← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁)

မြေအောက်ဂူအတွင်းရှိ တိုက်ပွဲမှာ အကြိတ်အနယ်ရှိလှပြီး အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေလေသည်။ မီးမျောက်ဝံသည် တိုက်ခိုက်ရေး၌ အလွန်ကျွမ်းကျင်လှသည်။ ၎င်းသည် မြေပြင်ညီပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ဂူအတွင်း၌ အထက်အောက် အလွယ်တကူ ကူးလူးလှုပ်ရှားနေ၏။ သားရဲ၏ လှုပ်ရှားမှုများတွင် သိသာထင်ရှားသော ပုံစံမရှိသဖြင့် မည်သို့လှုပ်ရှားမည်ကို ခန့်မှန်းရန် အလွန်ခက်ခဲလှသည်။ ဂူတစ်ခုလုံးသည် ၎င်း၏ အိမ်ကွင်းကဲ့သို့ ဖြစ်နေပြီး ကစားသမားများအတွက် အသာစီးရနိုင်မည့် မြေအနေအထားမျိုးလည်း မရှိချေ။

ရှောင်တန်နှင့်ရီရူယွီတို့တွင် သေနတ်များသာ မရှိပါက သူတို့သည် အစကတည်းက မီးမျောက်ဝံကြောင့် ဒဏ်ရာရနေရလောက်ပြီဖြစ်သည်။

"မကောင်းတော့ဘူး၊ ငါတို့ ကျည်ဆန်တွေ အတော်များများ သုံးလိုက်ရပြီးပြီ၊ ဒါပေမဲ့ ဒီမကောင်းဆိုးဝါးကောင်ကို ထိခိုက်မှုအများကြီး မပေးနိုင်သေးဘူး"

ရီရူယွီက သူမခန္ဓာကိုယ်ကို လှည့်၍ ရှောင်တန်ကို ပြောလိုက်သည်။

"အဲဒီအကောင်မသေခင် ငါတို့ ကျည်ဆန်တွေ အရင်ကုန်သွားမှာစိုးမိတယ်"

ရှောင်တန်ကမူ ရီရူယွီနှင့်အတူ ကျောကပ်အနေအထားဖြင့် ရပ်ကာ မည်သည့်ဘက်၊ မည်သည့်ထောင့်မှမဆို ရောက်လာနိုင်သော မီးမျောက်ဝံကို ခုခံရန် အသင့်ပြင်ထား၏။ ထိုစကားကို ကြားသောအခါ သူက ပြောလိုက်သည်။

"ငါ့မှာ အကြံတစ်ခုရှိတယ်"

"ပြောကြည့်လေ"

ရီရူယွီက ပြန်ဖြေ၏။

"ငါ အသက်အမှတ်တွေ ပြန်ပြည့်လာအောင် သွေးပြန်ဖြည့်ဆေးတစ်ပုလင်း သောက်လိုက်မယ်"

ရှောင်တန်က ရှင်းပြသည်။

"ပြီးရင် သေနတ်ကို သိမ်းပြီးတော့ ဘယ်သူနိုင်မလဲဆိုတာ သိအောင် အနီးကပ်တိုက်ခိုက်မယ်"

ရီရူယွီက သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

"ဒါက သိသာနေတာပဲ မဟုတ်လား၊ ဒီအဓိပ္ပါယ်မရှိတဲ့ တိုက်ပွဲမှာ မကောင်းဆိုးဝါးက နင့်ကို အချိန်မဖြုန်းဘဲ အသေရိုက်သွားမှာပေါ့"

"ဒါကို ပြောချင်တာမဟုတ်ဘူး၊ ငါ့မှာ လေ့လာချက်တစ်ခုရှိတယ်"

ရှောင်တန်က ဆို၏။

"မကောင်းဆိုးဝါးရဲ့ အားသာချက်က အမြန်နူန်းပဲ၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ အရမ်းသာမန်ပါပဲ၊ သူ့တစ်ကိုယ်လုံး မီးတွေဖုံးနေတာက စိတ်ရှုပ်စရာကောင်းပေမဲ့ တခြားဘက်က ကြည့်မယ်ဆိုရင် ... အဲဒါက သူ့ရဲ့ ခုခံနိုင်စွမ်း အရမ်းကောင်းတယ်လို့ မဆိုလိုဘူး၊ ဒါက ငါတို့ အနီးကပ်တိုက်တဲ့အခါ ဒဏ်ရာတချို့ ရနိုင်တယ်ဆိုတာပဲ"

ရှောင်တန်သည် သူ့အစီအစဉ်ကို လုပ်ဆောင်ချက်အဖြစ် အမှန်တကယ်ပြောင်းလိုက်လေသည်။ သူက ရှော့ဂန်းကို သိမ်းလိုက်ပြီး သူ၏ အဓိက အနီးကပ်တိုက်ခိုက်ရေးလက်နက် ဖြစ်သည့် ဒမတ်စကပ်ဓားမြှောင်ကို ထုတ်ယူလိုက်သည်။

"ငါ သေနတ်ကိုစွန့်လွှတ်ပြီး အနီးကပ်တိုက်ခိုက်တာကိုပဲ အာရုံစိုက်မယ်ဆိုရင် ... သူ့ရဲ့ အမြန်နူန်းကို ငါ အမှီ လိုက်နိုင်လိမ့်မယ်"

ရှောင်တန်က ဆက်ပြောသည်။

"ငါ သူ့ကို ထိနိုင်သရွေ့ ပျားတုပ်ခြင်းကိုသုံးပြီး သူ့ရဲ့ အသက်အမှတ်ကို စုပ်ယူနိုင်တယ်၊ အဲဒါက ကျည်ဆန်သုံးတာထက် ပိုကောင်းတယ်"

"နင် အဲ့ဒီလိုလုပ်ချင်တယ်ဆိုရင်တောင် ငါမကူညီနိုင်မှာ စိုးတယ်"

ရီရူယွီက ဆိုသည်။

"ငါ့ရဲ့ သေနတ်ပစ်စွမ်းရည်နဲ့ဆိုရင် အခုလိုအရှိန်ပြင်းတဲ့ ပစ်မှတ်ကို ထိအောင်ပစ်ဖို့ အခွင့်အလမ်းက ၃၀ ရာခိုင်နှုန်းတောင် မရှိဘူး၊ ပြီးတော့ နင်နဲ့ အဲဒီကောင် အနီးကပ်လုံးထွေးသတ်ပုတ်နေတဲ့အချိန်မှာ နင့်ကို မထိအောင် ရှောင်ပစ်ဖို့ဆိုတာ ပိုတောင်ခက်ဦးမယ်..."

