အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း (၂၁၇)
တစ်ဖက်တွင်မူ သခင်လေးအာတိုဘီသည် နေ့ခင်းပိုင်းတစ်ချိန်လုံး မုရုံယင်ထံ၌ သိုင်းလောက ဗဟုသုတများကို အပြင်းအထန် သင်ယူရင်း ဤဇာတ်လမ်းကမ္ဘာထဲရှိ အခြေခံအချက်အလက် အများစုကို မှတ်သားနေခဲ့သည်။ ထို့နောက်တွင်မူ သူသည် သူမအား အထပ်ထပ်အခါခါ ကျေးဇူးတင်စကားဆိုကာ နှုတ်ဆက်လိုက်ပြီး သူ၏ ကောင်းကင်အခန်း Cသို့ ပြန်လာခဲ့တော့သည်။
ထိုမျှလောက် အေးစက်မြင့်မြတ်လှသော နတ်မိမယ်လေးသည် ဤမျှပြောဆိုရလွယ်ကူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အရာအားလုံးက ချောမွေ့လွန်းနေသဖြင့် သံသယဖြစ်စရာပင် ကောင်းလှသေးသည်။ အာတိုဘီကိုယ်တိုင်ပင် 'ငါက တကယ်ကြီး အပျော်လင်ဖြစ်ဖို့ ပါရမီပါလာတာလား' ဟု တွေးတောမိသည်အထိပင်။
အမှန်တကယ်တော့ သူ အတွေးလွန်နေခြင်းသာ ဖြစ်၏...။
ထို NPC သည် စနစ်၏ စီစဉ်မှုအရ ကစားသမားများကို အခြေခံအချက်အလက်များ ပံ့ပိုးရုံသက်သက်သာရှိသော ဇာတ်ကောင်တစ်ကောင် ဖြစ်သည်။ ကစားသမားများအနေဖြင့် သူမ၏ သဘောသဘာဝကို ရိပ်မိပြီး တက်တက်ကြွကြွ လမ်းညွှန်မှုခံယူသရွေ့ သူမက သာမန်အားဖြင့် ငြင်းပယ်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် ဤသိုင်းလောက၏ နောက်ခံအခြေအနေအရ ကြည့်လျှင်လည်း မုရုံယင်၏ ပြုမူပုံမှာ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။ ပထမအချက်သည် သူမကိုယ်တိုင်က ဓားကျိုးလက်ဖက်ရည်ခန်းမဂိုဏ်းအပေါ် အလွန်စိတ်ဝင်စားနေပြီး ဖုန်းပုကြွယ်၏ ရဲတင်းကာ ဆန်းကြယ်လှသော စတိုင်ကိုလည်း သဘောကျနေခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ မုရုံမိသားစုသည် ကိုယ်ပိုင်ဂိုဏ်းထူထောင်ထားသည့် အဖွဲ့အစည်းမျိုး မဟုတ်သဖြင့် အရုဏ်ဦးတစ်ထောင်မျှော်စင်ကဲ့သို့သော ထိပ်သီးဂိုဏ်းကြီးများမှ တပည့်များအပေါ် အမြဲတမ်း ရန်လိုသော အကြည့်ဖြင့် ကြည့်လေ့ရှိသည်။ သို့သော်လည်း လောကအလယ်တွင် တစ်ကိုယ်တော် ကျင်လည်ကျက်စားသော သူရဲကောင်းများ သို့မဟုတ် ဆိတ်ငြိမ်သောနေရာ၌ ပုန်းအောင်းနေသည့် ဓားကျိုးလက်ဖက်ရည်ခန်းမကဲ့သို့သော ဂိုဏ်းငယ်လေးများအပေါ်တွင်မူ အတော်လေး သဘောထား ပြည့်ဝတတ်ပေသည်။
