အခန်း ၈၇၈
Vol. 61 Ch. 878
အပိုင်း (၈၇၈) ဟယ်လို ကောင်းမင်
"မ... မနောက်ပါနဲ့ ဆရာရှ"
ဆရာရှက ဓားတစ်လက် ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည့်တိုင် အာချီ၏ စိတ်အာရုံတို့မှာ အနည်းငယ် ထုံထိုင်းနေဆဲ ဖြစ်သည်။ ဆရာရှသည် မြို့ဟောင်းအတွက် ကျောင်းတစ်ကျောင်း လှူဒါန်းထားသူဖြစ်ပြီး မြို့တော်၏ အလွန်ကျော်ကြားသော ပန်းချီဆရာတစ်ဦးလည်း ဖြစ်သည်။ လူကုံထံ အသိုင်းအဝိုင်းမှ လူများစွာသည် သူ့ပန်းချီကားများ စုဆောင်းရသည်ကို ဂုဏ်ယူကြရ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက မည်သို့ လူသတ်သမား ဖြစ်နိုင်ပါမည်နည်း။
"ဘာလို့ ငါမဖြစ်နိုင်ရမှာလဲ"
ဆရာရှ၏ မျက်နှာတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် နည်းနည်းမှမရှိဘဲ ထိုနူးညံ့သော အပြုံးသာ ရှိနေဆဲပင်။
"ကျွန်တော် တကယ်မြင်ခဲ့တာလို့ ပြောနေတာပါ၊ လူသတ်သမားက မကောင်းဆိုးဝါးကြီးဗျ"
အာချီသည် ဆရာရှအပေါ် တစ်ခါမှ သံသယမဝင်ခဲ့ဖူးသလို နူးညံ့သိမ်မွေ့ပုံရသော ဆရာရှမှာ သူ့ပြိုင်ဘက် ဖြစ်လာနိုင်လိမ့်မည်ဟုလည်း မထင်မှတ်ထားခဲ့ပေ။
"တစ်ခါတလေကျတော့ မင်းမျက်စိနဲ့ မြင်နေရတဲ့ အရာတွေက အမှန်တရား မဟုတ်နိုင်ဘူး"
ဆရာရှက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အာချီ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီ သူ့လည်ပင်းထက်၌ သွေးစင်းကြောင်းတစ်ခု ပေါ်လာတော့သည်။ သူသည် နာကျင်မှုကို မခံစားရဘဲ ခြင်ကိုက်ခံရသလိုမျိုးသာ ခံစားလိုက်ရသည်။
"ကောင်းကောင်း အိပ်စက်လိုက်ပါ၊ မိုးလင်းတဲ့အခါ ငါမင်းကို ပြန်နှိုးပေးပါ့မယ်"
ဆရာရှသည် အာချီ၏ မျက်နှာပေါ်မှ အမူအရာတိုင်းကို ဂရုတစိုက် မှတ်သားထားပြီးနောက် အာချီ၏ မျက်လုံးများကို ပိတ်ပေးလိုက်သည်။
ဆိုဒါပုလင်းခွံများ ထည့်ထားသည့် ခြင်းတောင်းများသည် ဖန်နန်းတော်တစ်ခုအလား ထင်မှတ်ရပြီး ထိုတက်ကြွဖော်ရွေသော လူငယ်လေးမှာ သူ့ပလ္လင်ထက်၌ပင် လဲကျသွားတော့သည်။
ဆရာရှသည် ချက်ချင်းထွက်သွားရန် အလျင်မလိုဘဲ သွေးညှီနံ့များ လွှမ်းနေသော လေထုကို ရှူရှိုက်ရင်း မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေခဲ့သည်။
