အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း (၂၁၆)
ဖုန်းပုကြွယ် ခုန်ချလိုက်စဉ် သူ၏ ခန္ဓာကိုယ်မြင့်တင်ခြင်းမန္တန်ကို အသက်သွင်းလိုက်သည်။ အရှိန်ယူကာ ခြေလှမ်းအနည်းငယ် ပြေးထွက်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်လိုက်ပြီးမှ စကေးကို ပြန်ပိတ်လိုက်သည်။ မှန်ပေသည် သူသည် ထိုစကေးကို ပိုစတိုင်ကျစေရန် သုံးခဲ့ခြင်းမဟုတ်ဘဲ ပိုဝေးသောနေရာအထိ ခုန်ကူးနိုင်ရန်အတွက်သာ ဖြစ်သည်။
လေထဲတွင်မူ သူသည် လက်နှစ်ဖက်ကို ဆန့်တန်း၍ အောက်ဘက်သို့ ဦးစိုက်လျက် တိမ်တိုက်များ ဖုံးလွှမ်းနေသော ချောက်နက်ကြီးထဲသို့ တည့်တည့်မတ်မတ် ထိုးဆင်းသွားလေသည်။
ထိုအခိုက်အတန့်တွင် သူ့နားထဲ၌ လေတိုးသံများကိုသာ ကြားနေရပြီး သူ့မျက်ဝန်းများထဲတွင်မူ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လို့နေလေသည်။
အထပ်မြင့်အဆောက်အအုံပေါ်မှ ခုန်ချရသကဲ့သို့ ထိုအတွေ့အကြုံမျိုးကို အစစ်အမှန် ခုန်ချခြင်းမှလွဲ၍ သာမန်အားဖြင့် ရေငုပ်ခြင်း၊ ဘန်ဂျီခုန်ခြင်း သို့မဟုတ် လေထီးခုန်ခြင်း စသည့် နည်းလမ်းသုံးမျိုးဖြင့်သာ အစားထိုး ခံစားနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ရေမကူးတတ်သော ဖုန်းပုကြွယ်အတွက် ရေထဲသို့ တစ်ခါမှ မခုန်ဖူးသလို၊ ဘန်ဂျီခုန်ခြင်း သို့မဟုတ် လေထီးခုန်ခြင်းတို့ကို စမ်းသပ်ရန် အခွင့်အရေးလည်း မရှိခဲ့ပေ။ သို့သော် ယခုတွင် သူသည် ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းကမ္ဘာထဲတွင် မြင့်မားသောနေရာမှ ခုန်ချရသည့် ခံစားချက်ကို နောက်ဆုံး၌ ကြုံတွေ့ခွင့်ရသွားခဲ့ပြီဖြစ်သည်။
ယင်းသည် အာရုံကြောချိတ်ဆက်ထားသည့်ဂိမ်းတစ်ခုသာ ဖြစ်လင့်ကစား လေထဲမှ အရှိန်အဟုန်ဖြင့် ထိုးဆင်းရသည့် ပုံစံမှာမူ လက်တွေ့ကမ္ဘာနှင့် မခြားနားလှပေ။ သာမန်အားဖြင့် လူတစ်ယောက်သည် အော်ဟစ်ခြင်းမပြုသည့်တိုင် ခုန်ချလိုက်သည့်အချိန်တွင် ခန္ဓာကိုယ်က အလိုအလျောက် တောင့်တင်းသွားတတ်စမြဲ ဖြစ်သည်။
သို့သော်လည်း ဖုန်းပုကြွယ်ကား ကြောက်ရွံ့ခြင်းကင်းမဲ့နေသူ ဖြစ်သည်။သူ လေထဲရှိနေစဉ် သူ့ခန္ဓာကိုယ်ကို လုံးဝပြေလျော့ထားနိုင်ပြီး အရှိန်ဖြင့် ကျဆင်းရသည့် သန့်စင်သော ခံစားချက်ကို အပြည့်အဝ ခံစားနေလေသည်။
