အခန်း ၈၈၀
Vol. 61 Ch. 880
အပိုင်း (၈၈၀) လွှဲချော်နေသော အချစ်တစ်ခု
"ခင်ဗျားက အဲ့ဒီအရူးကို ဘာလုပ်မလို့လဲ"
မစ္စတာရှစ်ရှစ်သည် ချက်ချင်း အဖြေမပေးသေးဘဲ ခေါင်းလောင်းကို နှိပ်တော့မည့် သူ့လက်က လေထဲတွင် ခဏတာ တန့်သွားသည်။
ထူးဆန်းထွေလာစားသောက်ဆိုင်တွင် အစားအသောက် စားသုံးခြင်းသည် အရေးကြီးဆုံးအရာဖြစ်ပြီး မစ္စတာရှစ်ရှစ်သည် အစားအစာများ မရောက်လာမီ စကားပြောလေ့ မရှိပေ။
"သူက အမှတ်(၁) ပြန်လည်သန်စွမ်းဆေးရုံရဲ့ ဆေးရုံအုပ်ပျောက်ဆုံးမှုနဲ့ ဆက်နွှယ်နေတယ်လို့ ကျွန်တော် ကြားထားတယ်၊ သူက ကမ္ဘာသစ်ကို သွားနိုင်တဲ့ လမ်းစကို ရှာတွေ့ထားပုံရတယ်"
ရှရန်က ကုလားထိုင်ပေါ်တွင် အေးအေးလူလူ ထိုင်ရင်း ပြောလိုက်သည်။
မစ္စတာရှစ်ရှစ်သည် သူ့ကို ချက်ချင်း မတုံ့ပြန်သေးပေ။ သူသည် လူ့အရေပြားနှင့်တူသော စားပွဲပေါ်မှ ပုံစံကွက်များကို ကြည့်နေပြီးနောက် အတော်ကြာမှ စကားပြောလာသည်။
"ကျုပ်တို့ ဆေးရုံအုပ်ကြီးကို အခုထိ မတွေ့သေးဘူး၊ လွန်ခဲ့တဲ့ တစ်လက သူဟာ ဆေးရုံကနေ တစ်ရက်တည်းမှာပဲ ပျောက်သွားတယ်လို့ အချက်အလက်တွေက ပြနေပေမဲ့ ကျုပ်တို့ကတော့ ကမ္ဘာသစ်က တကယ်ရှိတယ်လို့ မယုံကြည်နိုင်ဘူး"
"ဒါဆို ဆေးရုံအုပ်ကြီးက ဘယ်ကို ရောက်သွားနိုင်မှာလဲ၊ ရှင်းလုရဲ့ သြဇာအရှိဆုံး ဆေးဘက်ဆိုင်ရာ ရှေ့ဆောင်လမ်းပြ၊ အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံကို တည်ဆောက်ခဲ့သူကို ဘယ်သူမှ သတ်ရဲမယ်လို့ ကျွန်တော် မထင်ဘူးနော်"
ရှရန်က ကုလားထိုင်လက်တန်းပေါ်တွင် လက်တင်လိုက်သည်။
"မစ္စတာရှစ်ရှစ်... ခင်ဗျားက ကမ္ဘာသစ်မရှိဘူးလို့ တကယ်ထင်နေတာလား"
ဆိုင်အတွင်း၌ ဖယောင်းတိုင်မီးများသည် တဖျတ်ဖျတ်တုန်ခါနေပြီး လူ့အရိုးဖြင့် ပြုလုပ်ထားသော ပီယာနိုခလုတ်များက အလိုအလျောက် အနိမ့်အမြင့် တီးခတ်နေကာ သာယာငြိမ့်ညောင်းသော တေးသံကို ဖန်တီးနေလေသည်။
"ကျွန်တော် နံပါတ် ၀ လူနာရဲ့ စိတ်ထဲကို ဝင်ကြည့်ပြီး သူမြင်နေရတဲ့ကမ္ဘာကို ပုံဖော်ပေးနိုင်တယ်"
ရှရန်၏ ပန်းချီကားများသည် ရှင်းလုတွင် မိုးထိအောင် ဈေးနှုန်းမြင့်မားလှသည်။ သူ၏ ပြိုင်ဘက်ကင်းသော လက်ရာများသည် ရေခဲတောင်၏ ထိပ်ဖျားပိုင်းမျှသာ ရှိသေးပြီး သူ့လက်ရာများကို မြင်ဖူးသူတိုင်းက သူသည် ကမ္ဘာကြီး၏ အမှန်တရားကို ဖမ်းဆုပ်ထားနိုင်သူဟု ခံစားကြရသည်။ သူတို့က ရှရန်ကို ပန်းချီဆရာတစ်ဦးတင်မကဘဲ အရာအားလုံးကို သိမြင်နိုင်သော ပညာရှိတစ်ဦးအဖြစ်ပင် ယုံကြည်ကြသည်။
