အခန်း ၈၇၃
Vol. 61 Ch. 873
အပိုင်း (၈၇၃) ဝူကျိ
အကယ်၍ ရှုဟွမ်သာ ကော်ရစ်ဒါတွင် ထိုမေးခွန်းသုံးခုကို အော်ဟစ်မနေခဲ့ပါက ဝူကျိသည် ရှုဟွမ်၏ လည်ပင်းထံ ခွဲစိတ်ဓားဖြင့် ထောက်ထားပြီး ဖြစ်ပေလိမ့်မည်။
“ကျွန်တော် ခင်ဗျားကို မလိမ်ပါဘူး၊ အခု ကျွန်တော် တကယ့်ကို ခင်ဗျားရဲ့အကူအညီ လိုအပ်နေလို့ပါ”
ရှုဟွမ်သည် အရာရှိရွှယ်ကို ပြောပြခဲ့သည့်အတိုင်း ဝူကျိကို ထပ်မံရှင်းပြနေစဉ် သူ့ဇနီးဖြစ်သူက သူ့ကို ကြားဖြတ်ဆွဲထုတ်သွား၏။
“ရှုဟွမ်၊ နင့်မှာ ပြောစရာရှိရင် ဘာလို့ ငါ့ကွယ်ရာမှာ ပြောနေရတာလဲ၊ ငါ အသက်ရှင်နေသေးတယ်နော်”
ထိုအမျိုးသမီးသည် ဒေါသထွက်နေခြင်း မဟုတ်သော်လည်း မြင်ကွင်းသည် သူမအတွက် အလွန်အဓိပ္ပါယ်မရှိ ဖြစ်နေလေသည်။ ဆရာဝန်၏ မျက်နှာသည် ပုပ်ပွနေသည့် အလောင်းတစ်လောင်းနှင့် တူပြီး သူမ၏ခင်ပွန်းဖြစ်သူမှာ ထိုလူနှင့် အလွန်နီးကပ်စွာ ရှိနေသောကြောင့်ဖြစ်သည်။ သူမ ရှုဟွမ်ကို ကြည့်သည့်အကြည့်တို့မှာ ပို၍ပင် ထူးဆန်းလာတော့သည်။
“လူနာရှင် မိသားစုကို အပြင်ထုတ်လိုက်ပါ၊ ငါ အေးအေးဆေးဆေး နေဖို့လိုတယ်”
ဝူကျိက ဆက်သွယ်ရေးစက်ထဲသို့ ပြောလိုက်၏။
“ငါ့ကို ဘယ်သူကန်ထုတ်ရဲသလဲ ကြည့်ရသေးတာပေါ့၊ ဒါက ငါ့ယောက်ျားပဲ”
ရှုဟွမ်၏ ဇနီး အသံမြှင့်လိုက်စဉ် စောင့်ဆိုင်းခန်းတံခါး ပွင့်လာပြီး စောင့်ရှောက်သူအချို့က သူမကို အတင်းအဓမ္မ ဆွဲထုတ်သွားကြသည်။ သူတို့မျက်လုံးများထဲတွင် လူ့အခွင့်အရေး ကော်မတီကို ကြောက်ရွံ့သည့် အရိပ်အယောင်မရှိဘဲ ဒေါက်တာဝူကျိ၏ အမိန့်ကိုသာ နာခံနေကြသည်။
“ရှုဟွမ်၊ နင်ဒီအတိုင်း ကြည့်နေတော့မှာလား၊ ရှုဟွမ်”
စောင့်ဆိုင်းခန်းတံခါး ပိတ်သွားသည်နှင့် ဝူကျိက ဆက်သွယ်ရေးစက်ထဲသို့ ထပ်ပြောလိုက်သည်။
“စောင့်ကြည့်ကင်မရာတွေနဲ့ အသံဖမ်းစက်တွေကို ပိတ်လိုက်ပါ၊ စောင့်ဆိုင်းခန်းနားကို ဘယ်သူမှ အလာမခံနဲ့၊ လူနာရဲ့ အခြေအနေက တော်တော်လေး ထူးခြားတယ်”
“ဟုတ်ကဲ့ပါ ဒေါက်တာဝူကျိ”
ခြေသံများ ထွက်ပေါ်လာပြီး ကော်ရစ်ဒါတစ်ခုလုံး ရှင်းလင်းသွားတော့သည်။ ဒေါက်တာဝူကျိ၏ အဆင့်အတန်းသည် ရှုဟွမ် ထင်ထားသည်ထက် ပိုမို မြင့်မားနေခြင်းဖြစ်သည်။
“ခင်ဗျား... ခင်ဗျား အခြေအနေက တော်တော်ကောင်းတာပဲလား”
