← Chapters

အတိဒုက္ခဖြတ်ကျော် ဆဋ္ဌမအဆင့်၊ ကျန်းကူရှင်း

Vol. 9 Ch. 123

အတိဒုက္ခဖြတ်ကျော် ဆဋ္ဌမအဆင့်၊ ကျန်းကူရှင်း

Vol. 9 Ch. 123

အခန်း (၁၂၃) အတိဒုက္ခဖြတ်ကျော် ဆဋ္ဌမအဆင့်၊ ကျန်းကူရှင်း

ဟန်ကျွယ်ဟာ အရိပ်သုံးပါးဓားသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ မိုးကြိုးမုန်တိုင်းကြီး၊ လေနတ်သားသိုင်းတို့ကို ဖန်းလျန်နဲ့ မုရုံချီကို သင်ကြားပေးပါတယ်။ ဖန်းလျန်နဲ့ မုရုံချီဟာ ပြိုင်ဘက်ကင်းပါရမီရှင်လို ခေါ်ဆိုရလောက်အောင်ကို အရည်အချင်းရှိတာကြောင့် ဟန်ကျွယ်သင်ကြားပေးတဲ့ ပညာရပ်တွေကို နှစ်ဝက်အတွင်း တတ်မြောက်သွားကြပါတယ်။

ဖန်းလျန်နဲ့ မုရုံချီဟာ ကနဦးဝိညာဉ်အဆင့်ပဲ ရှိသေးပေမဲ့ တောင်အောက်ဆင်းတော့မှာ ဖြစ်တဲ့အတွက် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်အောင် ဟန်ကျွယ်က အထူးတလည် ပညာသင်ကြားပေးလိုက်တာပါ။

“ဖန်းလျန်... မင်းက တောင်အောက်ဆင်းပြီး လေ့ကျင့်နိုင်ပြီ၊ သေမျိုးတွေရဲ့ဘဝကို ထိုးထွင်းသိမြင်ပြီးရင်တော့ ဝီရိယတောင်ကို ပြန်လာပြီး ကြိုးကြိုးစားစား ကျင့်ကြံချည်၊ ဒီလိုဆိုရင် မိုးကောင်းကင်နဲ့ မြေကြီးရဲ့ အဓိပ္ပာယ်စစ်ကို မင်းနာလည်နိုင်လိမ့်မယ်”

“မုရုံချီ.. မင်းလည်း ဂိုဏ်းတာဝန်တွေကို စယူလို့ရပြီ၊ ဒီတောင်မှာပဲ ဆက်ကျင့်ကြံနေစရာ မလိုတော့ဘူး”

ဟန်ကျွယ်ဟာ လက်နှစ်ဖက် နောက်ပစ်ထားပြီး သူ့နောက်မှာ တရိုတသေရပ်နေတဲ့ ဖန်းလျန်နဲ့ မုရုံချီကို ပြောလိုက်တာ ဖြစ်ပါတယ်။

ဖူစန်းသစ်ပင်အောက်က ရွှင်ချန်အန်းနဲ့ ရန်ထျန်တုန်းဟာ မျက်လုံးဖွင့်လိုက်ကြပါတယ် ‘ဆရာသခင်က ဖန်းလျန်ကို တောင်အောက်ဆင်းစေချင်တာလား’

ဟန်ကျွယ် ဒီလို တစ်စုံတစ်ယောက်ကို တောင်အောက်ဆင်းခိုင်းတာက ပထမဦးဆုံးပါပဲ။ ရန်ထျန်တုန်းဟာ သူ့အရည်အချင်းက ဖန်းလျန်ကို မယှဉ်နိုင်မှန်းသိပေမဲ့ မနာလိုမဖြစ်ဘဲ မနေနိုင်ပါဘူး။

ကြောက်လန့်သွားတဲ့ ဖန်းလျန်ဟာ ချက်ချင်းပဲ မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော့်ကို နှင်လွှတ်နေတာလား”