သူ၏ လက်ရာတစ်ခုချင်းစီကို နည်းမျိုးစုံဖြင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုကြပြီး ထိုထူးဆန်းပြီး ရူးကြောင်ကြောင်နိုင်လှသော အရာအားလုံးသည် ဤရူးသွပ်သော ကမ္ဘာကြီးနှင့် ကိုက်ညီနေလေသည်။ ရှရန်သည် ဤကမ္ဘာအတွက် မွေးဖွားလာသူနှင့်ပင် တူလှသည်။
ဟင်းပွဲ ခေါင်းလောင်းသံ မြည်လာသောအခါ ထိုအစားကြူးသူသည် သူ့နှလုံးသားထဲတွင် စက်သွားများ လည်ပတ်သွားသည့်အလား ခံစားလိုက်ရသည်။ သူသည် မီးဖိုချောင်မှ ထွက်လာသော ဟင်းလျာများကို တိတ်ဆိတ်စွာ ကြည့်နေပြီး ဖြည်းညင်းစွာ စားသောက်နေတော့သည်။
ရှရန်က သူ့ကို မနှောင့်ယှက်ဘဲ ဘေးတွင် ငြိမ်သက်စွာ ထိုင်နေပေး၏။
ဟင်းလျာတိုင်းကို မြည်းစမ်းပြီးနောက် ရှစ်ရှစ်သည် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပုံရသည်။ သူသည် ဘောပင်နှင့် စက္ကူကို ထုတ်ကာ ရှရန်အတွက် လိပ်စာတစ်ခု ရေးပေးလိုက်သည်။
"ကံကောင်းပါစေ သူငယ်ချင်း"
ရှရန်က လိပ်စာကို ယူကာ ဦးထုပ်ဆောင်းလိုက်သည်။
"ကျွန်တော် လာတုန်းက ပန်ပန်က သူ့အတွက် တောင်းပန်ပေးဖို့ ပြောလိုက်သေးတယ်၊ ဒီကလေးက တကယ် အရည်အချင်းရှိတယ်၊ ခင်ဗျား ကျွန်တော့်ကိုယုံရင် သူ့ကို ကျွန်တော့်ဆီမှာ ရက်နည်းနည်းလောက် သင်ယူခိုင်းလို့ ရပါတယ်"
"ဒါက သူ့အတွက် ဂုဏ်ယူစရာပဲပေါ့"
မစ္စတာရှစ်ရှစ်က သူ့ဓားကို ဝှေ့ယမ်းလိုက်ရာ အစေခံတစ်ဦးက ပန်ပန်ကို ချည်နှောင်ထားသော ကြိုးများကို ဖြုတ်ပေးလိုက်သည်။
"သူ့ကို ရေချိုးပေးပြီး အဝတ်အစား သန့်သန့်လေးတွေ လဲပေးလိုက်စမ်း"
နာရီဝက်ခန့်အကြာတွင် ပန်ပန်သည် သူ့အထုပ်အပိုးများကို သယ်ကာ ရှရန်၏ ဘေးတွင် ရယ်ချင်စရာကောင်းအောင် ရပ်နေလေသည်။ သူ၏ မွေးစားဖခင်ဖြစ်သူက သူ့ကို အိမ်ပေါ်မှ ကန်ထုတ်လိုက်သလိုမျိုးပင် ဖြစ်သည်။
"ဆရာရှ... ကျွန်တော်တို့ နောက်ထပ် ဘယ်ကို သွားကြမှာလဲ"
"ရှင်းလုသမိုင်းမှာ အယုတ်မာဆုံးနဲ့ စိတ်အဖောက်ပြန်ဆုံး ကွင်းဆက်လူသတ်သမားကို သွားတွေ့မလို့လေ"
တစ်ဖက်တွင်လည်း ရှုဟွမ်သည် ဝူကျိကို ဆွဲ၍ လူသားစားအခန်းထဲမှ လွတ်မြောက်လာခဲ့သည်။ သူသည် တခဏမျှပင် စိတ်မလျှော့ရဲဘဲ လှေကားများအတိုင်း အပြင်းအထန် ပြေးဆင်းလာခဲ့သည်။ သေဆုံးချိန်အိမ်ရာထဲမှ ပြေးထွက်လာသည့်တိုင် သူ တုန်လှုပ်နေဆဲပင်။ အချိန်ဟု သူ့ကိုယ်သူ ခေါ်ဆိုသော ထိုမကောင်းဆိုးဝါးထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို သူ ခံစားနေရသည်။
