← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄)

အမည် - ဝဠာထိပ်ခေါင်ပန်းသုံးပွင့်ဆုံစည်းခြင်း နတ်ဘုရားနည်းစနစ်

စကေးကတ်အမျိုးအစား - ပင်ကိုယ်စွမ်းရည်၊ အမြဲတမ်း ကျွမ်းကျင်မှု

စကေးအုပ်စု - အထွေထွေ

အကျိုးသက်ရောက်မှု - အသက်အမှတ် ၊ သက်လုံအမှတ်နှင့် ဝိညာဉ်စွမ်းအင်တို့၏ ပြန်လည်ပြည့်ဖြိုးမှုနှုန်းကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။

သင်ယူရန် လိုအပ်ချက် - မရှိပါ၊ ဤစကေးကတ်အား ကောက်ယူပြီးနောက် ရောင်းချခြင်း ပြုလုပ်၍မရပါ

မှတ်ချက် - လူသားပန်းပွင့်သည် အနှစ်သာရကို ‘ချီ’ (အတွင်းအား) အဖြစ် သန့်စင်ပေး၏။ ကမ္ဘာမြေပန်းပွင့်သည် ‘ချီ’ ကို စိတ်ဝိညာဉ်အဖြစ် သန့်စင်ပေး၏။ ကောင်းကင်ဘုံပန်းပွင့်သည် စိတ်ဝိညာဉ်ကို မရှိမှုအဖြစ် သန့်စင်ပေး၏။ အထက်ဝဠာတွင် ပန်းသုံးပွင့်ဆုံစည်းခြင်းဟူသည်ကား ကြောက်ရွံ့ခြင်း၊ နာကျည်းမုန်းတီးခြင်း၊ စွဲလမ်းခြင်းနှင့် တွယ်တာခြင်းတို့ ကင်းဝေးကာ အမြဲတစေ ကြည်လင်နိုးကြားနေခြင်းပင် ဖြစ်သည်။ ဤနတ်ဘုရားစွမ်းရည်ကို တတ်မြောက်သူသည် ရုပ်ခန္ဓာကို စွန့်ပယ်၍ ဟင်းလင်းပြင်ဆီသို့ ပြန်လည်ရောက်ရှိပြီး သုညကမ္ဘာအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။

ထိုအိုင်တမ်ကို ရရှိပြီးနောက် ရီရူယွီသည် ယင်းကို လွှဲပြောင်းရောင်းချ၍မရကြောင်း တွေ့ရှိလိုက်သဖြင့် ချက်ချင်းပင် သင်ယူလိုက်တော့သည်။ သူမလက်ထဲရှိ ကျမ်းစာအုပ်မှာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားကာ စက္ကန့်အနည်းငယ်အကြာတွင် သူမ၏ မီနူးမျက်နှာပြင်ပေါ်၌ ဒေတာအချက်အလက်တစ်ခု ဖြစ်ပေါ်လာလေသည်။

ထိုစကေး၏ စွမ်းအားနှင့် လက်တွေ့အသုံးဝင်မှုမှာ သံသယဝင်စရာ မလိုပေ။ ကစားသမားများ၏ ၉၅ ရာခိုင်နှုန်းကျော်သည် ယင်းကို မိမိတို့၏ စကေးအကွက် ၁၂ ကွက်အတွင်းသို့ မဆိုင်းမတွ ထည့်သွင်းကြမည်မှာ အသေအချာပင်။ ကျန်ရှိသော ၅ ရာခိုင်နှုန်းမှာမူ အထူးအခြေအနေများဖြစ်သည့်... ဂိမ်း၏နောက်ဆုံးအဆင့်တွင် ကစားသမားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများ၌ အချင်းချင်း ဆက်စပ်နေသည့် စကေးတွဲများ ရှိနေသဖြင့် ပင်ကိုယ်စွမ်းရည်များအတွက် စကေးအကွက် မကျန်တော့ခြင်းမျိုး ဖြစ်သည်။

ထိုအခြေအနေမျိုးမှလွဲ၍ ထိုစကေးကို မည်သည့်ကစားသမားမဆို အမြင့်ဆုံးအဆင့်သို့ မရောက်မချင်း လဲလှယ်ခြင်းမပြုဘဲ အသုံးပြုနိုင်ပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင်လည်း ဆက်လက်အသုံးပြုနေကြဦးမည် ဖြစ်သည်။