"အဲဒါ မလိုပါဘူး၊ ငါ့ဘာသာငါ ကိုင်တွယ်နိုင်ပါတယ်"

ရှောင်တန်က သူမစကားကို ဖြတ်ပြောလိုက်သည်။

"တကယ်လို့ ငါအသတ်ခံရတော့မယ့် အန္တရာယ်ရှိတယ် ဒါမှမဟုတ် ဒီကောင်ကို မနိုင်တော့ဘူးလို့ ခံစားရရင် ဒီနေရာကို ပြန်ပြေးလာခဲ့မယ်၊ အဲဒီအချိန်ကျမှ မင်းက ငါလွတ်အောင် အကာအကွယ်ပေးတဲ့အနေနဲ့ ကူပစ်ပေးပေါ့၊ အဲဒါဆိုရင် ငါအနားယူဖို့နဲ့ သွေးပြန်ဖြည့်ဖို့ အချိန်ရလိမ့်မယ်"

"ကောင်းပြီလေ၊ သတိတော့ထားဦး..."

ရီရူယွီလည်း ရှောင်တန့်အစီအစဉ်ထက် ပိုကောင်းသည့်အစီအစဉ်ကို မစဉ်းစားမိသဖြင့် သူ့ကို ကြိုးစွားခွင့်ပြုလိုက်ရုံသာ ရှိတော့သည်။ အမှန်တကယ်တွင် ရီရူယွီ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုမှာ အဆင့် E သာ ရှိသေးသဖြင့် ယခုကဲ့သို့ လျင်မြန်လှသော မီနီဘော့စ်နှင့် ရင်ဆိုင်ရပါပြီး သူမ၏ အဖွဲ့သားများထဲတွင် ရန်သူကို ထိန်းချုပ်နိုင်သည့်စွမ်းရည်ရှိသူ မပါပါက သူမအနေဖြင့် အဝေးမှ ပစ်ကူပေးရုံသာ တတ်နိုင်ပေမည်။

"နားလည်ပြီ"

ရှောင်တန်က ပြန်ပြောရင်း အသက်အမှတ်အပြည့်ဖြည့်ဆေးတစ်ပုလင်းကို မော့ချလိုက်သည်။

တစ်ချိန်တည်းတွင် မီးမျောက်ဝံက ထပ်မံဟိန်းဟောက်လိုက်ပြီး ကျောက်ဆောင်တစ်ခု၏ နောက်မှ ရုတ်တရက် ပေါ်ထွက်လာကာ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုခြုံခိုတိုက်ခိုက်မှုသည် ရှောင်တန့်ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး ၎င်းသည် ရှောင်တန့်အတွက် သူ့အစီအစဉ်ကို အကောင်အထည်ဖော်ရန် အခွင့်အရေးကောင်း ဖြစ်သွားစေသည်။ ရှောင်တန့်သည် မီးမျောက်ဝံ၏ လက်သည်းကို ထိပ်တိုက်မရင်ဆိုင်ဘဲ ကိုယ်ကို ဘေးသို့ အသာအယာ တိမ်းစောင်းကာ ရှောင်တိမ်းလိုက်သည်။

မီးမျောက်ဝံ သူ့အနားမှ ဖြတ်ကျော်သွားချိန်တွင် လက်ထဲမှ ဓားမြှောင်ဖြင့် ရှေ့သို့ လှမ်းတွက်လိုက်ရာ မီးမျောက်ဝံ၏ အရေပြားကို အနည်းငယ်ခြစ်မိသွားသည်။ သူ၏ ဘွဲ့စွမ်းရည်ဖြစ်သော ပျားတုပ်ခြင်းကြောင့် သွေးထွက်ခြင်းအကျိုးသက်ရောက်မှု စတင်ဖြစ်ပွားတော့သည်။

အမှန်တကယ်တွင် ရှောင်တန်က မကောင်းဆိုးဝါး၏အရှိန်ကို မှီအောင်လိုက်နိုင်သည်ဟု ပြောခဲ့ခြင်းမှာ နှိမ့်ချပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ အကြိမ်ကြိမ် လေ့လာစမ်းသပ်ပြီးနောက် သူသည် ထိုမကောင်းဆိုးဝါး၏ အရှိန်ကို ကောင်းကောင်းလိုက်မှီနိုင်ကြောင်း ယုံကြည်မှုရှိနေ၍သာ တစ်ဦးတည်း ရင်ဆိုင်မည်ဟု အကြံပြုခဲ့ခြင်း ဖြစ်သည်။

သူက ယုံကြည်မှုမရှိသလိုမျိုး ပြောခဲ့ရသည့် အကြောင်းရင်းမှာလည်း... ရီရူယွီ၏ ခေါင်းမာပြီး မာနကြီးသော စိတ်နေစိတ်ထားကို ငဲ့ညှာသောကြောင့်ဖြစ်ပြီး သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်စိုးသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သူ့အတွက် စိုးရိမ်ပေးနေသည်ကို သူက သဘောကျနေခြင်းကြောင့်လည်း ပါဝင်လေသည်။

"ရှူးးး"

ထိုစကေးကြောင့် ဒဏ်ရာရသွားပြီးနောက် မီးမျောက်ဝံ အလွန်ဒေါသထွက်သွားသည်။ ၎င်းက တစ်ချက်ဟိန်းဟောက်ကာ ရှောင်တန့်ထံသို့ နောက်တစ်ကြိမ် ခုန်အုပ်လိုက်ပြန်သည်။ ထိုမကောင်းဆိုးဝါးကို မြန်နူန်းမြင့်အမျိုးအစားအဖြစ် သတ်မှတ်ထားခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ ၎င်းတိုက်ခိုက်ခံရပြီးနောက် ခဏတာ တုန်လှုပ်သွားသည့်အချိန်သည် အလွန်တိုတောင်းပြီး တန်ပြန်တိုက်စစ်မှာ အလွန်လျင်မြန်လှသည်။

၎င်းက ခေါင်းကိုစောင်း၍ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်လာပြီး လက်ဝါးနှစ်ဖက်ဖြင့် ရှေ့သို့ ရိုက်ချလိုက်သည်။ ယင်းသည်ကား နောက်ထပ် အန္တရာယ်ရှိသော စွမ်းရည်တစ်ခုပင်။ သို့မဟုတ်... မီးမျောက်ဝံ၏ ထိုစွမ်းရည်မှာ သိုင်းပညာရှင်တစ်ယောက်၏ ဟန်ပန်မျိုး ပေါက်နေလေသည်။ ၎င်း၏ တိုက်ကွက်သည် သိုင်းပညာကို အခြေခံထားခြင်းဖြစ်ပြီး ၎င်းလက်ဖဝါးမှ ထွက်ပေါ်လာသော မီးတောက်လေလှိုင်းများမှာ သိုင်းမာစတာတစ်ဦး၏ လက်ဝါးချက်ကဲ့သို့ ပြင်းထန်လှသည်။

ဤရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ရှောင်တန်က ထိတ်လန့်သွားခြင်းမရှိပေ။ သူသည် ခုခံသည့်အနေအထားကို ဆက်လက်ထိန်းထားရင်း နောက်သို့ အနည်းငယ် ဆုတ်လိုက်ရုံဖြင့် အန္တရာယ်မှ အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။ ရှောင်တန်သည် မည်သည့်အခါမျှ အခြေအနေမပျက်တတ်သူ ဖြစ်သည်။ သာမန်အခြေအနေများတွင် သူသည် စိတ်ရှည်သည်းခံနိုင်စွမ်း မြင့်မားပြီး အာရုံစူးစိုက်မှု အလွန်ကောင်းသူဖြစ်သည်။ သူ့တွင် လူသားထက်သာလွန်သော စိတ်ရှည်သည်းခံမှုမျိုး ရှိသည်။ သူအလွန်ကြောက်ရွံ့သော အရာမျိုးနှင့် ကြုံရမှသာ ထိတ်လန့်တတ်ပြီး အခွင့်အရေး အတိအကျမရမချင်း မည်သည့်တိုက်စစ်ကိုမှ အစီအစဉ်မရှိဘဲ အလွယ်တကူ ပြုလုပ်လေ့မရှိပေ။ သူ တစ်ချက်တိုက်ခိုက်ပြီဆိုပါက ရန်သူ့ဘက်မှ အားနည်းချက်တစ်ခု ပြလိုက်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

မီးမျောက်ဝံသည် ခြိမ်းခြောက်မှုရှိပြီး အန္တရာယ်များသော်လည်း ၎င်းမှာ မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်၍ ဉာဏ်ရည်မှာ ကန့်သတ်ချက်ရှိပေသည်။ ရှောင်တန်၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ၎င်း၏ တန်ပြန်တိုက်စစ်က လွဲချော်သွားသဖြင့် မီးမျောက်ဝံမှာ ပိုမိုဒေါသထွက်လာရသည်။ တိရစ္ဆာန်ဗီဇအရ ဒေါသများပေါက်ကွဲထွက်လာပြီး ရှေ့သို့ တိုးဝင်ကာ မီးတောက်လက်သည်းများဖြင့် အရူးအမူး ဝှေ့ယမ်းတိုက်ခိုက်တော့သည်။ မီးမျောက်ဝံ၏ အရူးအမူး တိုက်ခိုက်မှုကို မြင်သောအခါ ရှောင်တန်က နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်လိုက်သည်။ မီးမျောက်ဝံ၏ အားနည်းချက်ကို သူ သတိပြုမိလိုက်ပြီ ဖြစ်သည်။ ၎င်းသည် ၎င်း၏လက်သည်းများကို မြှောက်လိုက်သည့်အချိန်တိုင်း ၎င်း၏ရင်ဘတ်က အကာအကွယ်မဲ့နေတတ်ခြင်းဖြစ်သည်။ ထို့ကြောင့် လူငယ်လေးသည် ခန္ဓာကိုယ်ကိုအောက်ငုံ့လိုက်ပြီး ဓားမြှောင်ဖြင့် ခုတ်ချပစ်လိုက်သည်။ သူမီးမျောက်ဝံအနားမှ ဖြတ်သွားချိန်တွင် ၎င်းကို ဒဏ်ရာရစေရုံတင်မကဘဲ ပျားတုပ်ခြင်း၏ ဒုတိယမြောက် သွေးထွက်ခြင်းအကျိုးသက်ရောက်မှုကိုပါ ပေးလိုက်နိုင်ခဲ့သည်။

တိုက်ကွက်နှစ်ခုအပြီးတွင် ရှောင်တန်သည် သူ၏ စကေးနှစ်ခုကို သုံးလိုက်ရသဖြင့် သက်လုံအမှတ် ၁၄ ရာခိုင်နှုန်း ဆုံးရှုံးသွားရသည်။ ကံကောင်းသည်က အသက်အမှတ်ဆုံးရှုံးမှုမှာ အလွန်နည်းပါးသဖြင့် ဂရုစိုက်စရာ မလိုခြင်းပင်။ သူသည် မီးမျောက်ဝံနှင့် အနီးကပ်ရှိနေချိန်တွင် နှစ်စက္ကန့်တိုင်း အသက်အမှတ် ၁ ရာခိုင်နှုန်းခန့် လျော့နည်းသော်လည်း ရန်သူနှင့် တစ်မီတာခန့်သို့ ဆုတ်လိုက်သည်နှင့် ထိုထိခိုက်မှုမှာ ရပ်တန့်သွားတတ်သည်။

မီးမျောက်ဝံဘက်တွင်မူ ကြီးမားသော တိုက်ရိုက်ထိခိုက်မှု မရရှိသော်လည်း သွေးထွက်ခြင်းအာနိသင်က နှစ်ထပ်ကွမ်းဖြစ်သွားခဲ့သည်။ မြန်နူန်းမြင့်အမျိုးအစား မီနီဘော့စ် ဖြစ်သည့်အတွက် ၎င်းတွင် အသက်အမှတ် များစွာမရှိပေ။ အနီးကပ် မတိုက်ခိုက်မီကတည်းက ကျည်ဆန်များ ထိမှန်ထားသဖြင့် အသက်အမှတ် အတော်များများ လျော့နည်းနေပြီ ဖြစ်သည်။ အချိန် မိနစ် ၂၀ ကြာမည့် နှစ်ထပ်ကွမ်း သွေးထွက်ခြင်းအာနိသင်နှင့်ဆိုပါက ဤတိုက်ပွဲ၏ အဖြေမှာ ရှင်းလင်းနေပြီဖြစ်သည်။ ရှောင်တန်လုပ်ရမည့်အရာကား စိတ်ရှည်ရန်သာ ဖြစ်သည်။ သူသည် သေစေနိုင်မည့်ဒဏ်ရာမျိုး မရအောင် ဂရုစိုက်ရင်း မီးမျောက်ဝံကို ဆက်တိုက်တိုက်ခိုက်လာစေရန် ဆွဲဆောင်ထားရုံသာဖြစ်ပြီး ထိုနည်းဖြင့် သွေးထွက်ခြင်းအာနိသင်က မကောင်းဆိုးဝါးကို ပိုမိုအားနည်းသွားစေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် လူတိုင်းကို အံ့အားသင့်စေသည်မှာ မီးမျောက်ဝံသည် ရုတ်တရက် ရှောင်တန့်ကို မတိုက်ခိုက်တော့ဘဲ ရီရူယွီထံသို့ ဦးတည်ပြေးသွားတော့သည်။