"ဝူကျိ၊ ခင်ဗျား အဆင်ပြေရဲ့လား၊ ဘယ်လိုဖြစ်လို့ အဲ့ဒါတွေကို စားရတာလဲ၊ အဲ့ဒီလူက ဗိုင်းရပ်စ် တစ်မျိုးမျိုး ရှိနေလည်း ဖြစ်နိုင်တယ်နော်"
ရှုဟွမ်၏ ပုခုံးများ နာကျင်နေရသည်။ ဝူကျိသည် ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်သော်လည်း တကယ်တမ်းတွင် သန်မာသော အမျိုးသားတစ်ဦးထက်ပင် ပို၍ လေးလံနေသေးသည်။
"မာကြီး... လာကူပါဦး"
ဝူကျိကို ကားပေါ်သို့ အတင်းတွန်းတင်ပြီးနောက် ရှုပ်ဟွမ်သည် ပြန်လည်သန်စွမ်းရေးဌာနသို့ အမြန်ဆုံး မောင်းနှင်လာခဲ့သည်။ ထိုနေရာရှိ ဝန်ထမ်းများသည် ဒေါက်တာဝူကျိ ဒုက္ခရောက်နေသည်ကို သိပြီးနောက် အဆင့်မြင့်ဆုံး ကုသရေးအခန်းကို ချက်ချင်း ရှင်းလင်းပေးလိုက်ကြသည်။ ဆရာဝန်များနှင့် သူနာပြုများသည် စစ်ပွဲတစ်ခု ဖြစ်နေသည့်အလား အလုပ်ရှုပ်သွားကြတော့သည်။
ရှုဟွမ်နှင့် မာကြီးတို့သည်လည်း ပိုးသတ်ထားသော အဝတ်အစားများ လဲလှယ်ဝတ်ဆင်လိုက်ရသည်။ ပုံပျက်ဖြစ်နေသော စောင့်ရှောက်သူနှစ်ဦးက သူတို့ကို ဓာတ်ခွဲခန်းထဲသို့ ခေါ်ဆောင်သွား၏။ သူတို့၏ အမူအရာကို ကြည့်ရသည်မှာ အကယ်၍ ဒေါက်တာဝူကျိ တစ်ခုခုဖြစ်သွားပါက သူတို့ပါ အသတ်ခံရမည့် ပုံစံမျိုးပင်။
မှောင်မည်းနေသော ကော်ရစ်ဒါလမ်းကို ဖြတ်ကျော်ပြီးနောက် ရှုဟွမ်သည် ပြန်လည်သန်စွမ်းရေးဆေးရုံ၏ မြေအောက်ခန်းသို့ ရောက်ရှိလာခဲ့သည်။ ပုံပျက်နေသော ကလေးငယ်များကို ထည့်ထားသည့် ဖန်အိုးများစွာ၏ အလယ်တွင် အဆက်မပြတ် ကြီးထွားလိုက် ပုပ်သိုးလိုက် ဖြစ်နေသော အသားစ တစ်ခုရှိနေလေသည်။
ထိုအသားပေါ်တွင် သာမန်တက်တူးများနှင့် မတူသော ပုံစံကွက်တစ်ခု ခတ်နှိပ်ထားသည်။ ရှုပ်ထွေးလှသော မျဉ်းကြောင်းများထဲတွင် အတိုင်းအဆမရှိသော မြို့ကြီးတစ်မြို့ ပါဝင်နေပုံရပြီး မျဉ်းကြောင်းတစ်ခုစီသည် မရေမတွက်နိုင်သော လူများ၏ ကံကြမ္မာများဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။
"ဒါက ဘာလဲ"
"ဒေါက်တာဝူကျိရဲ့ ကလေးလေ"
ပုံပျက်နေသော စောင့်ရှောက်သူ၏ အဖြေက ရှုဟွမ်နှင့် မာကြီးတို့ကို တုန်လှုပ်သွားစေသည်။
"ခင်ဗျားတို့နှစ်ယောက် ဒေါက်တာဝူကျိ ဘေးကင်းပါစေလို့ပဲ ဆုတောင်းထားကြ၊ မဟုတ်ရင် လူနာတွေက ခင်ဗျားတို့ကို အရှင်လတ်လတ် အရေခွံခွာပြီး သူ့ကလေးကို ကျွေးလိမ့်မယ်"
