← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း (၂၁၂)

ခေါင်းလောင်းလောကအတွင်း၌ လူရိပ်သုံးခုသည် မှိုင်းပျပျလွင်ပြင်ကျယ်ကြီးကို ဖြတ်သန်း၍ လျှောက်လှမ်းနေကြလေသည်။

ဖုန်းပုကြွယ်၏ လျင်မြန်သွက်လက်လှသော ဉာဏ်ရည်ဉာဏ်သွေးနှင့် နှုတ်ရေးစွမ်းရည်တို့ကြောင့် မည်သည့်အကြမ်းဖက်မှုကိုမှ အသုံးမပြုဘဲ ထို NPC ၏ ယုံကြည်မှုကို အလွယ်တကူ ရရှိသွားခဲ့သည်။ ထို့နောက် လုချင်းနင်သည် သူနှင့် ရီရူလီတို့အဖွဲ့ထဲသို့ ပူးပေါင်းဝင်ရောက်လာပြီး သုံးဦးသား ထိုနေရာလွတ်အတွင်းသို့ အတူတကွ စူးစမ်းရှာဖွေကြတော့သည်။

သူတို့စကားပြောနေစဉ်အတွင်း ဖုန်းပုကြွယ်သည် သူ့ကိုယ်သူ ဓားကျိုးလက်ဖက်ရည်ခန်းမ သခင်အဖြစ် ဆက်လက်အမည်ခံထားပြီး ချန်လင်မြို့တွင် ပြောခဲ့သည့် ဇာတ်လမ်းအတိုင်းပင် ထပ်မံရွတ်ပြနေခဲ့သည်။ သူသည် လမ်းခရီး၌ ယဲ့ဟိုင်နှင့် ဆုံတွေ့ခဲ့ပုံ၊ ပန်းပွင့်ဓားခြောက်လက်အဖွဲ့မှ အခြားအဖွဲ့ဝင်များနှင့် ထိတွေ့ဆက်ဆံခဲ့ပုံများကို တရစပ်ပြောပြနေခဲ့ပြီး စုထန်အနေဖြင့် အမှောင်ဝိညာဉ်ပညာရပ်ကို ဖောက်ထွက်ရန်အတွက် သူ့အကူအညီ လိုအပ်နေကြောင်းကိုပါ ထည့်သွင်းပြောဆိုနေခဲ့သည်။

သူ့စကားများမှာ အမှန်နှင့်အမှား ရောပြွမ်းနေလေခြင်းဖြစ်သည်။ အမှန်ဖြစ်သည့်အပိုင်းများကိုမူ အသေးစိတ်ကျကျနှင့် ယုံကြည်စိတ်ချရလောက်အောင် ပြောဆိုသော်လည်း အမှားဖြစ်သည့်အပိုင်းများမှာမူ သူ၏သိုင်းပညာနှင့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများအပေါ် အဓိကအခြေခံထားသဖြင့် တစ်ဖက်လူအနေဖြင့် သူ၏ အစစ်အမှန်ရည်ရွယ်ချက်ကို ခွဲခြားသိမြင်ရန် အလွန်ခက်ခဲလှသည်။

အတိုချုပ်ဆိုရသော် ဖုန်းပုကြွယ်၏ စည်းရုံးသိမ်းသွင်းနိုင်စွမ်းရှိသော ရှင်းပြချက်များအပြီးတွင် လုချင်းနင်သည် သူမရှေ့မှ လူနှစ်ဦးကို လုံးလုံးလျားလျား မယုံကြည်သေးသော်လည်း သခင်လေးဖုန်းနှင့် သူ့ဇနီးသည် လင်းချန်က သူမကို လုပ်ကြံရန် စေလွှတ်လိုက်သောသူများ မဟုတ်ကြောင်းကိုမူ အတော်အတန် သေချာသွားခဲ့ပြီ ဖြစ်သည်။

တင်းမာသော အခြေအနေများ ပြေလျော့သွားပြီးနောက် လုချင်းနင်က ဖုန်းပုကြွယ်ကို သတင်းအချက်အလက်အချို့ မျှဝေပေးခဲ့သည်။ သူမ၏စကားများသည် ဇာတ်ကွက်ကို သိသိသာသာ ရှေ့တိုးသွားစေရုံတင်မကဘဲ ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ပင် ဖြစ်သွားရသည်။