ထို့အပြင် ဖုန်းပုကြွယ် အစောပိုင်းက ပြောခဲ့သကဲ့သို့ သခင်လေးအာတိုဘီ လာရောက်စုံစမ်းသော မေးခွန်းမှာ မည်သည့် 'လျှို့ဝှက်ချက်' မှ မဟုတ်ဘဲ အခြားသိုင်းသမားများအတွက်မူ သာမန် ဗဟုသုတမျှသာ ဖြစ်သည်။ မုရုံယင်သည် အချိန်အားနေပြီး ဓားကျိုးလက်ဖက်ရည်ခန်းမအပေါ် မုန်းတီးမှုလည်း မရှိသဖြင့် ယခုကဲ့သို့ အသေးအဖွဲအကူအညီလေးကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိချေ။
ပြောရလျှင်... သာမန်ဗဟုသုတဆိုသည်မှာ လမ်းမပေါ်ရှိ မည်သူ့ကိုမဆို မြောက်အရပ်က ဘယ်မှာလဲ၊ ဒီနေ့ဘာနေ့လဲ သို့မဟုတ် နိုင်ငံခေါင်းဆောင်ရဲ့ နာမည်က ဘာလဲဟု မေးမြန်းသကဲ့သို့ပင်...။
သို့သော်လည်း သူစိမ်းတစ်ယောက်ကို ထိုမေးခွန်းများ အဆက်မပြတ် သွားရောက်မေးမြန်းနေခြင်းက သိပ်မသင့်တော်လှပေ။
အာတိုဘီသည် မသိနားမလည်သူတစ်ဦး၏ အမူအရာဖြင့် သိုင်းလောကအကြောင်းကို မိမိ လုံးဝမသိရှိကြောင်း အရင်ဆုံးအသိပေးပြီးမှ မုရုံမိသားစုမှ ကျွမ်းကျင်သူတစ်ဦးထံတွင် အချက်အလက် တောင်းခံခဲ့ခြင်း ဖြစ်သဖြင့် အလွန်ပင် ကျိုးကြောင်းဆီလျော်သွားခဲ့သည်။
အမှန်တကယ်တော့ ချန်လင်တည်းခိုခန်းထဲတွင် ကစားသမားများ သတင်းအချက်အလက် စုံစမ်းနိုင်မည့် NPC အများအပြား ရှိသည်။ ဥပမာအားဖြင့် အမူးသမားဘုန်းကြီး လုစန်း၊ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ခေါင်းဆောင်များ၊ ရှစ်ထောင့်မျှော်စင်မှ ကျီထုံနှင့် ပန်းပွင့်ဓားခြောက်လက်တို့ပင် ပါဝင်ပေသည်။ ကစားသမားများသည် သူတို့နှင့် စကားပြောဆိုခြင်းဖြင့် သေချာပေါက် တစ်ခုခု ရရှိနိုင်မည် ဖြစ်သည်။
သို့သော်လည်း မုရုံယင်၏ လမ်းကြောင်းမှာမူ အလွယ်ကူဆုံးနှင့် အန္တရာယ်အကင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။ သူမထံမှ ရရှိသော အချက်အလက်များသည် အသေးစိတ်ကျပြီး စုံလင်လှသည့်အပြင် မထင်မှတ်ထားသော ပြဿနာများလည်း ပေါ်ပေါက်လာခြင်း မရှိချေ။ အခြားသော NPC များနှင့် စကားပြောဆိုခြင်းသည် ကွင်းဆက်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်ပြီး ဂိမ်း၏ အခက်အခဲအဆင့်ကို မြှင့်တင်ပေးမည့် ဇာတ်ကွက်အလှည့်အပြောင်းများကို ဖန်တီးမိသွားနိုင်လေသည်။
ထို့အပြင် အလွန်ခက်ခဲလှသော လျှို့ဝှက်ဘေးထွက်တာဝန်တစ်ခုလည်း ရှိနေသေးသည်။ ယင်းမှာ ချန်လင်တည်းခိုခန်း၏ လျှို့ဝှက်ဆန်းကြယ်လှသော တည်းခိုခန်းပိုင်ရှင်ကို ရှာဖွေကာ သတင်းအချက်အလက်များ ရယူပြီး လျှို့ဝှက်တာဝန်ကို ဖော်ထုတ်ရခြင်း ဖြစ်သည်။ မှန်ပေသည်... အာတိုဘီအနေဖြင့် ဤဇာတ်ကွက်ကို မဖော်ထုတ်မိခဲ့ခြင်းက ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။
...
