အခန်း ၈၇၇
Vol. 61 Ch. 877
အပိုင်း (၈၇၇) မကောင်းဆိုးဝါး
“ဆရာရှ၊ ကျွန်မယောကျ်ားက စိတ်တွေ ပြောင်းလဲနေပြီထင်တယ်၊ ကျွန်မကို ဆေးရုံမှာ တစ်ယောက်တည်း ထားခဲ့ပြီး သူကတော့ နေ့တိုင်း လမ်းပျောက်နေတဲ့ ဝိညာဉ်တစ်ကောင်လို လျှောက်သွားနေတာပဲ”
ရှုဟွမ်၏ဇနီးသည် ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေရင်း ပြောလိုက်သည်။
သူမ၏မျက်နှာချင်းဆိုင်ရှိ ပန်းချီစင်နောက်တွင်မူ နူးညံ့တောက်ပသော အမျိုးသားတစ်ဦး ရပ်နေခဲ့သည်။ သူပြုံးလိုက်ချိန်တွင် သူ့မျက်လုံးများက အလိုအလျောက် မှေးစင်းသွားသဖြင့် ချဉ်းကပ်ရလွယ်ကူသူတစ်ဦးအဖြစ် ထင်မှတ်ရ၏။
“ပြီးပြီ”
နောက်ဆုံး စုတ်ချက်ဆွဲချက်အပြီးတွင် ရှုဟွမ်၏ဇနီးသည် စိတ်အားတက်ကြွသွားကာ ပန်းချီစင်ဆီသို့ အပြေးသွားကြည့်လိုက်သည်။
အဖြူရောင် စက္ကူသားပေါ်တွင် နက်မှောင်သော သွေးရောင်များ ပွင့်လန်းနေ၏။ ပန်းချီကားထဲမှ အမျိုးသမီးသည် နွေးထွေးသော နှလုံးသားတစ်ခုကို ဆုပ်ကိုင်ထားပြီး သူမ၏အမူအရာမှာ မြင့်မြတ်လွန်းလှသည်။ သူမ၏သွယ်လျသော လက်ကောက်ဝတ်မှ သွေးစက်များသည် မင်္ဂလာဝတ်စုံပေါ်သို့ ကျဆင်းနေခဲ့သည်။
“ကြိုက်ရဲ့လား”
“သိပ်လှတာပဲရှင်”
ရှုဟွမ်၏ဇနီးသည် ပန်းချီကားထဲတွင် နစ်မျောသွားမိသည်။ ဆရာရှသည် သူမ၏ဝိညာဉ် သို့မဟုတ် သူမအဖြစ်ချင်ဆုံးသော ပုံရိပ်ကို ရေးဆွဲပေးလိုက်သည်ဟု သူမ ခံစားနေရသည်။
“ခင်ဗျားက လှပါတယ်”
ဆေးသားများကို သိမ်းဆည်းပြီးနောက် ဆရာရှသည် ရှုဟွမ်၏ဇနီးကို အနှောင့်အယှက်မပေးတော့ဘဲ သူ့အိတ်ကို ကောက်ကိုင်ကာ အိမ်အပြင်သို့ ထွက်လာခဲ့သည်။
“ဆရာရှ၊ ဒီနေ့ စောစောပြန်တာလား”
လူ့အခွင့်အရေးကော်မတီမှ သက်တော်စောင့်က ဆရာရှကို ပြုံး၍ နှုတ်ဆက်လာသည်။ သူသည် ညဉ့်နက်သန်းခေါင်အချိန်ကြီးတွင် အကြီးအကဲ၏သမီးဖြစ်သူ အခန်းထဲမှ သူထွက်လာသည်ကို အံ့သြပုံမရပေ။
ဆရာရှက ပြုံးလျက် နောက်လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီနေ့ လူတစ်ယောက်ကို သွားတွေ့ဖို့ရှိလို့ပါ”
“ကားပြင်ပေးဖို့ လိုမလားခင်ဗျ”
“ကျေးဇူးပါပဲ၊ မလိုပါဘူး”
ဆရာရှသည် မွေးရာပါ အထက်တန်းလွှာတစ်ဦးကဲ့သို့ပင် သူ၏လှုပ်ရှားမှုတိုင်းတွင် သာမန်လူများနှင့် ကွဲပြားသော အငွေ့အသက်များ ရှိသည်။ သူသည် ဟောင်းနွမ်းပျက်စီးနေသော ဘတ်စ်ကားမှတ်တိုင်တစ်ခုဆီသို့ လမ်းတစ်လျှောက် လမ်းလျှောက်သွားပြီး မြို့ဟောင်းသို့ သွားမည့် နောက်ဆုံးဘတ်စ်ကားပေါ်သို့ တက်လိုက်သည်။
