အခန်း ၈၇၉
Vol. 61 Ch. 879
အပိုင်း (၈၇၉) ကျရှုံးတာကို သိတယ်
ရှရန်သည် ထိုမှတ်ဉာဏ်များကို ပြန်လည်အမှတ်ရလာပြီးနောက် သူ့ရှေ့မှ ပုဂ္ဂိုလ်ကို မှတ်မိသွားတော့သည်။
အရိပ်ထဲတွင် ပုန်းကွယ်နေသော၊ အရေပြားများ ခွာချခံထားရပြီး စုတ်ပြတ်သတ်နေသည့် ဤသွေးစွန်းနေသော မကောင်းဆိုးဝါးကြီးမှာ ဟန်ဟိုင်းသွေးမြို့တော်၏ အရှင်သခင်ပင် ဖြစ်တော့သည်။
သူ့နာမည်ကား ကောင်းမင်ဟူ၏။
"နံပါတ် ၂ သေသွားလို့ ငါ့ကို ဟန်ဟိုင်းရဲ့ စည်းမျဉ်းတွေနဲ့ အကာအကွယ် ပေးလိုက်တာလား၊ အခုတော့ ငါ့အလှည့်ပေါ့လေ"
ရှရန်က နူးညံ့စွာ ပြုံးလိုက်သည်။ သူသည် အကောင်းအဆိုးကို ဂရုမစိုက်သလို လောက၏ ကျင့်ဝတ်စည်းကမ်းများသည်လည်း သူ့အပေါ် မယိမ်းယိုင်စေပေ။ သူသည် လက်တွေ့ကမ္ဘာတွင် အရူးတစ်ယောက်ဖြစ်သော်လည်း ဤစိတ်ဖောက်ပြန်မှုကမ္ဘာကြီးတွင်မူ ပုံမှန်လူတစ်ဦး ဖြစ်သည်။
"ငါ မင်းကို ကူညီမယ်ဆိုတာ မင်းသိတယ်၊ ဒါက မင်းကို အရမ်းမျက်နှာသာပေးလို့ မဟုတ်ဘဲ ဒီစိတ်ဖောက်ပြန်မှုကမ္ဘာကြီး ပျက်စီးသွားမှာကို ငါမလိုလားလို့ပဲ၊ အရူးတွေအားလုံးရဲ့ ကံကြမ္မာ ပြိုလဲသွားမှာကိုလည်း ငါမကြည့်ရက်ဘူး၊ မင်းသိတဲ့အတိုင်း… ငါ ဒီနေရာကို ကြိုက်တယ်"
ရှရန်သည် တစ်ချိန်က ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းထဲတွင် အကျဉ်းကျခံခဲ့ရဖူးသော်လည်း ဤစိတ်ဖောက်ပြန်မှုကမ္ဘာထဲတွင်မူ လွတ်လပ်ခွင့် ရရှိခဲ့သည်။ အကယ်၍ ဤကမ္ဘာကြီး ပြိုလဲသွားလျှင်သော်လည်းကောင်း ကောင်းမင်၏ ဝိညာဉ် ပျောက်ကွယ်သွားလျှင်သော်လည်းကောင်း သူပါ လိုက်ပါပျောက်ကွယ်သွားရမည် ဖြစ်သည်။
ရှရန်က ဓားကို အိတ်ထဲသို့ ပြန်ထည့်၍ မီးခြစ်ကိုလည်း သိမ်းဆည်းလိုက်သည်။ ပိန်းပိတ်အောင် မှောင်မည်းနေသည့်တိုင် ကောင်းမင်၏ ခန္ဓာကိုယ်ကို မြင်တွေ့နေရဆဲပင်။
"အဆုံးသတ်မှာ မင်းမှာ ဘာမှကျန်မှာ မဟုတ်ဘူး၊ ငါတို့တွေက ရှုံးနိမ့်ဖို့ ကံပါလာပြီးသားပဲ"
"ပုံရိပ်ယောင်ကို သတ်လို့မရဘူး၊ တစ်ကြိမ်သေတိုင်း လူသစ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာလိမ့်မယ်၊ အချိန်ဆိုတာလည်း မင်းရဲ့ အရေပြားထဲမှာ ရစ်ပတ်ခံထားရလို့သာ သတိရှိနေတဲ့ အချိန်တွေကို ဆွဲဆန့်ထားနိုင်တာ၊ နောက်ဆို အားလုံး တစ်ပြိုင်တည်း ရူးသွားကြလိမ့်မယ်၊ အိုမင်းခြင်းနဲ့ သွေးနီရောင်ကတော့ နံပါတ် ၂ ရဲ့ ကြိုးကိုင်မှုကြောင့် စိတ်ဖောက်ပြန်မှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကုန်ကြပြီ၊ ဒါပေမဲ့ တောအုပ်ရဲ့ မျိုးစေ့တွေက ရှိနေတုန်းပဲ၊ သွေးနီရောင်ကလည်း တကယ်မသေသေးဘူး၊ အန္တရာယ်အရှိဆုံးက နံပါတ် ၀ ပဲ၊ လက်တွေ့ကမ္ဘာကနေ စိတ်ဖောက်ပြန်မှု ကမ္ဘာဆီကို နောက်ယောင်ခံလိုက်လာတဲ့ မသိထိုက်သူပေါ့၊ သူက ဒီကမ္ဘာကြီးရဲ့ အမှန်တရားကို မကြာခင် တွက်ချက်နိုင်တော့မယ်၊ သူက ဒီစိတ်ဖောက်ပြန်မှု ကမ္ဘာထဲက အရူးတစ်ယောက်ကိုတောင် အပြင်လောကကို လွှတ်လိုက်သေးတယ်၊ ပြီးတော့ ဥယျာဉ်မှူးကလည်း…"
ရန်သူနှင့် ယှဉ်လျှင် ရှရမှာ အလွန်အားနည်းလွန်းလှသည်။ သူသည် အဆင့်မြင့်ပြစ်ဒဏ်ခန်းရှိ မကောင်းသော အတွေးများ စုစည်းရာအဆင့်သာရှိပြီး မပြောသင့်သူဟုပင် ခေါ်ဆိုရန် မထိုက်တန်သေးပေ။
"နံပါတ် ၂ ရဲ့ စီစဉ်မှုတွေကို ငါအံ့သြမိပါတယ်၊ သူက သူ့ရဲ့ သေဆုံးမှုကိုတောင် ထည့်တွက်ထားခဲ့တာပဲ၊ ဒါပေမဲ့ ဒါကလည်း ရှုံးနိမ့်မယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်ရုံ ရှိတာပါ"
အမှောင်ထု လွှမ်းခြုံထားသည့် မြေအောက်ခန်းထဲတွင် သွေးမြို့တော် သရဲတက်တူးများ ခတ်နှိပ်ထားသော လက်တစ်ဖက်က အသာအယာလှုပ်ရှားသွားပြီး အမှောင်ထဲမှ အက်ရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါ အောင်မြင်နိုင်မယ်လို့ ယုံကြည်လို့ လုပ်ခဲ့တာ မဟုတ်ဘူး၊ မင်း သွားသင့်ပြီ"
မြေအောက်ခန်းအတွင်း၌ ဘယ်သူမှ မရှိသကဲ့သို့ ပြန်လည် တိတ်ဆိတ်သွားတော့သည်။
"ကောင်းပြီ၊ နံပါတ် ၂ မသေခင် တစ်ရက်အလိုမှာ သူ့အစီအစဉ်ကို ငါ့ဆီ ပို့ပေးခဲ့တယ်၊ ငါ သူ့ဆန္ဒအတိုင်း လုပ်ပေးပါ့မယ်"
ရှရန် ပြုံးလိုက်ပြီး သူ့အိတ်ကို ကောက်ကိုင်ကာ ထွက်ခွာလာခဲ့သည်။
"တိရစ္ဆာန်ကောင်၊ ထွက်သွားစမ်း၊ ငါ့မျက်စိရှေ့ ဘယ်တော့မှ ပေါ်မလာနဲ့"
အဖိုးဖြစ်သူက ရှရန်ကို ကျိန်ဆဲနေသော်လည်း ဆရာရှကမူ လူကြီးလူကောင်းပီသစွာဖြင့် ငွေအချို့ကို ချထားပေးခဲ့ပြီး သူ့ဦးလေးအား ပြောလိုက်သည်။
"ဒေါက်တာကောင်းရဲ့ အမေအတွက် စားကောင်းသောက်ဖွယ်လေးတွေ ဝယ်ပေးလိုက်ပါ၊ သူ့ကြည့်ရတာ အရမ်းဝမ်းနည်းနေပုံပဲ"
"ဒါကို ပြန်ယူသွားပါ"
သူ့ဦးလေးက ထိုငွေကို မထိပေ။
"ဒါက ခင်ဗျားအတွက် မဟုတ်ဘူး"
ရှရန်သည် နောက်ပြန်လှည့်မကြည့်ဘဲ မြေအောက်ခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်မှ လေထုက သိသိသာသာ လတ်ဆတ်နေလေသည်။
"ဒါက ငါချစ်တဲ့ ကမ္ဘာကြီးပဲ၊ ဒီနေရာမှာ ကြာကြာနေချင်ပါသေးတယ်"