သူသည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ အောက်ဘက်သို့ စိုက်ကြည့်နေခဲ့သည်။ သူ့စိတ်ထဲမှလည်း 'ဒီလို ခုန်ချလို့ သေသွားရင်တောင်မှ မသေခင် အောက်မှာ ဘာရှိလဲဆိုတာ ကြည့်သွားမယ်' ဟု တွေးနေမိသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်းပုကြွယ်သည် တိမ်တိုက်ထူထူများထဲသို့ ထိုးဆင်းသွားခဲ့ပြီး ထိုခဏ၌ပင် သူ့ရွေးချယ်မှု မမှားကြောင်းနှင့် ဤလမ်းအတိုင်း လာရမည်ဖြစ်ကြောင်း သိလိုက်ရသည်။
အဖြူရောင်တိမ်တိုက်များသည် ရေထက်ပင် နူးညံ့သော ကြားခံနယ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ပိုမိုကောင်းမွန်သော လျှော့ချမှုအာနိသင်ကို ပေးစွမ်းနေလေသည်။ လူ့ခန္ဓာကိုယ်က မြူခိုးများထဲသို့ တိုးဝင်သွားသည့်အခါ အမြင့်မှ ရေထဲသို့ ခုန်ချသကဲ့သို့ ကွန်ကရစ်တုံးနှင့် ဆောင့်မိသလိုမျိုး ခံစားချက်မျိုး မရှိပေ။ ဖုန်းပုကြွယ် တိမ်တိုက်များထဲသို့ ရောက်ရှိသွားသည့် ခံစားချက်သည် အေးစိမ့်နေသောအဲကွန်းခန်းထဲမှ ပူပြင်းလှသော လမ်းမကြီးပေါ်သို့ ရုတ်တရက် ထွက်လိုက်ရသကဲ့သို့ ဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ထူထပ်လှသော လေထုထုထည်ကြီးက လွှမ်းခြုံထားသလိုမျိုး ဖြစ်နေပေသည်။ ထို့နောက် သူ၏ ကျဆင်းမှုအရှိန်က ညင်သာစွာဖြင့် တဖြည်းဖြည်း နှေးကွေးသွားတော့သည်။
မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်တွင် ဖုန်းပုကြွယ်သည် လေထဲမှ ဝဲပျံကျလာသော ငှက်မွေးတစ်ပင်ကဲ့သို့ ဖြစ်နေ၏။ သူသည် မည်သည့်ရိုက်ခတ်မှုကိုမှ မခံစားရသလို သူ့အသက်အမှတ်လည်း ပြောင်းလဲမှု မရှိချေ။
မြူခိုးများ ဖုံးလွှမ်းနေသော ထိုချောက်ကမ်းပါးအောက်ခြေတွင်မူ လျှို့ဝှက်ကမ္ဘာတစ်ခု ရှိနေခြင်းဖြစ်သည်။ ဦးခေါင်းပေါ်ရှိ တိမ်တိုက်များသည် နောက်ထပ်မိုးကောင်းကင်တစ်ခုကို ဖန်တီးထားသကဲ့သို့ ရှိပြီး တိမ်တိုက်များကို ဖြတ်သန်းကာ ဖြာကျလာသော နေရောင်ခြည်ကြောင့် ချောက်ကမ်းပါးတစ်ခုလုံး အနည်းငယ် မှုန်မှိုင်းနေသယောင် ရှိနေလေသည်။
လေထုက အနည်းငယ်စိုစွတ်နေပြီး ချောက်ကမ်းပါး ပတ်ပတ်လည်တွင် ကျဲပါးလှသော သစ်ပင်များ ဝန်းရံလို့နေ၏။ ဖုန်းပုကြွယ် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်သည်။ သူသည် ခုန်ချလာစဉ်တစ်လျှောက်လုံး မျက်လုံးဖွင့်ထားခဲ့သော်လည်း ချောက်ကမ်းပါး၏ အမြင့်ကိုတော့ အတိအကျ ခန့်မှန်းနိုင်ခြင်း မရှိချေ။
အပေါ်ဘက်သို့ လှမ်းအော်ရန်လည်း သူ မကြိုးစားတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အသံသည် ထိုမျှ ဝေးကွာသောနေရာအထိ ရောက်ရှိနိုင်မည် မဟုတ်ကြောင်း ရှင်းလင်းနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် အပေါ်သို့ မော့ကြည့်ရင်း ရီရူလီခုန်ချလာမည့်နေရာကို သိနိုင်ရန်အတွက်သာ စောင့်ဆိုင်းနေလိုက်တော့သည်။