ထို့အပြင် အတိအကျဖော်ပြမထားသော ‘ပြန်လည်ပြည့်ဖြိုးမှုနှုန်း’ အထူးဂုဏ်သတ္တိသည် ကစားသမား၏ အဆင့်၊ အထူးပြုကျွမ်းကျင်မှုနှင့် မတူညီသော စွမ်းရည်များ၏ အမြင့်ဆုံးတန်ဖိုးများအပေါ် မူတည်၍ ကွဲပြားသွားတတ်သောကြောင့် [ဝဠာထိပ်ခေါင်ပန်းသုံးပွင့်ဆုံစည်းခြင်း နတ်ဘုရားနည်းစနစ်] တွင် သင်ယူရန် မည်သည့်ကန့်သတ်ချက်မှ ရှိမနေခြင်း ဖြစ်တော့သည်။

ရီရူယွီသည် ဤစွမ်းရည်ကို ရရှိလိုက်သဖြင့် အလွန်အမင်း ဝမ်းသာလုံးဆို့သွားရသည်။ မြေအောက်ဂူအတွင်းသို့ ပြုတ်ကျလာခဲ့ချိန်မှစ၍ ယခုအချိန်အထိ သူမအနေဖြင့် နောက်ဆုံးတွင် တစ်စုံတစ်ခုကို ရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်ရာ သူမနှင့် ရှောင်တန်တို့ ပေးဆပ်ခဲ့ရသော အချိန်များနှင့် ဆင်းရဲဒုက္ခများအားလုံး ထိုက်တန်သွားခဲ့ပြီ ဖြစ်သည်။

သူမသည် စကေးဖော်ပြချက်ကို ဖတ်ရှုပြီးနောက် ရှောင်တန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးတောလိုက်သည်။ နင့်ရဲ့ [ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန်လှန်ခြင်း နတ်ဘုရားနည်းစနစ်] ကလည်း သိပ်တော့ မဆိုးဝါးလောက်ပါဘူး၊ အခုဆို နင်လည်း အတော်လေး ပျော်နေလောက်တယ်။

မမျှော်လင့်ထားသည်က ရှောင်တန်၏ မျက်နှာပေါ်တွင်မူ စိတ်ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်နေခဲ့ခြင်းပင်။

သူသည် သူ့ခံစားချက်ကို ဖုံးကွယ်တတ်သူ သို့မဟုတ် သရုပ်ဆောင်ကောင်းသူတစ်ဦး မဟုတ်သဖြင့် သူ့မျက်နှာအမူအရာကပင် အရာရာကို ဖော်ပြနေခဲ့ပြီ ဖြစ်သည်...။

အမည် - ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လှန်ခြင်း နတ်ဘုရားနည်းစနစ်

စကေးကတ်အမျိုးအစား - တက်ကြွစွမ်းရည်၊ အမြဲတမ်းကျွမ်းကျင်မှု

စကေးအုပ်စု - တိုက်ခိုက်ရေး

အကျိုးသက်ရောက်မှု - မိုးနှင့်မြေကို ပြောင်းပြန်လှန်ခြင်း၊ လောကကြီးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခြင်း။ (အသုံးပြုရန်ကြာချိန် မရှိပါ)

ကုန်ကျမှု - အမြင့်ဆုံးသက်လုံအမှတ်၏ ၂ ရာခိုင်နှုန်း

သင်ယူရန် လိုအပ်ချက် - တိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့် B၊ မှော်အတတ်ကျွမ်းကျင်မှုအဆင့် C၊ အဆင့် ၃၀ သို့မဟုတ် ယင်းထက်မြင့်မားခြင်း။ ဤစကေးကတ်အား ကောက်ယူပြီးနောက် လွှဲပြောင်းရောင်းချခြင်း ပြုလုပ်၍မရပါ။

မှတ်ချက် - သိုင်းသမားများအတွက် ရည်မှန်းချက် နှစ်ခုရှိ၏။ ပထမအချက်မှာ မိမိ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်ဖြစ်ပြီး ဒုတိယအချက်မှာ တိုက်ခိုက်ရေးနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်ရန် ဖြစ်သည်။ ဤသိုင်းပညာရပ်မှာ တစ်မူထူးခြားသော နည်းလမ်းကို အသုံးပြုထားပြီး လူသားခန္ဓာကိုယ်နှင့် ပြင်ပကမ္ဘာတို့အကြား အပြန်အလှန် သက်ရောက်မှုရှိသော သဘာဝတရားကို ပြောင်းပြန်လှန်ပစ်ရန်အတွက် နက်ရှိုင်းသောနည်းစနစ်များကို အသုံးချ၍ အတုမဲ့ပြီး ဆန်းကြယ်လှသော နတ်ဘုရားနည်းစနစ်တစ်ခုကို ဖန်တီးထားခြင်း ဖြစ်သည်။