ယခုနေရာတွင် ကျွန်ုပ်သည် NPC နှင့် ဖုန်းပုကြွယ်တို့အကြား ပြောဆိုခဲ့သော အသေးစိတ်စကားဝိုင်းများကို ဖော်ပြမည်မဟုတ်ဘဲ အရာအားလုံးကိုမြင်နိုင်သော မြင်ကွင်းထောင့်မှနေ၍ အထွေထွေအကျဉ်းချုပ်ကိုသာ ဖော်ပြပေးသွားပါမည်...။

ဤဇာတ်လမ်းသည် လွန်ခဲ့သော လအနည်းငယ်ခန့်က ရှဲ့စန်းဆီသို့ ယဲ့ချန်၏ စိန်ခေါ်စာ ရောက်ရှိလာချိန်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစာသည် ယဲ့ချန်ကိုယ်တိုင် ရေးသားခဲ့ခြင်း လုံးဝမဟုတ်ပေ။ အကြောင်းမှာ ထိုအချိန်တွင် ယဲ့ချန်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ စိန်ခေါ်သူသည် မည်သည့်အခါကမျှ ယဲ့ချန်မဟုတ်ခဲ့ဘဲ လင်းချန်သာ ဖြစ်ခဲ့သည်။

လင်းချန်သည် ယဲ့မိသားစု၏ ဒုတိယမြောက် အကောင်းဆုံး တိုက်ခိုက်ရေးသမား ဖြစ်သလို ပန်းပွင့်ဓားခြောက်လက်၏ မိုးပြာဓားလည်းဖြစ်ပြီး သိုင်းလောက၏ တတိယမြောက် အကောင်းဆုံး ဓားသမားတစ်ဦးလည်း ဖြစ်သည်။ သူသည် ရဲရင့်သူဟူသော ကျော်ကြားမှုနှင့်အတူ ဖြောင့်မတ်တည်ကြည်ပြီး ဟန်ဆောင်မှုကင်းသူတစ်ဦးအဖြစ်လည်း လူသိများပေသည်။ သူသည် အသက်သုံးဆယ်အရွယ်တွင် အိမ်ထောင်ပြုခဲ့သော်လည်း သားသမီးမထွန်းကားခဲ့ပေ။ သူ့ဇနီးမှာ သိုင်းလောကသားတစ်ဦးမဟုတ်ဘဲ သာမန်အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။

သိုင်းပညာပိုင်းနှင့် ပတ်သက်၍ ပြောရလျှင် လင်းချန်၏ ပါရမီမှာ အတော်လေးကောင်းမွန်လှသည်။ အသက်လေးဆယ်နီးပါးအရွယ်တွင် သူသည် ထိပ်သီးတိုက်ခိုက်ရေးသမားများထဲမှ အကောင်းဆုံးအဆင့်တွင် ရှိနေပြီဖြစ်သည်။ သူသည် ဓားသမားများထဲတွင် အဆင့်သုံး ချိတ်ခဲ့ပြီး တစ်ခုလုံးသော သိုင်းလောကတွင်လည်း ထိပ်သီးအယောက်နှစ်ဆယ်အတွင်း ပါဝင်နေမည်မှာ အသေအချာပင်။

သူသည် ဝမ်ရှ(အာရုံဦးတစ်ထောင်)မျှော်စင်၏ အရှင်သခင် ကုန်းစွန်းချန်၊ ပါ့ဖန်(ရှစ်ထောင့်)မျှော်စင်၏ အရှင်သခင် ကျိထုံကဲ့သို့သော ဆရာသခင်များနှင့်လည်း ရင်ပေါင်တန်းနိုင်သူ ဖြစ်သည်။ မှန်ပေသည်... အသက်နှစ်ဆယ်ကျော်အရွယ်ဖြင့် သိုင်းလောကတွင် အရှုံးမရှိအောင် စွမ်းဆောင်နိုင်ကြသည့် နိုဗယ်များထဲက ဇာတ်လိုက်များနှင့် နှိုင်းယှဉ်လျှင်မူ သူက များစွာနိမ့်ပါးနေဦးမည်ဖြစ်သည်။

