← Chapters

အခန်း ၈၇၂

Vol. 61 Ch. 872

အခန်း ၈၇၂

Vol. 61 Ch. 872

အပိုင်း (၈၇၂) ငါ မင်းရဲ့အဆုံးသတ်ကို သိတယ်

လူတစ်ယောက်၏ သက်တမ်းကို သင်မည်သို့ တိုင်းတာမည်နည်း။ လူတို့၏ နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည့် ချစ်ခြင်းမေတ္တာနှင့်လား၊ ဗီရိုထဲ အပြည့်ရှိနေသည့် ဆုဖလားများနှင့်လား၊ ကလေးငယ်တို့၏ ပျော်ရွှင်ကြည်နူးစရာ အမူအရာများနှင့်လား သို့မဟုတ် နေထွက်ချိန်များ၊ ကြွေကျနေသည့် သစ်ရွက်များ သို့မဟုတ် လက်ဝဲရစ်လည်နေသည့် နာရီတစ်လုံးနှင့်လား။

ရှုဟွမ် မြင်တွေ့ခဲ့ရသည့် အနာဂတ်တွင် ဒေါက်တာကောင်းသည် ရှင်းလု၌ အပျော်ရွှင်ဆုံးနှင့် အပြည့်စုံဆုံး မိသားစုဘဝကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ဦးနှောက်ချိတ်ဆက်မှု အောင်မြင်ပြီးနောက်တွင် သူသည် ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့၏ အဓိကအဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ကာလတိုအတွင်း၌ပင် ဒုတိယခေါင်းဆောင် ရာထူးအထိ တက်လှမ်းနိုင်ခဲ့သည်။

သူသည် တောအုပ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး မိခင်ဖြစ်သူအပါအဝင် ရှင်းလုရှိ မရေမတွက်နိုင်သော လူနာများကို ကုသပေးနိုင်ခဲ့သည်။ သူ့တွင် ပညာတတ် အဖိုး၊ တီထွင်သူ ဦးလေးနှင့် မွေးမြူရေးခြံတစ်ခုလည်း ရှိပါသေးသည်။

သူသည် ဦးနှောက်သိပ္ပံ သုတေသနနယ်ပယ်တွင် ထူးချွန်သည့် အကျိုးပြုမှုများ ပြုလုပ်ခဲ့ပြီး အမြဲတမ်း နှိမ့်ချယဉ်ကျေးသူ တစ်ယောက်ဖြစ်သည်။ အကယ်၍ သူ့အသက်အရွယ်သာ အတားအဆီး မဖြစ်ခဲ့ပါက မြို့ခံအများအပြားက သူ့ကို မြို့တော်ဝန်အဖြစ်ပင် ရွေးကောက်တင်မြှောက်ချင်ကြမည် ဖြစ်သည်။

သို့သော် အနာဂတ်၏ ထိုတောက်ပသည့် ကြယ်တစ်ပွင့်သည် မီးလောင်မှုနှင့် အမှောင်ထုထဲတွင် စောစီးစွာ ကြွေလွင့်သွားခဲ့ရ၏။ သူ၏ အိမ်ဂေဟာသည် ပျက်စီးယိုယွင်းပြီး ဖုန်မှုန့်တို့နှင့် ဖုံးလွှမ်းသွားခဲ့ရပြီဖြစ်သည်။ တစ်ခန်းလုံးတွင် နံရံပေါ်မှ လက်ဝဲရစ်လည်နေသည့် နာရီတစ်လုံးတည်းသာ တချက်ချက် မြည်နေတော့သည်။

“ဒေါက်တာကောင်း... နာရီ... အရာရှိရွှယ်က ငါ့ကို ဘာပြောချင်တာလဲ”

ရှုဟွမ်သည် နံရံပေါ်မှ နာရီကို ဂရုတစိုက် ဖြုတ်ယူလိုက်ပြီး အတွင်းအပြင် အနှံ့အပြား စစ်ဆေးကြည့်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

သူ့အတွက်ကြောင့် အရာရှိရွှယ် ရူးသွပ်သွားပြီးနောက် ရှုဟွမ်သည် အလွန်အမင်း မလုံခြုံသလို ခံစားနေရသည်။ သူ မည်သည့်အချိန်တွင် မည်သို့သေဆုံးမည် သူ မသိချေ။ သူ့ကို ပစ်မှတ်ထားနေသည့် လူသတ်သမားသည်လည်း အလွန်ပုန်းကွယ်နေခြင်းကြောင့် သဲလွန်စတစ်ခုပင် မရှိပါချေ။