သူသည် သီချင်းတစ်ပုဒ်ကို အသံတိုးတိုးဖြင့် ညည်းဆိုနေခဲ့သည်။ ယနေ့ညကဲ့သို့ပင် သူ၏စိတ်အခြေအနေက ပျော်ရွှင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
တစ်နာရီအကြာတွင် ဆရာရှသည် မြို့ဟောင်းလမ်းမများပေါ်တွင် လမ်းလျှောက်နေစဉ် ရဲများက စစ်ဆေးရေးဂိတ်ချထားသည်ကို မြင်လိုက်ရသည်။ သူ လမ်းကွင်းမသွားဘဲ အလင်းရောင်ရှိရာသို့ လျှောက်သွားလိုက်သည်။
“ဘယ်သူလဲ၊ ရပ်စမ်း”
“ကျွန်တော်က လူ့အခွင့်အရေးအသင်းကပါ”
ဆရာရှသည် သူ့အိတ်ထဲမှ ခွင့်ပြုချက်ကတ်ပြားကို ထုတ်ပြလိုက်သည်။ ရဲနှစ်ယောက် စစ်ဆေးပြီးနောက် လမ်းဖယ်ပေးလိုက်ကြ၏။
“မကြာသေးခင်က မြို့ဟောင်းမှာ လူသတ်မှုတွေ ခဏခဏ ဖြစ်နေတယ်၊ ပြီးတော့ မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာတာကို မြင်လိုက်တဲ့သူတွေလည်း ရှိတယ်၊ ခင်ဗျား ဂရုစိုက်မှ ရမယ်”
“ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဂရုစိုက်ပါ့မယ်”
ဆရာရှသည် သူ့ကျောပိုးအိတ်ကို ကောက်ကိုင်၍ အနံ့အသက်ဆိုးလှသော မြို့ဟောင်းရပ်ကွက်ထဲသို့ ဝင်ရောက်သွားလိုက်သည်။
အမှိုက်များ တောင်လိုပုံနေသော ထိုလမ်းသည် ညစ်ပေနေသော ပန်းချီကားချပ်တစ်ခုနှင့် တူလှသည်။ ယင်းမှာ မှတ်ဉာဏ်၏ ထောင့်တစ်နေရာတွင် စွန့်ပစ်ခံထားရပြီး မှိုများ၊ ဖုန်ထူထူများ ဖုံးလွှမ်းနေသကဲ့သို့ပင်။
သန့်ရှင်းသော သားရေဖိနပ်တွင် မိလ္လာရည်များ စွန်းပေသွားသော်လည်း ဆရာရှ ဂရုမစိုက်ပေ။ အပေါ်ဘက်ရှိ ရှုပ်ထွေးနေသော လျှပ်စစ်ဓာတ်အားလိုင်းများသည် ဟောင်းနွမ်းပျက်စီးနေသော အဆောက်အဦးများကြားတွင် သွယ်တန်းနေပြီး လရောင်ပင် ပြတင်းပေါက်တိုင်းကို ရှောင်ဖယ်နေကြသည်။
သူသည် လမ်းကြားတစ်ခုအတွင်းရှိ မှောင်မည်းနေသော လှေကားထောင့်သို့ လျှောက်သွားပြီး သော့တစ်ချောင်းရှာရန် အိတ်ထဲတွင် ခဏကြာ မွှေနှောက်နေခဲ့သည်။
သူ သော့ပေါက်ထဲသို့ သော့မထိုးရသေးမီ တံခါးက အတွင်းမှ ပွင့်လာပြီး ဆံပင်ကျစ်ဆံမြီးလေးနှင့် ကလေးမလေးတစ်ဦး တံခါးဝတွင် လာရပ်သည်။ မစ္စတာရှကို မြင်လိုက်သည်နှင့် သူမက သူ့ခြေထောက်ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်လေသည်။
“ဖေဖေ”
“မဟုတ်ဘူး ဖေဖေ မဟုတ်ဘူးလေ၊ ဦးဦးလို့ ခေါ်ရတယ်ကွ”
ဆရာရှသည် ကလေးမလေးကို ပွေ့ချီလိုက်ပြီး အိတ်ကိုဆွဲကာ အတွင်းသို့ ဝင်သွားခဲ့သည်။
အခန်းတွင်း၌ ပရိဘောဂ အနည်းငယ်သာ ရှိ၏။ နံရံများတွင် အက်ကြောင်းများကို သိသိသာသာ မြင်တွေ့နေရပြီး မျက်နှာကြက်တွင် မှိုများ ပေါက်နေသော်လည်း ၎င်းတို့ကို နံရံကပ်စက္ကူများဖြင့် ဖုံးအုပ်ထားသည်။
ဧည့်ခန်းတွင်လည်း ပရိဘောဂ အနည်းငယ်သာရှိပြီး တစ်ခုတည်းသော လျှပ်စစ်ပစ္စည်းမှာ ရေဒီယိုတစ်လုံးသာဖြစ်သည်။ ကုတင်ကို နံရံနှင့်ကပ်၍ ထားထားပြီး သန့်ရှင်းသော အိပ်ရာခင်းမှာ နေရာအတော်များများတွင် ဖာထေးထားရ၏။
ထိုအိမ်လေးတွင် အိပ်ခန်းမရှိချေ။ မီးဖိုချောင်နှင့် အိမ်သာမှာ ကပ်လျက်ရှိနေသည်။ တံခါးဖွင့်သံ ကြားလိုက်သောအခါ ပိန်လှီသောအမျိုးသမီးတစ်ဦး မီးဖိုချောင်ထဲမှ ပြေးထွက်လာလေသည်။
“မြို့ဟောင်းမှာ လူသတ်မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာတယ်တဲ့၊ မလုံခြုံဘူး၊ ခဏတဖြုတ်တော့ ပြန်မလာပါနဲ့ဦး”
“ရပါတယ်”
ဆရာရှသည် ကလေးမလေးကို သူ့ခေါင်းပေါ်သို့ ချီမြှောက်လိုက်ပြီး သူမ၏ပျော်ရွှင်နေသော အပြုံးကို ကြည့်လိုက်သည်။
“မင်းအတွက် လူ့အခွင့်အရေးကော်မတီရဲ့ ဆေးဝါးအသစ် ယူလာပေးတယ်၊ ဒီတစ်ခါတော့ မင်းရဲ့ ရူးသွပ်မှုကို လုံးဝ ကုသနိုင်မှာပါ၊ ကလေးကို ထိခိုက်မှာကြောက်ပြီး မင်းကိုယ်မင်း ပိတ်လှောင်ထားစရာ မလိုတော့ပါဘူး”
ထိုအမျိုးသမီးက သူမ၏ခြေထောက်များကို ဖုံးကွယ်လိုက်သည်။ သူမ၏ခြေကျင်းဝတ်တွင် ရှည်လျားသော သံကြိုးတစ်ချောင်း ရှိနေခြင်းဖြစ်သည်။
“ထမင်းစားလို့ ရပါပြီ၊ ကျွန်မ ပြန်နွေးပေးမယ်နော်”
သူမသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး မီးဖိုကို မီးစွဲအောင် အကြိမ်များစွာ ကြိုးစားလိုက်ရသည်။ သူမ၏ ဟင်းချက်လက်ရာမှာ အမှန်တကယ်တော့ သိပ်မကောင်းလှသော်လည်း ထိုလူက အမြဲတမ်း ကြိုက်နှစ်သက်ပြီး အကုန်စားတတ်သည်။
“ဒီမှာ သမီးလိုချင်တဲ့ အရုပ်လေးပါ”
ဆရာရှသည် သူ့အိတ်ထဲမှ ရွှေရောင်ဆံပင်ရှည်ရှိသော အရုပ်လှလှလေးတစ်ရုပ်ကို ထုတ်ပေးလိုက်သည်။
“ကျေးဇူးပါ ဖေဖေ”
ကလေးမလေးသည် အလွန်ဝမ်းသာသွားပြီး သူမ၏မျက်လုံးများက အရောင်တောက်ပလာလေသည်။
“ဦးဦးပါဆို”
ဆရာရှသည် ကလေးမလေးကို ပြန်ချထားပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ အပြင်ဘက်မှ မှောင်မည်းနေသော လမ်းမကို ကြည့်ရှုလိုက်သည်။
“ဘာလို့ လေဝင်လေထွက် မရှိတာလဲ၊ အိမ်ထဲမှာ မှိုနံ့တွေ ရနေတယ်”
“လိုက်ကာကို မြန်မြန်ပြန်ပိတ်ပါ၊ မဟုတ်ရင် ဟိုလူသတ်မကောင်းဆိုးဝါးကြီး မြင်သွားလိမ့်မယ်”
ကလေးမလေးသည် ဘာကိုမှ နားမလည်သော်လည်း သူမမိခင် ပြောထားသည့်အတိုင်း အိမ်ထဲမှာသာ နေရန်နှင့် အပြင်လူအမြင်မခံရန်ကိုတော့ သိသည်။
“မကောင်းဆိုးဝါးလား”
ဆရာရှက ဆောင့်ကြောင့်ထိုင်လိုက်သည်။
“သမီး သူ့ကို မြင်ခဲ့လို့လား”
ကလေးမလေးက သူမ၏အရုပ်ကို ဖက်ထားရင်း ခေါင်းခါပြသည်။
“ဆိုဒါရောင်းတဲ့ အာချီက အမေ့ကို ပြောပြတာလေ၊ သူက လူသတ်သမားကို မြင်လိုက်တယ်တဲ့၊ အဲ့ဒါက သွေးတွေစိုရွှဲနေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ၊ အရေခွံခွာခံထားရတဲ့ ခြင်္သေ့တစ်ကောင်လိုပဲ အရမ်းမြန်တယ်တဲ့”
“သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်နဲ့”
“အာချီက ရဲတွေကို ပြောပြပေမဲ့ သူတို့က မယုံကြဘူး၊ သူက အရမ်းစိုးရိမ်ပြီး တစ်အိမ်တက်ဆင်း လိုက်ပြောနေတာ၊ အဲ့ဒါကြောင့် သူ ခြေကျင်းဝတ်တောင် လည်သွားသေးတယ်”
“ဒီလူက တကယ် ကူညီချင်စိတ် ရှိတာပဲ”
မီးဖိုချောင်ထဲမှ ဟင်းများ ထွက်လာသောအခါ ကလေးမလေးသည် မစောင့်နိုင်တော့ဘဲ အားပါးတရ စားသောက်တော့သည်။ အမျိုးသမီးက ဆရာရှနှင့် အသားလုမစားရန် သူမကို အသံတိုးတိုးဖြင့် ဆူပူလိုက်သည်။
ဆရာရှသည် ပြုံးလျက် ဖြည်းညင်းစွာ ဝါးစားနေခဲ့သည်။ သူသည် အစားစားနေခြင်း မဟုတ်ဘဲ ဤအခိုက်အတန့်ကို ခံစားနေခြင်း ဖြစ်ပုံရ၏။
“အစ်ကိုရှ၊ ကျွန်မတို့ကို အမြဲတမ်း ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထိုအမျိုးသမီးသည် မီးဖိုချောင်ထဲမှ ဝိုင်ပုလင်းငယ်လေးတစ်လုံး ယူလာပြီး ဆရာရှနှင့် သူမအတွက် ငှဲ့လိုက်သည်။
“အစ်ကိုသာ မရှိရင် ကျွန်မ ဒီအိမ်အစုတ်လေးထဲမှာ သေသွားတာ ကြာလှပြီ၊ ရှောင်ယွီ လည်း…”
သူမက စကားကို ဆုံးအောင်မပြောဘဲ သူမ၏ဖန်ခွက်ကို မြှောက်လိုက်သည်။
“ဒါက အစ်ကို့အတွက်ပါ”
သူမအတွက် ပထမဆုံးအကြိမ် သောက်ဖူး၍လား သို့မဟုတ် အလွန်ပင်ပန်းနေ၍လား မသိသော်လည်း ထိုအမျိုးသမီးသည် ဝိုင်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ရာ သူမ၏ပါးပြင်က ချက်ချင်းပင် နီရဲသွားတော့သည်။
“ငါ ဝိုင်မသောက်ဘူး”