သူသည် ဖြည်းညင်းစွာ လှည့်ထွက်လာပြီး မြို့ဟောင်းရှိ အဆောက်အဦးများ အရှုပ်ထွေးဆုံး စုဝေးရာဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူ့အိတ်ထဲတွင် မြို့ထဲမှ ယူဆောင်လာသည့် တန်ဖိုးကြီး ဆေးဝါးအသစ်များ ပါရှိပြီး ထိုဆေးများကို ဖျားနာနေသော ဆင်းရဲသားများထံ ရက်ရက်ရောရော ဝေငှပေးခဲ့သည်။ ကျေးဇူးတင်စကားသံများကြားမှပင် သူသည် အဆောက်အဦးဟောင်းတစ်ခု၏ မြေအောက်ခန်းသို့ ရောက်ရှိလာခဲ့သည်။
အဆောက်အဦးတစ်ခုလုံး မှောင်မည်းနေ၏။ နေရာသည် မြို့ဟောင်း၏ အခြားနေရာများထက် ပိုမိုမှောင်မည်းနေကာ စွမ်းအားတစ်မျိုးမျိုးက အလင်းရောင်ကို ဝါးမြိုထားသည့်အလားပင်။
သူသည် တံခါးကို ပုံသေစည်းချက်တစ်ခုအတိုင်း ခေါက်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ဆွေးမြည့်နေသော မြေအောက်ခန်းတံခါး ပွင့်လာပြီး လက်တစ်ဖက်က ဆရာရှကို အတွင်းသို့ ကြမ်းတမ်းစွာ ဆွဲသွင်းလိုက်သည်။ ထိုလှုပ်ရှားမှုသည် ဒေါသကြောင့် ဖြစ်ပုံရသည်။
"တိရစ္ဆာန်လေး၊ မင်းက မြို့ဟောင်းက ကွင်းဆက်လူသတ်သမားလား"
ကုတင်ပေါ်မှ ဒေါက်တာကောင်း၏ အဖိုးအသံ ထွက်ပေါ်လာလေသည်။ အခန်းထဲသည် မှောင်မည်းနေသဖြင့် ကောက်ကြောင်းပုံရိပ်ကိုသာ မြင်တွေ့ရသည်။ သူသည် လည်ပင်းညစ်အိမ်ရာထဲတွင် နေခဲ့စဉ်ကထက် များစွာပိန်လှီသွားခဲ့ပြီ ဖြစ်သည်။
"မိသားစုအတွက် ကံဆိုးမှုပဲ၊ မိသားစုအတွက် ကံဆိုးမှုပဲ ၊ ငါမင်းကို ဟိုးအရင်ကတည်းက ရေကန်ထဲပစ်ချပြီး နှစ်သတ်ခဲ့သင့်တာ"
"ကျွန်တော်သာ မရှိရင် မြို့ဟောင်းက လူပေါင်း ရာနဲ့ချီပြီး ပလိပ်ရောဂါနဲ့ သေကုန်ကြမှာ၊ ကျွန်တော်က သူတို့အတွက် ဆေးတွေ ယူလာပေးခဲ့တာလေ၊ ကျွန်တော်သတ်ခဲ့တဲ့ လူဦးရေက ကျွန်တော်ကယ်ခဲ့တဲ့ လူဦးရေရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး"
ဆရာရှသည် စကားကို ဖြည်းဖြည်းမှန်မှန် ပြောနေစဉ်အတွင်း သူ့မျက်လုံးများက နူးညံ့နေဆဲပင်။