သူ့ဆံပင်ကို ဆုပ်ဆွဲဖွင့်ရင်း အချိန်ပြည့်၍ နာရီအချက်ပေးသံ မြည်လာသည်အထိ ရှုဟွမ်စောင့်ကြည့်နေမိသည်။ လှုပ်ရှားနေသည့် နာရီလက်တံများကို စိုက်ကြည့်ရင်း သူ့နှုတ်ခမ်းများက အနည်းငယ် လှုပ်ခတ်သွား၏။

“ဒါက ဒေါက်တာကောင်းရဲ့ အချိန်၊ နောက်ပြန်လည်နေတဲ့ အချိန်ကို ရည်ညွှန်းတာလား၊ ငါမြင်ခဲ့တဲ့ အနာဂတ်မှာ အချိန်နောက်ပြန်လည်တာနဲ့ ပတ်သက်တဲ့ လက္ခဏာတွေက တောအုပ်ဘေးအန္တရာယ် ပြီးဆုံးပြီး တစ်နှစ်အကြာ သေဆုံးချိန်အိမ်ရာကနေ စခဲ့တာ၊ သက်တမ်းချေးယူခြင်းက မြို့ပြင်မှာ ပေါ်လာခဲ့ပေမဲ့ အာရုံစိုက်မှု အများကြီးရခဲ့တဲ့ တောအုပ်နဲ့ မတူဘဲ ပြန့်နှံ့မသွားဘဲ သူ့ဘာသာ ပျောက်ကွယ်သွားခဲ့တယ်”

ရှုဟွမ်သည် တစ်ခုခုကို ဖမ်းဆုပ်မိလိုက်ပြီဟု ဗီဇအရ ခံစားလိုက်ရသော်လည်း မြူလွှာတစ်လွှာက ဖုံးအုပ်နေဆဲ ဖြစ်သည်။ အချိန်ခရီးသွားခြင်းသည် လုံးဝ မဆုံးရှုံးခြင်းမျိုး မဟုတ်ပေ။ သူ ခရီးသွားသည့် အကြိမ်တိုင်းတွင် သူ့မှတ်ဉာဏ်တချို့ ဆုံးရှုံးသွားတတ်သည်။ ထိုအရာကို ခံစားနေရသော်လည်း သူ ဘာဆုံးရှုံးသွားကြောင်း အတိအကျ မသိပေ။

“ကြည့်ရတာ အဲ့ဒီလူကို သွားရှာဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး”

ရှုဟွမ်သည် သေဆုံးချိန်အိမ်ရာဝင်းထဲသို့ တစ်ယောက်တည်း မဝင်ရဲသလို လူ့အခွင့်အရေး ကော်မတီထဲတွင်လည်း သူလုံးဝယုံကြည်နိုင်သည့်သူလည်း မရှိချေ။ သူသည် သူ၏ အနာဂတ်မှတ်ဉာဏ်များကို ပြန်ရှာဖွေကြည့်ပြီးနောက် တခြားကိုယ်စားလှယ်လောင်း တစ်ဦးကို ရွေးချယ်လိုက်တော့သည်။

သူ နာရီကို အိပ်ရာခင်းနှင့် ပတ်၍ ကားဆီသို့ ပြန်သွားလိုက်၏။ သူ့ဇနီးကမူ သူမ၏ ဆီဆေးပန်းချီ ဆရာနှင့် ဗီဒီယိုကောပြောနေပြီး ဆရာမအပေါ် အလွန်ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေလေသည်။

“မောင်းတော့”

ရှုဟွမ် သူ့နဖူးမှ ချွေးများကို သုတ်ရင်း တုန်ရီနေသည့် အသံဖြင့် ပြောလိုက်သည်။

“နင့် အသံကို လျှော့ထားစမ်းပါ၊ ငါ ဆရာရှဆီက သင်ယူနေတာ၊ နင် အပြင်ထွက်ရင် အခြေခံ ယဉ်ကျေးမှုလေး ရှိဖို့တော့ လိုတယ်နော်”