ဒေါက်တာဝူကျိနှင့် နှိုင်းယှဉ်လျှင် အရာရှိရွှယ်မှာ အတော်လေး သနားစရာ ကောင်းလှသည်။
“အခုလောက်အထိ စကားပလ္လင်ခံပြီးပြီဆိုတော့ ဟိုမေးခွန်းသုံးခုရဲ့ အဖြေကို ပြောပြလို့ ရပြီလား”
ဒေါက်တာဝူကျိ၏ မျက်နှာမှာ ကြောက်စရာကောင်းလွန်းသဖြင့် သူ ဝမ်းသာနေသလား၊ ဝမ်းနည်းနေသလားကို ခွဲခြားရန် မဖြစ်နိုင်ပေ။
ဘေးတွင် ဘယ်သူမှ မရှိတော့သဖြင့် ရှုဟွမ်သည် သူမ ပိုရိုးသားလိမ့်မည်ဟု ခံစားရသည်။
“တောင်းပန်ပါတယ်၊ အဲ့ဒီမေးခွန်းသုံးခုရဲ့ အဖြေကို ကျွန်တော် အခုထိ မသိသေးပါဘူး၊ ကျွန်တော် လမ်းစပျောက်နေလို့ ခင်ဗျားဆီ လာခဲ့ရတာပါ”
ရှုဟွမ်၏ အဖြေကို ကြားလိုက်ရသောအခါ ဒေါက်တာဝူကျိ၏ ကြောက်မက်ဖွယ် မျက်နှာကြီးက တဖြည်းဖြည်း တိုးကပ်လာလေသည်။ ပုပ်သိုးနေသော သူမအရေပြားနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ တောက်ပလှပသော သူမမျက်လုံးများပင် ဖြစ်၏။ ရှုဟွမ်သည် ထိုမျှ လှပသည့် မျက်လုံးမျိုးကို တစ်ခါမှ မမြင်ဖူးချေ။
“ဒါဆိုရင် ငါရှာနေတဲ့အဖြေက နင့်စိတ်ထဲမှာ ရှိနေနိုင်တာပေါ့”
ဝူကျိက လက်နှစ်ဖက်ကို ပိုက်လိုက်သည်။
“တကယ်လို့ နင်ငါ့ကို ကတိတစ်ခု ပေးနိုင်မယ်ဆိုရင် ငါနင့်ကို အစွမ်းကုန် ကူညီပေးနိုင်တယ်”
“ဘာကတိလဲ”
ရှုဟွမ်သည် မကောင်းသောနမိတ်တစ်ခု ခံစားလိုက်ရသည်။ သူသည် အရင်က ဝူကျိကို လာရှာရန် တွန့်ဆုတ်နေခဲ့ခြင်းမှာ ထိုလူသည် အလွန်နက်နဲပြီး ထူးဆန်းလှသောကြောင့် ဖြစ်သည်။
“နင့်ရဲ့ စိတ်အာရုံကို ငါနဲ့ မျှဝေပါ”
ပုပ်ပွနေသည့် သူမနှုတ်ခမ်းများဆီမှ ထိုစကားခြောက်လုံး ထွက်ပေါ်လာသော ရှုဟွမ်၏ အမူအရာမှာ ချက်ချင်း ခါးသီးသွားတော့သည်။ သူက ဝူကျိပင် လူသတ်သမား ဖြစ်နေမလားဟု ခံစားလိုက်ရသည်။
“ဒီလိုလုပ်မှပဲ နင်ပြောတာတွေကို ငါအပြည့်အဝ ယုံကြည်နိုင်မှာလေ”
ဝူကျိက အလျင်မလိုပေ။ အကယ်၍ ရှုဟွမ်ပြောစကားသာ အမှန်ဆိုပါက သူ သဘောတူလိမ့်မည်ဖြစ်သလို အကယ်၍ ရှုဟွမ်လိမ်နေခြင်းဖြစ်ပါက စိတ်အာရုံမျှဝေခြင်းသည်လည်း ထူးခြားမည် မဟုတ်သောကြောင့်ဖြစ်သည်။
“နင်က အချိန်ခရီးသွားနိုင်တဲ့သူပဲ၊ သေရမှာ ကြောက်နေတာလား”
“ကောင်းပြီ၊ ကျွန်တော် ကတိပေးတယ်”