လင်းချန်၏ အောင်မြင်မှုများကိုမူ ပုံမှန်အတိုင်း အဆင့်ဆင့် ဖြည်းဖြည်းချင်း ကြိုးစားအားထုတ်မှု၏ ထိုက်တန်သော ရလဒ်အဖြစ်သာ ဖော်ပြနိုင်ပေလိမ့်မည်။ သူသည် ငယ်စဉ်ကတည်းက ယဲ့မိသားစုအိမ်တော်တွင် သိုင်းပညာသင်ယူခဲ့ပြီး မြင့်မားသောပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည် လေ့ကျင့်မှုတွင် ဝီရိယရှိပြီး သူ၏ပင်ကိုယ်စရိုက်တွင်လည်း သိသာထင်ရှားသော အားနည်းချက် သို့မဟုတ် ကလေးဆန်သော အမူအရာမျိုး လုံးဝမရှိချေ။ ထို့ကြောင့် သူသည် ပိုမိုနက်ရှိုင်းသော သိုင်းစွမ်းရည်များရရှိကာ စဉ်ဆက်မပြတ် တိုးတက်နေခဲ့သည်။ အရွယ်ရောက်ပြီးနောက်ပိုင်း သိုင်းလောကသို့ လှည့်လည်ကာ အတွေ့အကြုံများ စုဆောင်းရင်း တဖြည်းဖြည်းချင်း နာမည်ကျော်ကြားလာခဲ့ရာ သူ၏သိုင်းပညာမှာ ပိုမိုပြည့်စုံ ကောင်းမွန်လာခဲ့သည်။ ယနေ့အချိန်အထိ အရာအားလုံးမှာ ပုံမှန်အတိုင်းဖြစ်သည်ဟုသာ ဆိုရပေမည်။

သို့သော်လည်း ကိစ္စရပ်တိုင်းတွင် ‘ဖြောင့်မတ်ခြင်း’ ကို ကိုယ်စားပြုသည့် ထိုကဲ့သို့သော လူတစ်ယောက်သည် အချို့သော အခြေအနေများအောက်တွင်မူ အလွန်အမင်း ‘ယုတ်မာရက်စက်သော’ မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့လေသည်။

လင်းချန်၏ ကနဦးပြောင်းလဲမှုသည် လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ခဲ့ခြင်းဖြစ်ကြောင်း လုချင်းနင် ယခုမှ ပြန်သတိရလိုက်မိသည်။ အလုပ်တစ်ခုဖြင့် အပြင်သို့ သွားရောက်ပြီး ပြန်လာပြီးနောက်ပိုင်း လင်းချန်သည် နှစ်လအတွင်း ထူးဆန်းသောအမူအရာများ ပြသခဲ့သည်။ တစ်ခါတစ်ရံတွင် သူသည် တစ်နေ့ကုန် စကားမပြောဘဲ နေတတ်ပြီး အခြားအချိန်များတွင်မူ သူ့စိတ်အခြေအနေက ခန့်မှန်းရခက်လောက်အောင် စိတ်ဆိုးလွယ်၊ စိတ်ပြောင်းလွယ် ရှိနေတတ်သည်။ ထိုအချိန်အတွင်း ယဲ့မိသားစုမှ တပည့်အချို့သည် အကြောင်းပြချက်မရှိဘဲ သူ၏ ရိုက်နှက်ဆဲဆိုခြင်း သို့မဟုတ် အပြစ်ပေးခြင်း ခံခဲ့ကြရသည်။

နှစ်လကြာပြီးနောက်တွင်မူ လင်းချန်သည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူသည် လေးစားထိုက်သော၊ ကြင်နာတတ်သော၊ ဖြောင့်မတ်တည်ကြည်သော လင်းချန်အဖြစ်သို့ ထပ်မံပြောင်းလဲသွားပြန်သည်။ ထို့ကြောင့် ထိုကိစ္စကို မေ့ဖျောက်လိုက်ကြပြီး ဘယ်သူမှ ထပ်မံမပြောဆိုကြတော့ပေ။ အမှန်တော့ လူတိုင်းတွင် စိတ်အခြေအနေ မကောင်းသော နေ့ရက်များ ရှိတတ်သည်မဟုတ်ပါလား...။