ထိုသို့ စောင့်ဆိုင်းနေစဉ်အတွင်း ဖုန်းပုကြွယ်သည် ဤနေရာ၏ မြေဆွဲအားကို စမ်းသပ်ကြည့်ရာ ပုံမှန်အတိုင်းပင် ဖြစ်သည်။ သူ ခုန်ချခဲ့သည့်အမြင့်နှင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် ခြေထောက်အောက်၌ ခံစားရသည့်အလေးချိန်မှာ ပုံမှန်နှင့် ထူးမခြားနားပေ။ ထို့ကြောင့် အပေါ်ဘက်ရှိ အဖြူရောင်မြူခိုးလွှာသည် သူရှင်သန်ရခြင်း၏ သော့ချက်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ ဖြစ်နိုင်သည်က လူတစ်ယောက်၏ ခန္ဓာကိုယ်က ထိုမြူခိုးများကို ဖြတ်သန်းသွားသည့်အခါ နှေးကွေးစွာ ကျဆင်းစေသည့် စွမ်းရည်တစ်ခုကို ရရှိသွားပြီး မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် ထိုစွမ်းရည်က အလိုအလျောက် ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်ပေသည်။
ရီရူလီသည် ဖုန်းပုကြွယ်အား ငါးမိနစ်အထိ အကြာကြီး မစောင့်ခိုင်းဘဲ နှစ်မိနစ်ခန့် အကြာတွင် ခုန်ချလာခဲ့သည်။ ဖုန်းပုကြွယ်သည် ကောင်းကင်ထက်မှ တဖြည်းဖြည်း ကျဆင်းလာသော လူရိပ်ကို မြင်လိုက်ရသဖြင့် ဆင်းသက်မည့်နေရာကို ခန့်မှန်းကာ ထိုဘက်သို့ ချက်ချင်း ဦးတည်ရွေ့လျားလိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့် ရီရူလီဆင်းသက်လိုက်သည့် နေရာသည် ဖုန်းပုကြွယ်ရှိနေသည့် နေရာနှင့် မဝေးလှသဖြင့် သူမအနားသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ သူ၏ ပထမဆုံးစကားလုံးမှာ "ဘယ်လိုလဲ... ယုံကြည်မှုဖြင့် ခုန်ချခြင်းက အတော်လေး မိုက်တယ်မလား"
"ရှင်ခုန်ချသွားတုန်းက အဲဒီသမင်ပျိုမလေးက ရှင့်ကို သရဲဝင်ပူးနေတယ်လို့ ထင်နေတာ"
ရီရူလီက ပြန်ပြောလိုက်သည်။
"ကျွန်မလည်း ခုန်ချမယ်လို့ ပြောလိုက်ရော သူက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတော့မယ်လို့ ထင်သွားတာပဲ"
"ဟားဟားဟား..."
ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။
"ဒါတော့ ငါတို့လည်း မတတ်နိုင်ဘူးလေ၊ ငါတို့က ဂိမ်းရဲ့ မီနူးတွေ၊ အဖွဲ့အခြေအနေတွေကို NPC တွေကို ရှင်းပြလို့ရတာမှ မဟုတ်တာ"
"ဒါပေမဲ့ တိုက်ရိုက်ကြီးခုန်ချဖို့ကျတော့ တကယ်သတ္တိရှိဖို့ လိုတာပေါ့"
ရီရူလီက ဆိုသည်။
"ရှင်က ခန့်မှန်းချက်တွေနဲ့တင် ချက်ချင်းသေသွားနိုင်တဲ့ အန္တရာယ်ကို စွန့်စားရဲတယ်ဆိုတော့... ကျွန်မ ပြောရရင် ရှင်က တကယ့်ကို..."