ရှရန်သည် အခြားလမ်းကြောင်းတစ်ခုမှ ပတ်သွားလိုက်ပြီး ညဥ့်နက်ချိန်တွင် ရှောင်ယွီ၏ အိမ်သို့ ပြန်ရောက်လာခဲ့သည်။
ငှားရမ်းထားသည့် ရိုးရိုးရှင်းရှင်းအခန်းလေးထဲတွင် ရှောင်ယွီလေးသည် တစ်လုံးတည်းသော ကုတင်ပေါ်၌ အိပ်ပျော်နေလေသည်။ ခြေကျင်းဝတ်တွင် ချိန်းကြိုးများ ခတ်ထားသော သူမ၏ မိခင်မှာမူ ဟိုဘက်ဒီဘက်လူးလှိမ့်ရင်း အိပ်မပျော်နိုင်ဘဲ ဖြစ်နေကာ ရှရန် ပြန်လာသည်ကို မြင်မှသာ စိတ်သက်သာရာ ရသွားတော့သည်။
"အပြင်မှာ အရမ်းအန္တရာယ်များတယ်၊ တော်သေးတာပေါ့ အစ်ကို ဘာမှမဖြစ်လို့၊ အဲ့ဒီ ရူးသွပ်နေတဲ့ လူသတ်သမားကြီးနဲ့ တွေ့မလားလို့ ကျွန်မ တကယ်စိုးရိမ်နေခဲ့တာ"
ထိုအမျိုးသမီးက မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း ရှရန်က တားလိုက်သည်။ သူသည် ချိန်းကြိုးများကို လက်ညှိုးထိုးပြပြီးနောက် အိပ်ပျော်နေသော ရှောင်ယွီကို ညွှန်ပြလိုက်သည်။
"သူ့ကို မနှိုးပါနဲ့၊ ငါ နှုတ်ဆက်ဖို့ လာတာပါ"
ထိုအမျိုးသမီးမှာ ဒီလိုနေ့မျိုး ရောက်လာလိမ့်မည်ကို သိနေသကဲ့သို့ပင်။ သို့သော်လည်း သူမသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှု မရှိသေးချေ။ သူမသည် အရည်ကြည်ဖုများ ထနေသော သူမ၏ ခြေထောက်များကို ကွေးညွတ်လိုက်ပြီး အကောင်းဆုံးပုံစံဖြစ်အောင် ကြိုးစား ပြင်ဆင်လိုက်သည်။
"အစ်ကို့ကို ဘယ်မှာ ပြန်တွေ့နိုင်မလဲ"
"ငါတို့ ပြန်တွေ့နိုင်မှာ မဟုတ်တော့ဘူး၊ ငါက ဒေါက်တာကောင်းလောက် မတော်တော့ အချိန်အကြာကြီး ဆွဲထားနိုင်မှာ မဟုတ်ဘူး"
ရှရန်သည် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏ ဝမ်းနည်းမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်နေသည့် ထိုအမျိုးသမီးကို ကြည့်နေမိသည်။ သူသည် သူမ၏ ပိန်လှီသော ပါးပြင်လေးကို အသာအယာ ပွတ်သပ်လိုက်လေသည်။
"ငါတို့ သိခဲ့ကြတာ ကြာပြီပဲ၊ ဒါပေမဲ့ မင်းရဲ့ ပုံကို တစ်ခါမှ မဆွဲပေးရသေးဘူး"
"ကျွန်မပုံကို မဆွဲပါနဲ့၊ ကျွန်မက... ကျွန်မက မလှပါဘူး"
အမျိုးသမီးက ခေါင်းငုံ့သွား၏။
ရှရန်သည် သူ့အိတ်ထဲမှ ပုံဆွဲစက္ကူတစ်ရွက်နှင့် အင်္ကျီအိတ်ကပ်ထဲမှ ဘောပင်ကို ထုတ်လိုက်ပြီး နံရံကို မှီကာ အမျိုးသမီး၏ ရှေ့တည့်တည့်တွင် ထိုင်လိုက်သည်။ စက္ကူပေါ်တွင် ဘောပင်ခြစ်သံများ ချက်ချင်း ထွက်ပေါ်လာပြီး အချိန်တို့သည် ညဥ့်နတ်သမီးလေးတစ်ပါးအလား နာရီမျက်နှာပြင်ပေါ်တွင် အသာအယာ ကခုန်နေတော့သည်။