"လူတစ်ဒါဇင်ကျော်က ကျွန်တော့်ကြောင့် သေခဲ့ပေမဲ့ လူပေါင်း ရာနဲ့ချီပြီး ကျွန်တော့်ကြောင့် အသက်ရှင်နေကြတယ်၊ ကျွန်တော် အသက်ရှင်နေတာ ပိုကောင်းမလား၊ သေသွားတာ ပိုကောင်းမလားဆိုတာ အဖိုးပဲ စဉ်းစားကြည့်ပါဦး"
"မင်းလို တိရစ္ဆာန်၊ မင်းက လူရော ဟုတ်ရဲ့လား"
အဖိုးဖြစ်သူက ဒေါသတကြီး ထထိုင်လိုက်ပြီး ချောင်းအကြိမ်ကြိမ် ဆိုးနေတော့သည်။
"စိတ်လျှော့ပါ၊ စိတ်လျှော့ပါ"
ဦးလေးဖြစ်သူက ဆရာရှ၏ လက်ကို လွှတ်ပေးလိုက်ပြီး ရေအပြည့်ပါသော ထမင်းချိုင့်ကို ကိုင်ကာ အနားတိုးလာသည်။ သူသည်လည်း ဆရာရှကို သိပ်မကြည်လင်ပေ။ သူ့လေသံက ခက်ထန်နေ၏။
"မင်းအဖေက အတွင်းခန်းထဲမှာ၊ သူ အခြေအနေ သိပ်မကောင်းဘူး၊ ဒေါက်တာကောင်း သေဆုံးမှုက သူ့အတွက် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်သွားပုံရတယ်၊ အခု သူ့မှာ သားသမီးဆိုလို့ မင်းတစ်ယောက်ပဲ ကျန်တော့တာ"
သူက သက်ပြင်းချရင်း ဘာမှ ဆက်မပြောတော့ပေ။ အခန်းထဲတွင် အဖိုး၏ ချောင်းဆိုးသံကိုသာ ကြားနေရတော့သည်။
အေးစိမ့်နေသော ကော်ရစ်ဒါအတိုင်း လျှောက်လာစဉ် ဆရာရှသည် ပြတင်းပေါက်ဘေးတွင် ထိုင်နေသော ဒေါက်တာကောင်း၏ မိခင်ကို မြင်လိုက်ရသည်။ သူမသည် ကြီးထွားမှု ရပ်တန့်သွားပြီး တဖြည်းဖြည်း ညှိုးနွမ်းဝါကျင်လာသည့် အပင်တစ်ပင်နှင့်ပင် တူနေတော့သည်။
"လူတိုင်း သေကြရမှာပဲ၊ ကျွန်တော်တို့လည်း ချွင်းချက်မဟုတ်ဘူး၊ သူက နည်းနည်း စောသွားရုံပါပဲ"
ဆရာရှသည် ဘဝကို အမြဲအထင်သေးခဲ့ပြီး သေဆုံးခြင်းနောက်ကိုသာ လိုက်ခဲ့သူဖြစ်သဖြင့် ယင်းမှာ သူတွေးနိုင်သမျှ အကောင်းဆုံး နှစ်သိမ့်စကားပင် ဖြစ်သည်။
ကော်ရစ်ဒါအဆုံးရှိ အခန်းသို့ ရောက်သောအခါ ဆရာရှသည် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်လိုက်ပြီး တံခါးကို အသာအယာ ခေါက်လိုက်သည်။
ခဏအကြာတွင် ဆွေးမြည့်နေသော သစ်သားတံခါးက ဖြည်းညင်းစွာ ပွင့်ဟလာသည်။ ဆရာရှ အတွင်းသို့ လှမ်းဝင်လိုက်သော်လည်း ပိန်းပိတ်အောင် မှောင်နေသဖြင့် ဘာမှ မမြင်ရချေ။
"အဖေ၊ ဒီမှာ နေရတာ အသားကျနေပြီလား၊ တခြားနေရာကို ပြောင်းဖို့ မလိုတာ သေချာရဲ့လား"
