အတိဒုက္ခဖြတ်ကျော် အဋ္ဌမအဆင့်၊ နေသုံးစင်း
Vol. 9 Ch. 126
အခန်း (၁၂၆) အတိဒုက္ခဖြတ်ကျော် အဋ္ဌမအဆင့်၊ နေသုံးစင်း
ဟန်ကျွယ်ဟာ အင်္ကျီလက်စကို အသာသိမ်းပြီး ပြောလိုက်ပါတယ် “ခင်ဗျား... ရှုံးသွားပြီ”
‘ငါ့ကိုတော့ မမုန်းနဲ့နော်... ငါ့ကို မုန်းရင် မရဏလမ်းကို မြန်းရလိမ့်မယ်’
ဂျိရှင်းရှန်ဟာ ငယ်ထိပ်မိုးကြိုးကျသလို ကြောင်တောင်တောင် ရပ်နေပြီး ပါးစပ်ထောင့်က စီးကျနေတဲ့ သွေးတွေကို မသုတ်ပါဘူး။ ဂျိရှင်းရှန်ဟာ ခံစားချက်မျိုးစုံကို ခံစားလိုက်ရပါတယ်။
ဂျိရှင်းရှန်ဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ကောင်းကင်ဘုံဝင် ကျင့်ကြံသူလား”
‘ကောင်းကင်ဘုံဝင် စတုတ္ထအဆင့်ရှိတဲ့ မိစ္ဆာကျင့်ကြံသူကိုတောင် ငါ သတ်ခဲ့တာပဲ၊ ဘာလို့ ဒီလူကို ရှုံးရတာလဲ’
‘ဒီလူက ကောင်းကင်ဘုံဝင် နဝမအဆင့်မို့လို့လား’
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပြီးမှ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပါတယ်။
ဒါကို မြင်လိုက်ရတဲ့ ဂျိရှင်းရှန်ဟာ ခံစားချက် နည်းနည်းကောင်းသွားပါတယ်။ ဒါပေမဲ့လည်း ဂျိရှင်းရှန်ဟာ ဒီအရှုံးကို လက်မခံနိုင်တာကြောင့် နာကျင်စွာနဲ့ ပြောလိုက်ပါတယ် “ငါက ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံဝင် ကျင့်ကြံသူကို ရှုံးရတာလဲ... ဘာလို့လဲ...”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ် ‘မင်းက တော်တော် ဘဝမြင့်တာပဲ... အတိဒုက္ခဖြတ်ကျော် နဝမအဆင့်ပဲ ရှိသေးတာကိုး၊ ဘာလို့ ကောင်းကင်ဘုံဝင် ကျင့်ကြံသူကို မရှုံးရမှာလဲ... အမှန်တော့ ငါက ကောင်းကင်ဘုံဝင် ကျင့်ကြံသူ မဟုတ်ဘူး’
ဂျိရှင်းရှန်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ် “ကွမ်းယွီ... မင်းက ငါ့ကို ပထမဆုံး အနိုင်ရတဲ့သူပဲ၊ ဒါပေမဲ့ နောက်တစ်ခါကျရင် ငါ အနိုင်ရလိမ့်မယ်၊ ငါက ပြိုင်ဘက်ကင်းဖြစ်ဖို့ ကံကြမ္မာပါလာပြီးသား၊ ငါက အမတနတ်ဘုရားဖြစ်ဖို့ မွေးဖွားလာတာ”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျုပ် ခင်ဗျားကို ယုံပါတယ်၊ ခင်ဗျားရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းဆိုတော့ အနာဂတ်က ခင်ဗျား လက်ထဲမှာပါ”
ဂျိရှင်းရှန်ရဲ့ မျက်နှာဟာ နည်းနည်း တောက်ပလာပါတယ်။
[ဂျိရှင်းရှန်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
“ခင်ဗျားစကားကို ကျုပ် သက်သေပြမယ်” ဂျိရှင်းရှန်ဟာ ပြောဆိုပြီးတာနဲ့ ထွက်ခွာသွားပါတယ်။ မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ ဂျိရှင်းရှန်ဟာ မိုးကုပ်စက်ဝိုင်းဆီ ရောက်ရှိသွားပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဂိုဏ်းထဲကို လူတိုင်းကို လျစ်လျူရှူကာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားပါတယ်။ ဝူတောက်ကျန့်ဟာလည်း ကျင့်ကြံခြင်းလိုဏ်ဂူထဲ ချက်ချင်း ပြေးဝင်လာပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အဲဒီလူက တော်တော်လေး စွမ်းအားကြီးလား”