"အတ္တကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာမလား"
ဖုန်းပုကြွယ်က စကားဖြတ်ပြောလိုက်သည်။
"ကောင်းပါပြီ၊ ငါ သိပါတယ်"
သူက ချောက်ကမ်းပါး အတွင်းဘက်သို့ လှည့်လိုက်ကာ
"ကဲ... သွားကြစို့၊ မြန်မြန်လုပ်ရအောင်"
"NPC ဆင်းလာတာကို မစောင့်တော့ဘူးလား"
ရီရူလီက မေးလိုက်သည်။
"သူက ဘယ်လိုလုပ် ဆင်းလာမှာလဲ"
ဖုန်းပုကြွယ်က ဆိုသည်။
"တကယ်လို့ လက်တွေ့ဘဝမှာဆိုရင် အခုမှ ဆုံဖူးတဲ့ လူနှစ်ယောက်က အဓိပ္ပါယ်မရှိတဲ့ သီအိုရီတွေ လျှောက်ပြောပြီး ချောက်ထဲကို တစ်ယောက်ပြီးတစ်ယောက် ခုန်ချသွားတာကိုမြင်ရင် မင်းကော အသက်စွန့်ပြီး သူတို့နောက်ကို လိုက်ခုန်ရဲပါ့မလား"
ဖုန်းပုကြွယ်၏ ခန့်မှန်းချက်မှာ အမှန်ပင် ဖြစ်တော့သည်။ ဓားကျိုးလက်ဖက်ရည်ခန်းမမှ လူနှစ်ယောက် ချောက်နက်ကြီးထဲသို့ ခုန်ချသွားသည်ကို ကြည့်ရင်း လုချင်းနင်၏ ဦးနှောက်မှာ ဗလာဖြစ်သွားခဲ့ရသည်။ သူမသည် ထိုလူနှစ်ယောက်က အစစ်အမှန်များလား သို့မဟုတ် သူမကိုယ်တိုင်ပဲ ရူးသွားပြီး စိတ်ခြောက်ခြားနေမိတာလားဟု တွေးတောရင်း မယုံကြည်နိုင် ဖြစ်နေမိတော့သည်။
လုချင်းနင်အနေဖြင့် သူတို့နောက်သို့ လိုက်ပါခုန်ချရန်မှာ မဖြစ်နိုင်ပေ။ သူမအနေဖြင့် မတ်တတ်ရပ်ကာ ချောက်အောက်ခြေကို မြင်တွေ့ရခြင်း သို့မဟုတ် အောက်ခြေမှ လူနှစ်ယောက်က သူမကို လှမ်းအော်ပြောသည့် အသံကို ကြားရခြင်းမျိုး မရှိပါက ဤကဲ့သို့အဓိပ္ပါယ်မဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသကဲ့သို့ ဖြစ်နေမည့် အပြုအမူမျိုးကို သူမ လုံးဝလုပ်ဆောင်မည်မဟုတ်ချေ။
ထိုစကားကို ကြားပြီးနောက် ရီရူလီသည် နှစ်စက္ကန့်ခန့် ငြိမ်သက်သွားပြီး အေးစက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"သွားကြစို့"
...
နှစ်ယောက်သား မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်လာခဲ့ပြီးနောက် တောအုပ်ထဲမှ ထွက်လာခဲ့ရာ သစ်ပင်များ ဝန်းရံနေသော ရေကန်ကြီးတစ်ကန်သို့ ရောက်ရှိလာကြသည်။
ထိုရေကန်ကြီးသည် အလွန်ကျယ်ဝန်းပြီး ကန်အလယ်ဘက်သို့ လှမ်းကြည့်လိုက်ပါက ကျွန်းငယ်လေးတစ်ခုကို လှမ်းမြင်နိုင်လေသည်။ အုံ့မှိုင်းမှိုင်းကောင်းကင်အောက်တွင် ထိုကျွန်းလေးသည် ဆိတ်ငြိမ်ပြီး ခြောက်ခြားဖွယ် ကောင်းလှသည်။ ရေကန်ကမ်းစပ်တွင် ရပ်နေရုံမျှဖြင့်ပင်... ကျွန်းကို ဝန်းရံထားသော မမြင်နိုင်သည့် ပြင်းထန်လှသော ဖိအားတစ်ခုကို ခံစားနေရသည်။