ယခုကြည့်ရသည်မှာ အခြေအနေများက ထင်မှတ်ထားသည်ထက် ပိုမိုရှုပ်ထွေးနေပုံရလေသည်...။

ထိုနှစ်လတာကာလအတွင်း လင်းချန်၏ စိတ်ဝိညာဉ်နှင့် စိတ်ပိုင်းဆိုင်ရာများတွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ သူ၏ပင်ကိုယ်စရိုက် ပြန်လည်ကောင်းမွန်လာချိန်တွင်မူ ယင်းမှာ သူ၏ပင်ကိုယ်သဘာဝအစစ်အမှန် မဟုတ်တော့ဘဲ ဟန်ဆောင်ဖုံးကွယ်ထားခြင်းသာ ဖြစ်တော့သည်။

ခြောက်လကျော်ကြာပြီးနောက်တွင် လင်းချန် လျှို့ဝှက်စွာပြင်ဆင်ထားသော အစီအစဉ်ကြီးမှာ အခြေခံအားဖြင့် ပြီးမြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သိုင်းလောကတစ်ခွင်လုံးကို ပစ်မှတ်ထားသည့် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ပူးပေါင်းကြံစည်မှုကြီးတစ်ခု စတင်ပေါ်ပေါက်လာရတော့သည်။ ထိုအစီအစဉ်၏ ပထမဆုံးခြေလှမ်းမှာကား ယဲ့ချန်ကို သတ်ပစ်ရန် ဖြစ်ပေသည်။

သိုင်းပညာပိုင်းဆိုင်ရာတွင် လင်းချန်သည် ယခုအခါ သံသယရှိစရာမလိုအောင် အစွမ်းထက်နေပြီ ဖြစ်သည်။ ဤလောကတွင် သူ့ကို ယှဉ်ပြိုင်နိုင်မည့်သူဟူ၍ လက်ချိုးရေတွက်ရရုံသာ ရှိတော့သည်။ သို့သော် ထိုသူများထဲတွင် ယဲ့ချန် မပါဝင်ခဲ့ပေ။ ထို့ကြောင့် ဒဏ္ဏာရီလာဓားသမားတစ်ဦးဖြစ်သူ ယဲ့ချန်သည် တိတ်တဆိတ် ကြွေလွင့်သွားခဲ့ရပြီး သူ့အလောင်းမှာ ယဲ့မိသားစုအိမ်တော်၏ တားမြစ်ထားသော ဓားဗိမာန်အတွင်း ယနေ့တိုင် ဘယ်သူမှ မတွေ့ရှိသေးဘဲ လျှို့ဝှက်စွာ ကျန်ရှိနေဆဲဖြစ်သည်...။

လင်းချန်သည် ယဲ့ချန်၏ လက်ရေးကို တုပ၍ ရှဲ့စန်းဆီသို့ စိန်ခေါ်စာတစ်စောင် ရေးသားခဲ့သည်။ ထိုစာမှာ တိုတောင်းပြီး လိုရင်းကိုသာ ဖော်ပြထားကာ အရေးကြီးဆုံးအချက်အနေဖြင့် စာလုံးပေါင်း တစ်ဆယ့်ခြောက်လုံး ပါဝင်လေသည်။

"ဩဂုတ်လ ၁၅ ရက်၊ ချန်လင်ဓားပြိုင်ပွဲ၊ ကမ္ဘာ့နံပါတ်တစ်၊ အနိုင်ရသူ ဘုရင်"

သူသည် ယဲ့ဟိုင်အတွက်လည်း သီးသန့်အမိန့်စာတစ်စောင် ရေးသားခဲ့ပြီး ယင်းမှာ ယဲ့ချန်ပို့ခိုင်းသော တောင်းဆိုချက်ဖြစ်ကြောင်း ဟန်ဆောင်ကာ အကြမ်းဖျင်းအားဖြင့် ယခုကဲ့သို့ ဖော်ပြထားသည်။

"ဒီဓားသမားက ယှဉ်ပြိုင်မည့်နေ့အထိ တံခါးပိတ်လေ့ကျင့်နေမှာ ဖြစ်ပါတယ်၊ ဒီအတောအတွင်း ဘယ်သူမှ ဓားဗိမာန်အနီး ချဉ်းကပ်ခြင်း မပြုပါနှင့်၊ အဖိုးယဲ့နှင့် ပန်းပွင့်ဓားခြောက်လက်တို့အဖွဲ့ ချန်လင်မြို့ကို အရင်သွားနှင့်ပါ၊ ကျုပ်က ယှဉ်ပြိုင်မယ့်နေ့မှပဲ ရောက်လာမှာ ဖြစ်ပါတယ်"