"တကယ်တော့"
အမျိုးသမီးသည် သူမ၏ အဝတ်အစားများကို ဆုပ်ကိုင်ထားမိသည်။ သူမသည် ဖျားနာမှုကြောင့် အလွန်ပိန်လှီနေပြီး ကျန်းမာရေး ချို့တဲ့နေခဲ့သည်။ သို့သော် ရှရန် မြို့ထဲမှ ယူဆောင်လာပေးသော ဆေးဝါးများကို သောက်သုံးပြီးနောက် သူမ၏ အခြေအနေမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ဘဝအတွက် မျှော်လင့်ချက်အသစ်များ ရရှိခဲ့ရသည်။ ထို့ကြောင့်ပင် သူမသည် သူမ၏ စိတ်ရင်းကို ပြောပြချင်နေခြင်း ဖြစ်သည်။
"ကျွန်မ…"
"ပြီးသွားပြီ"
ရှရန်၏ နူးညံ့သောအသံ ထွက်ပေါ်လာသည်။ သူသည် ပုံဆွဲစက္ကူကို မွေ့ရာပေါ် တင်လိုက်ပြီး ပုံဆွဲကိရိယာများကို သိမ်းကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
"ဒီကမ္ဘာကြီးက သိပ်လှတာပဲ၊ ငါအရင်နေခဲ့တဲ့ နေရာထက် အများကြီး ပိုစိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါကြီး ထာဝရတည်တံ့နေဖို့ ငါတကယ် မျှော်လင့်မိပါတယ်"
ဖိနပ်စီးပြီးနောက် ရှရန်သည် ကုတင်ပေါ်တွင် အိပ်ချင်ယောင်ဆောင်နေသော ရှောင်ယွီကို တစ်ချက် ကြည့်လိုက်သည်။
"ကောင်းသော ညပါ"
ရှရန် ထွက်သွားပြီးနောက် အမျိုးသမီးသည် ကြမ်းပြင်ပေါ်မှ ပန်းချီကားကို ကောက်ယူလိုက်သည်။ ၎င်းမှာ အမျိုးသမီး၏ ရှက်ကိုးရှက်ကန်းအမူအရာနှင့် အိပ်ချင်ယောင်ဆောင်နေသော သမီးဖြစ်သူ၏ ပုံရိပ်ကို ရိုးရှင်းစွာ ရေးဆွဲထားခြင်း ဖြစ်သည်။ သူမသည် ထိုပန်းချီကားကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်၏။ အခြားသူများအတွက်မူ ဤပန်းချီကားမှာ ဆရာရှ၏ ကိုယ်ပိုင်ဟန်နှင့် လုံးဝမတူဘဲ ရိုးစင်းလွန်းကာ တန်ဖိုးမရှိဟု ထင်ရသော်လည်း ထိုအမျိုးသမီးအတွက်မူ အဖိုးအတန်ဆုံးအရာ ဖြစ်ပေသည်။
ရှရန်သည် အောက်ထပ်တွင် ခဏရပ်နေခဲ့ပြီး အခန်းငယ်လေးအတွင်းမှ မီးငြိမ်းသွားသည်ကို မြင်မှသာ ထွက်ခွာသွားတော့သည်။
သူ ရေးဆွဲခဲ့ဖူးသမျှ မရေမတွက်နိုင်သော ပန်းချီကားများထဲတွင် ဤပန်းချီကားမှာ အရှိကိုအရှိအတိုင်း ရေးဆွဲခဲ့သည့် အစစ်မှန်ဆုံးပန်းချီကားပင် ဖြစ်တော့သည်။
"ဒီစိတ်ဖောက်ပြန်မှုကမ္ဘာကြီးက တကယ်ကို ရူးချင်စရာပဲ၊ ငါ့ကိုတောင် အရူးဖြစ်အောင် လုပ်နေပြီပဲ"
ရှရန်၏ အပြုံးသည် မှောင်မိုက်သောညယံနှင့် ရောယှက်သွားတော့သည်။ သူသည် တက်စီစီးကာ မြို့ဟောင်း စီမံခန့်ခွဲရေးနယ်မြေကို ဖြတ်ကျော်ပြီး ထူးဆန်းထွေလာစားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ အချိန်နှောင်းနေပြီ ဖြစ်သော်လည်း ဘယ်သူမှ ရှရန်ကို မတားဆီးပေ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အစေခံနှစ်ဦးက ခေါင်းလောင်းတီးလိုက်ရာ တံခါးပွင့်သွားပြီး ထူးဆန်းသော အလင်းရောင်များက အခန်းအတွင်း လင်းထိန်သွား၏။ ဤထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အဆောက်အဦးမှာ ရှရန်ကိုယ်တိုင် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ သူ၏ ထူးခြားသော အတွေးအခေါ်များသည် ဤစိတ်ဖောက်ပြန်မှု ကမ္ဘာတွင် အသိအမှတ်ပြုခံနေရပြီး သူကိုယ်တိုင်လည်း ဤကမ္ဘာ၏ အလှတရားကို တဖြည်းဖြည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးနေခဲ့သည်။
"ဆရာရှ၊ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာပါလဲ"
ထမင်းစားပွဲဘေးရှိ သစ်သားတိုင်တွင် လူငယ်တစ်ဦးကို ချည်နှောင်ထားပြီး သူ့ပါးစပ်မှာ တစ်ဝက်ခန့် ချုပ်ခံထားရသည်။
"ဆရာ၊ ကျွန်တော့်အတွက် တောင်းပန်ပေးပါဦး၊ ကျွန်တော့်အဖေက ကျွန်တော့်ကို ဒီမှာ ချည်ထားတာ ကြာလှပြီ၊ ဘာမှားခဲ့လဲဆိုတာ ပြန်စဉ်းစားခိုင်းနေတာ၊ ဒါပေမဲ့ ကျွန်တော် ဘာမှားခဲ့လဲ တကယ်မသိဘူးဗျ"
"ပန်ပန်လား"
"ကျွန်တော်ကတော့ အဖေ့ရဲ့ ညွှန်ကြားချက်အတိုင်း ဒေါက်တာကောင်းဆီကနေ သင်ယူခဲ့တာပါပဲ"
မီးများ တစ်လုံးပြီးတစ်လုံး လင်းလာရာ ပန်ပန်သည် ကြောက်လန့်တကြားနှင့် ချက်ချင်း ငြိမ်ကျသွားသည်။
မျက်နှာဖုံးအဖြူ စွပ်ထားသော မကောင်းဆိုးဝါးက အခန်း၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။ အလင်းရောင်ကြောင့် သူ့အရိပ်မှာ ရှည်လျားသွားပြီး ပို၍ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့သည်။
"မင်္ဂလာညချမ်းပါ မစ္စတာရှစ်ရှစ်"
ရှရန်က ဦးထုပ်နှင့် ပုဝါကို ချွတ်၍ လူနှင့်ပင် မတူတော့သော ထိုမကောင်းဆိုးဝါးကို နှုတ်ဆက်လိုက်သည်။
"မစ္စတာရှ၊ အခုလို ညမိုးချုပ်မှ ရောက်လာရအောင် ဘာအရေးကြီးကိစ္စ ရှိလို့လဲ"
မျက်နှာဖုံးအဖြူအောက်မှ ရှစ်ရှစ်၏ ပါးစပ်က စကားပြောနေစဉ်လှုပ်ရှားမှုသည် အလွန်ပင် ကြည့်ရဆိုးလှသည်။
"သိပ်ပြီးတော့ အရေးမကြီးပါဘူး၊ လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီ လာတောင်းတာပါ"
"ဘယ်သူလဲ"
"သူ့ကို လူနာနံပါတ် (၀) လို့ ခေါ်ပုံရတယ်"