မကောင်းဆိုးဝါးသည်လည်း ရှောင်တန်မှာ အလွန်မြန်သဖြင့် ၎င်းကို ဆက်လိုက်နေခြင်းမှာ အချိန်ကုန်ရုံသာ ရှိမည်ကို သိသွားပုံရသည်။ တိုက်ပွဲကြောင့် ၎င်းကိုယ်တိုင်သာ အားအင်ကုန်ခမ်းသွားပြီး လူငယ်လေးမှာ ဘာဒဏ်ရာမှမရဘဲ လွတ်မြောက်သွားနိုင်သည်ကို ၎င်း သိလိုက်ရသည်။ ထို့ကြောင့် ၎င်းသည် နည်းဗျူဟာပြောင်းကာ အခြားပစ်မှတ်တစ်ခုဆီသို့ လှည့်သွားခြင်း ဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ၎င်း၏ သွေးထွက်ခြင်းကို ပိုမိုဆိုးရွားသွားစေနိုင်သော်လည်း အနည်းဆုံးတော့ ရန်သူတစ်ယောက်ကိုပါ ဆွဲခေါ်သွားနိုင်မည့် အခွင့်အရေး ရှိသည်။

မီးမျောက်ဝံ သူမထံသို့ အစွမ်းကုန်ပြေးဝင်လာသည်ကို မြင်သောအခါ ရီရူယွီလည်း သဘာဝကျစွာပင် ငြိမ်မနေခဲ့ပေ။ သူမသည် ကျောက်ဆောင်ကြီးနှစ်ခုကြားရှိ ထောင့်တစ်ခုသို့ လှည့်ပတ်ပုန်းလိုက်သည်။ ထို့နောက် ကျောက်နံရံနှင့် ကျောကပ်လိုက်ရာ မီးမျောက်ဝံအနေဖြင့် သူမကို ရှေ့တည့်တည့်မှသာ တိုက်ခိုက်နိုင်တော့မည်ဖြစ်ပြီး တိုက်ခိုက်မည့်လမ်းကြောင်းကလည်း တစ်ခုတည်းသာ ကျန်တော့သည်။

ထိုလမ်းကြောင်းမှ မကောင်းဆိုးဝါး ပြေးဝင်လာသောအခါ ရီရူယွီ၏ လက်ထဲမှ MP5 သေနတ်က ကျည်ဆန်များ စတင်ထွေးထုတ်လိုက်တော့သည်။ မြေအနေအထား အားသာချက်ကို အသုံးပြုလိုက်သဖြင့် ကျည်ဆန် ၇၀ ရာခိုင်နှုန်းခန့်က ပစ်မှတ်ကို ထိမှန်သွားခဲ့သည်။

ရီရူယွီ ကျည်ကတ်တစ်ခုလုံး ကုန်အောင်ပစ်လိုက်ပြီးနောက် မီးမျောက်ဝံ၏ ခန္ဓာကိုယ်ပေါ်တွင် ကျည်ဆန်ရာ အသစ်ပေါင်း ၂၀ ခန့် ပေါ်လာလေသည်။ သွေးများက ရေတံခွန်ကဲ့သို့ စီးကျလာသော်လည်း ၎င်း၏ လှုပ်ရှားမှုကို ရပ်တန့်ရန် မလုံလောက်သေးပေ။ ၎င်းသည် ထိုတိုက်ခိုက်မှုအတွက် အသက်ကို စတေးရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ အသက်တစ်ခါရှူစာ ကျန်နေသေးသရွေ့ ရပ်တန့်မည်မဟုတ်ပေ။

မီးမျောက်ဝံ၏ နောက်ဆုံးဟိန်းဟောက်သံကြီးနှင့်အတူ ၎င်း၏ ပတ္တမြားကဲ့သို့ မျက်နှာက စတင်နီရဲလာတော့သည်။ ထို့နောက် မီးမျောက်ဝံ နောက်လှည့်လိုက်ရာ ၎င်း၏ အမြီးက မီးကြာပွတ်တစ်ခုကဲ့သို့ ရှေ့သို့ တိုးဝင်လာ၏။ အမြီးဖျားရှိ အနီရောင်ကျောက်သည် အနီရောင် အမြောက်ဆန်တစ်ခုကဲ့သို့ ရီရူယွီ၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။

ရီရူယွီ၏ အနေအထားမှာ ရန်သူ့တိုက်ခိုက်မှုလမ်းကြောင်းကို ကန့်သတ်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် ယင်းက သူမအတွက် အားနည်းချက်လည်း ဖြစ်နေစေသည်။ သူမ လှုပ်ရှားရှောင်တိမ်းရန်နေရာမှာ အလွန်ကျဉ်းမြောင်းလှသည်။ မကောင်းဆိုးဝါးက သေနတ်ပြောင်းဝမှ ကျည်ဆန်များကို ခံယူပြီး အသက်စွန့်ကာ နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးလိမ့်မည်ဟု သူမ မထင်ထားမိပေ။ အကယ်၍ သူမသာ သိထားခဲ့လျှင် စနိုက်ပါရိုင်ဖယ်နှင့် လဲလှယ်ထားမိမည် ဖြစ်သည်။ အကွာအဝေး အလယ်အလတ်သာ ရှိသော်လည်း မီးမျောက်ဝံကို စနိုက်ပါနှင့် ပစ်လိုက်ပါက ၎င်းအသက်ရှင်နေဦးမည်ဆိုလျှင်ပင် အနည်းဆုံးတော့ ခြေလက်များ ပြတ်တောက်ပြီး လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။

အမြီးက သူမကို ထိတော့မည်ကို သိလိုက်သောအခါ ရီရူယွီအနေဖြင့် လက်နှစ်ဖက်ကို မြှောက်၍ ကာကွယ်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ ထိုကဲ့သို့ ပြင်းထန်သော ရိုက်ချက်မျိုးကို ခံနိုင်ရည်ရှိရန် သူမ၏ အသက်အမှတ်လုံလောက်စေရန်သာ သူမစိတ်ထဲမှ ဆုတောင်းနေမိတော့သည်။

ဝှစ်ခနဲ အသံနှင့်အတူ မီးတောက်လှိုင်းတစ်ခုက ရီရူယွီ၏ မျက်နှာဘေးမှ ဖြတ်သွား၏။ မီးမျောက်ဝံ၏ တိုက်ခိုက်မှုက အမှန်တကယ်လွဲချော်သွားခဲ့လေသည်။

ရီရူယွီ၏ ကြီးမားဝိုင်းစက်သော မျက်လုံးများက ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။

မီးမျောက်ဝံ၏လည်ချောင်းမှ အေးစက်သော သံမဏိအလင်းတစ်ခု ဖောက်ထွက်လာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် မီးမျောက်ဝံ၏နောက်၌ လုပ်ကြံသတ်ဖြတ်သူဝတ်စုံကို ဝတ်ဆင်ထားသော လူရိပ်တစ်ခု ရှိနေလေသည်။ သူသည် လောင်ကျွမ်းနေသော မီးမျောက်ဝံ၏ ကိုယ်ထည်နှင့် ကပ်လျက်ပင် ရပ်နေခြင်းဖြစ်သည်။ တည်ငြိမ်သော လက်တစ်ဖက်က ဓားမြှောင်ကို မကောင်းဆိုးဝါး၏ လည်ပင်းတည့်တည့်သို့ တိကျခိုင်မာစွာ ထိုးစိုက်ထားပြီး မီးမျောက်ဝံအရေပြားမှ အပူရှိန်ကို အံတုနေလေသည်။ထိုလက်က ပိုမိုတင်းကြပ်သွားပြီး ဓားကို မီးမျောက်ဝံ၏ လည်ချောင်းထဲသို့ ပိုမိုထိုးသွင်းလိုက်သည်။ ဗုန်းခနဲအသံနှင့်အတူ မီးမျောက်ဝံမှာ ရှေ့သို့ မှောက်လျက်လဲကျသွားပြီး ထိုအခါမှသာ မကောင်းဆိုးဝါးအနောက်၌ ရပ်လျက်ရှိနေသော ရှောင်တန့်ကို ရီရူယွီ မြင်တွေ့လိုက်ရတော့သည်။