“အင်း... အရမ်းစွမ်းအားကြီးတယ်၊ ကောင်းကင်ဘုံဝင် ကျင့်ကြံသူနဲ့တောင် ယှဉ်နိုင်တယ်”
ဝူတောက်ကျန့်ဟာ တုန်လှုပ်သွားပါတယ် ‘အဲဒီလောက်တောင် စွမ်းအားကြီးတာလား’
ဒီလောကမှာ ကောင်းကင်ဘုံဝင်အဆင့်က အမြင့်ဆုံးအဆင့်ဆိုတာကို ဝူတောက်ကျန့် သိပါတယ် ‘သခင်က ကောင်းကင်ဘုံဝင် ကျင့်ကြံသူ ဖြစ်နေပြီလား’
ဝူတောက်ကျန့်ရဲ့ အတွေးကို ရိပ်မိတဲ့ ဟန်ကျွယ်ဟာ ခေါင်းခါပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါက ကောင်းကင်ဘုံဝင်အဆင့် မရောက်သေးဘူး”
“ဒါဆိုရင် ဘာဖြစ်လို့ သူ့ကို တိုက်ထုတ်လိုက်နိုင်တာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ ငါက ကြိုးကြိုးစားစားကျင့်ကြံထားတယ်လေ၊ အဲဒီတော့ သူ့ထက်ပိုပြီး စွမ်းအားများတယ်၊ အဲဒါကြောင့် မင်းလည်း ငါ့လို ကြိုးကြိုးစားစား ကျင့်ကြံရမယ်၊ ကြိုးကြိုးစားစား ကျင့်ကြံပြီး စွမ်းအားတွေ စုဆောင်းမယ်ဆိုရင် မင်းလည်း ငါလို့ပဲ ကိုယ့်ထက်အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကို အနိုင်ယူနိုင်လိမ့်မယ်”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကြောင့် အတွေးနက်သွားပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “ဒီလောကမှာ ကောင်းကင်ဘုံဝင် ကျင့်ကြံသူချည်းပဲ အနည်းဆုံး တစ်သောင်းလောက် ရှိတယ်၊ အတိဒုက္ခဖြတ်ကျော်ကျင့်ကြံသူနဲ့ ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူကတော့ ပြောမနေတော့နဲ့၊ မင်းက အသွင်ပြောင်းလဲပြီးပြီ ဆိုပေမဲ့ သဘာဝရတနာ ဖြစ်နေတုန်းပဲ၊ စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်က မင်းကို ရှာတွေ့သွားရင် သူ့စွမ်းအားတိုးအောင် မင်းကို စားပစ်လိမ့်မယ်”
ဝူတောက်ကျန့် မျက်နှာဟာ ဟန်ကျွယ်စကားကြောင့် သွေးဆုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ဂျိရှင်းရှန်ကို အနိုင်ယူနိုင်လိုက်တာက ဟန်ကျွယ်ကို ထူးထူးခြားခြား မခံစားစေရပါဘူး။ အတိဒုက္ခဖြတ်ကျော် အဋ္ဌမအဆင့်ကို ထိုးဖောက်ရင်သာ ဒီထက် ပိုပျော်မှာပါ။
…
ဂျိရှင်းရှန်ကို အနိုင်ယူလိုက်တဲ့ ကိစ္စက ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ ရုတ်ရုတ်သဲသဲ မဖြစ်ပါဘူး။ တာအိုသခင်ကျိုးတိဟာ ဂျိရှင်းရှန် ဘယ်သူဘယ်ဝါမှန်း သိလိုက်ရတဲ့အခါမှာတော့ သေလောက်အောင် ကြောက်သွားပါတယ်။ ချက်ချင်းပဲ ဒီကိစ္စ မပျံ့နှံ့အောင် ဖိနှိပ်လိုက်ပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးဟာ ကောင်းကင်အမတစံအိမ်နဲ့ ဘယ်လိုမှ မယှဉ်နိုင်သေးပါဘူး။ ဒါကြောင့် ဒီတိုက်ပွဲရလဒ်က ယွီဂျင်ဂိုဏ်းတော်ကြီးအတွက်တော့ ဇက်ပေါ်တင်ထားတဲ့ ဓားတစ်လက်လိုပါပဲ။
တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို အရင်ကထက် ပိုပြီးတော့ အရေးပါလာပါတယ်။ တစ်ခါတစ်လေမှာ ဝီရိယတောင်ကို ကိုယ်တိုင်သွားပြီး သဘာဝရတနာတွေ စိုက်ပျိုးပေးသလို ငရဲကြက်နက်၊ ရန်ထျန်တုန်း၊ ရွှင်ချန်အန်းတို့နဲ့လည်း စကားစမြည် ပြောဆိုပါတယ်။
မုရုံချီဟာလည်း တာအိုသခင်ကျိုးတိရဲ့ မျက်နှာသာပေးမှုကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ အဆင့်အတန်ရော အာဏာရော ကြီးမားလာပါတယ်။ မုရုံချီဟာ ဂိုဏ်တာဝန် ထမ်းဆောင်ရချိန်ကလွဲလို့ အချိန်အများစုမှာ ဖူစန်းသစ်ပင်အောက်ကို ပြန်လာပြီး ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုမှာပဲ အာရုံစိုက်ပြီး အတိဒုက္ခဖြတ်ကျော် အဋ္ဌမအဆင့်ကို တစ်ချက်တည်း ထိုးဖောက်နိုင်အောင် ကျင့်ကြံအားထုတ်ပါတယ်။
ဒီလိုနဲ့ပဲ ဆယ့်သုံးနှစ် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် အဋ္ဌမအဆင့်ကို ရောက်ရှိသွားပါတယ်။ အခုအချိန်မှာဆိုရင် ဟန်ကျွယ်ဟာ အသက်ခြောက်ရာနီးပါး ရှိနေပါပြီ။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်၊ မော့ကျူနဲ့ ချန်ယွီအာတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးလိုက်တဲ့အခါမှာ အနိမ့်ဆုံးဆင့်က ကနဦးဝိညာဉ်ပဥ္စမအဆင့် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ နတ်မိမယ်ရှီရွှမ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့အတွက် မဆိုးဘူးလို့ ပြောရမှာပါ။
သူတို့တွေ ဒီလောက်မြန်မြန် ကျင့်ကြံမှု တိုးတက်လာတာက သူတို့တွေ ရရှိထားတဲ့ အခွင့်အရေးတွေအပြင် ဝီရိယတောင်ရဲ့ ထူထပ်သိပ်သည်းလွန်းတဲ့ စိတ်ဝိညာဉ်ချီကြောင့်လည်း ပါပါတယ်။
ဟန်ကျွယ်ဟာ သူတို့တွေကို ပိုပိုပြီး စွမ်းအားကြီးလာစေချင်ပါတယ်။ ဟန်ကျွယ်ဟာ ဝတ္ထုတွေက ဇာတ်လိုက်မဟုတ်သလို သူ့စနစ်ကလည်း တစ်ခြားစနစ်တွေနဲ့ လုံးဝကွဲပြားပါတယ်။ ဟန်ကွယ်ဟာ စနစ်ထဲကနေ အသက်ရှည်ဆေးတော့ အမတဆေးတို့ကို မရရှိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ အဆင့်တက်ပြီးတာနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကျိန်စာတိုက်ပါတယ်။ ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးပါတယ်။
[သင့်အိမ်မွေးသားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၃၁၁၁
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၈၉၃၄
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၆၇
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးဘုရင်လိုဏ်ဂူထဲသို့ မတော်တဆ ဝင်ရောက်မိပြီး နှစ်တစ်သောင်းသက်တမ်းရှိ နတ်ဆိုးအမြူတေကို ရရှိသွားခဲ့သည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လက်ဝဲကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၇၆၆၆
