← Chapters

အခန်း ၈၇၁

Vol. 61 Ch. 871

အခန်း ၈၇၁

Vol. 61 Ch. 871

အပိုင်း (၈၇၁) ရူးသွပ်နေသော သားရဲ

ကျိန်စာနတ်ဘုရားကပဲ ဘက်လိုက်လွန်းနေသည် ဖြစ်မည်။ ရှုဟွမ်၏ အဆက်မပြတ် ဆုတောင်းနေမှုအောက်တွင် ဦးနှောက်ချိတ်ဆက်ခြင်း စတင်ပြီး ဆယ်မိနစ်အကြာမှာပင် ပါဝင်သူတစ်ဦးသည် ရုတ်တရက် တဆတ်ဆတ်တုန်တက်လာပြီး သူ့လက်မောင်းရှိ သွေးကြောများ ရုန်းကြွလာတော့သည်။ အကယ်၍ သူ့လက်နှင့် ခြေထောက်များကို ဝိုင်ယာကြိုးများဖြင့် မချည်နှောင်ထားပါက သူသည် သူ့မျက်နှာကို ဆွဲဖွင့်ပြီး ခေါင်းထဲမှ အရာများကို ထုတ်ပစ်ချင်နေသည့်ပုံပင်။

ဝန်ထမ်းများက ချက်ချင်း အပြေးအလွှား သွားစစ်ဆေးကြသော်လည်း ကိရိယာများမှာ ပုံမှန် အလုပ်လုပ်နေကြောင်း တွေ့ရသည်။ ဦးနှောက်ချိတ်ဆက်မှုကို ရပ်တန့်လိုက်ပါက ထိုတန်ဖိုးရှိသော အခွင့်အရေးတစ်ခုမှာ ထပ်မံ အလဟဿ ဖြစ်သွားမည်ဖြစ်သည်။ တောအုပ်အဓိကလူနာ၏ ဦးနှောက်ကို ထုတ်ယူပြီးနောက် ဦးနှောက်ချိတ်ဆက်မှုကို သုံးကြိမ်သာ ပြုလုပ်နိုင်မည်ဟု ခန့်မှန်းထားသဖြင့် အခွင့်အရေးတိုင်း အလွန်တန်ဖိုးရှိလှသည်။

“ဦးနှောက်ချင်း ချိတ်ဆက်တဲ့ ဖြစ်စဉ်မှာ တစ်ခါတလေ သဟဇာတမဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်၊ ဒါက ပုံမှန်ပါပဲ”

ကျွမ်းကျင်သူက သူ့မျက်မှန်ကို ပြင်ရင်း ပြောလိုက်သည်။

“လူအများကြီးနဲ့ တစ်ပြိုင်တည်း ဦးနှောက်ချိတ်ဆက်ရတာက တစ်ယောက်တည်း လုပ်တာနဲ့ မတူပါဘူး၊ ဒါကြောင့် စိတ်ချလက်ချ နေပါ”

နံရံပေါ်ရှိ နာရီသည် အော်ဟစ်သံညည်းညူသံများကြားတွင် ရပ်တန့်မသွားပေ။ မကြာမီ ဒုတိယပါဝင်သူ၏ မျက်လုံးများ ပြူးထွက်လာပြီး မျက်လုံးအိမ်ကို ဖောက်ထွက်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။ ရှုဟွမ်သည် ကြည့်နေရင်းပင် နာကျင်မှုကို ခံစားနေရသည်။

“ရှုဟွမ်၊ သူ့ခေါင်းက မိုးပျံပူဖောင်းလိုမျိုး တဖြည်းဖြည်း ကြီးလာတာကို ရှင်သတိထားမိလား”

ရှုဟွမ်၏ ဇနီးသည် ဒုတိယပါဝင်သူကို စိတ်လှုပ်ရှားစွာ ညွှန်ပြလိုက်သည်။

“သူ ပေါက်ကွဲသွားလိမ့်မယ်လို့ ရှင်ထင်လား”