မုရုံချီဟာ စိတ်ထဲမှာ အံအားသင့်သွားပေမဲ့ အပေါ်ယံမှာတော့ ဖန်းလျန်လိုပဲ တုန်လှုပ်သွားပါတယ်။ ဖန်းလျန်က သတိကြီးကြီးထားတက်ပေမဲ့ မုရုံချီကတော့ ဖန်းလျန်လိုမဟုတ်ဘဲ မာနကြီးသူပါ။ ဘဝဟောင်းတုန်းက စစ်နတ်ဘုရား ဖြစ်ခဲ့တာကြောင့် ရွှင်ချန်းအန်း ဘယ်လောက်သင်ကြားကြား မုရုံချီရဲ့မာနကိုတော့ မဖျောက်ဖျက်နိုင်ပါဘူး။

မုရုံချီရဲ့ အမြင်မှာ သူ့အရည်အချင်းက ပြိုင်ဘက်ကင်းတာကြောင့် လောကတစ်ခွင် ကျော်ကြားသင့်တယ်လို့ ယူဆထားပါတယ်။ ဒီလိုတောင်ပေါ်မှာ ခြိုးခြိုးခြံခြံနဲ့ မကျင့်ကြံချင်ပါဘူး။ မုရုံချီ တောင်ပေါ်မှာ ဆက်နေတာက သူ့ကျင့်ကြံမှုက မလုံလောက်သေးဘူးလို့ ခံစားနေရတာကြောင့်ပါ။

“တောင်အောက်ဆင်းပြီး လေ့ကျင့်ချည်၊ ကြိုက်တဲ့အချိန် ပြန်လာနိုင်တယ်” ဟန်ကျွယ်ကို ပြန်ပြောလိုက်ပါတယ်။

ဒီစကားကြားရမှာ ဖန်းလျန်ဟာ စိတ်သက်သာရာ ရသွားပါတယ်။

ဟန်ကျွယ်ဟာ သူ့တပည့်တွေကို တစ်ချက်တောင်မကြည့်တော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်သွားပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ရှိနေတဲ့ ဝူတောက်ကျန့်ကလည်း ကျင့်ကြံအားထုတ်နေပါတယ်။ ဝူတောက်ကျန့်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို လျှောက်ကြည့်ပေမဲ့ မကြာခင်မှာပဲ ပျင်းသွားတာကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်လာပြီး ကျင့်ကြံအားထုတ်နေတာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာထိုင်ပြီး စတင်ကျင့်ကြံအားထုတ်ပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဝူတောက်ကျန့် ရှိနေပေမဲ့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်နဲ့ စကားမပြောဖြစ်သလောက်ပါပဲ။ အချိန်အများစုမှာ သူတို့နှစ်ဦးလုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျင့်ကြံအားထုတ်နေကြတာချည်းပါပဲ။ ဒီလိုအခြေအနေကလည်း ဟန်ကျွယ် အကြိုက်ပါပဲ။

ဖန်းလျန်ဟာ ဝီရိယတောင်မှာ နောက်ထပ်ခုနစ်ရက်နေပြီးနောက်မှာ တောင်အောက်ဆင်းသွားပါတယ်။ ရွှင်ချန်အန်းဟာ ချောက်ကမ်းပါးစွန်းမှာရပ်ပြီး ဖန်းလျန် ထွက်သွားတာက စိုးရိမ်ပူပန်တဲ့မျက်နှာနဲ့ ကြည့်နေပါတယ်။

ရွှင်ချန်အန်းရဲ့ အခြေအနေကို မြင်ရတဲ့ ငရဲကြက်နက်ဟာလည်း သက်ပြင်းချလိုက်ပါတယ် “ဟင်း... ပဋိပက္ခကောင်းကင်ခွေးက သေသွားပြီလား၊ ဘာလို့ ခုထိ ပြန်မလာသေးတာလဲ”