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို သုတ်သင်ခဲ့သောကြောင့် ကံတရားအထောက်အပံ တိုးတက်သွားပါပြီ။]
[သင့်တပည့် စုချီသည် လက်ဝဲကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၈၇၃
[သင့်မိတ်ဆွေ တာအိုသခင်တျန်ကုန်းသည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် စွမ်းအားကြီးပုဂ္ဂိုလ်များ တာအိုဆွေးနွေးရာသို့ မတော်တဆ ဝင်ရောက်မိပြီး မိုးမြေအဓိပ္ပာယ်စစ်ကို သိမြင်နားလည်သွားခဲ့သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]
…
အကြောင်းအရာ အများစုက နတ်ဆိုးလမ်းစဉ်နဲ့ ပတ်သက်တာတွေချည်းပါပဲ။ ဂျိရှင်းရှန် အတိုက်ခိုက်ခံရတဲ့ အရေအတွက်ကလည်း မနည်းမနောပါပဲ။ သူတစ်ဦးပဲ လက်ဝဲဂိုဏ်းကိုသွားပြီး လက်ဝဲကျင့်ကြံသူ တစ်သိန်းကျော်ကို တိုက်ခိုက်ရဲပါတယ်။
ဟန်ကျွယ်ဟာ တာအိုသခင်တျန်ကုန်းရဲ့ သေဆုံးမှုကို သတိပြုမိသွားပါတယ်။ တာအိုသခင်တျန်ကုန်းဟာ ကောင်းကင်သွေးမီးလျှံဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးပါ။ အရင်တုန်းက တာအိုသခင်တျန်ကုန်းဟာ ယွီဂျင်ဂိုဏ်းတော်ကြီးထဲ စိမ့်ဝင်ပြီး ဟန်ကျွယ်ကို လုပ်ကြံဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဟန်ကျွယ်သတ်တာကို ခံလိုက်ရပြီး ဝိညာဉ်အပိုင်းအစတစ်ခုက လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တာအိုသခင်တျန်ကုန်းဟာ ထပ်ပြီးရန်မစရဲတော့ဘဲ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ယွီဂျင်ဂိုဏ်းတော်ကြီးထဲ ခိုဝင်အောင် အကူအညီ ပေးခဲ့ပါတယ်။
တာအိုသခင်တျန်ကုန်းရဲ့ သေဆုံးမှုဟာ လျူပုမီကို တော်တော်လေး ကြေကွဲဝမ်းနည်းသွားစေပါတယ်။
ဒါက လူတွေနေ့တိုင်သေနေတဲ့ ကျင့်ကြံခြင်းလောကရဲ့ သရုပ်မှန်ပါပဲ။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါမှာ ပုံတွေက အရင်ကထက် နည်းနေတာကို သတိပြုမိသွားပါတယ်။ ကံကောင်းတာကတော့ ဟန်ကျွယ်ဂရုစိုက်တဲ့လူတွေက ရှိနေတုန်းပါပဲ။
‘သေမျိုးလောကမှာရှိတဲ့ ဘဝတွေက ကမ်းခြေက သဲတွေလို မျောသွားလိုက် ပါလာလိုက်ပဲ၊ ငါက မင်းတို့အတွက် ဒီလမ်းကို ဆက်လျှောက်ပေးမယ်’
ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပြီး လက်သီးဆုပ် အရိုအသေပြုလိုက်ပါတယ် “ဒီကမ္ဘာမှာ ကျုပ်တို့တွေ တွေ့ဆုံခဲ့ရတာက ရှားပါးလွန်းတဲ့တွေ့ဆုံမှုပဲ၊ ခင်ဗျားတို့တွေ စိတ်ချလက်ချ သွားကြပါ”ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။
ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင် ဘာလုပ်တာလဲ”
“သေဆုံးသွားတဲ့သူတွေက နှုတ်ဆက်နေတာ”
“ဘယ်သူသေသွားတာလဲ”