ဆရာရှသည် နံရံရှိ မီးခလုတ်ကိုစမ်းရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူ ခလုတ်ကို အကြိမ်ကြိမ် နှိပ်သော်လည်း မီးက လင်းမလာပေ။ နောက်ဆုံးတွင် သူ့အိတ်ထဲမှ မီးခြစ်တစ်လုံးကိုသာ ထုတ်ယူလိုက်ရသည်။
မီးတောက်လေး လှုပ်ခတ်သွားသည့် ခဏချင်းမှာပင် ဆရာရှသည် အမှောင်ခန်းထဲတွင် တစ်ယောက်တည်း ရှိနေသော သူ့ဖခင်ကို မြင်လိုက်ရသည်။
၎င်းမှာ မကောင်းဆိုးဝါးတစ်ကောင်ပင်။ သူ့အရေပြားများက ခွာချခံထားရပြီး လက်နှင့် ပါးပြင်များသာ ပုံမှန်အတိုင်း ကျန်တော့သည်။ အသားစများနှင့် အမှောင်ထုက တစ်သားတည်း ဖြစ်နေပြီး သူသည် စက္ကန့်တိုင်းတွင် ဖော်မပြနိုင်သော နာကျင်မှုကို အန်တုနေရခြင်း ဖြစ်သည်။
သူ့ဖခင်၏ နှလုံးခုန်သံကြောင့် ဆရာရှသည် တစ်ခါတစ်ရံ စိတ်ရှုပ်ထွေးသွားပြီး တစ်ခါတစ်ရံ ကြည်လင်လာတတ်သည်။ သူ၏ ဖခင်သည် သွေးနီရောင် ပုံစံကွက်များ ခတ်နှိပ်ထားသည့် အရေပြားစတစ်ခုကို သူ့ဘယ်ဘက်လက်မှ ဆွဲခွာလိုက်ပြီး သွေးစိုနေသော လက်ချောင်းများဖြင့် ထိုအရေပြားစကို ဆရာရှထံ ကမ်းပေးလိုက်သည်ကို မြင်လိုက်ရ၏။
"ဒါ ကျွန်တော့်အတွက်လား"
ဆရာရှသည် ထိုအခိုက်အတန့်ကို စောင့်စားနေခဲ့သည့်အလား ရှိနေလေသည်။ သူ့အိတ်ကို ဖွင့်လိုက်ရာ နှလုံးသားများကို ထုတ်ယူရန် သီးသန့်ဒီဇိုင်းထုတ်ထားသော ထူးဆန်းသည့် ပုံသဏ္ဍာန်ရှိသည့် ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။
ဓားသွားက အသားထဲသို့ တိုးဝင်သွားသော်လည်း ဆရာရှမှာ နာကျင်မှုကို မေ့လျော့နေသကဲ့သို့ပင် ထိုသွေးနီရောင်ပုံစံကွက်များပါသည့် အရေပြားကို သူ့ရင်ဘတ်ထဲသို့ ဂရုတစိုက် ချုပ်ထည့်နေတော့သည်။
ဆရာရှသည် မျက်လုံးများ မှေးစင်းသွားပြီး လေထုထဲရှိ အသားစိမ်းနံ့ကို အားပါးတရ ရှူရှိုက်လိုက်သည်။
သူ့နှလုံးခုန်သံမှာ ပိုမိုပြင်းထန်လာပြီး နှစ်ပေါင်းများစွာ မြုပ်နှံထားသော မှတ်ဉာဏ်များ စတင် နိုးထလာတော့သည်။ အမည်တစ်ခုက သူ့စိတ်ထဲသို့ အရင်ဆုံး တိုးဝင်လာခဲ့သည်။
"ရှရန်"
သူသည် သူ့ရင်ဘတ်ထဲမှ အသွေးအသားများကို ဆုပ်ကိုင်ထားရင်း ဝေဝါးမှုများကြားမှ မှတ်ဉာဏ်တို့ ရုန်းထွက်လာကာ ရှရန်ကို ခဏတာ ကြည်လင်မှု ပေးစွမ်းလိုက်သည်။