ရှောင်တန်သည် စကေး၏ အကျိုးသက်ရောက်မှုကို နားမလည်နိုင်သလို သင်ယူရန် လိုအပ်ချက်များနှင့်လည်း ကိုက်ညီမှုမရှိသေးသဖြင့် နှုတ်ခမ်းကိုမဲ့လိုက်ရင်း ထိုစကေးကတ်ကို ပစ္စည်းသိုလှောင်အိတ်အတွင်းသို့ ယာယီထည့်သွင်းလိုက်ရုံမျှသာ တတ်နိုင်တော့သည်။

"ဘာဖြစ်လို့လဲ"

ရီရူယွီက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"အဲဒီအပေါ်မှာ ဒီနတ်ဘုရားသိုင်းပညာကို လေ့ကျင့်ချင်ရင်... လို့ ရေးထားလို့လား"

"ဒီနတ်ဘုရားသိုင်းပညာကို လေ့ကျင့်ချင်ရင်... အရင်ဆုံး အဆင့်၃၀ ရောက်အောင်လုပ်ပါ တဲ့"

ရှောင်တန်က ဆက်ပြောလိုက်သည်။

“အိုး... ဒါဆို နင်ဒါကို မသင်ယူနိုင်သေးဘူးပေါ့”

ရီရူယွီက ရယ်မောလိုက်သည်။

“အခုတော့ ကျမ်းစာသုံးအုပ်လုံးကို ပေးအပ်ပြီးပြီ၊ ဒီလောကက ငါ့နေ့ရက်တွေဟာလည်း ကုန်ဆုံးဖို့ နီးကပ်လာခဲ့ပြီ”

ကျောက်တုံးကြီးက ဆိုသည်။

“ငါ့ရဲ့ သခင်က အထက်ဘုံမှာ ငါ့ကို စောင့်နေတုန်းပဲ၊ နူတ်ဆက်...”

“နေပါဦး”

ရီရူယွီက အလျင်အမြန် အော်ဟစ်လိုက်သည်။

“ငါတို့အတွက် နောက်ထပ် မေးခွန်းနည်းနည်းလောက် ဖြေပေးသွားလို့ ရမလား”

“ဘာလဲ... မင်းတို့ကို ငါကိုယ်တိုင် ညွှန်ပြပေးစေချင်လို့လား”

ကျောက်တုံးကြီးက စိတ်မရှည်သော လေသံဖြင့် မေးလိုက်သည်။

“မင်းတို့ သေမျိုးတွေက မျိုးဆက်တစ်ဆက်ထက်တစ်ဆက် ပိုပြီး တုံးအလာကြတာပဲ၊ ငါ့မှာ ခြေတွေ လက်တွေတောင် မရှိဘူးလေ၊ ငါက မင်းတို့ကို စကားလုံးတွေနဲ့ သင်ကြားပေးတယ်ပဲထားဦး၊ အဲဒါက မင်းတို့ စာအုပ်ထဲကနေ တိုက်ရိုက်လေ့လာတာနဲ့ ဘာကွာမှာလဲ၊ မင်းတို့ စာမဖတ်တတ်ဘူးလား”

“ငါတို့ မေးချင်တာက မင်းရဲ့ သခင်က ဘယ်သူလဲ၊ မင်းကကော ဘာကြီးလဲ၊ ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ၊ ပြီးတော့ ဘာဖြစ်လို့ ငါတို့လို ပြင်ပလူစိမ်းတွေကို ဒီသိုင်းစာအုပ်တွေ ပေးရတာလဲ”

ရှောင်တန်က သူ့စိတ်ထဲရှိသမျှ မေးခွန်းအားလုံးကို အသက်တစ်ရှိုက်အတွင်း မေးမြန်းလိုက်လေသည်။