မိနစ်အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ရှုဟွမ်၏ မျက်လုံးများက တဖြည်းဖြည်း ပြောင်းလဲသွားသည်။ အရာရှိရွှယ်သည် သူ့မျက်စိရှေ့တွင်ပင် လုံးဝရူးသွပ်သွားခဲ့ခြင်းဖြစ်သည်။ ထိုမြင်ကွင်းသည် ရှုဟွမ်အပေါ် အလွန်သက်ရောက်မှု ရှိခဲ့သဖြင့် ဒီတစ်ကြိမ်တော့ ဝူကျိကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ငါ့နောက် လိုက်ခဲ့”
ဝူကျိသည် ရှုဟွမ်အား နဝမ သားဖောက်ဌာနအတွင်းသို့ ခေါ်ဆောင်သွား၏။ သူတို့ရှေ့မှ မြင်ကွင်းသည် ငရဲခန်းတစ်ခုနှင့် တူလှပေသည်။ ရွေးချယ်ထားသည့် ချို့ယွင်းချက်ပါသော ကလေးများကို အကန့်လေးများထဲတွင် ထည့်ထားပြီး ပုံပျက်နေသည့် စောင့်ရှောက်သူများကပင် ကြည့်ရှုပေးနေကြသည်။ သူတို့ကို တစ်နေ့လျှင် သတ်မှတ်ထားသည့် အချိန်အတိုင်း ဆေးဝါးများ တိုက်ကျွေးပြီး ကြီးထွားမှုကို ကန့်သတ်ထားကာ စမ်းသပ်မှုတစ်ခုခု ပြုလုပ်နေကြခြင်းဖြစ်သည်။
“ဘေးပတ်ဝန်းကျင်ကို လျှောက်မကြည့်နဲ့၊ နင် အိမ်မက်ဆိုးတွေ မက်လိမ့်မယ်”
ဝူကျိသည် ရှေ့မှ ဦးဆောင်လျှောက်သွားရင်း မှိန်ပျပျလင်းနေသည့် နဝမသားဖောက်ဌာနကို ဖြတ်ကျော်ကာ အနည်းငယ်စိုစွတ်နေသည့် တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်။ သူတို့သည် သီးခြားဓာတ်ခွဲခန်း အချို့သို့ ရောက်ရှိသွားသည်။
“ခင်ဗျားတို့ရဲ့ သားဖောက်ဌာနမှာ ကိုယ်ပိုင်ဦးနှောက်ချိတ်ဆက်ကိရိယာတောင် ရှိတာလား”
ရှုဟွမ်သည် ဤနေရာရှိ စုံလင်လှသော ပစ္စည်းကိရိယာများကို ကြည့်ပြီး အံ့သြသွားရသည်။
“ငါတို့က ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး ရှိတယ်လေ၊ မစ္စတာရှစ်ရှစ်က ဒီသားဖောက်ဌာနနောက်ကွယ်က ပိုင်ရှင်တွေထဲက တစ်ယောက်ပဲ၊ သူက လတိုင်း ဒီကိုလာပြီး သူ့ကလေးတွေကို ရွေးချယ်တတ်တယ်”
ဝူကျိ အချက်ပြလိုက်သောအခါ လက်သုံးဖက်ပါသည့် လူငယ်တစ်ဦးနှင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရသည့် ခေါင်းကြီးကြီး အဖိုးအိုတစ်ဦးတို့သည် ကိရိယာများရှိရာသို့ ရောက်လာကြသည်။ သူတို့သည် သာမန်လူများနှင့် လုံးဝကွဲပြားနေသော်လည်း ဉာဏ်ရည်ဉာဏ်သွေးမှာမူ သာမန်လူတို့ထက် မနိမ့်ကျဘဲ ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်နေကြခြင်းဖြစ်သည်။
“စကြစို့”