ရန်ထျန်တုန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “အဲဒီခွေးလား သေမှာ၊ ဒီကောင်က တော်တော်လေး အကြမ်းခံတယ်၊ ဒီကောင်ကို သတ်ဖို့ဆိုတာ ကောင်းကင်ဘုံတက်တာထက် ပိုခက်တယ်”

ငရဲကြက်နက်ဟာ ရန်ထျန်တုန်းစကားကို ဘာမှ ပြန်မပြောဘဲ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ပါတယ်။

…

ရှစ်နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်သွားပါတယ်။ အဆင့်တက်ပြီးပြီးချင်း ဟန်ကျွယ် ပထမဆုံးလုပ်တာကတော့ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ကောင်းကင်ဘုံဝင် တတိယအဆင့်ရှိတဲ့ ရွှမ်ချင်းကျွင်းနဲ့ တိုက်ခိုက်တာပါ။

ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို မရှုံးတော့ပါဘူး။

မိနစ်အနည်းငယ် အကြာမှာတော့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို သတ်နိုင်သွားပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီရလဒ်ကို မကျေနပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟာညီညွှတ်မှု ဆန်းကြယ်စွမ်းအားကို သုံးတာတောင် ရွှမ်ချင်းကျွင်းကို တစ်ချက်တည်း အပြတ်မရှင်းနိုင်လို့ပါပဲ။ မကောင်းဆိုးဝါးဧကရာဇ်ကလည်း ဒီကျင့်ကြံမှုအဆင့်လောက်မှာပါ။ မကောင်းဆိုးဝါးဧကရာဇ်က မတော်တဆ ယွီဂျင်ဂိုဏ်းကို ရောက်လာခဲ့လို့ ဟန်ကျွယ်က သူ့ကို တစ်ချက်တည်းနဲ့ အပြတ်မရှင်းနိုင်ရင် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ရမှာပါ။

‘ကြည့်ရတာ ငါ့ရဲ့ ဆန်းကြယ်စွမ်းအားကို ဒီထက်အားကြီးလာအောင် လုပ်ရမဲ့ပုံပဲ’

အရင်တစ်‌ခေါက်တုန်းဟာ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲ ခြေလှမ်းပြီး ဓားတာအိုဆန်းကြယ်စွမ်းအားကို တိုးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် အဆင့်မှာပဲ ရှိပါသေးတယ်။ အခု ဟန်ကျွယ်က အတိဒုက္ခဖြတ်ကျော် ဆဋ္ဌမအဆင့်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် ဓားတာအိုမြစ်ထဲမှာ နောက်ထပ်ခြေလှမ်း လှမ်းနိုင်ဖို့က သေချာသလောက်ပါပဲ။

ဟန်ကျွယ်ဟာ သေချာစဉ်းစားပြီးနောက် မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆန်းကြယ်စွမ်းအားက အဝေးမှာရှိတဲ့ ရန်သူကို သတ်ဖြတ်နိုင်ပါတယ်။ ဒီနည်းနဲ့ဆိုရင် ဟန်ကျွယ်ဟာ ရန်သူကို သတ်ဖို့အတွက် ကိုယ်ထင်ပြစရာ မလိုပါဘူး။

ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းကို စတင်သုံးသပ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ တာအိုသိမြင်နားလည်ခြင်းအခြေအနေကို ဝင်ရောက်သွားပါတယ်။

နှစ်လကြာပြီးနောက်။

သေမျိုးလောကတစ်ခုလုံးကို တုန်လှုပ်စေတဲ့ အံဖွယ်နိမိတ်တစ်ခု ပေါ်လာပါတယ်။ ဒါပေမဲ့ လက်ယာ-လက်ဝဲ စစ်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေတုန်းဖြစ်ပြီး နှစ်ဖက်စလုံးဟာ ရန်သူဘက်က တစ်ယောက်ယောက် အဆင့်တက်သွားမှာကို စိုးရိမ်နေကြပါတယ်။