ရီရူယွီကလည်း ထပ်လောင်းဖြည့်စွက်လိုက်သည်။

"ပြီးတော့ နင်အဆင်ပြေမယ်ဆိုရင် ဒီမြေအောက်ဂူကြီးက ဘယ်လိုပုံစံနဲ့ ဖြစ်ပေါ်လာခဲ့တာလဲဆိုတာကို ပြောပြပေးရင် အကောင်းဆုံးပါပဲ၊ ချန်လင်မြို့မှာ တကယ်ကြီး သရဲခြောက်နေတာလား၊ ပြီးတော့ သဏ္ဌာန်မဲ့ဟင်းလင်းပြင်ကို ယူသွားတဲ့လူက ဘယ်လိုလူမျိုးလဲ"

ကျောက်တုံးကြီးသည် အခြားသူများကို ‘သေမျိုး’ ဟု ခေါ်ဆိုကာ ‘တုံးအသည်’ ဟု ကဲ့ရဲ့တတ်သော ၎င်း၏ ကျော်ကြားမှုနှင့်အညီ ကစားသမားနှစ်ဦး၏ မေးခွန်းတစ်ခုချင်းစီကို မှတ်မိနေခဲ့ပြီး အစီအစဉ်တကျ စတင်ဖြေကြားပေးလေသည်။

"ငါ့သခင်ကို ကျိုးတာအိုလို့ ခေါ်ကြတယ်၊ သူ့ကို အရူးအင်မော်တယ်လို့လည်း လူသိများကြတယ်”

“လွန်ခဲ့တဲ့ နှစ်ပေါင်းဘယ်လောက်လဲဆိုတာတော့... ငါလည်း အတိအကျ မရေတွက်နိုင်တော့ဘူး၊ ဒါပေမဲ့ အဲဒီတုန်းကတော့ ငါက ချန်လင်မြို့ရဲ့ မြောက်ဘက် တောင်ပေါ်က ကျောက်တုံးတစ်တုံးလေးပဲ ဖြစ်ခဲ့တာ”

“တစ်နှစ်မှာ ရွာသားတွေက လင်အာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ကို သတ်ပစ်ခဲ့ကြတယ်၊ သူသေဆုံးပြီးနောက်မှာတော့ အငြိုးကြီးဝိညာဉ်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ချန်လင်ဘုရားကျောင်းမှာ ခြောက်လှန့်နေခဲ့တယ်၊ တောင်တန်းကြီးပင်တောင်မှ သူ့ရဲ့ နာကြည်းမုန်းတီးမှုတွေကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ရပြီး ငါလည်းပဲ သူ့ရဲ့မိစ္ဆာအငွေ့အသက်တွေ စွန်းထင်းခံလိုက်ရတာကြောင့် မိစ္ဆာကျောက်တုံးတစ်တုံး ဖြစ်လာခဲ့ရတယ်။

အဲဒီနောက်မှာတော့ ငါက သူ့ရဲ့ လက်အောက်ခံ ဖြစ်လာခဲ့ပြီး တောင်ပေါ်ကို တက်လာကြတဲ့ ရွာသားတွေအပြင် သူတို့ ငှားရမ်းလိုက်တဲ့ ဘုန်းကြီးတွေနဲ့ တာအိုဆရာတွေကိုပါ လိုက်လံသတ်ဖြတ်ခဲ့တယ်၊ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး ချန်လင်မြို့မှာတော့ လင်အာကို သတ်ခဲ့တဲ့ လူသတ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအားလုံး သေဆုံးသွားခဲ့ကြရတယ်၊ သရဲနှင်ဖို့ တောင်ပေါ်တက်လာကြတဲ့ မှော်ဆရာတွေလည်း ပျက်စီးသွားခဲ့ကြတယ်၊ ဒါပေမဲ့ လင်အာရဲ့ နာကြည်းချက်ကတော့ မငြိမ်းအေးနိုင်ခဲ့ဘဲ လူသတ်ပွဲကြီးကို ဆက်လက်ဆင်နွှဲနေခဲ့တုန်းပဲ။