သူ အခန်းသို့ ပြန်ရောက်လာချိန်တွင် နေဝင်ရီတရောအချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ အဖွဲ့သားတစ်ဦးမှ ပြန်မလာသေးချေ။ အာတိုဘီသည် စနစ်၏ အကြောင်းကြားစာများကို သဘာဝအတိုင်း ကြားသိနေရပြီး မီနူးထဲရှိ ပင်မတာဝန်နှင့် ဘေးထွက်တာဝန်များ၏ ပြောင်းလဲမှုများကိုလည်း မြင်တွေ့နေရသည်။ ထို့ကြောင့် သူသည် ထိုရလဒ်အတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော်လည်း အာတိုဘီသည် အခန်းထဲတွင် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်နေမိဆဲ ဖြစ်သည်။ သူက စိတ်ထဲမှလည်း ညည်းတွားနေမိသည်။
"နေဝင်ရင် ပြန်ဆုံမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ဘယ်သူ့ကို လာနောက်နေတာလဲ လူယုတ်မာကောင်"
ထိုစဉ် တံခါးခေါက်သံသဲ့သဲ့တစ်ချက် ထွက်ပေါ်လာခဲ့သည်။
အာတိုဘီ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ငရဲကမ္ဘာရှေ့တန်းမှ လူလေးယောက်သည် တံခါးခေါက်တတ်သည့် လူစားမျိုးမဟုတ်ကြောင်း သူ ကောင်းကောင်းသိပေသည်။ အဖွဲ့ဝင်များအနေဖြင့် အခန်းထဲသို့ ဝင်လာရန် တံခါးခေါက်နေစရာ မလိုပေ။ ထို့ကြောင့် အပြင်ကလူသည် သေချာပေါက် သူစိမ်းတစ်ယောက် ဖြစ်ရပေမည်။
"ဘယ်သူလဲ"
အာတိုဘီက အသံကို ကျယ်လွန်း တိုးလွန်ခြင်းမရှိ၊ ရိုသေလွန်း မောက်မာလွန်းခြင်းမရှိဘဲ တည်ငြိမ်စွာ လှမ်းမေးလိုက်သည်။
"အော်... ကျွန်တော်က လူကြီးမင်းတို့အတွက် စားသောက်စရာတွေ လာပို့တာပါခင်ဗျာ"
အပြင်ကလူက ပြန်ဖြေလိုက်သည်။
အာတိုဘီ တံခါးနားသို့ လျှောက်သွားပြီး မင်းတုန်းကို ဖြုတ်ကာ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အပြင်တွင် ရပ်နေသူမှာ တည်းခိုခန်းမှအလုပ်သမားတစ်ဦးသာ ဖြစ်ပြီး လက်ထဲတွင် အစားအသောက်နှင့် ဝိုင်အိုး တင်ထားသော သစ်သားလင်ဗန်းတစ်ခုကို ကိုင်ဆောင်ထားသည်။
"ဒါကို ဘယ်သူပို့ခိုင်းတာလဲ"
အာတိုဘီက သံသယစိတ်ဖြင့် မေးလိုက်သည်။ သူသည် ထိုသို့တောင်းဆိုခဲ့ခြင်း မရှိကြောင်း မှတ်မိနေသည်။ သူ၏ ပထမဆုံး အတွေးမှာ ‘ဖြစ်နိုင်တာက အဲ့ဒီလင်းချန်က စီစဉ်ပေးတာလား၊ ငါတို့မှာ ပိုက်ဆံမရှိတာ သိလို့ ငါတို့ရဲ့ စားရေးသောက်ရေးကိုပါ ဂရုစိုက်ပေးတာလား...
"မြေကြီးအခန်းက ကုန်းစွန်းလီလို့ခေါ်တဲ့ ဧည့်သည်က ပို့ခိုင်းတာပါ ခင်ဗျာ"
စားပွဲထိုးက ပြန်ဖြေ၏။
"အိုး... ပြီးတော့ သူက ကျွန်တော့်ကို စကားတစ်ခွန်း ပါးခိုင်းလိုက်ပါသေးတယ်၊ သခင်ဖုန်းလို့ခေါ်တဲ့ လူကြီးမင်းအတွက်ပါ... မေးပါရစေ၊ လူကြီးမင်းက..."