အမှန်တကယ်တော့ မကောင်းဆိုးဝါးက ၎င်း၏အမြီးဖြင့် တိုက်ခိုက်ရန် ပြင်နေချိန်တွင် ရှောင်တန်သည် ၎င်း၏နောက်ကျောသို့ လက်မအနည်းငယ်အကွာအထိ အရောက်ပြေးဝင်ခဲ့ခြင်း ဖြစ်သည်။ သူသည် မီးမျောက်ဝံ၏ ကိုယ်ထည်နှင့် နီးကပ်လွန်းနေသဖြင့် ရရှိမည့် အပူလောင်ဒဏ်ရာများကို ဂရုမစိုက်ခဲ့ချေ။ ထိုစက္ကန့်ပိုင်းအတွင်း သူသည် အေးစက်လှသော သတ်ဖြတ်သူတစ်ဦးကဲ့သို့ ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ယင်းမှာ သူ၏ ဆေးပညာဗဟုသုတကြောင့်သော်လည်းကောင်း သို့မဟုတ် သူ၏ မွေးရာပါလုပ်ကြံသတ်ဖြတ်သူပါရမီ နိုးထလာခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပေသည်။ ထိုအဖိုးတန်လှသော အချိန်လေးအတွင်းမှာပင် ရှောင်တန်၏ မျက်လုံးများက မီးမျောက်ဝံ၏ ခန္ဓာကိုယ်ပေါ်ရှိ သေစေနိုင်ဆုံး အားနည်းချက်ကို တိတိကျကျ ရှာဖွေတွေ့ရှိသွားခဲ့သည်။

ကျောရိုးထဲသို့ ဓားဖြင့် ထိုးသွင်းလိုက်ခြင်းက မီးမျောက်ဝံ၏ အမြီးဝှေ့ယမ်းမှုကို လမ်းကြောင်းလွဲသွားစေခဲ့သည်။ အီနားရှားသဘောတရားကြောင့် အမြီးသည် ရီရူယွီ၏ ရင်ဘတ်အား ထိုးဖောက်တော့မည့် အချိန်တွင်မှ ဘေးဘက်သို့ အနည်းငယ် စောင်းထွက်သွားခဲ့ခြင်း ဖြစ်သည်။

"အိုး... ဟိုးဟိုးဟိုး... ပူတယ်... ပူတယ်"

မကောင်းဆိုးဝါး လဲကျသွားသည်နှင့် ရှောင်တန်သည် သူ၏ ပုံမှန်အတိုင်း အူတူတူအတတပုံစံသို့ ပြန်ပြောင်းသွားတော့သည်။ သူ၏ တုံ့ပြန်မှုသည် မီးဖိုထဲက လောလောလတ်လတ် ထုတ်ယူလာသည့် ကန်စွန်းဥကို ကိုင်မိသလိုမျိုး ဖြစ်နေလေသည်။ သူသည် ဓားမြှောင်ကို လက်နှစ်ဖက်ကြားတွင် ဟိုဘက်ဒီဘက် အမြန်လဲကိုင်နေရသည်။ ဓားကိုယ်ထည်သည် အပူလျှောက်ကူးပစ္စည်း ဖြစ်နေသဖြင့် မီးမျောက်ဝံ၏ အပူရှိန်ကြောင့် ဓားက အလွန်ပူနေပြီး ရှောင်တန့်အနေဖြင့် ဆက်ကိုင်ထားရန် ခက်ခဲနေခြင်း ဖြစ်သည်။

ရီရူယွီ ရှေ့သို့လျှောက်လာပြီး မကောင်းဆိုးဝါး၏ အလောင်းကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ MP5 သေနတ်ပြောင်းဖြင့် ရှောင်တန့်ကို ချိန်လိုက်သည်။(အကြောင်းမှာ ရီရူယွီက သေနတ်ကိုယ်ထည်တွင် လက်နှိပ်ဓါတ်မီး တပ်ဆင်ထားသောကြောင့် ဖြစ်သည်။) မီးရောင်က သူ့မျက်နှာပေါ်သို့ ကျရောက်သွား၏။

"အရေးကြီးတဲ့အချိန်ကျတော့ နင်က အတော်လေး အားကိုးရသားပဲ"

"မဟုတ်ပါဘူး မဟုတ်ပါဘူး... ငါ ကံကောင်းသွားလို့ပါ၊ ကံကောင်းသွားရုံလေးပါ..."

ရှောင်တန်မှာ နှုတ်ဖျားမှ နှိမ့်ချပြောနေသော်လည်း အမှန်တရားကတော့ သူ့မျက်နှာပေါ်၌ အထင်အသား ပေါ်နေလေသည်။ သူ့မျက်နှာပေါ်က အပြုံးက ထို့ထက်ပိုတောက်ပနိုင်စရာ မရှိတော့ချေ။ သူက ခေါင်းနောက်ကို လက်တစ်ဖက်ဖြင့် ကုတ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ထပ်ပြောလိုက်သည်။

"ငါက မင်းပြောသလောက်ကြီး မတော်ပါဘူး"

နှစ်ယောက်သား စကားပြောနေစဉ်မှာပင် မီးမျောက်ဝံ၏ ခန္ဓာကိုယ်သည် မကြာမီ ပြာအဖြစ်သို့ လောင်ကျွမ်းသွားတော့သည်။ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာမှာ ၎င်း၏ အမြီးဖျားတွင် တပ်ဆင်ထားခဲ့သော အနီရောင်ကျောက်လေးပင် ဖြစ်သည်။

"ဒါက ငါတို့ ရှာနေတဲ့ ကျောက်အပိုင်းအစတွေထဲက တစ်ခုဖြစ်ရမယ်"

ရှောင်တန်ကပြောရင်း တောက်ပနေသော ကျောက်ကို ငုံ့ကောက်လိုက်သည်။

သည်းထိတ်ရင်ဖိုသုခဘုံရှိ မကောင်းဆိုးဝါးများသည် မည်သည့် ပစ္စည်းကိရိယာကိုမှ ချပေးလေ့မရှိသဖြင့် ထိုအရာမှာ တာဝန်ပစ္စည်းဖြစ်ရန် ၈၀ ရာခိုင်နှုန်း သေချာကြောင်း ရှောင်တန်ပင် သိလို့နေသည်။