"ဒါက လူစကားရော ဟုတ်ရဲ့လား"
ရှုဟွမ်နှင့် မာကြီးတို့သည် ဓာတ်ခွဲခန်းထဲတွင် ပိတ်လှောင်ခံထားရပြီး ဖုန်းလိုင်းလည်း မရှိပေ။ ရှုဟွမ်သည် သူ့ဖုန်းထဲမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များကို ကြည့်ရင်း ပို၍ စိုးရိမ်လာရသည်။ သူ့ဘဝကြီး ပြီးဆုံးသွားပြီဟု ခံစားနေရသည်။ ဇနီးဖြစ်သူ၏ စရိုက်အရ သူမသည် အချစ်ကို အမုန်းအဖြစ်သို့ ပြောင်းလဲပစ်မည်မှာ အသေအချာပင်။ လူ့အခွင့်အရေး ကော်မတီ ဖုန်းလိုင်းကလည်း အသုံးဝင်ပုံမရပေ။
နှစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် မြေအောက်ဓာတ်ခွဲခန်းတံခါး ပွင့်လာပြီး သတိပြန်လည်လာသော ဒေါက်တာဝူကျိကို စောင့်ရှောက်သူနှစ်ဦးက တွန်းလှည်းဖြင့် ခေါ်ဆောင်လာသည်။
"ဘုရား ကျေးဇူးတော်ပဲ၊ ခင်ဗျား နိုးလာပြီပေါ့၊ ကျွန်တော်တော့ ဒီမကောင်းဆိုးဝါးတွေရဲ့ အစာ ဖြစ်တော့မလို့ပဲ"
ရှုဟွမ် သက်ပြင်းချလိုက်သည်။ သူသည် သေဆုံးပြီးနောက် အချိန်ကို ဖြတ်သန်းသွားလာနိုင်သော်လည်း အဓိပ္ပာယ်မရှိဘဲ မသေချင်ပေ။
"မကောင်းဆိုးဝါးတွေလား၊ သူတို့အားလုံးက ဒီမြို့တော်ရဲ့ ကလေးတွေပါ၊ ကလေးတစ်ယောက်စီရဲ့ နောက်ကွယ်မှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေတဲ့ မိဘတွေ ရှိကြတယ်"
ဝူကျိသည် မျက်နှာဖုံး မတပ်ထားပေ။ သူမ၏ မျက်နှာတစ်ခြမ်းမှာ ပုပ်သိုးနေပြီး ကြည့်ရဆိုးသော်လည်း အခြားတစ်ခြမ်းမှာမူ အသားသစ်များ ထွက်ပေါ်နေခဲ့သည်။
"ရှုဟွမ်... နင်ဒီတစ်ခေါက် တကယ်ကို ကျေးဇူးတင်စရာကောင်းတဲ့ ကိစ္စတစ်ခု လုပ်ပေးလိုက်တာပဲ"
"ကျွန်တော် ဘာလုပ်လိုက်လို့လဲ"
ရှုဟွမ်တွင် ပြောစရာအရေးကြီးကိစ္စများ ရှိနေသော်လည်း ဝူကျိက အထင်ကြီးလေးစားမှုများ ပြည့်နေသော မျက်လုံးများဖြင့် အနားတိုးလာသည်။
"သေဆုံးချိန်အိမ်ရာထဲက မကောင်းဆိုးဝါးက လိမ်နေတာပဲ၊ သူက အချိန်မဟုတ်ဘူး၊ သူက မင်းကို သတ်ဖို့ ကြိုးစားနေတဲ့ နောက်ကွယ်ကလူ ဖြစ်ဖို့များတယ်"
ဝူကျိ၏ နှုတ်ခမ်းများက တုန်ယင်နေပြီး ထိုသွေးတစ်စက်၏ အရသာကို ခံစားနေဆဲ ဖြစ်ပုံရသည်။
"ခင်ဗျား ဘယ်လို သိတာလဲ"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလား ဒါမှမဟုတ် အဲ့ဒီထက် စောသလားတော့ ငါအတိအကျ မမှတ်မိတော့ဘူး"
ဝူကျိ၏ ဆံပင်ရှည်များက ပုခုံးပေါ်သို့ ဝဲကျနေလေသည်။
"ငါက မျက်နှာလေးခုနဲ့ လက်ရှစ်ဖက်ပါတဲ့ ပုံပျက်နေတဲ့ လူတစ်ယောက်ကို ချစ်မိခဲ့တယ်၊ ငါတို့ရဲ့ ဝိညာဉ်တွေက တစ်ခုနဲ့တစ်ခု ဆွဲဆောင်ခဲ့ကြပြီး ပုံမှန်မဟုတ်တဲ့ လူနှစ်ယောက်ကနေ ကျန်းမာတဲ့ ကလေးတစ်ယောက် ရခဲ့တယ်"
"နေပါဦး"
ဝူကျိ၏ ဇာတ်လမ်းက အလွန်ထူးဆန်းလှသဖြင့် ရှုဟွမ် မနေနိုင်ဘဲ ကြားဖြတ်မေးလိုက်သည်။
"စောစောက စောင့်ရှောက်သူက ဖန်အိုးထဲက အသားစက မင်းရဲ့ကလေးလို့ ပြောတယ်လေ၊ သူ မှားပြောတာလား"
"မဟုတ်ဘူး"
ဝူကျိက မော့ကြည့်လိုက်ရာ ဓာတ်ခွဲခန်းရှိ ပုံပျက်ကလေးငယ်များအပေါ် သူမ၏ အကြည့်က နူးညံ့နေခဲ့သည်။
"ငါတို့ကလေးက ပုံပျက်နေတာတွေကို ကုသပေးနိုင်တဲ့ စွမ်းအားနဲ့ မွေးဖွားလာတာ၊ ငါနဲ့ ငါ့ချစ်သူက သုတေသနကနေတစ်ဆင့် ဒီစွမ်းအားက ကလေးရဲ့ ကိုယ်ပေါ်က ထူးဆန်းတဲ့ ပုံစံကွက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာ ရှာတွေ့ခဲ့တယ်၊ ငါ့ချစ်သူက ငါ့ရဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေကို သက်သာစေဖို့အတွက် အဲ့ဒီပုံစံကွက်တွေကို ငါ့ခန္ဓာကိုယ်ပေါ် ကူးယူဖို့ ကြိုးစားခဲ့တယ်"
ဝူကျိ၏ အပြုံးက တဖြည်းဖြည်းနှင့် ထိန်းချုပ်မရ ဖြစ်လာလေသည်။
"သူ ငါ့ကို ကုသပေးနိုင်ခဲ့တယ်၊ ဒါပေမဲ့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ ငါတို့ကလေး အသက်ဆုံးရှုံးသွားခဲ့တာပဲ၊ သူက အမြဲတမ်း ပုပ်သိုးလိုက်၊ ပြန်ကြီးထွားလိုက်နဲ့ ဘယ်တော့မှ ပျောက်ကွယ်မသွားတဲ့ အသားစတစ်ခု ဖြစ်သွားခဲ့ရတယ်"
ရှုဟွမ်လည်း ကြားဖြတ်မပြောရဲတော့ပေ။ ဝူကျိ၏ စိတ်ခံစားချက် အခုလိုမျိုး အကြီးအကျယ် ပြောင်းလဲသွားသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
"သူ ဘာလို့ အခုလို လုပ်ခဲ့လဲဆိုတာ ငါနားမလည်ခဲ့ဘူး၊ ငါ ရှာဖွေဖို့ ကြိုးစားတဲ့အခါ သူက မြို့ထဲကနေ ပျောက်ကွယ်သွားခဲ့ပြီ၊ ငါ နေရာအတော်များများကို သွားခဲ့တယ်၊ လူအများကြီးကို မေးခဲ့တယ်၊ ဒါပေမဲ့ သူ့ကို ရှာမတွေ့ခဲ့ဘူး၊ အခုချိန်မှ…"
သူမ၏ ပုပ်သိုးနေသောဒဏ်ရာမှ သွေးများ စီးကျလာပြီး ဝူကျိ၏ အသံမှာ တုန်ယင်နေတော့သည်။
"ကိုယ့်ကိုယ်ကိုယ် အချိန်လို့ခေါ်တဲ့ အဲ့ဒီမကောင်းဆိုးဝါးဆီကနေ ငါ့ချစ်သူရဲ့ အငွေ့အသက်ကို ရလိုက်တယ်၊ အဲ့ဒါက ထူးခြားတဲ့အသားနံ့ တစ်ခုပဲ၊ သူ့ရဲ့ သွေးကို သောက်ပြီးတဲ့အခါမှာတော့ အဲ့ဒီအခန်းထဲက မကောင်းဆိုးဝါးနဲ့ ပျောက်ဆုံးနေတဲ့ ငါ့ချစ်သူဟာ အသွေးအသား တစ်ခုတည်းက ဖြစ်တယ်ဆိုတာ ငါ အတည်ပြုနိုင်ခဲ့ပြီ"