ထို့နောက်တွင် လင်းချန်သည် စိန်ခေါ်ပွဲသတင်းကို လျှို့ဝှက်စွာ ဖြန့်ဝေခဲ့လေသည်။ ထို့ကြောင့် ဆယ်ရက်အတွင်းမှာပင် ‘ချိုးပျံဂိုဏ်း’ ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် သိုင်းလောကတစ်ခွင်လုံးနှင့် နန်းတွင်းတို့ပင် ထိုခေတ်ကာလ၏ အကြီးမြတ်ဆုံးသော ဓားသမားနှစ်ဦး ချန်လင်မြို့တွင် ယှဉ်ပြိုင်ကြတော့မည်ကို သိရှိသွားကြတော့သည်။

မကြာမီအချိန်အတွင်း ချန်လင်တည်းခိုခန်း ဖွင့်လှစ်ခဲ့ပြီး သိုင်းလောကသားများလည်း အနယ်အနယ်အရပ်ရပ်မှ စုပြုံရောက်ရှိလာကြတော့သည်။

အရာအားလုံး အစီအစဉ်အတိုင်း ဆက်လက်ဖြစ်ပေါ်နေသော်လည်း ချန်လင်သို့ ရောက်ရှိပြီးနောက် တစ်ညတွင်မူ (ကစားသမားများ ဇာတ်လမ်းအတွင်းသို့ မဝင်ရောက်မီ ညက ဖြစ်သည်) မမျှော်လင့်ထားသော အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုညက လင်းချန်သည် သူ၏ ဂျူနီယာညီဖြစ်သူ ရှန်ဖေးနှင့် မြို့တွင်းတစ်နေရာတွင် တွေ့ဆုံနေခဲ့ခြင်းဖြစ်သည်။ ပန်းပွင့်ဓားခြောက်လက်အဖွဲ့တွင် အဆင့်နှစ်ချိတ်ထားသူ ရှန်ဖေးသည် လင်းချန်၏ သစ္စာအရှိဆုံးလူယုံဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် စကားနည်းပြီး ရွဲ့စောင်းပြောတတ်ကာ မိမိကိုယ်မိမိ အမြဲတမ်းအထင်ကြီးနေတတ်သူ ဖြစ်သည်။ ဓားခြောက်လက်များထဲတွင် လင်းချန်သည်သာ သူနှင့် အနီးကပ်ဆုံး ဆက်ဆံရေးရှိသူ ဖြစ်သည်။

ရှန်ဖေးသည် လင်းချန်၏ တစ်ဦးတည်းသော မဟာမိတ်ဖြစ်ပြီး သူဘာကြောင့် လင်းချန်နှင့် ပူးပေါင်းခဲ့လဲဆိုရင်တော့ ရိုးရှင်းပါသည်... ။ခြိမ်းခြောက်ခြင်းနှင့် မြှူဆွယ်ခြင်းတို့ထက် မပိုပေ။ လင်းချန်တွင် အခြားသူများကို အညံ့ခံစေနိုင်လောက်သော အစွမ်းအစရှိနေပြီး အကျိုးအမြတ်အချို့ကို ကတိပေးထားသရွေ့မူ... ရှန်ဖေးကို သူ့အစီအစဉ်များထဲသို့ ဆွဲဆောင်ရန် မခက်ခဲလှပေ။

