံမဲ့အစား အသေပဲခံမယ်၊ ဂျူနီယာ မင်းလုပ်တာ ကောင်းတယ်”
အရပ်ဆယ်မျက်နှာက ထွက်ပေါ်လာတဲ့ အသံတွေကြောင့် ဟွမ်ဂျိဟောင်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်နှာမှာ အပြုံးတစ်ခု ထွက်ပေါ်လာပါတယ်။
…
လောကတစ်ခုလုံး နတ်ဆိုးလမ်းစဉ်ရဲ့ သောင်းကျန်းရမ်းကားမှုကို ခံစားရပေမဲ့ ရန်ဒေသကတော့ ဒီကပ်ဘေးကနေ လွတ်ကင်းနေတုန်းပါပဲ။ ဒါပေမဲ့ ရန်ဒေသက ဂိုဏ်းတွေဟာ လောကကိစ္စတွေကို အမြဲတမ်းအာရုံစိုက်နေပါတယ်။ အထူးသဖြင့် ယွီဂျင်ဂိုဏ်းတော်ကြီးဟာ ပတ်ဝန်းကျင်ဒေသတွေမှာ အဆက်အသွယ်တွေ ထူထောင်ပြီးသားမို့ သတင်းစီးဆင်းမှုဟာ အရင်ကထက် ပိုမိုမြန်ဆန်လာပါတယ်။
အကြီးအကဲတွေဟာ လက်ယာလမ်းစဉ်က စွမ်းအားကျင့်ကြံသူတွေ ဂူအောင်းကျင့်ကြံရာကနေ ထွက်လာမှန်း သိလိုက်ရတဲ့အခါ ဝမ်းသားအားရ ဖြစ်ကုန်ပါတယ်။ အကြီးအကဲတော်တော်များများဟာ မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်ရာမှာ ပါဝင်ဆင်နွှဲချင်ကြပါတယ်။ ဒါပေမဲ့ တာအိုသခင်ကျိုးတိက ဒီကိစ္စကို အားကုန်ဖိနှိပ်ပြီး ဂိုဏ်းတပည့်တွေကို ရန်ဒေသကနေ ထွက်ခွာခွင့်မပြုပါဘူး။
ဒီလိုနဲ့ ခုနစ်နှစ်တာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် ပဥ္စမအဆင့်မှာ ရပ်တန့်နေတုန်းပါပဲ။ ဒါပေမဲ့ ဖန်းလျန်ကတော့ ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိသွားပါပြီ။
ဖန်းလျန်ရဲ့ အရည်အချင်းက မုရုံချီထက်တောင် ပိုကြမ်းတဲ့အတွက် တပည့်တွေနဲ့ မြေးတပည့်တွေဟာ ဟန်ကျွယ်ကို ပိုပြီးတော့ ယုံကြည်လေးစားသွားကြပါတယ်။ သူတို့အမြင်မှာ ဖန်းလျန် ဒီလိုအရည်အချင်းရှိလာတာက ဟန်ကျွယ်ရဲ့ ကံတရားပြောင်းလဲမှုကြောင့်လို့ ယုံကြည်ထားကြပါတယ်။
မိုးမြေသားတော်ဟာ ဒီလောကမှာ တစ်မူထူးခြားတဲ့ ကံတရားအထောက်အပံ့ ရှိပါတယ်။ အထက်ဘုံက စစ်နတ်ဘုရားဝင်စားတဲ့ မုရုံချီတောင် ဖန်းလျန်ရဲ့ တောက်ပမှုကို မယှဉ်နိုင်ပါဘူး။
ဒီအချိန်မှာ ဟန်ကျွယ်ဟာ အချိန်ယူပြီ ဖန်းလျန်နဲ့ မုရုံချီကို အထူးတလည် ပညာသင်ကြားပေးပါတယ်။
ဟန်ကျွယ်ဟာ ဖန်းလျန်ကို တောင်အောက်ဆင်းခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖန်းလျန်ရဲ့ ကံတရားနဲ့ဆိုရင် အခွင့်အရေးကောင်းတွေ အမျာကြီးရရှိမှာ မလွဲဧကန်ပါပဲ။ ဟန်ကျွယ်တောင် ရတနာကောင်းတစ်ချို့ကို ရရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်ရဲ့ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့်တောင် ရှိနေလို့ပါ။
ဟန်ကျွယ်ရဲ့ နှစ်အများကြီး သင်ကြားမှုအောက်မှာ ဖန်းလျန်ဟာ သတိကြီးကြီးထားတဲ့ အမူအကျင့် ရှိလာပါပြီ။ မိုးမြေကံတရားအထောက်အပံ့ကိုပါ ထပ်ပေါင်းလိုက်ရင် ဖန်းလျန်သေဖို့ဆိုတာက ၉၉.၉၉ ရာခိုင်နှုန်း မဖြစ်နိုင်ပါဘူး။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။