ရှုဟွမ်၏ ဇနီးသည် ဗီဒီယိုကောထဲမှ ဆရာကို တောင်းပန်ပြီး ဖုန်းချလိုက်သည်။

“အခု ပြန်တော့မယ်၊ အဖေက ဒီရက်ပိုင်း အလုပ်တွေ အရမ်းများနေတာ၊ ငါ သူစားဖို့ ဟင်းပွဲအကြီးကြီးတွေ ပြင်ပေးရမယ်”

“မွေးကင်းစကလေး စောင့်ရှောက်ရေးစင်တာ”

ရှုဟွမ်က သူ့ဇနီး၏ စကားကို လျစ်လျူရှုလိုက်သည်။

“ငါ့ကို ဒုတိယအကြိမ် ထပ်မပြောခိုင်းနဲ့”

“ရှုဟွမ်၊ နင်က ဘာလို့ ပိုပို ရိုင်းလာရတာလဲ၊ ဦးနှောက် သေချာမဖွံ့ဖြိုးသေးတဲ့ လူတွေအပေါ်မှာတောင် ယဉ်ကျေးရမယ်လေ၊ မမောက်မာရဘူး”

သူ့ဇနီးက ဒရိုင်ဘာကို တောင်းပန်လိုက်ပြီးနောက် ရှုဟွမ်ကို ဆက်မေးသည်။

“နင် နေမကောင်းဖြစ်နေတာလား”

ကားစတင်ထွက်ခွာပြီး ဆယ်မိနစ်ခန့်တွင် မွေးကင်းစကလေး စောင့်ရှောက်ရေးစင်တာသို့ ရောက်ရှိသွား၏။ နေ့ဖြစ်စေ ညဖြစ်စေ ထိုနေရာသည် အမြဲတမ်း မီးထိန်ထိန်လင်းနေတတ်ပြီး လူများ ပြည့်နှက်နေတတ်၏။ အချို့က ပျော်ရွှင်နေကြသလို အချို့ကလည်း ဝမ်းနည်းပူဆွေးနေကြသည်။

ရှင်းလု၏ အာရုံကြောသိပ္ပံဌာနသည် အလွန်အဆင့်မြင့်ပေသည်။ လူဦးရေ တိုးတက်စေရန်နှင့် မျိုးရိုးဗီဇ ကောင်းမွန်စေရန်အတွက် မွေးကင်းစကလေးများကို မမွေးဖွားမီကတည်းက စစ်ဆေးမှုများ ပြုလုပ်ကြသည်။

မျိုးရိုးဗီဇ ချို့ယွင်းချက် ပြင်းထန်သည့် ကလေးအချို့ကို မွေးဖွားခွင့် မပြုသလို မွေးဖွားလာခဲ့လျှင်ပင် စောင့်ရှောက်ရေးဌာနက ခေါ်ဆောင်သွားတတ်၏။ မွေးရာပါရောဂါရှိသည့် ကလေးများအတွက်လည်း အတူတူပင်ဖြစ်သည်။

အမည်မသိ အကြောင်းပြချက်များကြောင့် ဤမြို့တွင် မူမမှန်သော ကလေးမွေးဖွားမှုနှုန်းမှာ အလွန် မြင့်မားနေလေသည်။ မွေးကင်းစကလေး စောင့်ရှောက်ရေးစင်တာ၌ ၎င်း၏ ကိုယ်ပိုင်လုပ်ထုံးလုပ်နည်း စံနှုန်းများရှိပြီး ရှင်းလုမှ မျိုးဆက်သစ်များ၏ အခြေအနေသည် မကြာသေးမီ နှစ်များအတွင်း သိသိသာသာ တိုးတက်လာခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင် မွေးကင်းစကလေး စောင့်ရှောက်ရေးစင်တာ၏ အကြီးအကဲသည် အဓိကအဖွဲ့အစည်း သုံးခုထံမှ ဖိတ်ကြားမှုများကို ရရှိခဲ့သော်လည်း ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။

ရှုဟွမ် မြင်ခဲ့ရသည့် အနာဂတ်တွင် အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံနှင့် မွေးကင်းစကလေး စောင့်ရှောက်ရေးစင်တာတို့သည် ထိုအဖွဲ့အစည်းသုံးခု၏ ပြင်ပတွင် တည်ရှိနေခြင်းဖြစ်သည်။ သူ ရှာနေသော လူသည် စောင့်ရှောက်ရေးစင်တာအတွင်း ရှိနေခြင်းပင်။