ဒီအံဖွယ်နိမိတ်ကို ဖြစ်စေတဲ့သူကတော့ ဟန်ကျွယ်ပဲ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ တရင်းတနှီးရှိလှတဲ့ ဓားတာအိုမြစ်ထဲကို ထပ်မံရောက်ရှိလာပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အရင်တုန်းကလို မဟုတ်ဘဲ သူ့သတိတရားကို ထိန်းချုပ်နိုင်ပြီး ရှေ့ကိုဆက်တိုးမလား ရပ်တန့်မလားဆိုတာ ရွေးချယ်နိုင်ပါတယ်။

‘ငါ အဲဒီပုဂ္ဂိုလ်နဲ့ ထပ်တွေ့နိုင်လောက်ပါတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှေ့ဆက်လှမ်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပုံမှန်ခြေလှမ်းအတိုင်း လျှောက်လှမ်းရင်း တစ်ယောက်ပြီး တစ်ယောက်ကို ကျော်တက်သွားပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဖျတ်ခနဲဖျတ်ခနဲ ပေါ်လာတဲ့ ဓားကျင့်ကြံသူအရိပ်တွေကို ဂရုတစိုက် ကြည့်ရှုပါတယ်။

တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ဟာ တရင်းတနှီးရှိလှတဲ့ ရုပ်သွင်တစ်ခုက သူ့ကို စောင့်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ နှုတ်ဆက်လိုက်ပါတယ် “စီနီယာ... မတွေ့ရတာတောင် အတော်ကြာပြီ၊ နေ‌ကောင်းလား”

တစ်ဖက်လူက မကျေမနပ် ပြန်ပြောပါတယ် “ဘာမှမကြာသေးဘူး၊ မင်း ထပ်ရောက်လာပြန်ပြီ၊ ဒီတစ်ခါတော့ မင်းကို ငါ မတားတော့ဘူး၊ ကိုယ်သေတွင်း ကိုယ်ဆက်တူးတော့”

ဟန်ကျွယ်ဟာ တစ်ဖက်လူရှေ့ကို လျှောက်သွားပြီး လက်သီးဆုပ် အရိုအသေပြုကာ အပြုံးနဲ့ ပြောလိုက်ပါတယ် “အရင်ခေါက်တွေတုန်းက စီနီယာရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာရဲ့ နာမည်ကို သိပါရစေ”

တစ်ဖက်လူက ဘာမှပြန်မပြောတဲ့အတွက် ဟန်ကျွယ်က ဆက်ပြောလိုက်ပါတယ် “ကျွန်တော်က အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်သွားပြီ၊ မကြာခင်မှာ အထက်ဘုံကို တက်ရတော့မှာ၊ စီနီယာရဲ့ ကူညီမှုအတွက် ကျေးဇူးပြန်ဆပ်ချင်လို့ပါ၊ ကျွန်တော်ရဲ့ ကျင့်ကြံမှုအဆင့်က စီနီယာမျက်လုံးထဲ မဝင်ပေမဲ့ ကျွန်တော်က ဆက်ကြိုးစားကျင့်ကြံမှာပါ”

ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲ ရောက်လာတိုင်း တစ်ဖက်လူကို တွေ့နေရတဲ့အတွက် တစ်ဖက်လူက ဓားတာအိုမြစ်ကို စောင့်ကြပ်နေတာလို့ မှန်းဆလိုက်ပါတယ်။ ဓားတာအိုမြစ်ထဲကို စောင့်ကြပ်နေတယ် ဆိုကတည်းက အထက်ဘုံက ထိပ်တန်းကျင့်ကြံသူဆိုတာ ယုံမှားဖွယ် မရှိပါဘူး။

ဟန်ကျွယ်ဟာ အထက်ဘုံကို မတက်ရသေးပေမဲ့ ရန်သူတော်နှစ်ယောက် ရှိနေပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ကို အကာအကွယ်ပေးနိုင်မဲ့ မိတ်ဆွေ ရှာနေတာပါ။