ရှုဟွမ်သည် သူ့ဇနီး၏ ထူးဆန်းသောဝါသနာကို ကောင်းစွာ သိရှိထားသဖြင့် သူအလွန် စိုးရိမ်နေသော်လည်း မျက်နှာတွင် ဖော်မပြခဲ့ပေ။ သူက တက်တက်ကြွကြွ ပြန်ဖြေလိုက်သည်။

“သူ့ခေါင်းက မင်းအိပ်ခန်းထဲမှာ ဆွဲထားတဲ့ ဆီဆေးပန်းချီကားလို ဖြစ်သွားလိမ့်မယ်လို့ ငါထင်တယ်၊ အရောင်ပြင်းပြင်းတွေက မင်းရဲ့ အမြင်အာရုံတစ်ခုလုံးကို ချက်ချင်းပြည့်သွားစေပြီး မင်းရဲ့ ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေလိမ့်မယ်”

ရှုဟွမ်၏ ဖော်ပြချက်ကို ကြားသောအခါ သူ့ဇနီးသည် အလွန်ဝမ်းသာသွားပြီး မျက်နှာက နီမြန်းလာကာ “ပေါက်ကွဲစမ်း၊ ပေါက်ကွဲစမ်း” ဟု အော်ဟစ်နေတော့သည်။

ဦးနှောက်ချိတ်ဆက်ခြင်း အစီအစဉ်တွင် ပါဝင်သူအများအပြားသည် ပုံမှန်မဟုတ်သော အခြေအနေများ ပြသလာကြသည်။ ကျွမ်းကျင်သူမှာ သူ့နဖူးမှ ချွေးများကို သုတ်ရင်း လူ့အခွင့်အရေး ကော်မတီ ညွှန်ကြားရေးမှုးချုပ်ကို ခိုးကြည့်လိုက်သော်လည်း တစ်ဖက်လူက တည်ငြိမ်နေပြီး ရပ်တန့်လိုပုံ မရပေ။

“ဒါက ပုံမှန်ပါပဲ၊ ဒါတွေအားလုံးက ပုံမှန်တုံ့ပြန်မှုတွေပါ၊ ဦးနှောက်ချိတ်ဆက်တဲ့ အစီအစဉ်တွေမှာ လိုက်လျောညီထွေမှုအတိုင်းအတာအရ ဒီလို မသက်မသာဖြစ်တာမျိုးတွေ သဘာဝအတိုင်း ရှိတတ်ပါတယ်၊ နောက်ဆုံး တစ်ယောက်ကို ကြည့်လိုက်ပါ၊ သူ့ရဲ့ လိုက်လျောညီထွေဖြစ်မှုက အရမ်းမြင့်မားနေတော့ ဘာမှ မသက်မသာ ဖြစ်တာမျိုး မရှိဘူးလေ”

နောက်ထပ် ဆယ်မိနစ်ခန့် ကုန်လွန်သွားသောအခါ ပထမပါဝင်သူ နှစ်ဦးသည် ဒွာဒရခုနစ်ပေါက်မှ သွေးများ စီးထွက်လာတော့သည်။ သူတို့ခန္ဓာကိုယ်ရှိ ဝိုင်ယာကြိုးများမှာ ပါးစပ်တွင် ငါးမျှားချိတ်မိနေသော ရုန်းကန်နေသည့် ငါးများကဲ့သို့ တင်းမာနေခဲ့သည်။

ကန်ထဲရှိ အရည်များ နီရဲလာသည်အထိ လူတိုင်း စောင့်ကြည့်နေကြသော်လည်း ညွှန်ကြားရေးမှူးချုပ်က အမိန့်မပေးသဖြင့် ဘယ်သူမှ သွားမကယ်ဝံ့ကြပေ။

နာကျင်မှုသည် ကူးစက်တတ်ပုံရပြီး ပါဝင်သူခြောက်ဦးအနက် ငါးဦးမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပုံရသည်။ သူတို့ဦးနှောက်က သူတို့ခန္ဓာကိုယ်ကို သူတို့ကိုယ်သူတို့ ကယ်တင်ရန် မောင်းနှင်နေသော်လည်း တုတ်ခိုင်သော ဝိုင်ယာကြိုးများက သူတို့ရှင်သန်နိုင်မည့် လမ်းကြောင်းကို ပိတ်ဆို့ထား၏။