အဆောက်အအုံ အများအပြား စုပြုံနေပြီး မွေးကင်းစကလေး စောင့်ရှောက်ရေးစင်တာသည် မြို့ထဲတွင် တည်ဆောက်ထားသော ကျွန်းတစ်ကျွန်းနှင့် တူလှသည်။ ကလေးငယ်များ၏ ငိုသံများသည် တစ်ဆောင်မှ တစ်ဆောင် ပဲ့တင်ထပ်နေပြီး ရယ်မောသံများ၊ ရှိုက်သံများနှင့် ရောထွေးနေ၏။

“ကျွန်တော် ဒေါက်တာဝူကျိကို ရှာနေတာပါ၊ သူ့ကို ပြောပေးပါ၊ အိမ်ပြန်လမ်းကို ကျွန်တော်သိတယ်၊ သက်ရှိတစ်ယောက် ဘယ်လို ဖြစ်လာမလဲဆိုတာ ကျွန်တော်သိတယ်၊ လူတစ်ယောက် ပုပ်သိုးသွားပြီးနောက် ကမ္ဘာကြီး ဘယ်လိုပုံစံ ရှိမလဲဆိုတာ ကျွန်တော်သိတယ်”

ရှုဟွမ်သည် ကော်ရစ်ဒါလမ်းအတိုင်း ပြေးလွှားရင်း ဘေးပတ်ဝန်းကျင်မှ ထူးဆန်းသည့် အကြည့်များကို ဂရုမစိုက်ဘဲ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

အမှန်စင်စစ် သူလည်း ထိုမေးခွန်းသုံးခု၏ အဖြေကို မသိချေ။ သို့သော် အနာဂတ်တွင် သူ မြင်ခဲ့ဖူးသည်။ ဒေါက်တာဝူကျိသည် ထိုမေးခွန်းများကြောင့် ဒုက္ခရောက်ခဲ့ရပြီး သူမ မရူးသွပ်သွားမီ ထိုအဖြေများကို သိသည့်သူရှိပါက ဖြေကြားရန် တစ်မြို့လုံးကို ဆုငွေ ထုတ်ပြန်ခဲ့ဖူး၏။

ဝူကျိသည် သူ့ပိုင်ဆိုင်မှုအားလုံးကို ဆုကြေးအဖြစ် ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ကျေနပ်စရာ အဖြေကို ရှာမတွေ့ခဲ့ချေ။

ဤ “ဟာသပြဇာတ်” ပြီးနောက် မကြာခင် ဝူကျိ ပျောက်ဆုံးသွားခဲ့သည်။

ဝူကျိကို သတ်ဖြတ်ခဲ့သူမှာ သူ့ကိုသတ်ဖြတ်ခဲ့သည့် လူသတ်သမား ဖြစ်လိမ့်မည်ဟု ရှုဟွမ် ပြင်းပြင်းထန်ထန် သံသယရှိနေသည်။

သူသည် လူ့အခွင့်အရေး ကော်မတီ အကြီးအကဲ၏ သမက် ဖြစ်နေ၍သာ အဖမ်းမခံရခြင်း ဖြစ်သည်။ ရူးသွပ်သယောင် ထင်ရသော သူ့အဖြေများကို ဝန်ထမ်းများမှတစ်ဆင့် ဒေါက်တာဝူကျိထံ ပို့ပေးလိုက်၏။

နဝမ သားဖောက်ဌာန၏ တင်းတင်းပိတ်ထားသည့်တံခါး ပွင့်လာပြီး ခွဲစိတ်ခန်းဝတ်စုံများဖြင့် လုံးဝ ဖုံးအုပ်ထားသည့် အမျိုးသမီးဆရာဝန်တစ်ယောက် ထွက်လာလေသည်။ သူမသည် ကော်ရစ်ဒါကို အမြန် ဖြတ်ကျော်လာပြီး ရှုဟွမ်ရှိနေသည့် စောင့်ဆိုင်းခန်းသို့ ရောက်ရှိလာခဲ့သည်။