တစ်ဖက်လူက နှာခေါင်းရှုံ့လိုက်ပါတယ် “တော်စမ်းပါ၊ ငါ ဓားတာအိုမြစ်ကို စောင့်နေတယ်ဆိုတာက ဓားတာအိုကို ကာကွယ်ချင်လို့ပဲ၊ မင်းနေတဲ့ သေမျိုးကမ္ဘာက မရိုးရှင်းဘူးပဲ၊ မင်းကလွဲပြီး နောက်ထပ်ပါရမီရှင်တစ်ယောက်လည်း ဒီကို ရောက်လာသေးတယ်၊ သူက မင်းလောက် အရည်အချင်း မရှိဘူးဆိုပေမဲ့ ဓားအမတဖြစ်လာဖို့က ဘာမှမခက်ဘူး”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အဲဒီလူက ဘယ်လိုခေါ်လဲ”

“ငါ ပြောလို့မရဘူး၊ ဒါပေမဲ မင်းတို့နှစ်ယောက်ကြားမှာ ရေစက်ရှိတယ်”

တစ်ဖက်လူရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ လူတစ်ယောက်ကို တွေးမိသွာပါတယ်။

ဟွမ်ဂျိဟောင်။

ဟွမ်ဂျိဟောင်ဟာ ဓားနှလုံးသားနဲ့ မွေးဖွားလာတဲ့သူဖြစ်ပြီး ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ရောက်သွားပါပြီ။ သူက တဖြည်းဖြည်းနဲ့ အရည်အချင်း ပြလာပါပြီ။

ဟန်ကျွယ်ဟာ ဒီထက်ပိုမတွေးဘဲ ရှေ့ဆက်လျှောက်ပါတယ်။ ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ တစ်ဖက်လူကို ကျော်တက်လိုက်တဲ့အခါမှာ ကြီးမားတဲ့ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။

ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ပါတယ်။

ဒုတိယခြေလှမ်း။

တတိယခြေလှမ်း။

အရင်တစ်ခေါက်တုန်းက ဟန်ကျွယ်ဟာ တတိယခြေလှမ်းမှာ ရပ်တန့်ခဲ့ရပြီး ရှေ့ဆက်မလျှောက်နိုင်ခဲ့ပါဘူး။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါတယ်။

စတုတ္ထခြေလှမ်း။

ပဥ္စမခြေလှမ်း။

ကြီးမားပြင်းထန်လွန်းတဲ့ ဖိအားကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ အံကြိတ်ပြီး နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါတယ်။

“ဝုန်း...”

ဟန်ကျွယ်ရဲ့ သတိတရားဟာ အပြာရောင်မီးလျှံ ထတောက်သွားပေမဲ့ အောင်မြင်စွာ ခြေလှမ်းနိုင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီထက်ဆက်ပြီး သွားလို့မရမှန်း သိလိုက်ပါတယ်။ မဟာညီညွှတ်မှုပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ ခြေလှမ်းခြောက်လှမ်း လှမ်းနိုင်ခဲ့ပါတယ်။ ဒီဟာက ဟန်ကျွယ်အတွက် လုံလောက်ပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းကြီး နောက်မဆုတ်ဘဲ ကြီးမားတဲ့ဖိအားအောက်မှာ နောက်ပြန်လှည့်လိုက်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ပုဂ္ဂိုလ်က ချီးကျူးလိုက်ပါတယ် “တော်တယ်၊ မင်းရဲ့ ဓားတာအိုပါရမီက မရေမတွက်နိုင်တဲ့ သေမျိုးကမ္ဘာက ဓားကျင့်ကြံသူတွေ အကုန်လုံးကို နှိပ်ကွပ်နိုင်သွားပြီ”

[ကျန်းကူရှင်းသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

‘ကျန်းကူရှင်း’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပြီးနောက် ကျန်းကူရှင်းရှေ့ လျှောက်သွားကာ ပြောလိုက်ပါတယ် “စီနီယာရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် စီနီယာကို မနှောင့်ယှက်တော့ပါဘူး”

ကျန်းကူရှင်းက ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်ကလည်း သူ့သတိတရားကို ခွဲဖြန့်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဓားတာအိုမြစ်ဟာ ပြိုကွဲသွားပြီး ဟန်ကျွယ် သတိတရားဟာ သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားပါတယ်။

“ဝုန်း...”