ရေကန်ကမ်းစပ်သို့ ရောက်ရှိသောအခါ ဖုန်းပုကြွယ်သည် ဒူးထောက်ထိုင်ချလိုက်ပြီး ရေကို လှမ်းကိုင်ကြည့်လိုက်သည်။ ရေသည် ကြည်လင်အေးစက်နေပြီး အောက်ခြေတွင် ဆော့ကစားနေကြသော ဆူဖြိုးလှသည့် ငါးများကိုပါ မြင်တွေ့နေရသည်။
သူတို့၏ အနောက်ဘက် ဆယ်မီတာခန့်တွင်မူ ကြက်သွေးရောင်နှင့် ရွှေဝါရောင်သန်းနေသော သစ်ကိုင်းများရှိသည့် သစ်တောကြီး ရှိနေလေသည်။ ပြန်တွေးကြည့်လျှင် သူတို့သည် လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြခြင်းဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း လုံးဝ တိတ်ဆိတ်လို့နေသည်။ ထိုရှုခင်းနှင့် ပတ်ဝန်းကျင် အနေအထားသည်... ရိုမန်တစ်ဆန်နေသလား သို့မဟုတ် ခြောက်ခြားဖွယ်ကောင်းနေသလား ဆိုသည်မှာမူ...။
"ဟိုမှာ လှေတစ်စင်းရှိတယ်"
ရီရူလီ၏အကြည့်က ရေကန်ကမ်းစပ်အတိုင်း ဝေ့ဝဲသွားပြီး ခပ်လှမ်းလှမ်းကမ်းပါးတစ်ခုတွင် ဆိုက်ကပ်ထားသည့် လှေငယ်လေးတစ်စင်းကို လှမ်းတွေ့လိုက်ရသည်။
"အင်း... ကြည့်ရတာ ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးထင်တယ်"
ဖုန်းပုကြွယ်က ပခုံးတွန့်ပြလိုက်ပြီး ရီရူလီနှင့်အတူ ထိုဘက်သို့ လျှောက်သွားလိုက်သည်။
သေချာသည်မှာ ရေကန်အလယ်ရှိ ကျွန်းလေးပေါ်တွင် အမှန်တကယ် တစ်ခုခုရှိနေနိုင်ပေသည်။ ၎င်းသည် မိစ္ဆာဝိဉာဉ်၏ ခိုအောင်းရာနေရာဖြစ်ရန် အလွန်နီးစပ်လှသည်။ သိသာစွာပင် ထိုနေရာသို့ ရေကူးသွားရန် မဖြစ်နိုင်ချေ။ ရေကူးချန်ပီယံတစ်ယောက် ဖြစ်လင့်ကစား ယခုကဲ့သို့ ဝေးကွာလှသော ကျွန်းဆီသို့ ရောက်ရှိရန်မှာ အလွန်ခက်ခဲလှသဖြင့် စနစ်က ထိုလှေငယ်လေးကို ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။
"ငါထင်တာတော့... အဲဒီကျွန်းပေါ်ရောက်ရင် တကယ့်ကို ကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်လာတော့မယ် ထင်တယ်"
လှေပေါ်တက်ပြီးနောက် မကြာမီမှာပင် ဖုန်းပုကြွယ်က လှေကို လှော်ခတ်ရင်း ပြောလိုက်သည်။
"ကျွန်မကို လာခြောက်နေတာလား"
ရီရူလီက ပြန်ပက်လိုက်သည်။
"မဟုတ်ပါဘူး..."
ဖုန်းပုကြွယ်က ပြန်ဖြေ၏။
"ရုတ်တရက် ငါ သတိထားမိတာက... ဒီဇာတ်လမ်းထဲက တိုက်ပွဲတွေအားလုံးကို ရှောင်ကွင်းလို့ ရနေတာပဲ၊ တကယ်လို့ အဲဒီလိုသာဆိုရင် စနစ်က ပိုခြောက်ခြားစရာကောင်းတဲ့ အစိတ်အပိုင်းတွေကို သေချာပေါက် ထည့်ထားမှာပဲ"
"ပြောရရင်... အခုထိတော့ တော်တော်လေး လွယ်ကူနေတုန်းပဲ"
ရီရူလီက ထပ်ဖြည့်ပြောသည်။
ဖုန်းပုကြွယ် ခေါင်းညိတ်လိုက်ရင်း "တောင်ပေါ်က လင်အာနဲ့ပတ်သက်တဲ့ အဓိကတာဝန်က အခုထိတော့ ငါတို့ကို လုံးဝရှောင်လွှဲလို့မရတဲ့ တိုက်ပွဲမျိုး တစ်ခါမှ မစီစဉ်ပေးသေးဘူး၊ ငါတို့က ကြုံလာရမယ့်တိုက်ပွဲတွေကို အကုန်ရှောင်လာနိုင်ခဲ့တာ"
သူ ခဏတာ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။
"ဥပမာ... အဲဒီ သစ်ပင်မိစ္ဆာနဲ့ မိစ္ဆာဘုန်းကြီးပေါ့၊ အဲဒီနှစ်ကောင်လုံးကို အင်အားသုံးပြီးတော့ သေချာပေါက် ရှင်းပစ်လို့ရတယ်၊ သစ်ပင်ကို တွေ့တဲ့အချိန်မှာ သူ့ကိုသတ်ပြီး ခေါင်းလောင်းကို ယူလို့ရသလို ဘုန်းကြီးနဲ့ တွေ့တဲ့အချိန်မှာလည်း သူ့ကို အနိုင်တိုက်ပြီး ခေါင်းလောင်းကို လုပြီး ခေါင်းလောင်းကမ္ဘာရဲ့ တံခါးကို ဖွင့်လို့ရတာပဲ။
လုချင်းနင်ဆိုရင်တောင်မှ တကယ်လို့ နားလည်မှုလွဲပြီး ငါတို့ကို တိုက်ခိုက်လာလို့ သူ့ကို ငါတို့ သတ်မိသွားရင်တောင် ဇာတ်ကွက်က ဒီအတိုင်း ဆက်သွားနေမှာပဲ။
ဒါပေမဲ့ တကယ်လို့ ငါတို့သာ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင်... ရွှေခေါင်းလောင်းရဲ့ အခြေအနေတွေ၊ လင်းချန်ရဲ့ ကြံစည်မှုတွေ စတဲ့သတင်းအချက်အလက်တွေအားလုံး ဆုံးရှုံးသွားမှာ သေချာတယ်။
ဒါကြောင့်...အကြမ်းဖက်မှုသီးသန့်သုံးပြီး ဂိမ်းကို ဖြတ်ကျော်ဖို့ ကြိုးစားမယ်ဆိုရင် ဇာတ်ကွက်ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ သတင်းတွေကို သိခွင့်ရမှာမဟုတ်ဘဲ အများဆုံး သေဆုံးသွားတဲ့ မြင်ကွင်းတွေကနေပဲ အခြေအနေကို နည်းနည်းရိပ်မိနိုင်လိမ့်မယ်၊ ပြီးတော့ အချိန်အတော်များများမှာ မြင်မြင်သမျှ အကုန်သတ်သွားရုံပဲဆိုတော့ နောက်ဆုံးအောင်ပွဲရသွားရင်တောင် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို လုံးဝ သိလိုက်ရမှာ မဟုတ်ဘူး။
ဒီလို ကစားဟန်မျိုးက စိတ်ပိုင်းဆိုင်ရာအရ အတော်လေးလွယ်ကူပြီး ဘာမှ စဉ်းစားနေစရာ မလိုဘူး၊ ရန်လိုတဲ့ NPC ဒါမှမဟုတ် မကောင်းဆိုးဝါးတွေ တွေ့ရင် သတ်ပစ်လိုက်ရုံပဲ၊ ဒါပေမဲ့ တိုက်ခိုက်ရေးဘက်က ကြည့်ရင် ငါတို့အဖွဲ့က ဒီလိုကစားဟန်မျိုးကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"
ဖုန်းပုကြွယ်သည် လှေလှော်ရလွယ်ကူစေရန် ထိုင်ခုံအနေအထားကို ပြင်ရင်း ဆက်ပြောသည်။
"ပြီးတော့ ငါတို့နှစ်ယောက်က လမ်းတစ်လျှောက်လုံး အေးအေးချမ်းချမ်း ညှိနှိုင်းတဲ့နည်းကိုပဲ သုံးလာခဲ့တာ၊ 'နှိပ်စက်' တဲ့ ဖြစ်ရပ်တချို့ ရှိခဲ့ပေမဲ့ သူတို့ကိုတော့ မသတ်ခဲ့ဘူး...
အတိုချုပ်ပြောရရင် ငါတို့ရဲ့ ဂိမ်းဖြတ်ကျော်တဲ့ နည်းလမ်းက ဇာတ်ကွက်ကို ပိုနားလည်စေရုံတင်မကဘဲ အရင်းအမြစ်တွေကိုလည်း သက်သာစေတယ်၊ အပိုသက်လုံအမှတ် ကုန်ဆုံးမှုမရှိသလို... ရိက္ခာ၊ ကျည်ဆန်၊ အသက်အမှတ်၊ စိတ်ဝိဉာဉ်စွမ်းအင်... ဆုံးရှုံးမှု မရှိသလောက်ပဲ။
ဂိမ်းရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုရင်... တန်ဖိုးတစ်ခုခု မပေးရဘဲ ဒါမှမဟုတ် စွန့်စားမှုမလုပ်ရဘဲနဲ့ ဘာမှ ရလာစရာ အကြောင်းမရှိဘူး၊ ဒါကြောင့် ငါထင်တာတော့... တကယ်လို့ ဒီသဘာဝလွန် ဇာတ်လမ်းကို တိုက်ပွဲမပါဘဲ အောင်မြင်အောင် ဆော့လို့ရတယ်ဆိုရင်... ငါတို့က ပဟေဠိဖြေရှင်းရတာတွေ၊ ခြောက်လှန့်တာတွေ ဒါမှမဟုတ် ချက်ချင်းသေစေနိုင်တဲ့ ရွေးချယ်မှုတွေကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်..."
သူတို့ စကားပြောနေစဉ်အတွင်း လှေက လမ်းတစ်ဝက်ကျော်သို့ ရောက်ရှိလာခဲ့သည်။ ရုတ်တရက်ဆိုသလို ညင်သာသော လေညင်းတစ်ချက် တိုက်ခတ်လာပြီး အရိုးကွဲမတတ် အေးစက်လှသော အအေးဓာတ်ကို သယ်ဆောင်လာခဲ့သည်။
ထိုအခိုက်အတန့်၌ တိမ်တိုက်နိမ့်များ ဖုံးလွှမ်းနေသည့် မိုးကောင်းကင်ကြီးသည် ပိုမိုမှောင်မိုက်လာခဲ့ပြီး ကျွန်းဆီသို့ ချဉ်းကပ်လာလေလေ မိနစ်တိုင်းတွင် ကောင်းကင်ကြီးက ပို၍ မှိုင်းညို့လာလေလေ ဖြစ်လာတော့သည်။
သူတို့နှစ်ယောက် ရေကန်အလယ်ရှိ ကျွန်းကမ်းစပ်သို့ ရောက်ရှိသွားသည့်အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ မှောင်မိုက်နေပြီ ဖြစ်သည်...။ လေထုထဲတွင်မူ မှုန်ဝါးဝါး ဆည်းဆာအလင်းတန်း အနည်းငယ်သာ ဖြာကျနေသဖြင့် အကွာအဝေးအနည်းငယ်မျှကိုသာ လှမ်းမြင်နိုင်တော့သည်။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် ကျွန်း၏အစွန်းဘက်ရှိ ကုန်းစောင်းတစ်ခုပေါ်သို့ တက်လိုက်ကြသည်။ ကမ်းပေါ်သို့ ခြေချလိုက်သည်နှင့် သူတို့ကို ဆီးကြိုနေသည်မှာ ထူထပ်လှသော ထင်းရှူးပင်များနှင့် သစ်ကတိုးပင်များ ရှိနေသော တောအုပ်ကြီး ဖြစ်သည်။ သစ်ပင်ရိပ်များသည် လုံးဝနက်မှောင်နေပြီး ထူထပ်ပိတ်ဆို့နေပြီး ရွေ့လျားလို့ပင် ရမည်မထင်ရလောက်အောင် ဖြစ်နေလေသည်။ ထို့အပြင် ထိုအမှောင်ရိပ်များသည် အသက်ရှိနေသကဲ့သို့ ကျွန်း၏အစွန်းဘက်သို့ ချက်ချင်းပင် ခုန်အုပ်တော့မည့်အတိုင်း ခြိမ်းခြောက်နေလေသည်။
စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အားနည်းသော ကစားသမားတစ်ဦးအတွက် ဤတောအုပ်၏ အစွန်းတွင် ရပ်နေရုံဖြင့်ပင် ကြောက်ရွံ့မှုအဆင့် ၃၀ ရာခိုင်နှုန်းကျော်အထိ သေချာပေါက် တက်သွားနိုင်ပြီး ထိုတောအုပ်ကြီးထဲသို့ တည့်တည့်တိုးဝင်သွားရန်မှာမူ...။