ကျောက်က အတော်လေး ပူနေသဖြင့် ရှောင်တန်မှာ နောက်တစ်ကြိမ် လွှတ်ချမိလုနီးပါး ဖြစ်သွား၏။ သို့သော်လည်း ကစားသမား၏ လက်နှင့် ထိတွေ့လိုက်သည်နှင့် အနီရောင်ကျောက်လေးသည် လျင်မြန်စွာဖြင့် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ ပုံသဏ္ဍာန်ပါ ပြောင်းလဲသွားသည်။ အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ အနီရောင်ကျောက်သည် 'မာဂါတာမာ' (ကော်မာပုံစံ ကျောက်) ပုံသဏ္ဍာန် ဖြစ်သွားပြီး ထိုက်ကျိပါကွတစ်ခြမ်းနှင့် တူနေလေတော့သည်။

အမည် - ကျောက်ပြား (ယန်)

ပစ္စည်းအမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - ၎င်းကို ကျောက်ပြား (ယင်) နှင့်အတူ ကျောက်တံခါးတွင် တပ်ဆင်ပါက ကျောက်တံခါး ပွင့်သွားလိမ့်မည်။

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - သော့တစ်ခုအနေနဲ့ ဒီအရာရဲ့ ပုံသဏ္ဍာန်နှင့် အလုပ်လုပ်ပုံက တော်တော်နားလည်ရခက်တာပဲ

ယန်ကျောက်ပြားကို ရရှိပြီးနောက် ရှောင်တန်နှင့် ရီရူယွီတို့သည် နောက်မှ ဤနေရာသို့ ပြန်လာရခြင်းမျိုး မဖြစ်အောင် တစ်ခုခုကျန်မကျန် ဂူအတွင်းသို့ ထပ်မံ ရှာဖွေကြပြန်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ အမှန်တကယ်ပင် တစ်ခုခု ရှာတွေ့ခဲ့ကြသည်။ ကျောက်စက်ပန်းဆွဲအချို့ကြားထဲတွင် ရီရူယွီက အိုင်တမ်တစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမည် - ကျောက်ပုံဆောင်ခဲ

ပစ္စည်းအမျိုးအစား - တစ်ခါသုံးပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - ကစားသမား၏ အသက်အမှတ်ပမာဏ ၅၀ ရာခိုင်နှုန်းကို ပြန်ဖြည့်ပေးမည်ဖြစ်ပြီး သတ်မှတ်ထားသော အချိန်တစ်ခုအထိ သွေးပြည့်နှုန်းကို မြှင့်တင်ပေးမည်။

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - ရ

မှတ်ချက် - သွေးပြန်ပြည့်နှုန်းသည် အသက်အမှတ်ဖြည့်ဆေးများ အလွန်အကျွံ သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာသော အာနိသင်ထပ်ခြင်း၏ လွှမ်းမိုးမှုကို ခံရမည်မဟုတ်ပေ။

ထိုအိုင်တမ်သည် တချို့ဂိမ်းများတွင် ကစားသမားများ ဘော့စ်ကို အောင်မြင်စွာ သတ်နိုင်ပြီးနောက် ရလေ့ရှိသည့် သွေးဖြည့်အိုင်တမ်များကဲ့သို့ပင် စနစ်မှ ကစားသမားများအတွက် ပေးလေ့ရှိသော လျော်ကြေးတစ်ခုနှင့် တူပေသည်။ သိသာသည်မှာ မီးမျောက်ဝံကို သတ်ရန်အတွက် ကစားသမားများဘက်မှ ပေးဆပ်ရမည့် တန်ဖိုးတစ်ခုရှိသည်ဟု စနစ်က ယူဆထားခြင်း ဖြစ်သည်။ ၎င်းမှာ သွေးကုန်ခမ်းခြင်း သို့မဟုတ် အခြားသောအရင်းအမြစ်များ ဆုံးရှုံးခြင်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ မီးမျောက်ဝံသည် အလွယ်တကူဖြေရှင်းနိုင်မည့် အကောင်မျိုး မဟုတ်ပေ။

သို့သော်လည်း ရောက်ရှိနေသည့် ဤ 'ချမ်းသာသော ကစားသမား' နှစ်ယောက်အတွက်မူ ထိုကဲ့သို့သော သွေးဖြည့်အိုင်တမ်များက လိုလေသေးမရှိ ပြည့်စုံနေပြီးသား ဖြစ်သည်။ ရှာတွေ့သည်က ကောင်းသော်လည်း မတွေ့ခဲ့လျှင်လည်း ဘာမှမဖြစ်ပေ။ သူတို့သာ လိုအပ်လျှင် သွေးဖြည့်ဆေး ၁၀ ပုလင်း သို့မဟုတ် ပုလင်း ၁၀၀ တောင် ဝယ်လိုက်ရန် ဝန်လေးနေမည့်သူများ မဟုတ်ပေ။

ဘာလဲ။ အဲ့ဒီလောက် ဆေးတွေအများကြီးထည့်ဖို့ အိတ်ထဲမှာ နေရာလွတ်ဘယ်ရှိပါ့မလဲ ဟုတ်လား။ လွယ်ပါတယ်။ သူတို့က အိတ်နေရာလွတ်တွေ ထပ်ဝယ်လိုက်ရုံပဲပေါ့။

ရီရူယွီက 'ကျောက်ပုံဆောင်ခဲ' ကို ရှောင်တန့်ဆီသို့ တိုက်ရိုက်ပေးလိုက်သည်။ နောက်ဆုံးတွင် သူသည်သာ မီးမျောက်ဝံကို နှိမ်နင်းရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည် မဟုတ်ပါလား။ သူသည် ဆေးတစ်ပုလင်း သောက်ခဲ့ရရုံတင်မကဘဲ သူမကို ကယ်တင်ရန်အတွက် မီးလောင်ဒဏ်ရာကြောင့် အသက်အမှတ်များလည်း ကုန်ဆုံးခဲ့ရသည်။ ရှောင်တန်ကလည်း ထိုလက်ဆောင်ကို မငြင်းဆန်ပေ။ ထို့နောက် သူတို့နှစ်ယောက်သည် ဂူအတွင်း တစ်ပတ်ပတ်ကြည့်ကာ လာရာလမ်းအတိုင်း ပြန်ထွက်လာခဲ့ကြသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့သည် လမ်းဆုံသို့ ပြန်ရောက်လာကြသည်။ ယခုတစ်ကြိမ်တွင် သူတို့ ညာဘက်လမ်းကို ရွေးချယ်လိုက်သည်။ ထိုဥမင်လမ်းမှာ သိပ်မရှည်ပေ။ ၎င်း၏ အလျားသည် တစ်ဖက်က ဥမင်လမ်းနှင့် အချိုးအစားညီနေလေသည်။ ငါးမိနစ်ခန့် ကြာပြီးနောက် ဥမင်လမ်းက နောက်ထပ်ဂူတစ်ခုသို့ ပွင့်သွားပြန်သည်။ ထိုဂူသည် သိပ်မကြီးဘဲ ဘဲဥပုံသဏ္ဍာန် ရှိလေသည်။