ဟန်ကျွယ်ခန္ဓာကိုယ်ထဲက လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားဟာ ရုတ်တရက် ထိုးဖောက်ထွက်သွားပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက တဟုန်ထိုး တိုးတက်သွားပါတယ်။

[သင့်ဆန်းကြယ်စွမ်းအား မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းသည် များစွာ တိုးတက်သွားပြီး မဟာညီညွှတ်မှု ဆန်းကြယ်စွမ်းအားအဖြစ်သို့ အဆင့်မြှင့်တက်သွားပါပြီ။]

[သင်သည် ဓားတာအိုကို သုံးသပ်နားလည်ခဲ့သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]

ဟန်ကျွယ်ဟာ သူ့ကျင့်စဉ်အတိုင်း ချက်ချင်းလေ့ကျင့်ပြီး အရှိန်အတိုင်း ဆက်သွားပါတယ်။

ဝူတောက်ကျန့်ဟာ မျက်လုံးဖွင့်ပြီး ဟန်ကျွယ်ကို တအံတဩ ကြည့်လိုက်ပေမဲ့ ဟန်ကျွယ်ကို အနှောင့်အယှက် မပေးပါဘူး။

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို အနှောင့်အယှက် မပေးချင်တဲ့အတွက် စနစ်အရံအတားကို အသက်သွင်းပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ချိပ်ပိတ်လိုက်ပါတယ်။

ခုနစ်ရက်ကြာပြီးနောက်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု တိုးတက်တာ ရပ်တန့်သွားပါတယ်။ ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် သတ္တမအဆင့်နဲ့ အလှမ်းဝေးနေသေးတယ်ဆိုပေမဲ့ နှစ်များစွာ ဂူအောင်းကျင့်ကြံရမဲ့စွမ်းအားကို ခုနစ်ရက်တည်းနဲ့ ရရှိသွားပါတယ်။

‘မဆိုးဘူး’

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို အသုံးပြုပြီး ကျန်းကူရှင်းရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။

[ကျန်းကူရှင်း: မဟာညီညွှတ်မှု အလတ်တန်း အမတစစ်၊ ဓားတာအိုမြစ်အား နှစ်တစ်သန်း စောင့်ကြပ်သူ။ သင့်တွင်ရှိသော ထိပ်တန်းဓားကျင့်ကြံမှုစွမ်းရည်ကြောင့် ကျန်းကူရှင်းသည် သင့်အား အကောင်းမြင်နေသည်။ သို့သော်လည်း သင့်စိတ်နေစိတ်ထားကို သံသယဝင်နေတုန်း ဖြစ်သည်။ အကြောင်းရှာ၍ စကားပြောဆိုမည်ဆိုလျှင် ကျန်းကူရှင်း၏ အမြင်ကတ်ခြင်းကို ခံရမည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

‘မဟာညီညွှတ်မှု အမတစစ်’

‘တော်တော်စွမ်းအားကြီးမဲ့ပုံပဲ’

ဟန်ကျွယ်ဟာ အောက်ဆုံးနားက စာကြောင်းကြောင့် ကသိကအောက် ဖြစ်သွားပါတယ်။

‘စွမ်းအားကြီးတဲ့သူတွေက ဘာလို့ အေးစက်ပြီး မာနကြီးရတာလဲ’

‘ငါ သူ့ကို နောက်တစ်ခါကျ လျစ်လျူရှူလိုက်ရင် မျက်နှာသာပေးမှု တိုးသွားမလား’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters