အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း (၂၁၅)
ဖုန်းပုကြွယ်နှင့် အလှပဂေးနှစ်ဦးတို့သည် လွင်ပြင်ကျယ်ကြီးကို ဖြတ်သန်း၍ ခေတ္တမျှ ဆက်လျှောက်လာခဲ့ကြသည်။ သူတို့ရှေ့မှ မြင်ကွင်းသည် ယခင်အတိုင်း မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်။ စိမ်းလန်းသော မြက်ခင်းပြင်၊ ညီညာသော မြေမျက်နှာသွင်ပြင်နှင့် အဝေးမှ တောင်တန်းကြီးများဖြစ်ပြီး သူတို့ မည်မျှရှေ့ဆက်တိုးနေသော်လည်း ထိုတောင်တန်းကြီးများကမူ နီးကပ်လာခြင်းမရှိသလိုမျိုး ခံစားနေရသည်။
ဖုန်းပုကြွယ် နောက်လှည့်ကြည့်လိုက်ရာ “ခေါင်းလောင်းကမ္ဘာ”ဟူသော စာသားသုံးလုံး ထုဆစ်ထားသည့် ကြီးမားလှသော ကျောက်စာတိုင်ကြီးကို ထင်ထင်ရှားရှား မြင်တွေ့နေရဆဲ ဖြစ်ကြောင်း တွေ့ရှိသွားသည်။
"ကျုပ်တို့ ပြန်လှည့်မှရမယ်"
ဖုန်းပုကြွယ်က ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်ရင်း ပြောလိုက်သည်။
"ကျွန်မတို့က ပြန်ထွက်မယ့်လမ်းကို ရှာနေတာ မဟုတ်လား"
လုချင်းနင်က ပြန်လည်တုံ့ပြန်၏။ သူမက ဖုန်းပုကြွယ်ပြောသည့်အဓိပ္ပါယ်မှာ ချန်လင်မြို့သို့ ပြန်သွားရန်ဟု ယူဆထားခြင်းဖြစ်ရာ ယင်းမှာ လုံးဝအဓိပ္ပါယ်မရှိသော ကိစ္စတစ်ခု ဖြစ်နေပေသည်...။
လုချင်းနင်သည် ဤနေရာသို့ ဖုန်းပုကြွယ်နှင့် ရီရူလီတို့ထက် စောစီးစွာ ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညဉ့်ဦးပိုင်းကတည်းက ဝင်ရောက်ခဲ့ကာ သုံးနာရီကျော်ကြာအောင် ခရီးနှင်ခဲ့ပြီး ဖြစ်သည်။ သူမ၏ ဇီဝနာရီအရ လုချင်းနင်သည် တစ်ညလုံးအိပ်ရေးပျက်ထားပြီး လိုက်လံဖမ်းဆီးခြင်းခံခဲ့ရသလို ခရီးလည်း ဆက်တိုက်နှင်ခဲ့ရသဖြင့်... သူမအနေဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး စိတ်ဆတ်နေလေသည်။
"ကျုပ်ပြောတာက... ဟိုကျောက်စာတိုင်ဆီကို ပြန်သွားကြစို့လို့ ပြောတာ"
ဖုန်းပုကြွယ်က ဆိုသည်။
လုချင်းနင်က သူမ၏ခေါင်းကို လှည့်လိုက်သည်။
"အဲဒီနေရာမှာ ဘာမှမရှိတာကို၊ သွားလို့ရော ဘာထူးမှာလဲ"
သူမသည် မည်သည့်နေရာသို့သွားပါစေ ထိုကျောက်စာတိုင်ကြီး၏ အမြင်အာရုံမှ မလွတ်နိုင်ကြောင်း သိထားသော်လည်း သူမကိုယ်တိုင်လည်း ယင်းကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးဖြစ်ရာ အကူအညီဖြစ်စရာမရှိချေ။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့ မရောက်မီ… လုချင်းနင် ခေါင်းလောင်းလောကအတွင်းသို့ ပထမဆုံး စတင်ဝင်ရောက်ခဲ့စဉ်က သူမသည် ကစားသမားနှစ်ဦးနှင့် အကြမ်းဖျင်းအားဖြင့် တူညီသောနေရာတွင် ရှိနေခဲ့ခြင်း ဖြစ်သော်လည်း အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ရာ အကွာအဝေးမှာ မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်။ သူမသည် လမ်းလျှောက်လိုက်၊ ရပ်နားလိုက်ဖြင့် အကြိမ်များစွာလုပ်ဆောင်ခဲ့ပြီး အနားယူကာ ကျောက်စာတိုင်ကြီးကိုပင် နောက်တစ်ကြိမ် ပြန်လေ့လာခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သဖြင့် လွင်ပြင်ကြီးဆီသို့သာ ဆက်လျှောက်နေခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်မူ သူမအနေဖြင့် အကြိမ်ပေါင်းမြောက်မြားစွာ မြင်တွေ့ခဲ့ရသည့် နောက်ကျောမြင်ကွင်းထဲ၌ မတူညီသည့် အရာတစ်ခုကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရတော့သည်... ။ယင်းမှာ လူရိပ်နှစ်ခု ဖြစ်ပေသည်။
"အဲဒါက ကျုပ်တို့ အမှန်တကယ်ရောက်နိုင်တဲ့ တစ်ခုတည်းသော ရည်ညွှန်းမှတ်ပဲ"
ဖုန်းပုကြွယ်က ပြောသည်။
"အခု ကျုပ်တို့တွေ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေတာမို့..."
"ရည်ညွှန်းမှတ် ဟုတ်လား"
လုချင်းနင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း ထပ်လောင်းရေရွတ်လိုက်သည်။ သိသာသည်မှာ သူမအနေဖြင့် ထိုဝေါဟာရကို နားမလည်ခြင်း ဖြစ်သည်။
"အဲဒါက အရာဝတ္ထုတစ်ခု လှုပ်ရှားမှု ရှိမရှိကို ဆုံးဖြတ်ဖို့ အသုံးပြုတဲ့ တခြားအရာတစ်ခုကို ပြောတာပါ"
ဖုန်းပုကြွယ်က ရှင်းပြလိုက်သည်။
"ဟင်"
သူရဲကောင်းမလေးမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားရသည်။
"ဟူး... အဲဒီကို ရောက်တော့မှပဲ ဆက်ပြောကြတာပေါ့"
ဖုန်းပုကြွယ်လည်း ရှင်းပြခြင်းကို လက်လျှော့လိုက်တော့သည်။
သူ့အနေဖြင့် ဆွဲဆောင်မှုရှိသော ရှင်းပြချက်မရှိသော်လည်း လုချင်းနင်ကိုယ်တိုင်လည်း အခြားနည်းလမ်းကို မစဉ်းစားမိချေ။ ထို့အပြင် သူမ၏ အမြင်အရ တစ်ဖက်လူများသည် ဇနီးမောင်နှံဖြစ်နေကြသဖြင့် အမျိုးသမီးငယ်လေး ရီရူလီအနေဖြင့် ဖုန်းပုကြွယ်၏ အကြံဉာဏ်ကို ကန့်ကွက်လိမ့်မည်မဟုတ်ရာ သူမအနေဖြင့် သူတို့နောက်သို့ လိုက်ပါသွားရုံမှတစ်ပါး အခြားမရှိတော့ပေ။
ကျောက်စာတိုင်ကြီးထံသို့ ပြန်လည်ရောက်ရှိရန် အချိန်မှာ သိပ်မရှည်လျားခဲ့ပေ။ အကွာအဝေးကလည်း သူမ၏ ခန့်မှန်းချက်နှင့် ကိုက်ညီနေပြီး ရှေ့သို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ပစ်မှတ်နှင့် ပိုမိုနီးကပ်လာစေလေသည်။
သုံးဦးသား ကြီးမားလှသော ကျောက်စာတိုင်ကြီး၏ အောက်တွင် ရပ်လိုက်ကြသောအခါ ဖုန်းပုကြွယ်က ဆိုလာသည်။
"မိန်းကလေးလု... ခင်ဗျား ဒီကျောက်စာတိုင်ကြီးကို စိုက်ကြည့်ရင်း နောက်ပြန်လမ်းလျှောက်တဲ့ နည်းလမ်းကို စမ်းကြည့်ဖူးလား"
လုချင်းနင်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။
"ဟုတ်သား... ဒီနည်းလမ်းကို သုံးပြီးတော့..."
သူမ ခဏရပ်လိုက်ပြီး "နေပါဦး၊ ဒါဆို ကျွန်မတို့ ဘာလို့ ဒီကို ပြန်လာရတာလဲ၊ ကျွန်မတို့ အဝေးကြီးကို ရောက်နေတုန်းကတည်းက အဲဒါကို လုပ်ခဲ့သင့်တာလေ..."
"ကျုပ်စမ်းကြည့်ပြီးပြီ၊ အလုပ်မဖြစ်ဘူး"
ဖုန်းပုကြွယ်က သူမစကားကို ဖြတ်ပြောလိုက်ပြီး သူမ၏ စိတ်အားထက်သန်မှုအပေါ် ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်လေသည်။
လုချင်းနင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
"သခင်လေးဖုန်း... ရှင်ကျွန်မကို နောက်နေတာလား၊ ရှင်ကိုယ်တိုင်လည်း စမ်းကြည့်ပြီးတာကို ကျွန်မကို လာမေးနေသေးတယ်၊ ပြီးတော့ စကားကိုလည်း တစ်ဝက်ပဲ ပြောတယ်"
"မိန်းကလေးလု... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့၊ သူက ဒီလိုပဲ လူတွေကို စနောက်တတ်တာပါ၊ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ပါဘူး"
ရီရူလီက ဖုန်းပုကြွယ်အတွက် ကြားဝင်၍ စကားကို ပြေလည်အောင် ပြောပေးလိုက်သည်။ သူမသည် သူ့ဘက်ကနေ ကာကွယ်ပေးနေခြင်း မဟုတ်ဘဲ NPC ဒေါသထွက်သွားမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။
"စမ်းသပ်ချက်တစ်ခုရဲ့ အမြင်ကနေ ပြောရရင်... ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်တစ်ခုတည်းကနေ ရရှိတဲ့ရလဒ်တွေက ရာနှုန်းပြည့် စိတ်ချရမှု မရှိဘူးလေ"
ဖုန်းပုကြွယ်က ဆိုသည်။
"ဒါကြောင့် ကျုပ် ခင်ဗျားကို မေးကြည့်ချင်ရတာပါ"
"ရှင်ပြောနေတဲ့ စကားအများစုကို ကျွန်မနားမလည်ဘူး"
လုချင်းနင်က ပြန်ဖြေ၏။
"ရပါတယ်၊ အမှန်တော့ ကျုပ်ပြောခဲ့တာတွေလည်း သိပ်တော့ မရေးကြီးပါဘူး"
ဖုန်းပုကြွယ်က အကြောင်းအရာကို ရိုးရိုးရှင်းရှင်း ပြောင်းလဲပစ်လိုက်သည်။
"အတိုချုပ်ပြောရရင်... ဒီ ‘နောက်ချန်ထားလို့မရတဲ့’ ဖြစ်စဉ်ကြီးက ကျုပ်တို့ လမ်းကြောင်းအမှားကို သွားနေမိတယ်ဆိုတာ အရမ်းထင်ထင်ရှားရှား ပြသနေတဲ့လက္ခဏာတစ်ခုပဲလို့ ထင်တယ်"
"လမ်းကြောင်းအမှားလား"
လုချင်းနင်က သံသယဖြင့် မေးမြန်းလိုက်ပြီးနောက် ဗီဇအရ သူမ၏ အကြည့်အား အခြားတစ်ဖက်ဆီသို့ ပြောင်းလိုက်လေသည်...။
ယင်းမှာ မြေမျက်နှာသွင်ပြင်က အောက်သို့ တည့်တည့်နိမ့်ဆင်းသွားပြီး မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ချောက်ကမ်းပါးကြီးဆီသို့ပင် ဖြစ်သည်။
“ဒီကျောက်စာတိုင်က နယ်နိမိတ်မှတ်တိုင်တစ်ခုလိုပဲ၊ ပြီးတော့ ဒီမျဉ်းကြောင်းက...”
ဖုန်းပုကြွယ်က နောက်လှည့်ရင်း သူ့လက်ကို ဆန့်ထုတ်ကာ ရှေ့သို့ တွန်းထုတ်လိုက်သည့် အမူအရာမျိုး လုပ်ဆောင်လိုက်သည်။
“ဒါက ပိုင်းခြားထားတဲ့ မျဉ်းကြောင်းပဲ”
သူက ကမ္ဘာကြီး၏ အဆုံးသတ်ဟု ထင်မှတ်ရသော တိမ်ပင်လယ်ကြီးဆီသို့လည်း မျက်နှာလှည့်လိုက်သည်။
“အခု ကျုပ်တို့ ရောက်နေတဲ့နေရာက ခေါင်းလောင်းကမ္ဘာရဲ့ ဝင်ပေါက်မှာပဲ ရှိသေးတာ”
သူက လက်ဖဝါးကိုဖြန့်ကာ ရှေ့သို့ ညွှန်ပြလိုက်သည်။
“ခင်ဗျားအမြင်အရ ဘယ်ဘက်ခြမ်းက ခေါင်းလောင်းကမ္ဘာ ဖြစ်မလဲ၊ ဒီဘက်ခြမ်းလား”
သူက နောက်တစ်ကြိမ်ခေါင်းလှည့်လာပြီး သူ့နောက်က လွင်ပြင်ကြီးကို ညွှန်ပြ၏။
“ဟိုဘက်ခြမ်းက ပိုပြီးတော့ တူမနေဘူးလား”
“ရှင် ရူးနေတာလား၊ ဒါက အောက်ခြေမရှိတဲ့ ချောက်နက်ကြီး မဟုတ်ရင်တောင် ပေရာချီ နက်မှာပဲ၊ ကျွန်မတို့ အဲဒီအောက်ကို ခြေချလိုက်ရင် ဘယ်လိုလုပ်အသက်ရှင်နိုင်မှာလဲ”
လုချင်းနင်က မျက်လုံးများ ပြူးကျယ်သွားရင်း ပြော၏။
ဖုန်းပုကြွယ်ကမူ သူမ၏ စကားကို မကြားချင်ယောင်ဆောင်ကာ ဆက်လက်ပြောဆိုလိုက်သည်။
“ကျုပ်တို့ ဒီနေရာကို ပထမဆုံးဝင်ရောက်လာခဲ့တုန်းက နယ်နိမိတ်မျဉ်းပေါ်မှာ ရပ်နေခဲ့ကြတာ၊ ကျုပ်တို့အားလုံးက ဒီစောင်းနေတဲ့ ချောက်ကမ်းပါးနဲ့ မြူထူထူချောက်နက်ကြီးထက်စာရင် ဟိုဘက်က လွင်ပြင်ကြီးကမှ ‘လမ်း’ တစ်ခုနဲ့ ပိုတူတယ်လို့ ယူဆခဲ့ကြတာ၊ ဒါပေမဲ့ အမှန်တရားကတော့... အဲဒါက ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ သေလမ်းတစ်ခုပဲ၊ ကျုပ်တို့တွေ ဒီကျောက်စာတိုင်နဲ့ အကွာအဝေးတစ်ခုအထိ ဝေးသွားတာနဲ့အမျှ ကျုပ်တို့အမြင်အာရုံထဲက ကျောက်စာတိုင်က ထပ်ဝေးမသွားတော့ဘူး၊ ဒါက ဘာကို ဆိုလိုတာလဲဆိုရင် အဲဒီအကွာအဝေးကို ရောက်သွားတာနဲ့ ကျုပ်တို့ ဘယ်လောက်လမ်းလျှောက်လျှောက် တစ်နေရာတည်းမှာ ပိတ်မိနေလိမ့်မယ် ဆိုတာပဲ”
“ဘယ်လိုဆင်းရမလဲဆိုတာကိုပဲ တည့်တည့်ပြောစမ်းပါ”
ရီရူလီက အဓိကအချက်ကို တိုက်ရိုက်ဖြတ်မေးလိုက်သည်။
“ငါ ဘာလုပ်နိုင်မှာလဲ၊ ငါ့ဆီမှာ ကြိုးတွေ ဘာတွေမရှိဘူးလို့တော့ လာမပြောနဲ့ဦး၊ တကယ်လို့ ရှိတယ်ပဲထားဦး...”
ဖုန်းပုကြွယ်က ကိုယ်ကို ရှေ့သို့ကိုင်းလိုက်ပြီး တိုးမပေါက်နိုင်အောင် ထူထပ်လှသော မြူခိုးဖြူဖြူများကို စိုက်ကြည့်လိုက်သည်။
“ဒီနေရာကနေ အောက်ကို ဆင်းဖို့အတွက် အဲဒီကြိုးက ဘယ်လောက်တောင် ရှည်ရမှာလဲ...”
ယင်းက အမှန်ပင် ဖြစ်၏။ ကစားသမားများအတွက် သူတို့ရှေ့မှ မြင့်မားလှသော အမြင့်ခြားနားချက်သည်... ဥပမာတစ်ခုပေးရလျှင် အဝတ်လျှော်စက်၏ အဝိုင်းစွန်းပေါ်တွင် ရပ်နေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်ပေသည်။ ၎င်း၏ ပုံသဏ္ဌာန်သည် လုံးဝ ဒေါင်လိုက်ကျဆင်းနေသော ချောက်ကမ်းပါးကြီးတစ်ခု မဟုတ်သော်လည်း ပုရွက်ဆိတ်၏ အမြင်အရမူ ထိုကြီးမားလှသော စကေးပမာဏမှာ စိတ်ကူးကြည့်ရန်ပင် မလွယ်ကူပါချေ။
"ဟူး... သခင်လေးဖုန်းက တကယ်ပဲ ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ"
လုချင်းနင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး မြက်ခင်းပေါ်တွင် ရိုးရိုးရှင်းရှင်း ထိုင်ချလိုက်တော့သည်။ သူမသည် ကိုယ်ဖော့သိုင်းပညာများတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်လင့်ကစား အစားအသောက်နှင့် ရေမရှိဘဲ အသွားအပြန်ခရီးနှင်ခဲ့ရကာ တစ်ရက်နှင့်တစ်ညလုံး အိပ်ရေးပျက်ထားခဲ့ရသဖြင့် ယခုအခါတွင်မူ သူမ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖုန်းပုကြွယ်ကမူ... ပြတ်ပြတ်သားသားဖြင့် စကားလုံးလေးလုံးဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
"ယုံကြည်မှုဖြင့်ခုန်ချခြင်း"
ထိုစကားလုံးလေးလုံးကြောင့် လုချင်းနင်မှာ လုံးလုံးလျားလျား ဆွံ့အသွားရသည်။ သူမ၏ မျက်နှာအမူအရာကမူ ထိုသို့ ပြောနေသယောင် ရှိသည်။
"နင်ဘာတွေပြောနေလဲဆိုတာ ငါနားမလည်ပေမဲ့ အတော်လေး အထင်ကြီးစရာကောင်းပုံပဲ”
ယင်းကို ကြားလိုက်သောအခါ ရီရူလီသည် ပထမဦးစွာ ဖုန်းပုကြွယ်ကို သူမ၏ ပုံမှန်အေးစက်လှသော အကြည့်ဖြင့် နှစ်စက္ကန့်ခန့် စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်များက အထင်သေးသော အသွင်သို့ တဖြည်းဖြည်းပြောင်းလဲသွားလေသည်။ နောက်ဆုံးတွင် သူမသည် သူမနှုတ်ခမ်းကို လှုပ်ရှားလိုက်ပြီး သိသိသာသာပင် သရော်လိုက်တော့သည်။
"ရှင်က ကျွန်မကို အဆင့်မြင့်မြင့် ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ နည်းလမ်းနဲ့ မုဆိုးမဖြစ်အောင်လုပ်ဖို့ စီစဉ်နေတာလား"
ဖုန်းပုကြွယ်မှာမူ မြို့ရိုးထက်ပင် ထူထဲသော အရေပြားရှိသူပီပီ လုံးဝတုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ဟီးဟီး... ဇနီးချောလေးရယ်... စိတ်မပူပါနဲ့၊ ငါ စမ်းသပ်ကြည့်တာကိုပဲ စောင့်ကြည့်ပေးပါ"
သူပြောရင်းနှင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။
"အိုး... ဒါနဲ့ တကယ်လို့ ငါခုန်ချပြီး ငါးမိနစ်ကြာတဲ့အထိ စနစ်ကနေ ငါသေသွားတဲ့အကြောင်း အကြောင်းကြားမလာဘူးဆိုရင်တော့ မင်းငါ့နောက်ကို လိုက်ခဲ့ဖို့ စဉ်းစားနိုင်ပါတယ်"