တစ်နေ့မှာတော့ ငါ့ရဲ့သခင်က ချန်လင်မြို့ကို ဖြတ်သန်းသွားခဲ့တယ်၊ ရွာသားတွေဆီကနေ ဇာတ်ကြောင်းတစ်ခုလုံးကို မေးမြန်းပြီးတဲ့နောက်မှာ သူက စုံစမ်းစစ်ဆေးဖို့ တောင်ပေါ်ကို တက်လာခဲ့ပြီး ငါနဲ့ ဆုံတွေ့ခဲ့တာပဲ၊ သူက လင်အာ ငါ့ကို ချည်နှောင်ထားဖို့ အသုံးပြုခဲ့တဲ့ ခေါင်းလောင်းကိုယူပြီး ခေါင်းလောင်းလောကထဲကို ဝင်ရောက်သွားခဲ့ရာကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့တယ်၊ သူက လင်အာရဲ့ ဝိညာဉ်ကို လူကိုယ်တိုင် မြင်တွေ့ပြီး ပြန်လာနိုင်ခဲ့တဲ့ ပထမဆုံးသော လူသားပဲ။

ငါ့ရဲ့ သခင်က လင်အာဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးလို့ ဆိုတယ်၊ ဒါကြောင့်မို့လို့ သူမတရား သေဆုံးသွားပြီးနောက် ဖြစ်လာတဲ့ ဝိညာဉ်ကလည်း အရမ်းစွမ်းအားကြီးနေတာပေါ့၊ အဲဒီတုန်းက... လူသတ်သမားတွေအားလုံး သေဆုံးသွားခဲ့ကြပြီဆိုပေမဲ့ စကားပုံတစ်ခု ရှိတယ်မဟုတ်လား၊ ဘိုးဘေးတွေရဲ့ အပြစ်က သူ့မျိုးဆက်တွေအပေါ် သက်ရောက်တတ်တယ်တဲ့၊ ချန်လင်မြို့ဟာ ပျက်စီးကိန်းဆိုက်တော့မှာမို့လို့ ဘယ်သူမှ ဆက်မနေသင့်တော့ဘူး၊ မဟုတ်ရင် အသက်ပေါင်းများစွာ ပေးဆပ်ရရင်တောင် အပြစ်ကြွေးကို ဆပ်နိုင်မှာမဟုတ်ဘူးလေ။

ရွာသားတွေနဲ့ အရာရှိတွေက သခင်ရဲ့ စကားကို ယုံကြည်ကြတာကြောင့် သူ့ရဲ့ စီစဉ်ပေးမှုအောက်မှာ တစ်ရွာလုံးပြောင်းရွှေ့သွားခဲ့ကြပြီး လမ်းတွေကို ပိတ်ဆို့ကာ မြို့ကို စွန့်ပစ်လိုက်ကြတော့တယ်။

သခင်ကတော့ မြို့ထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး လအနည်းငယ်ကြာအောင် ဆန်းကြယ်တဲ့ မှော်ပစ္စည်းတွေနဲ့ ဂါထာမန္တန်တွေကို အသုံးပြုပြီး မြေအောက်အနက်ပိုင်းအထိ တူးဆွပြီး ဂူတွေ အများကြီး ဖန်တီးခဲ့တယ်၊ ဒီလိုနည်းနဲ့ သူက မြို့ရဲ့ ဖုန်းရွှေအနေအထားကို ပြောင်းလဲပစ်ပြီး ထိုနေရာကို ‘ချန်လင်’ လို့ အမည်ပြောင်းလဲခဲ့တယ်၊ အချိန်ကြာလာတာနဲ့အမျှ ဒီနည်းလမ်းက ကပ်ဘေးကြီးကို ပြေလျော့သွားစေနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ပေါ့။

ဒီအရာအားလုံးကို လုပ်ဆောင်ပြီးတဲ့နောက်တော့ သခင်က ထွက်ခွာသွားခဲ့တယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သခင်က မြို့ကို ပြန်လာခဲ့ပြီး ငါ့ကို တောင်ပေါ်ကနေ ခေါ်လာခဲ့တယ်၊ သခင်က သူဟာ မူလကတည်းက အခြားကမ္ဘာတစ်ခုကနေ လာခဲ့တဲ့ ဧည့်သည်တစ်ယောက်ဖြစ်ပြီး သံသရာစက်ဝိုင်းရဲ့ အပြင်ဘက်ကို လှည့်လည်သွားလာနေသူဖြစ်ကြောင်း၊ အခုအချိန်မှာတော့... သူဟာ ဒီကမ္ဘာမှာ ဆက်မနေတော့ဘဲ မကြာခင်မှာ အထက်ဘုံမသေမျိုးလောကဆီ တက်လှမ်းရတော့မှာဖြစ်ကြောင်း ငါ့ကို ပြောပြခဲ့တယ်။