အလင်းပြန်မှုကြောင့် ပတ်ပတ်လည်ရှိ နံရံများမှာ စိမ်းပြာရောင် အလင်းတန်းများ တောက်ပနေ၏။ ဂူ၏ အလယ်ဗဟိုတွင် ရေကန်တစ်ခု ရှိပြီး ရေကန်ပတ်လည်တွင် လူရပ်နိုင်သည့် ကုန်းမြေ အဝိုင်းလေးတစ်ခု ရှိနေလေသည်။

သူတို့နှစ်ဦး ရေကန်အစပ်တွင် ရပ်လိုက်သောအခါ ကန်အတွင်းမှ တက်လာသော အအေးဓာတ်ကို ခံစားလိုက်ရသည်။ ကန်ရေ၏ အပူချိန်မှာ အလွန်နိမ့်နေကြောင်း သိသာလှသည်။ သူတို့မြင်ကွင်းထဲတွင်လည်း မည်သည့်အဖိုးတန်သည့်အရာမှ မရှိချေ။ ထို့ကြောင့် ယင်ကျောက်ပြားမှာ ကန်အောက်ခြေတွင် ရှိနေရန်သာ အကြောင်းရှိတော့သည်။

ရှောင်တန်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့လက်ချောင်းဖြင့် ရေမျက်နှာပြင်ကို တို့ကြည့်လိုက်သည်။ ပြင်းထန်လှသော အအေးဓာတ်ကြောင့် သူ့လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ရသည်။

"ဝိုး... ဒါက ရေခဲမှတ်နီးပါး ဖြစ်နေပေမဲ့ ခဲမသွားသေးတဲ့ အခြေအနေမျိုးပဲ"

"ငါ သွားလိုက်မယ်"

ရီရူယွီက ပြောရင်း သူမ၏ ဝတ်စုံတွင် လက်နှိပ်ဓါတ်မီးကို ချည်လိုက်သည်။ သူမ၏ အထူးတပ်ဖွဲ့ဝင်ဝတ်စုံတွင် လုပ်ဆောင်ချက်များစွာ ပါဝင်ပေသည်။ ပုခုံးနှင့် ခြေထောက်တစ်ဝိုက်တွင် အရာဝတ္ထုအသေးလေးများကို ချိတ်ဆွဲနိုင်သည့် ကြယ်သီးနှင့် ချိတ်ကဲ့သို့သော ကိရိယာများ ပါရှိသည်။

"ဟေး... အဲဒါ တကယ်အေးတာနော်"

ရှောင်တန်က သတိပေးလိုက်သည်။

"ဒါက ဘာမှဟုတ်ပါဘူး"

သူမက ရေကို လက်ဖြင့်ခတ်ကာ သူမ၏ လည်ပင်းနှင့်မျက်နှာကို ပက်လိုက်သည်။ သူမ၏ အမူအရာက ပြောင်းလဲခြင်း မရှိသော်လည်း သူမစိတ်ထဲတွင်မူ 'ငါ အရမ်းအေးနေပြီ...' ဟု တွေးနေမိသည်။

"မင်း ရေအောက်မှာ သေနတ်သုံးလို့ရမှာ မဟုတ်ဘူး၊ ဒါကြောင့် အန္တရာယ်တစ်ခုခုရှိရင် ရေပေါ်မြန်မြန် ပြန်တက်လာခဲ့နော်"

ရှောင်တန်က စိုးရိမ်တကြီး သတိပေးလိုက်ပြန်သည်။

"ငါ သိပါတယ်"

ရီရူယွီက စိတ်မရှည်သလို ပြန်ဖြေ၏။

"ဒီလိုလုပ်ရင်ရော တကယ်လို့ မင်းသုံးမိနစ်အတွင်း အပေါ် ပြန်မတက်လာခဲ့ရင်..."

ရှောင်တန်စကားမဆုံးခင် သူမက ဖြတ်ပြောလိုက်သည်။

"ပါးစပ်ပိတ်လိုက်တော့"

ရီရူယွီက သူ့ကို စိုက်ကြည့်လိုက်ပြီး အသက်ဝဝရှူကာ အရှိန်ယူ၍ ရေထဲသို့ ခုန်ချလိုက်တော့သည်။

ရေခဲတမျှ အေးစက်လှသောရေများက သူမကို ခေါင်းအစခြေအဆုံး ဝန်းရံသွားတော့သည်။ သူမသည် နာကျင်မှုကို အံတု၍ မျက်လုံးများအတင်းဖွင့်လိုက်သော်လည်း မြင်ကွင်းက ဝေဝါးနေလေသည်။ လက်နှိပ်ဓါတ်မီးက သူမရှေ့က နေရာအချို့ကို မြင်နိုင်ရန် အလင်းပေးထားသည်။ မည်သို့ပင်ဖြစ်စေ သူမသည် အံတင်းတင်းကြိတ်၍ ကန်အောက်ခြေသို့ ရောက်ရန် အစွမ်းကုန်ဆင်းသွားတော့သည်။

ရီရူယွီသည် ပျော်ပျော်နေတတ်ပြီး သူတစ်ပါးကို ကျီစယ်တတ်သော မိန်းကလေးတစ်ယောက်ဖြစ်လင့်ကစား အမှန်တကယ်တွင် အလွန်အမင်းခေါင်းမာပြီး အရှုံးကို ဝန်မခံတတ်သူဖြစ်သည်။ အထူးသဖြင့် ကမ်းစပ်မှ ထိုလူအပေါ် ရှုံးနိမ့်ရခြင်းအား လုံးဝအဖြစ်မခံနိုင်ပေ။ ‘ငါ့ကို ကယ်ဖို့ နင်တောင်မီးလောင်ခံခဲ့သေးတာပဲ ၊ ငါလည်း ငါ့ပစ္စည်းကို ဆယ်ဖို့ ဒီအအေးဒဏ်ကို ဘာလို့မခံနိုင်ရမှာလဲ’ ဟူသော မိုက်ရူးရဲအတွေးတစ်ခုဖြင့် ရေထဲဆင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ယေဘုယျအားဖြင့် သာမန်အဝတ်အစား ဝတ်ထားသော လူတစ်ယောက်အတွက် ယခုကဲ့သို့ ရေခဲမှတ်နီးပါး အေးနေသော ရေထဲတွင် မိနစ်အနည်းငယ်သာ ခံနိုင်မည်ဖြစ်ပြီး ၎င်းမှာလည်း ရေထဲတွင် ငြိမ်ငြိမ်လေး နေသည့်အခါမှသာ ဖြစ်သည်။ လက်တွေ့ဘဝတွင်မူ အအေးဓာတ်ကြောင့် ဖြစ်ပေါ်လာသော ထုံကျင်မှု၊ လှုပ်ရှားမရမှု၊ ကြောက်ရွံ့မှုနှင့် အတင်းအဓမ္မ ရုန်းကန်မှုတို့က လူတစ်ယောက်ကို ထိုထက်စောစီးစွာ သေဆုံးစေနိုင်လေသည်။