ဤဆိုင်အကူများသည် အမှန်တကယ်ပင် ရိုးသားလှသော လူများသာ ဖြစ်ကြပြီး သိုင်းလောက၏ လှည့်ကွက်များကို လုံးဝ နားမလည်ကြချေ။ သူတို့သည် ကုန်းစွန်းလီ သို့မဟုတ် လူကြီးမင်းဖုန်း ဆိုသည်မှာ ဘာကိုဆိုလိုမှန်း မသိကြပေ။ သိုင်းပညာရှင်ကြီးပဲဖြစ်ဖြစ်၊ သာမန်လူပဲ ဖြစ်ဖြစ် သူတို့ကတော့ စကားပါးရုံသက်သက်သာ ဖြစ်သည်။
"ငါ့ကိုပဲ ပြောလိုက်ပါ၊ ငါ လူကြီးမင်းဖုန်းကို ပြန်ပြောပြလိုက်ပါမယ်"
အာတိုဘီသည် ကုန်းစွန်းလီဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် ချက်ချင်း သံသယဝင်သွားခဲ့ပြီး စိတ်ထဲမှ တွေးလိုက်သည်။
'ဒီကောင်က မနေ့ညက အလောင်းကို ဖျက်ဆီးခဲ့တဲ့ကောင်ပဲ၊ အခု ဒီလို လာလုပ်ပြန်ပြီ၊ ကြောင်သူတော် ကြွက်သူခိုး လုပ်နေတာပဲ...'
စားပွဲထိုးသည် အစားအသောက်နှင့် ဝိုင်ကို စားပွဲပေါ်တွင် တင်လိုက်ရင်း ပြောလာသည်။
"သူ ပြောတာကတော့... လူကြီးမင်းဖုန်းရဲ့ စောင့်ရှောက်မှုကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ လူကြီးမင်းဖုန်းအနေနဲ့ အဲဒီ 'လျှို့ဝှက်ချက်' ကို ထာဝရ ထိန်းသိမ်းပေးထားနိုင်ဖို့ မျှော်လင့်ပါတယ်တဲ့၊ အရုဏ်ဦးတစ်ထောင်မျှော်စင်က အထူးပဲကျေးဇူးတင်ရှိမှာပါတဲ့၊ ဒီအစားအသောက်နဲ့ ဝိုင်ကတော့ အရင်က ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် သူ့ရဲ့ တောင်းပန်မှုပါတဲ့ခင်ဗျာ"
"ဒါပဲလား"
အာတိုဘီက မေးလိုက်သည်။
"ဟုတ်ကဲ့... ဒီစကားလုံး အနည်းငယ်ပါပဲ၊ ကျွန်တော်လည်း တစ်လုံးမကျန် ပြန်ပြောပြတာပါခင်ဗျာ"
စားပွဲထိုးက ပြန်ဖြေသည်။
"အင်း... ကောင်းပြီလေ၊ မင်း သွားလို့ရပြီ"
"ဟုတ်ကဲ့ပါ"
စားပွဲထိုးက ပြန်ဖြေပြီးနောက် ဧည့်ခန်းထဲမှ ထွက်ခွာသွားကာ တံခါးကို ပြန်ပိတ်ပေးခဲ့သည်။
ထို့နောက်တွင် အာတိုဘီသည် ရှေ့သို့ လှမ်းကာ တံခါးပြန်ဖွင့်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကာ မသင်္ကာဖွယ်ကောင်းသော လူတစ်ဦးတစ်ယောက်မျှ သူ့ဘက်သို့ ကြည့်မနေကြောင်း သေချာမှသာ တံခါးကို ပြန်ပိတ်၍ မင်းတုန်းချလိုက်ပြီး စားပွဲဆီသို့ ပြန်လာခဲ့တော့သည်။