ဒါပေမဲ့ သူက နှစ်ပေါင်းများစွာအတွင်း ရတနာပစ္စည်းတွေ အများအပြား စုဆောင်းခဲ့မိပြီး အဲဒါတွေက အထက်ဘုံမှာ အသုံးမဝင်သလို ဒီကမ္ဘာမှာ ချန်ထားခဲ့ဖို့ကလည်း မသင့်တော်ဘူးလို့ တွေးခဲ့တယ်၊ ဒါကြောင့် သူက ဒီပစ္စည်းတွေကို ဒီမြေအောက်ဂူအတွင်းမှာ ဝှက်ထားခဲ့ပြီး ငါ့ကို စောင့်ရှောက်ဖို့ အပ်နှံခဲ့တာပဲ၊ သူမထွက်ခွာမီ ရက်ပိုင်းအတွင်းမှာ သခင်က ငါ့ရဲ့ စိတ်ဝိညာဉ်အဆီအနှစ်ကို ပြောင်းလဲပေးခဲ့ပြီး ကျင့်ကြံခြင်း နည်းစနစ်တွေကို သေချာသင်ကြားပေးခဲ့တယ်၊ ဒီဂူအတွင်းမှာပဲ တိတ်တဆိတ် တရားမှတ်နေဖို့ ညွှန်ကြားခဲ့တယ်၊ သူက ငါ့ကို... လောကီစည်းစိမ်တွေအားလုံးကို ရေစက်ရှိတဲ့သူတွေကို ပေးနိုင်တယ်လို့လည်း မှာကြားခဲ့တယ်၊ ဒါပေမဲ့ လျှို့ဝှက်ကျမ်းစာအုပ် သုံးအုပ်ကလွဲလို့ပေါ့၊ အဲဒါတွေကိုတော့ လူတစ်ယောက်တည်းကို အပ်နှံလို့မရဘဲ ငါကိုယ်တိုင် သေချာစောင့်ကြပ်ရမယ်၊ ဂူထဲကို ဝင်လာတဲ့သူ ဘယ်သူမဆို သူတို့လိုချင်တဲ့အရာကို ယူဆောင်သွားနိုင်တယ် လို့ ဆိုခဲ့တယ်"

ကျောက်တုံးကြီးသည် ဤရှည်လျားသော ရှင်းပြချက်ကို တရစပ်ပြောကြားသွားခဲ့ရာ အတော်ပင် ရှင်းလင်းလှပေသည်။ သို့သော်လည်း ရှောင်တန်နှင့် ရီရူယွီတို့သည် ထိုအချက်အလက်များကို မတူညီသောနှုန်းထားများဖြင့် လက်ခံလုပ်ဆောင်နေကြလေသည်။ တစ်ယောက်မှာ လုံးလုံးလျားလျား ယောင်နနဖြစ်နေသော်လည်း အခြားတစ်ယောက်မှာမူ နက်နက်နဲနဲ တွေးတောနေခဲ့သည်။

ကျောက်တုံးကြီးက ဆက်ပြော၏။

"အခုဆို ငါ့ရဲ့ ကျင့်ကြံမှုကလည်း ပြီးမြောက်သွားပြီ၊ ငါ့သခင်ရဲ့ မှာကြားချက်တွေကိုလည်း ဖြည့်ဆည်းပေးခဲ့ပြီးပြီမို့ ငါ့အချိန် ရောက်လာခဲ့ပြီ၊ ငါ့ရဲ့ အထက်ဘုံသို့ တက်လှမ်းမယ့်ကိစ္စကို ထပ်ပြီး နှောင့်နှေးအောင် မလုပ်ကြပါနဲ့တော့"

၎င်းက ခဏမျှ ရပ်တန့်လိုက်ပြီး " သဏ္ဌာန်မဲ့ဟင်းလင်းပြင်ကျမ်းစာအုပ်နဲ့ ပတ်သက်လို့ကတော့ ငါအဲဒါကို လင်းချန်လို့ခေါ်တဲ့ လူတစ်ယောက်ကို ပေးလိုက်ပြီ"

၎င်း၏ မျက်လုံးများက ဘေးတစ်ဖက်သို့ ဝေ့ကြည့်လိုက်သည်။

"ဒါပေမဲ့ အဲဒါကို ဒီကျောက်ခန်းမထဲမှာ ပေးခဲ့တာ မဟုတ်ဘူး၊ သူ့ရဲ့ ဝင်ပေါက်က မင်းတို့နဲ့ မတူသလို သူရောက်ခဲ့တဲ့ နေရာတွေကလည်း ကွဲပြားတယ်"