အရိပ်မဲ့ဓားသည် သူ၏အမည်နာမအတိုင်း ဖမ်းဆုပ်ရခက်ပြီး ခန့်မှန်းရခက်ခဲလှသည်။ လင်းချန်သည် အကြောင်းရင်းလေးခုကြောင့် ရှန်ဖေးကို အကောင်းဆုံးပူးပေါင်းဆောင်ရွက်သူအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ပထမအချက်အနေဖြင့် ရှန်ဖေးသည် သိုင်းပညာတွင်… အထူးသဖြင့် ကင်းထောက်ပညာတွင် အလွန်ကျွမ်းကျင်ခြင်း၊ ဒုတိယအချက်အနေဖြင့် သူတို့၏ ရေရှည်ခင်မင်မှုနှင့် အပြန်အလှန်နားလည်မှုများကြောင့် ရှန်ဖေးက သူ့ကို သစ္စာဖောက်ရန် အခွင့်အလမ်း အလွန်နည်းပါးခြင်း၊ တတိယအချက်အနေဖြင့် ရှန်ဖေးသည် လျှို့ဝှက်ချက်များကို အလွန်လုံခြုံအောင် ထိန်းသိမ်းနိုင်ပြီး လူမြင်ကွင်းသို့ ထွက်လေ့မရှိသဖြင့် သတင်းပေါက်ကြားမည်ကို စိုးရိမ်စရာမလိုခြင်းနှင့် စတုတ္ထအချက်အနေဖြင့် ယခုကဲ့သို့ ကြီးမားသော လုပ်ဆောင်ချက်ကြီးကို တစ်ဦးတည်းလုပ်ဆောင်ရန် မလုံခြုံဟု ခံစားရခြင်းတို့ကြောင့် ဖြစ်ပေသည်။

ရှန်ဖေးသည် အမှန်တကယ်ပင် စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ကြေးနီတောင်ကုန်းနှင့် ချန်လင်အကြား ကူးလူးလှုပ်ရှားရင်း အချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။ သူသည် ရှဲ့စန်း ကြေးနီတောင်ကုန်းတွင် ပေါ်လာကြောင်းကို တယ်လီပသီစွမ်းရည်ဖြင့် လင်းချန်ထံသို့ ပထမဆုံး အကြောင်းကြားခဲ့သူဖြစ်သည်။ အမှန်တကယ်တွင် လင်းချန် လူသတ်ပြီးတိုင်း ထိုအလောင်းများကို ဖျက်ဆီးရန် တာဝန်ယူခဲ့ရသူမှာ ရှန်ဖေးသာ ဖြစ်သည်...။

သို့သော် ထိုအကြောင်းမှာ နောက်မှဖြစ်ပေါ်လာသည့် ဇာတ်လမ်းဖြစ်သဖြင့် ထိုညက အခြေအနေဆီသို့ ပြန်သွားကြပါစို့။

သူတို့၏ စကားဝိုင်းအတွင်း ပူးပေါင်းကြံစည်မှုကြီးတစ်ခုလုံးကို ဖွင့်ထုတ်မပြောခဲ့ကြသော်လည်း ယဲ့ချန် သေဆုံးမှု၊ ရှဲ့စန်းကို ခြုံခိုတိုက်ခိုက်ရန် စီစဉ်ထားမှုနှင့် လင်းချန်၏ ထူးခြားဆန်းပြားသော သိုင်းစွမ်းရည်များ... အားလုံးကို စာကြောင်းများအကြားတွင် အရိပ်အမြွက် ထည့်သွင်းပြောဆိုသွားခဲ့ကြသည်။

ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် သူတို့၏ စကားပြောသံများကို အမှောင်ထုထဲတွင် ပုန်းအောင်းနေသည့် လုချင်းနင်က အမှတ်မထင် ကြားသွားခဲ့ရတော့သည်... ။

စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ လုချင်းနင်သည် အမှန်တကယ်တော့ လင်းချန် သို့မဟုတ် ရှန်ဖေးတို့နောက်သို့ လိုက်လာခဲ့ခြင်း မဟုတ်ပေ...။ သူမသည် အစကတည်းက အခြားတစ်ယောက်နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

မနေ့ညက လုချင်းနင်သည် အာရုံဦးတစ်ထောင်မျှော်စင်၏ သခင်မနှင့် ချောမောလှပသော တပည့်ဖြစ်သူတို့ တည်းခိုခန်းမှ တစ်ယောက်ပြီးတစ်ယောက် လျှို့ဝှက်စွာ ထွက်ခွာသွားသည်ကို အမှတ်မထင် မြင်တွေ့ခဲ့ရသည်။ သူမသည် အတင်းအဖျင်းပြောရုံမျှသာ သိလိုသော မိန်းကလေးတစ်ယောက် ဖြစ်နိုင်သော်လည်း စူးစမ်းလိုစိတ်ဖြင့် သူတို့နောက်သို့ လိုက်သွားခဲ့မိလေသည်။