သူ အရာများစွာကို မှတ်မိသွားပြီ ဖြစ်သည်။ ဥပမာအားဖြင့် ဟန်ဟိုင်းသွေးမြို့တော်အရှင်က မသိထိုက်သူ ဖြစ်တည်မှုရှစ်ခုကို စိတ်ဖောက်ပြန်မှုထဲသို့ ဆွဲသွင်းခဲ့ပုံနှင့် ထိုစိတ်ဖောက်ပြန်မှု ကမ္ဘာကြီး ပုံမပေါ်လာမီ သူတို့ မည်သို့အပိုင်းပိုင်း ပြတ်လုနီးပါး ဖြစ်ခဲ့ရပုံများကို မှတ်မိသွားခြင်းပင်။
ဤမကြုံစဖူး တိုက်ပွဲသည် မည်သူမဆို စိတ်ကူးထားသည်ထက် များစွာ ပိုရက်စက်လှသည်။ ဟန်ဟိုင်းသွေးမြို့တော်အရှင်သည် အချိန်ဆွဲလိုသော်လည်း ထိုရူးသွပ်သော ကမ္ဘာကြီးကို တည်ဆောက်ပြီးနောက် ထိုကမ္ဘာရှိ အချိန်စီးဆင်းမှုမှာ စည်းမျဉ်းတစ်ခုခုကြောင့် နှောင့်ယှက်ခံနေရကြောင်း တွေ့ရှိခဲ့ရသည်။ ထိုစိတ်ဖောက်ပြန်မှုကမ္ဘာထဲတွင် တစ်နှစ်ကြာလျှင်ပင် ပိုမိုနက်ရှိုင်းသော အတွင်းကမ္ဘာ၌ တစ်ရက်သာ ကုန်ဆုံးပေလိမ့်မည်။
ယင်းမှာ အချိန်သွေးမြို့တော်အရှင်၏ စွမ်းအားပင် ဖြစ်သည်။ အချိန်ကို ပုံမှန်ဖြစ်စေရန်အတွက် ဟန်ဟိုင်းသွေးမြို့တော်အရှင်သည် ရှင်းလုသွေးမြို့တော်၏ အသိစိတ်ကို ငါးစာအဖြစ် အသုံးပြုခဲ့ပြီး ၎င်းတို့၏ မတူညီသော စွမ်းရည်များအလိုက် အဖိုး၊ အဖွား၊ အမေနှင့် ဦးလေး စသည့် မိသားစုဝင်များအဖြစ် ခွဲထုတ်ခဲ့ရသည်။ လူတစ်ဦးစီတွင် ရှင်းလုသွေးမြို့တော်၏ စွမ်းအား အစိတ်အပိုင်းတစ်ခုစီ ပါရှိနေခြင်းဖြစ်သည်။
ထို့နောက် သူသည် ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများ ကိန်းဝပ်နေသော သူ့အရေပြား တစ်စိတ်တစ်ပိုင်းကို "အဖွား" ၏ ခန္ဓာကိုယ်ပေါ်တွင် ချုပ်ထည့်ခဲ့ပြီး ရှင်းလု၏ အသိစိတ်ကို ရရှိရန်အတွက် အချိန်သွေးမြို့တော်နှင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အသိစိတ် အစိတ်အပိုင်းတစ်ခုကို တမင်သိမ်းပိုက်ခွင့် ပေးခဲ့သည်။
စိတ်ဖောက်ပြန်မှုကမ္ဘာကြီး ပုံပေါ်လာပြီးနောက် တစ်ဖက်လူသည် ထိုအသိစိတ် အစိတ်အပိုင်းပေါ်သို့ အမှန်တကယ်ပင် ဆင်းသက်လာခဲ့သည်။ ဟန်ဟိုင်းစည်းမျဉ်းများက အချိန်ကို လွှမ်းခြုံလိုက်သဖြင့် ထိုစိတ်ဖောက်ပြန်မှုကမ္ဘာ၏ အချိန်စီးဆင်းမှုသည် အတွင်းကမ္ဘာနှင့် ထပ်တူဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