"လင်းချန်ဟုတ်လား"

ရှောင်တန်နှင့် ရီရူယွီတို့က တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။

"ဟုတ်တယ်၊ လင်းချန်လေ၊ အဲဒါက ထူးဆန်းတဲ့ နာမည်မို့လို့လား"

ကျောက်တုံးကြီးက မေးသည်။

"သူ့ကို ဘယ်တုန်းက ပေးခဲ့တာလဲ"

ရီရူယွီက ချက်ချင်းပင် ဖြတ်မေးလိုက်သည်။

"ပြီးတော့... သူက ဘယ်လို ပြန်ထွက်သွားတာလဲ၊ ဒီမြေအောက်ဂူကြီးက တကယ်ပဲ ဘယ်လောက်တောင် ကြီးမားတာလဲ"

"အဲဒီလင်းချန်က မင်းတို့ထက်စာရင် အများကြီး ကိုင်တွယ်ရလွယ်ပါတယ်"

ကျောက်တုံးကြီးက ပြန်လည်ဖြေကြား၏။

"သူက နောက်ထပ် ကျောက်ခန်းမတစ်ခုကို ရှာတွေ့ခဲ့တာလေ၊ ငါနံရံထဲကနေ ရုတ်တရက် ထွက်လာတုန်းကဆိုရင် သူက တုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတာပဲ၊ ငါသူ့ကို စကားလှမ်းပြောလိုက်တာနဲ့ သူက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တရစပ်ဦးချတော့တာပဲ"

ကျောက်တုံးကြီး၏ လေသံမှာ ယင်းကို အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်မြင်နေပုံရသည်။

"ငါသူ့ကို ဘယ်စာအုပ် လိုချင်လဲလို့ မေးပေမဲ့ သူက ဘာမှမပြောဘဲ ကရုဏာထားဖို့ပဲ တရစပ် တောင်းပန်နေတာကြောင့် ငါလည်း စာအုပ်တစ်အုပ်ကို ကျပန်းထုတ်ပေးလိုက်တာပဲ၊ သူ စာအုပ်ကို ရပြီးတော့ စာမျက်နှာနည်းနည်းလောက် လှန်လှောဖတ်ရှုပြီးတော့ အရူးတစ်ယောက်လို အော်ဟစ်ရယ်မောတော့တာပဲ၊ ခဏလောက် ရယ်ပြီးတဲ့နောက် သူက ‘ငါ ဒီကနေ ပြန်ထွက်ရမယ်’ ဆိုပြီး တစ်ယောက်တည်း ရေရွတ်နေခဲ့သေးတယ်၊ သူက အဲဒီလိုပြောတာကြောင့် ငါလည်းပဲ မှော်ပညာနဲ့ သူ့ကို အပြင်ပို့ပေးလိုက်တာပေါ့"

"မှော်ပညာသုံးပြီး လူတွေကို အပြင်ကို ပို့ပေးလို့ရတယ်လား"

ရှောင်တန်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာလေသည်။ သူ့အနေဖြင့် တစ်လမ်းသွာတယ်လီပို့ခြင်းနည်းလမ်းကို ရှာဖွေတွေ့ရှိပြီဟု တွေးတောလိုက်မိသည်။

"ဒါဆို ငါတို့ နှစ်ယောက်ကိုကော..."

"မင်းတို့လည်း အခု ပြန်ထွက်သွားလို့ရပြီ၊ ငါက အထက်ဘုံကို တက်လှမ်းတော့မှာမို့လို့ လူတွေကို လိုက်ပို့ပေးရမယ့် ထုံးတမ်းစဉ်လာတွေကို လုပ်နေရင် ငါ့ကိုပိုပြီးတော့ပဲ နှောင့်နှေးစေလိမ့်မယ်"

ကျောက်တုံးကြီးသည် ထိုကဲ့သို့တာဝန်မဲ့လှသည့် စကားတစ်ခွန်းကို ပြောကြားလိုက်ပြီးနောက် ချက်ချင်းပင် ဆက်လက်ပြောဆိုသည်။