“အရမ်း တက်ကြွနေလိုက်တာ”

ရှုဟွမ်၏ ဇနီးသည် အရက်မူးနေသည့်အလား ရီဝေဝေမျက်လုံးဖြင့် သွေးကန်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

“မိန်းမ၊ တစ်ခုခုတော့ မှားနေပြီ၊ ငါ အရင်က ဦးနှောက်ချိတ်ဆက်တာကို မြင်ဖူးတယ်၊ အဲ့ဒါက ဒီလိုမျိုး မဟုတ်ဘူး”

ရှုဟွမ်မှာ အတော်လေး ကြောက်လန့်နေပြီ ဖြစ်သည်။

“နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်၊ အဖေက အဲ့ဒီမိန်းမရဲ့ ဦးနှောက်ထဲမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေကို တွေ့ထားတယ်တဲ့၊ ဒါက ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ ဒါကြောင့်လည်း အဖေက အဲ့ဒီအဆိပ်တွေကို ခွဲယူဖို့ လူအများကြီးကို ဖိတ်ခေါ်ပြီး ဦးနှောက်ချင်း ချိတ်ဆက်ခိုင်းတာပေါ့”

သူမက ဆိုသည်။ ထို့နောက် ထိုအမျိုးသမီးက သူမ၏ နှုတ်ခမ်းပေါ်တွင် လက်တစ်ချောင်း တင်လိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ဘယ်လိုဖြစ်ဖြစ် သူတို့အားလုံး သေကြမှာပဲလေ၊ တောအုပ်ရဲ့ မျိုးစေ့တွေက ဘယ်လိုလုပ် ထပ်ပြီး ပျံ့နှံ့နိုင်တော့မှာလဲ”

ရှုဟွမ်သည် တောင့်တင်းစွာ ရပ်နေမိပြီး သူ့စိတ်ထဲတွင်လည်း ရှုပ်ထွေးနေရသည်။ ဤသည်မှာ သူကြိုမြင်ထားသော အနာဂတ်နှင့် လုံးဝကွဲပြားနေခြင်းဖြစ်သည်။ သူ မြင်ခဲ့သော အနာဂတ်တွင် ဦးနှောက်ချိတ်ဆက်မှုမှာ ပါဝင်သူတိုင်းသည် အမာခံအဖွဲ့ဝင်များ ဖြစ်လာခဲ့ကြပြီး ဘယ်သူမှ ဘေးအန္တရာယ် မကြုံတွေ့ခဲ့ကြပေ။

“အနာဂတ်က ပြောင်းလဲသွားပြီ၊ အဲ့ဒီလူသတ်သမားက ငါ့ရဲ့ အချိန်ခရီးသွားနိုင်စွမ်းကို သိသွားပြီ၊ ငါကြိုမမြင်နိုင်အောင် အနာဂတ်ကို ပြောင်းလဲပစ်လိုက်တာပဲ”

ရှုဟွမ် အရာရှိရွှယ်ကို သွားရောက်ကယ်ဆယ်ရန် အပြေးအလွှား ကြိုးစားခဲ့သော်လည်း လုံခြုံရေးဝန်ထမ်းများက သူ့ကို ဖမ်းဆီးထားလိုက်သည်။

“နင် ဘာလုပ်တာလဲ၊ ငါ့အဖေအပေါ်မှာ အမြင်မကောင်းတာတွေ မဖြစ်စေနဲ့လေ”

ထိုအမျိုးသမီးက ရှုဟွမ်၏ အင်္ကျီကို လှမ်းဆွဲထားသည်။ သူမသည် သူမ၏ အဖေကို အလွန်ကြောက်ရွံ့ပြီး သူဒေါသထွက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

“သေစမ်း၊ အနာဂတ်က ပြောင်းလဲသွားပြီ၊ အဲ့ဒီလူက ငါ့စွမ်းရည်ကို အသုံးချသွားတာ”