စားပွဲထိုးသည် စားပွဲပေါ်တွင် ဟင်းပွဲသုံးပွဲ၊ အမြည်းတစ်ပွဲနှင့် ဝိုင်တစ်အိုးကို ချထားခဲ့ခြင်းဖြစ်သည်။ အစားအသောက်က အများကြီး မဟုတ်သဖြင့် လင်ဗန်းတစ်ခုတည်းဖြင့် သယ်ဆောင်လာနိုင်ခြင်း ဖြစ်ပြီး ထို့ကြောင့်ပင် တံခါးခေါက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဟင်းပွဲသုံးပွဲထဲတွင် အသီးအရွက်ကြော်တစ်ပွဲနှင့် အတော်အတန် အဆင့်အတန်းရှိပုံရသော အသားဟင်းနှစ်ပွဲ ပါဝင်ပြီး အမြည်းပန်းကန်ငယ်လေးထဲတွင်မူ မြေပဲလှော်များ ပါဝင်ကာ ထူးခြားမှု မရှိချေ။ သို့သော်လည်း ဝိုင်အိုးမှာမူ အနည်းငယ် ထူးခြားမှု ရှိနေပုံရသည်။ ဝိုင်ကို အလွန်လက်ရာမြောက်လှသော အဖြူရောင်ကျောက်စိမ်းပုလင်းထဲတွင် ထည့်ထားပြီး ၎င်းထံမှ မွှေးပျံ့လှသော အနံ့အသက်များ ထွက်ပေါ်နေလေသည်။
သခင်လေးအာတိုဘီ၏ ဖခင်သည် စီးပွားရေးသမားတစ်ဦး ဖြစ်သဖြင့် ဂုဏ်သရေရှိ ပွဲလမ်းသဘင်များနှင့် စားသောက်ပွဲအများအပြားသို့ တက်ရောက်ခဲ့ဖူးပြီး တစ်ခါတစ်ရံတွင် ဇနီးနှင့် သားသမီးများကိုပါ ခေါ်ဆောင်သွားတတ်သည်။ အာတိုဘီသည် အရက်ကို အထူးတလည် စိတ်ဝင်စားခြင်း မရှိသော်လည်း ၎င်း၏ အရည်အသွေးကိုမူ လုံးဝ မသိနားမလည်သူ မဟုတ်ပေ။ ဤပုလင်းထဲမှ ဝိုင်သည် သေချာပေါက် ကောင်းမွန်သောဝိုင်ဖြစ်ကြောင်း သူသိပေသည်။ လက်တွေ့ကမ္ဘာတွင်ဆိုပါက ၎င်း၏တန်ဖိုးမှာ စားပွဲတစ်ဝက်စာဟင်းပွဲများ၏ တန်ဖိုးနှင့် ညီမျှနိုင်ပြီး ရှေ့တွင်ရှိနေသော ဟင်းပွဲအနည်းငယ်နှင့်မူ လုံးဝကွာခြားလှသည်။
"အင်း..."
အာတိုဘီက ပုလင်းဖွင့်လိုက်ပြီး နှာခေါင်းနားသို့ ကပ်ကာ အနံ့ခံလိုက်သည်။
"ဂိမ်းရဲ့ အရသာတုပမှုက တကယ့်ကို အသက်ဝင်နေတာပဲ၊ လက်တွေ့ကမ္ဘာက ဒီလို ဇိမ်ခံပစ္စည်းမျိုးဆိုရင် ဂိမ်းထဲက စတိုးဆိုင်မှာလည်း 'ဇိမ်ခံဒေတာ' အနေနဲ့ သေချာပေါက် ဈေးကြီးမှာပဲ"
သူက ညည်းတွားလိုက်ပြီး ပုလင်းကို ပြန်ချလိုက်သည်။
"ဟမ့်... သိသာနေတဲ့ ထောင်ချောက်ကြီးပဲကို၊ ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းမျိုးနဲ့ ငါ့ကို လာစမ်းနေတာလား"
သူက သရော်ရင်း ဆိုသည်။
"ဒီအစားအသောက်တွေထဲမှာ အဆိပ်မပါရင် ငါဒီနေရာတင် ချီးအဝစားပြလိုက်မယ်"