ရှုဟွမ် သံသယမရှိစေရန် ဝူကျိက သွေးကန်ထဲသို့ အရင်ဆင်းလိုက်သည်။ သူမ၏ ခွဲစိတ်ဝတ်စုံအထူကြီးကို ချွတ်လိုက်သောအခါ ပုပ်သိုးနေသော ဒဏ်ရာများပြည့်နှက်နေသည့် ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာ၏။ ဝူကျိ၏ ကိုယ်ဟန်အနေအထားကိုသာ ကြည့်မည်ဆိုပါက သူမကို ရှင်းလုမှ ထိပ်တန်းမော်ဒယ်လ်တစ်ဦးဟု ထင်မှတ်နိုင်သော်လည်း သူမ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရချိန်တွင် မည်သူမဆို ကြောက်လန့်သွားကြမည်ဖြစ်သည်။
ရှုဟွမ်လည်း တခြားကန်ထဲသို့ ဖြည်းညင်းစွာ ဆင်းလိုက်သည်။ သူသည် အရင်က ဦးနှောက်ချိတ်ဆက်ခံရပြီး အသတ်ခံခဲ့ရဖူးသော်လည်း သတိအပြည့်ရှိနေစဉ်အတွင်း ဤကိရိယာကို အသုံးပြုရန် ကြိုးစားခြင်းသည် ယခုက ပထမဆုံးအကြိမ် ဖြစ်သည်။
ဆားကစ်ပတ်လမ်းများအားလုံး ပြည့်စုံသွားသောအခါ ပုံပျက်နေသည့် အဖိုးအိုက ခလုတ်နှိပ်လိုက်သည်ကို ရှုဟွမ် မြင်လိုက်ရ၏။ လျှပ်စစ်စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း ဖြတ်စီးသွားပြီး ဦးခေါင်းတစ်ခုလုံး အပိုင်းပိုင်းကွဲတော့မည့်အလား ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
သူသည် တောအုပ်အဓိကလူနာနှင့် ဦးနှောက်ချိတ်ဆက်ခဲ့သည့် ပါဝင်သူခြောက်ဦးအကြောင်းကို မှားယွင်းစွာ တွေးခဲ့မိကြောင်း သဘောပေါက်မိသွားသည်။ ဤနာကျင်မှုမျိုးက လူအများစုအတွက် သည်းမခံနိုင်လောက်စရာပင်။ အရာရှိရွှယ်ဟူသော ထိုလူထူးဆန်းမှာမူ “အဆိပ်” များ ပြည့်နှက်နေသည့် မှတ်ဉာဏ်များကြား၌ပင် အမှန်တရားကို ရှာဖွေနိုင်ခဲ့သည်။
ရှုဟွမ်သည် အော်ဟစ်ရင်း သတိမလစ်သွားမီမှာပင် ဝူကျိ စကားပြောလိုက်သံကို ခပ်ရေးရေးကြားလိုက်ရသည်။
“ငါ ခန့်မှန်းထားတာထက်တောင် ပိုအသုံးမကျသေးတာပဲ”
တစ်နာရီအကြာတွင် ရှုဟွမ်သည် အဝတ်အစားသစ်များ ဝတ်ဆင်ထားလျက် ဆေးရုံကုတင်ပေါ်တွင် နိုးလာသည်။ ခွဲစိတ်ဝတ်စုံအထူကြီးကို ပြန်လည်ဝတ်ဆင်ထားသော ဝူကျိက သူ့ဘေးတွင် ထိုင်နေလေ၏။
အားနည်းနေသည့် ရှုဟွမ်နှင့် မတူဘဲ ဝူကျိမှာ လုံးဝအခြေအနေ ကောင်းနေလေသည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် အရာရှိရွှယ်လောက် မကောင်းသော်လည်း သာမန်လူတို့ထက် အဆပေါင်းများစွာ သာလွန်ပေသည်။
“မကောင်းဆိုးဝါးတွေ၊ သူတို့အားလုံးက မကောင်းဆိုးဝါးတွေပဲ”
“တိုးတိုးတိုးတိုး လုပ်နေမယ့်အစား ငါတွေ့ထားတာတွေကို နားထောင်စမ်းပါ”