ရှုဟွမ် ရုန်းထွက်လိုက်သော်လည်း သူ့ဇနီးက သူမအိတ်ထဲမှ လျှပ်စစ်ကျင်စက်ကို ထုတ်ယူကာ သူ့ကျောကို တို့လိုက်သည်။ ကြမ်းပြင်ပေါ် လဲကျသွားစဉ် ရှုဟွမ်၏ မျက်လုံးများသည် အရာရှိရွှယ်ထံသို့သာ စိုက်ကြည့်နေပြီး သူ့နှလုံးသားတွင် ဖော်မပြနိုင်သော ကြောက်ရွံ့မှုများဖြင့် လွှမ်းမိုးနေတော့သည်။

မူလက သူသည် ထိုနေရာအတွက် သူကိုယ်တိုင် ကြိုးစားချင်ခဲ့ခြင်းဖြစ်ပြီး သူ့ယောက္ခမကလည်း သဘောတူခဲ့သည်။ သို့သော်လည်း အရာရှိရွှယ်က သူ့ကို တစ်သက်လုံး ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သောကြောင့် အရာရှိရွှယ်ကိုသာ ထိုနေရာ ပေးလိုက်မိခြင်း ဖြစ်သည်။

“လူသတ်သမားက ငါအသတ်ခံရပြီးရင် နောက်ထပ် အချိန်စီးကြောင်းတစ်ခုဆီ သွားမယ်ဆိုတာ သိနေတယ်၊ ဒါကြောင့် ဒီတစ်ခါတော့ သူက သူ့အစီအစဉ်ကို ပြောင်းလိုက်တာပဲ၊ သူက ငါ့ကို အဆိပ်ရှိတဲ့ဦးနှောက်နဲ့ ကိုယ့်ဘာသာ ဦးနှောက်ချင်း ချိတ်ဆက်စေချင်တာပဲ၊ နောက်ဆုံးကျရင် ငါဟာ စိတ်မနှံ့တဲ့ လူနာတစ်ယောက် ဖြစ်သွားလိမ့်မယ်၊ ငါဟာ ငါ့ခန္ဓာကိုယ်ထဲမှာပဲ ထာဝရ ပိတ်မိနေလိမ့်မယ်”

သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွား၏။ သေဆုံးခြင်းထက် ပိုကြောက်စရာကောင်းသည်မှာ သတိရှိနေသော်လည်း ဘယ်သူနှင့်မျှ မဆက်သွယ်နိုင်ဘဲ အသွေးအသား ခန္ဓာကိုယ်လှောင်အိမ်ထဲတွင် ထာဝရပိတ်မိနေခြင်းပင် ဖြစ်တော့သည်။

ပထမပါဝင်သူ ငါးဦးမှာ ရုန်းကန်မှုများ ရပ်တန့်သွားပြီ ဖြစ်သည်။ အဓိကလူနာ၏ ဦးနှောက်ထဲရှိ အဆိပ်သည် မျှော်လင့်ထားသည်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းလှရာ ထိုငါးဦးမှာ ခံနိုင်ရည်မရှိတော့ဘဲ ဦးနှောက်သေသွားခဲ့ကြချေပြီ။ အရာရှိရွှယ် တစ်ဦးတည်းသာလျှင် အသည်းအသန် တောင့်ခံနေဆဲ ဖြစ်သည်။

သူ့ခန္ဓာကိုယ်က တုန်ရီနေပြီး သူ့အရေပြားအောက်ရှိ ထူးဆန်းသော ပုံစံကွက်များမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေလေသည်။ သူသည် မျက်လုံးဖွင့်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဦးနှောက်ချိတ်ဆက်မှု၏ နောက်ဆုံးအဆင့် ရောက်သည်အထိ အရာရှိရွှယ်သည် သွေးပင်လယ်ထဲတွင် ထိုင်နေသော သားရဲကြီးတစ်ကောင်ကဲ့သို့ သွေးများ စိုရွှဲနေခဲ့သည်။