လုချင်းနင်၏ ကိုယ်ဖော့စွမ်းရည်မှာ သိုင်းလောကတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်ဖြစ်ရာ ကိုယ်ဖော့ပညာသက်သက်ဖြင့်ဆိုလျှင် သူမသည် ရှန်ဖေးနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်သည်။ သူတို့၏ နည်းစနစ်များသည် ထူးခြားပြီး တစ်ဦးစီတွင် ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။

သို့သော်လည်း လုချင်းနင်သာ လင်းချန် သို့မဟုတ် ရှန်ဖေးတို့နောက်သို့ လိုက်ခဲ့မည်ဆိုပါက သူမအနေဖြင့် ရိပ်မိခံရမည် ဖြစ်သော်လည်း ထိုအချိန်တွင် သူမလိုက်နေသည်မှာ စစ်ယန်ရန်နှင့် ဝမ်အောက်တို့ ဖြစ်နေခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုလုပ်ငန်းစဉ်အတွင်း သူမသည် အမှောင်ထုထဲ၌ လင်းချန်၏ အရိပ်ကို လှမ်းမြင်လိုက်ရလေသည်။ စိတ်ထဲမတင်မကျဖြစ်သွားသဖြင့် လုချင်းနင်သည် သူမ၏ ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီး သူမ၏ စီနီယာအစ်ကိုလင်း မည်သည့်အရာများ လုပ်ဆောင်နေကြောင်း သိရှိရန် ကြိုးစားတော့သည်။ တစ်ချိန်တည်းတွင် လင်းချန်သည် ရှန်ဖေးနှင့် ချိန်းဆိုထားသော တွေ့ဆုံမည့်နေရာသို့ အလွန်နီးကပ်နေပြီ ဖြစ်သည်။ သူ့နောက်သို့ မည်သူမျှ လိုက်မလာကြောင်းကို ကြိမ်ဖန်များစွာ အတည်ပြုခဲ့သော်လည်း မမျှော်လင့်ဘဲ နောက်ဆုံးအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူ့ကို အမှီလိုက်လာခဲ့ခြင်း ဖြစ်သည်။

...

"ခဏလေးပါ မိန်းကလေးလု..."

ဖုန်းပုကြွယ်သည် တစ်ခုခုလွဲမှားနေကြောင်း သတိပြုမိသွားပုံရသည်။ သူက ထပ်လောင်းပြောဆိုလိုက်သည်။

"ခင်ဗျားရဲ့ ပြောပြချက်အရဆိုရင် ခင်ဗျားက ပထမဆုံး စစ်ယန်ရန်နဲ့ ဝမ်အောက်တို့ လျှို့ဝှက်ချိန်းတွေ့ဖို့ ထွက်သွားတာကို မြင်ခဲ့တယ်၊ ပြီးတော့မှ လင်းချန်နဲ့ ရှန်ဖေးတို့ရဲ့ ပူးပေါင်းကြံစည်မှုကို အမှတ်မထင် တွေ့လိုက်ရတယ်၊ အဲဒီနောက် လင်းချန်ရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် တောင်ပေါ်ကို ထွက်ပြေးခဲ့ရပြီး နောက်ဆုံးကျတော့ ထူးဆန်းတဲ့ ခေါင်းလောင်းသံကြီးတစ်ချက် မြည်လာပြီးတော့... လင်းချန်ရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်ပြီး ဒီနေရာကို ရုတ်တရက် ရောက်လာခဲ့တာပေါ့"

ထို့နောက် သူက ဆက်ပြောသည်။

"ခင်ဗျားဒီနေရာကို ရောက်ကတည်းက တစ်နာရီခန့်ပဲ ရှိသေးတယ်လို့ ပြောခဲ့တယ်နော်... ဒါပေမဲ့ ခင်ဗျား ဒီထဲကိုမဝင်ခင် ကြုံတွေ့ခဲ့ရတဲ့အရာတွေက မနေ့ညကတည်းက ဖြစ်ပျက်ခဲ့တာ ဖြစ်ရမယ်၊ ကျုပ်တို့ မြို့ထဲကို မဝင်ခင်ကတည်းကပေါ့"