“ငါနဲ့ သိပ်မရင်းနှီးတဲ့လူ၊ ပြီးတော့ ငါမမှတ်မိတော့တဲ့ လူအများကြီး”
“သခင်က သူတို့နဲ့ မရင်းနှီးဘူး သူတို့ကို မမှတ်မိဘူးဆိုရင် ဘာလို့ နှုတ်ဆက်နေသေးတာလဲ”
“ကျင့်ကြံခြင်းလမ်းစဉ်က အရမ်းအန္တရာယ်များတယ်ဆိုတာကို ငါ့ကိုယ်ငါ သတိပေးတာ၊ မင်းလည်း ဘယ်တော့မှာ သတိမလွတ်စေနဲ့”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို အရမ်းကြည်ညိုလေးစားသွားပါတယ် ‘သခင်ရဲ့ ကျင့်ကြံမှုက အရမ်းမြင့်တာပဲ’
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ကို ထွက်လိုက်ပါတယ်။ အပြင်ဘက်ကို ရောက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲကြက်နက်က ဖူစန်းသစ်ပင်ပေါ်မှာ ရှိမနေဘဲ တောအုပ်အစွန်းမှာ ကျင့်ကြံနေတာကို တွေ့လိုက်ရလို့ပါ။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းဆီ လျှောက်သွားပြီး မေးလိုက်ပါတယ် “ဒီရက်ထဲ ဖူစန်းသစ်ပင် လှုပ်သေးလား”
ရွှင်ချန်အန်းဟာ ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် လန့်ဖျပ်သွားပြီး အလိုလို ပြန်ဖြေမိလိုက်ပါတယ် “လှုပ်တယ်”
ဟန်ကျွယ်ဟာ နောက်လှည့်ကြည့်လိုက်တဲ့အခါမှာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်းဒူးထောက်လိုက်ပါတယ်။ ရန်ထျန်တုန်းဟာလည်း ကျင့်ကြံရာကနေ နိုးထလာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။
ငရဲကြက်နက်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ကို မြင်တယ်ဆိုရင်ပဲ ဖူစန်းသစ်ပင်ဆီ ချက်ချင်း ပျံသန်းသွားပါတယ်။
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ငရဲကြက်နက်ကို ဆွဲစုပ်ကာ ငရဲကြက်နက်ရဲ့ လည်ပင်းကို ဆုပ်ကိုင်လိုက်ပါတယ် “ဘယ်လောက်ကြာပြီလဲ”
“နှစ်နည်းနည်းလေးပါ...”
“ဘယ်နှစ်နှစ်လဲ”
“ငါးနှစ်ပါ...”
“ကြက်သားနှပ်၊ ကြက်ပေါင်း၊ ကြက်ကင်၊ ကြက်စွပ်ပြုတ်တို့ကို ကြားဖူးလား”
“အား... သခင်... ကျွန်တော် မှားပါပြီ... ကျွန်တော် မှားပါပြီ” ငရဲကြက်နက်ဟာ မျက်ရည်ထွက်လုနီးပါး ဖြစ်သွားပြီး ကျယ်လောင်စွာ ထအော်ပါတယ်။
ငရဲကြက်နက်ဟာ ဟန်ကျွယ်ကို အကြောက်ဆုံးပါ။
ရန်ထျန်တုန်းနဲ့ ရွှင်ချန်အန်းဟာ ငရဲကြက်နက်ကို အမြင်မကြည်ပေမဲ့ ဟန်ကျွယ်ကို ဝိုင်းဖျောင်းဖျကြပါတယ် “ဆရာသခင်... ဒီကြက်က သေဖို့ မတန်သေးပါဘူး”
ဟန်ကျွယ်ဟာ ကောင်းကင်ပေါ်ကို ရုတ်တရက် မော့ကြည့်လိုက်ပါတယ်။
ငရဲကြက်နက်ကတော့ ချမ်းသာပေးဖို့ တောင်းပန်နေတုန်းပါပဲ။
ရန်ထျန်တုန်းနဲ့ ရွှင်ချန်အန်းဟာလည်း အလိုလို ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပါတယ်။ ရွှင်ချန်အန်းဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ငါ အမြင်မှားနေတာလား၊ ဘာဖြစ်လို့ ကောင်းကင်မှာ နေသုံးစင်း ရှိနေရတာလဲ”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။