တင်းတင်းပိတ်ထားသော သူ့မျက်လုံးများက ရုတ်တရက် ပွင့်ဟလာပြီး သွေးရောင်လွှမ်းနေသော မျက်စိသူငယ်အိမ်များမှာ ရှုဟွမ် ရပ်နေခဲ့သည့်ဘက်သို့ စိုက်ကြည့်လိုက်သည်။ အရာရှိရွှယ်သည် အဆိပ်များပြည့်နှက်နေသော သူ့မှတ်ဉာဏ်များထဲတွင် အမှန်တရားကို မြင်လိုက်ရပုံရသည်။

ရှုပ်ထွေးမှုနှင့် နာကျင်မှုများကို အံတုရင်း ဒေါက်တာကောင်း၏ ဆေးမျိုးစုံ ထိုးသွင်းခံထားရသော အဓိကလူနာ၏ ဦးနှောက်တွင် ဆိုးယုတ်သောအဆိပ်များဖြင့် ပြည့်နှက်နေပေသည်။ အရာရှိရွှယ်၏ ပါးစပ်သည် ဖြည်းညင်းစွာ ပွင့်ဟလာခဲ့သည်။ သူ့သွားများတွင်လည်း သွေးများ စွန်းထင်နေ၏။

“ဒေါက်တာကောင်း… နာရီ…”

ရှုဟွမ်သည် အနားတိုးသွားချင်သော်လည်း လျှပ်စစ်နှင့် အတို့ခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြန်သည်။

“ဒေါက်တာကောင်းလား၊ သူ သေသွားပြီ မဟုတ်လား၊ အဓိကလူနာရဲ့ မှတ်ဉာဏ်ထဲမှာ မင်း သူဘာလုပ်နေတာကို မြင်လိုက်တာလဲ”

ယုတ္တိရှိသော စကားလုံးများသည် မကြာမီတွင် ရူးသွပ်နာကျင်နေသော ဟိန်းဟောက်သံများအဖြစ် ပြောင်းလဲသွားတော့သည်။ အရာရှိရွှယ်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝိုင်ယာကြိုးများကို ဆွဲဖြုတ်ပစ်လိုက်ရာ သန်မာသော အမျိုးသားခြောက်ဦးက သူ့ကို ဝိုင်းဝန်းဖိနှိပ်ပြီး ထိန်းချုပ်ဝတ်စုံ ဝတ်ပေးလိုက်ရသည်။

“တခြားငါးယောက်က သေနေတဲ့အတိုင်း ငြိမ်သက်နေတာပဲ၊ သူကျတော့ ဘာလို့ ဒီလောက် တက်ကြွနေရတာလဲ”

“ဒီနံပါတ် ၆ က သာမန်လူတွေထက် သာတဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေရှိတယ်၊ သူ့ခန္ဓာကိုယ်က မိစ္ဆာတစ်ကောင်လိုပဲ၊ ဒါကြောင့်လည်း ဒီလောက်ကြာအောင် တောင့်ခံနိုင်တာပေါ့”

“သူ့ကို ဒါရိုက်တာရှုက အထူးဖိတ်ခေါ်ထားတာပဲ၊ သူက ထူးခြားတဲ့လူ ဖြစ်ရမယ်”

ပါဝင်သူခြောက်ဦးလုံးကို ကုသရန်နှင့် သီးခြားခွဲထားရန် သယ်ဆောင်သွားကြသည်။ လူ့အခွင့်အရေး ကော်မတီက သူတို့အတွက် လူနာဆောင်များ ပြင်ဆင်ထားသော်လည်း သူတို့ နိုးလာပြီးနောက်တွင် သူတို့စိတ်ကို ပုံမှန်အတိုင်း ထိန်းထားနိုင်မလားကို မသိရသေးပေ။

ရှုဟွမ်သည် သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုနှင့် ထုံကျင်မှုများကို သည်းခံရင်း အရာရှိရွှယ်ထံ လျှောက်သွားလိုက်သည်။ အနာဂတ်တွင် အရာရှိရွှယ်ကို အထူးကုသဆောင်တွင် ဖမ်းဆီးထားကြောင်း သူမြင်ခဲ့ဖူးပြီး အချိန်ကို တွက်ချက်ကြည့်လျှင် ယနေ့သည် ထိုနေ့ဖြစ်သည်။