"ကောင်းပြီ... မင်းတို့ရဲ့ မေးခွန်းအားလုံးကို ငါဖြေပေးပြီးပြီ၊ ဒီဂူကြီးမှာ ဝင်ပေါက်နဲ့ ထွက်ပေါက်တွေ အများကြီး ရှိတယ်၊ အဲ့ဒါရဲ့ အရွယ်အစားနဲ့ ပတ်သက်လို့ကတော့... မင်းတို့ ဆက်လျှောက်နေမယ်ဆိုရင် အများဆုံး တစ်ရက်နဲ့တစ်ညအတွင်း အားလုံးကို မြင်တွေ့ရလိမ့်မယ်၊ ဆိုတော့... ငါ အရင်သွားနှင့်ပြီ၊ ထာဝရ နှုတ်ဆက်ခဲ့ပါတယ်"

ထိုသို့ပြောပြီးနောက်တွင် ကျောက်တုံးကြီးသည် နံရံအတွင်းသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပြီး နံရံပေါ်ရှိ အက်ကွဲကြောင်းများသည်လည်း လှိုင်းတံပိုးများကဲ့သို့ နောက်တစ်ကြိမ် လှုပ်ရှားသွားခဲ့ကာ စက္ကန့်အနည်းငယ်အကြာတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

"ဟေး"

ရှောင်တန်က နံရံကြီးကို လှမ်းအော်လိုက်သည်။

"ငါတို့ စကားတွေ အများကြီး ပြောခဲ့ကြပြီးပြီပဲကို၊ ခဏလောက် ထပ်နှောင့်နှေးတာနဲ့ သေသွားမှာမို့လို့လား"

ရီရူယွီကမူ ရှောင်တန်၏ အော်ဟစ်သံကို လျစ်လျူရှုထားပြီး သူမ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ကာ ခေါင်းငုံ့လျက် အတွေးကမ္ဘာထဲသို့ နက်နက်နဲနဲ နစ်မြုပ်နေခဲ့သည်။

"သူပြောတဲ့ အရူးအင်မော်တယ်ဆိုတာ ရွာအဝင်ဝမှာ စာချန်ထားခဲ့တဲ့သူများ ဖြစ်နေမလား..."

ရီရူယွီက ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

"အဲဒီလင်အာဆိုတာကတော့ ပင်မတာဝန်ဖြစ်တဲ့ ‘ခေါင်းလောင်းကမ္ဘာအတွင်း ဝင်ရောက်ပြီး လင်အာ၏ ဝိညာဉ်ကို ရှာဖွေပါ’ ဆိုတဲ့အထဲက မိစ္ဆာဝိညာဉ်ဖြစ်မှာ သေချာသလောက်ပဲ၊ ဒီကျောက်တုံးကြီး ပြောပြချက်အရဆိုရင် ဒီလင်အာက အလွန်အမင်း စွမ်းအားကြီးတာကြောင့် ဘော့စ်အဆင့် ဖြစ်နေမှာ အသေအချာပဲ၊ ဖြစ်နိုင်တာက... သူက ဒီဇာတ်လမ်းရဲ့ တကယ့်ဘော့စ်အစစ် ဖြစ်နေတာလား၊ ပြီးတော့ စိန်ခေါ်ပွဲ ဇာတ်ကွက်က ဘေးထွက်တာဝန်သက်သက်ပဲဖြစ်ပြီး သရဲဇာတ်ကွက်ကမှ တကယ့် ပင်မတာဝန်အစစ် ဖြစ်နေတာလား"

ထိုသို့တွေးနေရင်း သူမသည် ဂိမ်းမီနူးကို ဖွင့်လှစ်ကာ တာဝန်မှတ်တမ်းကို လှမ်းကြည့်လိုက်သည်။ သူတို့၏ ဘေးထွက်တာဝန်ဖြစ်သော ‘ယင်နှင့်ယန် ကျောက်ပြားများကို ရှာဖွေပြီး ကျောက်တံခါးကို ဖွင့်ပါ’ ဆိုသည့်အကွက်တွင် အမှန်ခြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ ပင်မတာဝန်ကမူ ရှိမြဲအတိုင်း ရှိနေဆဲဖြစ်ရာ ယင်းက ဖုန်းပုကြွယ်နှင့် ရီရူလီတို့အနေဖြင့် လင်အာနှင့် ထိတွေ့မှု မပြုရသေးကြောင်းကို ဖော်ပြနေပေသည်။

All Chapters