ထို့ကြောင့် ထိုအခိုက်အတန့်တွင် ရီရူယွီ၏ ရွေးချယ်မှုမှာ အလွန်အန္တရာယ်များကြောင်း သိသာလှပေသည်။ ရှောင်တန်သည် အနည်းဆုံးတော့ ဆရာဝန်တစ်ယောက် ဖြစ်သဖြင့် ထိုဗဟုသုတမျိုး ရှိသောကြောင့် သူမကို အကြိမ်ကြိမ် သတိပေးနေခြင်း ဖြစ်သော်လည်း သူမက လက်မခံခဲ့ပေ။ သူမ ခံစားရသည်မှာ သူမကို အထင်သေးနေသလိုမျိုး ဖြစ်နေခြင်းကြောင့်ပင်။

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွား၏။ တစ်စက္ကန့်ချင်းစီတိုင်းသည် တိုင်းတာမရအောင် ရှည်လျားလွန်းနေသလို ခံစားရသည်။

တစ်မိနစ်... နှစ်မိနစ်...

ငါးမိနစ်ပင် ပြည့်တော့မည် ဖြစ်သည်။ အလွန်ရေကူးတော်သူပင်လျှင် အသက်ရှူရန်အတွက် ရေမျက်နှာပြင်ပေါ်သို့ တက်လာရမည်ဖြစ်သည်။ ဂိမ်းထဲတွင် ရေနစ်ရုံဖြင့် သတိမေ့သွားမည် မဟုတ်သော်လည်း ကစားသမား၏ အသက်အမှတ်က လျော့နည်းသွားပေလိမ့်မည်။ ရှောင်တန် ဆက်မစောင့်နိုင်တော့ပေ။ သူသည် ကမ်းစပ်တွင် မှောက်လျက် အနေအထားဖြင့် အနားသို့ တိုးသွားလိုက်သည်။ လက်တစ်ဖက်က မိုင်းတွင်းလုပ်သားဦးထုပ်ကို ဖိထားပြီး ကျန်လက်တစ်ဖက်က မြေကြီးကို အားပြု၍ မျက်လုံးမှိတ်ပြီး ခေါင်းကို ရေထဲသို့ နှစ်လိုက်သည်။ ရေအောက်တွင် မည်မျှအထိ မြင်နိုင်ကြောင်း သူမသိသော်လည်း အနည်းဆုံးတော့ ကြိုးစားကြည့်ရမည်ဖြစ်သည်။

မမျှော်လင့်ထားသည်က ရှောင်တန် ရေအောက်၌ မျက်လုံးဖွင့်ရန် ပြင်နေစဉ်တွင် ရီရူယွီသည် သူနှင့် မလှမ်းမကမ်းတွင် ရေပေါ်သို့ ပေါ်လာခဲ့ခြင်းဖြစ်သည်။ ရှောင်တန်သည် ဦးခေါင်းတစ်ခုလုံးကို ရေထဲနှစ်ထားသဖြင့် ဘေးနားက လှုပ်ရှားမှုကို မကြားလိုက်ရပေ။

ရီရူယွီသည် အတော်လေး ပင်ပင်ပန်းပန်းနှင့် ကမ်းပေါ်သို့ တွားတက်လာခဲ့သည်။ တာဝန်ပစ္စည်းက သူမအိတ်ထဲသို့ ရောက်ရှိသွားပြီဖြစ်၍ စိတ်သက်သာရာရစွာဖြင့် အသက်ဝဝရှုလိုက်လေသည်။ သူမသည် နဖူးနှင့် မျက်နှာပေါ်တွင် ကပ်နေသော ဆံပင်များကို နောက်သို့ သပ်လိုက်သည်။ ထို့နောက် ရေထဲတွင် ခေါင်းနှစ်ထားသော အူကြောင်ကြောင်ကောင်လေးကို မြင်လိုက်ရသောအခါ သူမ မရယ်ဘဲ မနေနိုင်တော့ချေ။

ဆိုရိုးစကားတစ်ခု ရှိ၏။

“ကြည်လင်နေတဲ့ ရေထဲမှာ ပွင့်လန်းလာတဲ့ကြာပန်းဟာ ဘာခြယ်သမှုမှ မရှိဘဲ သဘာဝကျစွာ လှပါပေတယ်”

ထိုအချိန်တွင် ရှောင်လင်ကု၏ မျက်နှာသည် အအေးဒဏ်ကြောင့် ဖြူဖျော့နေသော်လည်း ထိုဖြူစင်မှုက သူမ၏ ကြည်လင်လှသော အရေပြားကို ပိုမိုပေါ်လွင်စေပြီး သူမ၏အလှကို ပိုမိုတိုးပွားသွားစေသည်။ ကံမကောင်းစွာဖြင့် ရှောင်တန်သည် ထိုလှပသောအပြုံးနှင့် သူမပါးပြင်ပေါ်၌ ပေါ်လာသော ပန်းရောင်သန်းနေသည့် အလှတရားကို မြင်တွေ့ခွင့် မရခဲ့ပေ။

စက္ကန့်အနည်းငယ် ကြာပြီးနောက် 'ဗွမ်း' ခနဲ အသံနှင့်အတူ ရှောင်တန်မှာ ရေထဲသို့ ကန်ချခံလိုက်ရပြန်သည်။ သူသည် မျက်မှောင်ကြုတ်လျက် ရေပေါ်သို့ ကူးခတ်လာပြီး ကမ်းပေါ်သို့ လှည့်ကြည့်လိုက်သည်။

"ဟေး၊ မင်း ဘယ်အချိန်တုန်းက ငါ့နောက် ရောက်သွားတာလဲ"

"ပစ္စည်းရပြီ၊ သွားကြစို့"

ရီရူယွီက ပြောရင်း ထွက်ခွာသွားလေသည်။

"ဟင်၊ ဒါဆို ဘာလို့ ငါ့ကို ရေထဲကန်ချလိုက်တာလဲ"

"ဟူး... တကယ်ကို အားကိုးမရတဲ့ အူကြောင်ကြောင်လေးပဲ"

ရီရူယွီက သူမဘာသာ တိုးတိုးလေး ရယ်မောလိုက်သည်။ သူမသည် ထိုလူငယ်လေးကို လျစ်လျူရှုလိုက်ပြီး ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားလေသည်။

"ဟေး... ငါ့ကို စောင့်ဦးလေ"

All Chapters