ဆရာရှက ပြုံး၍ ငြင်းလိုက်သည်။ သူက သူ့နာရီကို တစ်ချက်ကြည့်၍ တူကို ချလိုက်သည်။
“ငါ့မှာ လုပ်စရာလေးရှိသေးတယ်၊ ဒီည ပြန်လာတာ နောက်ကျလိမ့်မယ်၊ မင်းနဲ့ ရှောင်ယွီတို့ အရင်အိပ်နှင့်ကြပါ”
“ကောင်းပါပြီ၊ ကောင်းပါပြီ”
အမျိုးသမီးသည် သူမ တစ်ခုခု အမှားအယွင်းလုပ်မိသည်ဟု ထင်မှတ်ကာ စကားပြောစရာ ရှာနေခဲ့သည်။ သူမ တစ်ခုခု တွေးမိသည့်အချိန်တွင် ဆရာရှမှာ တံခါးဝသို့ ရောက်နေပြီဖြစ်သည်။
“ဂရုစိုက်ပါ”
သူ တံခါးကို ပိတ်လိုက်ပြီး အိတ်ကိုဆွဲ၍ ခြံဝင်းငယ်တစ်ခုဆီသို့ လမ်းတစ်လျှောက် လမ်းလျှောက်သွားလိုက်သည်။
သံချေးတက်နေသော သံတံခါးကို တွန်းဖွင့်လိုက်ရာ ခြံဝင်းထဲတွင် ဆိုဒါပုလင်းခွံများ ထည့်ထားသည့် ခြင်းတောင်းများ ပုံနေသည်ကို မြင်လိုက်ရသည်။
“ဘယ်သူလဲ”
ဘေးအခန်းမှ လိုက်ကာပွင့်သွားပြီး ခြေကျင်းဝတ် လည်နေသည့် အာချီက ပုဆိန်တစ်လက်ကို ကိုင်၍ ထွက်လာလေသည်။ သူက ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ပြီး ဆရာရှမှန်း သိလိုက်ရချိန်မှ သက်ပြင်းချနိုင်တော့သည်။
“ဆရာရှ၊ ဆရာဖြစ်နေတာပဲ၊ လန့်သွားတာပဲဗျာ”
အာချီသည် ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် အနားတိုးလာသည်။
“မြို့ဟောင်းမှာ မကောင်းဆိုးဝါး ပေါ်နေတယ်ဗျ၊ အဲ့ဒီကောင်က နေရာအနှံ့မှာ လူတွေ သတ်နေတာ၊ ဒီည မပြန်ပါနဲ့တော့၊ ညဘက် လမ်းလျှောက်ရတာ မလုံခြုံဘူး၊ ဒီမှာပဲ တစ်ည အိပ်သွားလိုက်ပါ”
“ရှောင်ယွီ ပြောတာတော့ မင်းက အဲ့ဒီလူသတ်သမားကို မြင်လိုက်တယ်ဆို”
“ဟုတ်တယ်၊ အဲ့ဒါက အရေပြားမရှိတဲ့ မကောင်းဆိုးဝါးကြီးဗျ၊ တစ်ကိုယ်လုံး သွေးတွေနဲ့ပဲ၊ အရမ်း ကြောက်စရာကောင်းတယ်”
အာချီက ဆရာရှကို လက်ဟန်ခြေဟန်များဖြင့် ပိုပိုသာသာ ဖော်ပြနေသော်လည်း ဆရာရှက နားထောင်ပြီးနောက် ခေါင်းခါလိုက်သည်။
“မင်း အမြင်မှားနေတာ ဖြစ်မယ်၊ မြို့ဟောင်းက လူသတ်သမားက သူမဟုတ်ဘူး”
“ဘာလို့ ခင်ဗျားအားလုံး ကျွန်တော့်ကို မယုံကြတာလဲ၊ ကျွန်တော် တကယ် မြင်ခဲ့တာပါ”
“စိတ်အေးအေးထားပါ၊ ငါပြောတာ နားထောင်ဦး”
ဆရာရှသည် အာချီ၏ အနားသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး သူ့အိတ်ထဲမှ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
“ဘာလို့လဲဆိုတော့၊ အဲ့ဒီလူတွေ အားလုံးကို သတ်ခဲ့တာက ငါမို့လို့လေ”