ရှရန်သည် ဒေါက်တာကောင်းက မည်သည့်နေရာသွားသွား သူ့မိသားစု၏ ဝန်ထုပ်ဝန်ပိုးများကို အဘယ်ကြောင့် အမြဲသယ်ဆောင်သွားရကြောင်းကို တစ်ခါက စဉ်းစားဖူးခဲ့သည်။ သူ့မှတ်ဉာဏ်များ ပြန်လည်ရရှိလာပြီးနောက်တွင်မူ ထိုမိသားစုဝင်များသည် ဟန်ဟိုင်းသွေးမြို့တော်အရှင်၏ ဘက်တော်သားများ ဖြစ်ကြသော ရှင်းလုအသိစိတ်များဖြစ်ကြောင်း သူ မှတ်မိသွားတော့သည်။
သို့သော်လည်း သူတို့နှင့် ဟန်ဟိုင်းသွေးမြို့တော်အရှင်တို့၏ ဆက်ဆံရေးမှာ သိပ်မကောင်းလှချေ။ အကြိုက်ဆုံးမှာ နံပါတ် ၂ ဖြစ်သည့် ဒေါက်တာကောင်းသာ ဖြစ်သည်။
အဖိုးဖြစ်သူမှာ သူ့အဖေနှင့် ဦးလေးကို အမြဲဆူပူလေ့ရှိသော်လည်း ဒေါက်တာကောင်းကိုမူ အမြဲ ချီးမွမ်းလေ့ရှိသည်။
"ငါ မှတ်မိပြီ"
စိတ်ဖောက်ပြန်မှုကမ္ဘာ၏ အချိန်စီးဆင်းမှုကို ပုံမှန်ဖြစ်စေရန်အတွက် ဟန်ဟိုင်းသွေးမြို့တော်အရှင်မှာ ဟန်ဟိုင်းသွေးမြို့တော် သရဲတက်တူးများပါရှိသော သူ၏ ကိုယ်ပိုင်အရေပြားကို ခွာထုတ်ခဲ့ရပြီး ယင်းမှာ ပထမအဆင့်သာ ရှိသေးသည်။
စိတ်ဖောက်ပြန်မှု ကမ္ဘာကြီး မတည်ငြိမ်မီ ၎င်းက ဆက်လက် ဝေဝါးနေခဲ့သည်။ ပုံရိပ်ယောင် သွေးမြို့တော်အရှင်က တစ်ကမ္ဘာလုံး၏ စည်းမျဉ်းများကို အတင်းအကျပ် ပုံပျက်စေခဲ့ပြီး အရာအားလုံးကို ကွယ်ပျောက်စေရန် ကြိုးပမ်းခဲ့သည်။ ထိုအခါ ဟန်ဟိုင်းသွေးမြို့တော်အရှင်သည် အဓိပ္ပါယ်မဲ့မှုနှင့် ထူးဆန်းမှုအားလုံးကို ထိန်းကျောင်းရန်အတွက် သူ၏ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့သော မှတ်ဉာဏ်များကို စတေးခဲ့ရသည်။
ပုတ်သိုးခြင်းနှင့် အိုမင်းခြင်းစွမ်းအားများက ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် ဟန်ဟိုင်းသွေးမြို့တော်အရှင်သည် သားစားကြူးနတ်ဘုရားကို ကမ္ဘာမြေကြီးထဲသို့ ပေါင်းစပ်ထည့်သွင်းခဲ့ရသည်။
သူသည် စစ်မှန်သော စိတ်ဖောက်ပြန်မှု ကမ္ဘာကြီး မဆင်းသက်လာချိန်အထိ အရာအားလုံးကို ပေးဆပ်ခဲ့ပြီး ဆင်းသက်လာချိန်တွင်မူ လူတိုင်း စတင်မေ့လျော့လာကြပြီး၊ လူတိုင်း စတင် ရူးသွပ်လာကြတော့သည်...။