“အရာရှိရွှယ်၊ အရာရှိရွှယ်”

ရှုဟွမ် မည်သို့ ခေါ်နေစေကာမူ အရာရှိရွှယ်သည် မကြားနိုင်တော့ပေ။ သူသည် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေပြီး အလွန်ကြမ်းတမ်းကာ အန္တရာယ်ရှိနေလေသည်။

“သူက နောက်ဆုံးမှာ ဒေါက်တာကောင်းနဲ့ နာရီတွေအကြောင်း ပြောသွားတယ်၊ ဟုတ်တယ်၊ နာရီတွေပဲ”

ရှုဟွမ် သူ့လက်ချောင်းများကို ကိုက်လိုက်မိသည်။

“ဘာလို့ နာရီတွေလဲ၊ သေပြီးသား လူတစ်ယောက်နဲ့ နာရီတွေက ဘာဆိုင်လို့လဲ”

ရှုဟွမ်သည် ယခုတွင် အလွန်အမင်း မလုံခြုံသလို ခံစားနေရသည်။ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူ့ကို သတ်မည့်သူများအလား ထင်မှတ်နေရသည်။ ပတ်ဝန်းကျင်မှ ဆူညံသံများကလည်း ပို၍ ပို၍ ကျယ်လောင်လာလေသည်။ သူသည် ဘယ်သူမှ ရှာမတွေ့နိုင်သော ထောင့်တစ်နေရာတွင်သာ ပုန်းနေချင်တော့သည်။

“မိန်းမ၊ ငါနဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့ပေး”

ရှုဟွမ်သည် သူ့ဇနီး၏ လက်မောင်းကို ဆွဲကာ လူ့အခွင့်အရေး ကော်မတီ၏ ကားပေါ်သို့ တက်၍ ရင်ခွဲရုံရိပ်သာလမ်းဆီသို့ အလျင်အမြန် မောင်းထွက်လာခဲ့သည်။

“ဘာလို့ ဒီလောက် လောနေရတာလဲ၊ ဒီရက်ပိုင်းတွေမှာ ရှင် ထူးဆန်းနေတယ်နော်”

ထိုအမျိုးသမီးသည် သူမအိတ်ထဲမှ မိတ်ကပ်ဘူးကို ထုတ်ကာ မိတ်ကပ်ပြင်ရန် ပြင်ဆင်နေသော်လည်း ရှုဟွမ်မှာမူ တခဏလေးပင် ရပ်တန့်ရန် မဝံ့ရဲချေ။

လည်ပင်းညှစ်အိမ်ရာဝင်းသို့ မောင်းနှင်လာပြီးနောက် ရှုဟွမ်သည် ဒေါက်တာကောင်း၏ အိမ်သို့ တိုက်ရိုက် သွားလိုက်သည်။ သူသည် အမှန်တရားကို ရှာဖွေရန်အတွက် အနာဂတ်တွင် ဒေါက်တာကောင်းထံသို့ သွားရောက်ခဲ့ဖူးသဖြင့် ထိုမိသားစုတစ်ခုလုံး မူမမှန်ကြောင်း သိရှိထား၏။

ရှုဟွမ်သည် တစ်ဝက်ပိတ်ထားသော လုံခြုံရေးတံခါးကို တွန်းဖွင့်၍ အတွင်းမီးများကို ဖွင့်လိုက်သည်။

“တစ်ယောက်ယောက်ရှိလား”

မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ ရှုဟွမ်သည် အခန်းအတော်များများထဲသို့ ဆက်တိုက်ဝင်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဒေါက်တာကောင်း၏ စာကြည့်ခန်းထဲ၌ ရပ်တန့်သွားရသည်။ သူသည် နံရံတွင် ချိတ်ဆွဲထားသော နာရီကို မော့ကြည့်လိုက်ရာ ၎င်းမှာ လက်ဝဲရစ်လည်နေသော နာရီတစ်လုံး ဖြစ်နေလေသည်။

All Chapters