ရှုဟွမ်နှင့် ဦးနှောက်ချင်း ချိတ်ဆက်ပြီးနောက် ဝူကျိသည် ရှုဟွမ်အပေါ် အခြေခံအဆင့် ယုံကြည်မှုတစ်ခု ရှိလာခဲ့သည်။
“နင့်စိတ်ထဲမှာ စိတ်ဝင်စားစရာတွေ အများကြီးတွေ့ခဲ့တယ်”
“ဘာတွေလဲ”
“အရင်က နင့်မှာ ဒီလောက် အစွမ်းထက်တဲ့ အချိန်ခရီးသွားနိုင်စွမ်း ရှိပါလျက်နဲ့ ဘာလို့ ဒီလောက်ကြောက်တတ်နေရတာလဲလို့ အထင်သေးခဲ့မိတယ်၊ ဒါပေမဲ့ နင့်စိတ်အာရုံကို မျှဝေကြည့်ပြီးတဲ့နောက်တော့ နင့်မှတ်ဉာဏ်အပိုင်းအစတွေကို ကြည့်ပြီး အဲ့လိုမဟုတ်ဘူးဆိုတာ ငါ သိလိုက်ရတယ်”
ဝူကျိ၏ အသံသည် နားထောင်ရ ဆိုးလှသော်လည်း ရှုဟွမ်အတွက်မူ အလွန်ပင် ဆွဲဆောင်မှု ရှိနေလေ၏။
“နင့်မှတ်ဉာဏ်ထဲမှာ နှစ်ကြိမ်ပဲ အသတ်ခံခဲ့ရဖူးတယ်လို့ ရှိနေပေမယ့် အဲ့ဒါက နင် အဲ့ဒီနှစ်ကြိမ်ကိုပဲ မှတ်မိနေလို့လေ၊ ငါ နင့်မှတ်ဉာဏ်တွေကို ပြန်ဆက်စပ်ကြည့်လိုက်တဲ့အခါ တစ်ခုနဲ့တစ်ခု လုံးဝဆက်စပ်လို့ မရတဲ့ မှတ်ဉာဏ်အပိုင်းအစတွေ အများကြီး တွေ့ခဲ့ရတယ်၊ အဲ့ဒါတွေက မတူညီတဲ့ ဘဝတွေဆီကပဲ ဖြစ်ရမယ်”
“ဘာကို ဆိုလိုတာလဲ”
“နင် နှစ်ကြိမ်ပဲ အသတ်ခံခဲ့ရတာ မဟုတ်ဘူး၊ ခုနစ်ကြိမ် ဒါမှမဟုတ် အဲ့ဒီထက်မက အသတ်ခံခဲ့ရတာပဲ၊ နင်က သေဆုံးနေစဉ်အတွင်း အရာအားလုံးကို အမြဲတမ်း မေ့လျော့သွားတတ်တယ်၊ နင်က အတော်လေး ထူးခြားတဲ့သူ ဖြစ်ရမယ်၊ အဲ့လောက်အထိ ထူးခြားနေလို့ပဲ လူသတ်သမားက နင့်ကို အရင်ဆုံးသတ်ဖို့ လိုတယ်လို့ ခံစားခဲ့ရတာပေါ့”
ဝူကျိထံမှ ပုပ်အဲ့အဲ့အနံ့များ ထွက်နေသော်လည်း ရှုဟွမ်အတွက်မူ သူမသည် ကမ္ဘာပေါ်တွင် အလှပဆုံး အမျိုးသမီးတစ်ဦးပင် ဖြစ်တော့သည်။
“ကျွန်တော်က ခုနစ်ကြိမ်တောင် သေခဲ့တာလား”
ရှုဟွမ် ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
“တခြား ဘာတွေ တွေ့သေးလဲ”
“နင်က အချိန်ခရီးသွားနိုင်စွမ်းအပေါ်မှာပဲ အရမ်းအားကိုးနေမိလို့ နင့်ရဲ့ ကိုယ်ပိုင်အစွမ်းတွေကို လျစ်လျူရှုထားမိတာ၊ တကယ်တော့ နင်က အမှန်တရားနဲ့ တော်တော်လေး နီးစပ်နေပါပြီ”
ဝူကျိသည် သူမ ယူဆောင်လာသည့် ဆေးပုလင်းထဲမှ ဆေးလုံးလေးလုံးကို သွန်ချလိုက်သည်။
“နင်က နင့်ကို သတ်ခဲ့တဲ့ သံသယရှိသူလေးယောက် ရှိတယ်လို့ ထင်နေတာပဲ၊ အမှန်တရားကို မြင်သွားပြီးတဲ့နောက်တော့ အရာရှိရွှယ်က ဖြစ်နိုင်ချေမရှိဆုံးလူရဲ့ နာမည်ကို ပြောသွားခဲ့တယ်”