ဖုန်းပုကြွယ်သည် ပြောဆိုနေရင်း ယခုနေရာနှင့် ပြင်ပကမ္ဘာတို့အကြားရှိ အချိန်အချိုးအစားကို စိတ်ထဲတွင် တွက်ချက်နေခဲ့ပြီ ဖြစ်သည်။

"ပြီးတော့ ကျုပ်တို့ ဒီခေါင်းလောင်းကမ္ဘာထဲကို ဝင်ခဲ့တဲ့အချိန်က ဩဂုတ်လ ၁၃ ရက် နေဝင်ချိန်မှာ ဖြစ်တယ်၊ ခင်ဗျား ဒီထဲကို ဝင်လာခဲ့တာ အနည်းဆုံးတော့ ခုနစ်နာရီ ဒါမှမဟုတ် ရှစ်နာရီလောက် ရှိနေပြီ ဖြစ်ရမယ်"

လုချင်းနင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

"ဘာကို ဆိုလိုတာလဲ၊ သခင်လေးဖုန်း"

"တကယ်လို့ ကျုပ်တို့ သုံးနာရီအတွင်း ဒီခေါင်းလောင်းကမ္ဘာကနေ မထွက်ခွာနိုင်ဘူးဆိုရင်..."

ဖုန်းပုကြွယ်က တွေးတောရင်း ပြောလိုက်သည်။

ရီရူလီက ဆက်ပြော၏။

"သူတို့ အဲဒီစိန်ခေါ်ပွဲကို လွဲသွားနိုင်တယ်..."

လုချင်းနင်က ဆိုသည်။

"ဒါပေမဲ့... မိသားစုခေါင်းဆောင်က သေသွားပြီ၊ ပြီးတော့ အခုအချိန်မှာ ရှဲ့စန်းပါ သေသွားလောက်ပြီ ဖြစ်ရမယ်၊ ဘယ်လိုစိန်ခေါ်ပွဲမျိုး ရှိနိုင်ဦးမှာလဲ"

"မှန်တယ်၊ ကျုပ်လည်း သိချင်မိသား၊ လင်းချန်အနေနဲ့ ဆောင်းဦးပွဲတော်ညမှာ သိုင်းလောကသားတွေကို ဘာတွေပြသဖို့ စီစဉ်ထားလဲဆိုတာကိုပေါ့"

ဖုန်းပုကြွယ်က သူ့နှာခေါင်းကို လက်ညှိုးဖြင့် တို့လိုက်သည်။

"ဟဟ..."

သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အော်ရယ်လိုက်တော့သည်။

"ဒါပေမဲ့ ဒီနေရာမှာ အချိန်နည်းနည်းလောက် ပိုနေရတာက ပိုကောင်းပါတယ်၊ ကျုပ်တို့ အဲဒီအစုလိုက်အပြုံလိုက် အဆိပ်ခတ်မယ့်အစီအစဉ်ကို လျစ်လျူရှုထားလို့ ရတာပေါ့"

"အဆိပ်ခတ်တာလား၊ အစုလိုက်အပြုံလိုက် အဆိပ်ခတ်တာလား"

လုချင်းနင်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

ရီရူလီက သူမကို ကြည့်ပြီး ပြောလိုက်သည်။

"ကျွန်မယောကျ်ားက နောက်ပြောင်နေတာပါ၊ ကျွန်မတို့ ဓားကျိုးလက်ဖက်ရည်ခန်းမမှာ အပြင်လူတွေ နားမလည်နိုင်တဲ့ ဟာသတွေ အမြဲရှိတတ်ပါတယ်"

ထို့နောက် သူမက ဖုန်းပုကြွယ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ကျန်တဲ့လူတွေကော ဘယ်လိုလုပ်မလဲ"

ဖုန်းပုကြွယ်က သူ့လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"ဘေးထွက်တာဝန် အကြောင်းအရာတွေကို ကြည့်ရသလောက်တော့ ရှောင်တန်နဲ့ ရူယွီတို့က ထူးဆန်းတဲ့နေရာတစ်ခုကို ရောက်သွားပုံရတယ်... တကယ်လို့ တကယ့်ပြဿနာတစ်ခုခု ပေါ်လာမယ်ဆိုရင် ကျင်းဖူကွေ့တစ်ယောက်တည်းပဲ ခံရလိမ့်မယ်ထင်တယ်..."

All Chapters