သစ်သားတံခါး ပွင့်လာချိန်တွင် ရှုဟွမ်သည် တစ်ခုခုကိုခံစားမိသည့်အလား ချက်ချင်း ထရပ်လိုက်သည်။

ခွင့်ပြုချက်မရှိသူများကို ရှင်းလင်းလိုက်ပြီးနောက် စောင့်ဆိုင်းခန်းထဲတွင် ထူးဆန်းသည့် တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွား၏။

“ခင်ဗျားက ဝူကျိလား”

ရှုဟွမ်သည် ဝူကျိ၏ မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးပေ။ ထိုလူသည် ဘယ်တုန်းကမှ အင်တာဗျူး မဖြေခဲ့ဖူးသလို ရုပ်မြင်သံကြားတွင် ရံဖန်ရံခါပေါ်လာသည့် အချိန်တွင်လည်း မျက်လုံးများသာ ဖော်ထားပြီး ခွဲစိတ်ခန်းဝတ်စုံများနှင့် လုံးဝ ဖုံးအုပ်ထားတတ်သောကြောင့်ဖြစ်သည်။

“ငါပါပဲ”

နှာခေါင်းစည်းအောက်မှ အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ်လာ၏။

ရှုဟွမ်သည် တုံ့ဆိုင်းသွားပြီး ဆရာဝန်ကို သတိကြီးစွာ ကြည့်လိုက်သည်။

“ဒါကို ဘယ်လို သက်သေပြမလဲ”

ဒေါက်တာဝူကျိတစ်ယောက် ဝန်ထမ်းကတ်တစ်ခုခု ထုတ်ပြလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သော်လည်း ဆရာဝန်က သူမဦးထုပ်ကို ဆွဲချွတ်လိုက်သည့်အခါ ရှည်လျားလှသော အနက်ရောင်ဆံပင်များ ကျဆင်းလာခဲ့သည်။ ထို့နောက်တွင် နှာခေါင်းစည်းကို ချွတ်လိုက်ပြန်ရာ ဒဏ်ရာများပြည့်နှက်ပြီး တဖြည်းဖြည်း ပုပ်သိုးနေပုံရသည့် ကြောက်စရာကောင်းသည့် မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။

“အခုရော ယုံပြီလား”

ရှုဟွမ် စကားမပြောရဲတော့ပေ။ ယင်းသည် သူစိတ်ကူးထားသည့် ဝူကျိနှင့် လုံးဝ ကွဲပြားနေသောကြောင့်ဖြစ်သည်။

သူ ကြိုမြင်ခဲ့သည့် အနာဂတ်တွင် ဝူကျိသည် မိဘမဲ့ဂေဟာ၏ အကြီးအကဲအသစ် ဖြစ်လာပြီး မွေးကင်းစကလေးပေါင်းများစွာကို ကယ်တင်ခဲ့သည့် ကျွမ်းကျင်ဆရာဝန် တစ်ဦးဖြစ်သည်။ အရေးကြီးဆုံးမှာ ဝူကျိတွင် အမည်မသိစွမ်းအားတချို့ရှိပုံရပြီး အလွန်အမင်း အစွမ်းထက်သူ ဖြစ်သည်။

“နင့်မျက်လုံးထဲမှာ တုံ့ဆိုင်းနေတာတွေ ငါ မြင်ရတယ်”

ဝူကျိ၏ အသံသည် ခြောက်ခြားစရာ ကောင်းလှသည်။ အကယ်၍ ရှုဟွမ် လိမ်နေမည်ဆိုပါက သူ့ကို သတ်မည့် နည်းလမ်း ရှာတော့မည့်ပုံမျိုးဖြစ်သည်။

“ငါ့ကို ဒုက္ခပေးနေတဲအရာကို နင်ဘယ်လို သိတာလဲ”

ရှုဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဖြည်းညင်းစွာ ရှေ့တိုးသွားလိုက်သည်။ သူ့ဇနီးဖြစ်သူ၏ နားမလည်နိုင်သည့် အကြည့်များအောက်၌ပင် သူသည် ဒေါက်တာ ဝူကျိ၏ နားနားသို့ ကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်တော်က အနာဂတ်ကနေ လာတာပါ၊ ခင်ဗျားရဲ့ ကံကြမ္မာကို ကျွန်တော် သိတယ်”

All Chapters