အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း (၂၁၉)
ဝိုင်လား မစင်လား၊ ဒါကတော့ စဉ်းစားစရာပုစ္ဆာတစ်ပုဒ် ဖြစ်ပေလိမ့်မည်။
ကုန်းစွန်းလီ ဂါရဝပြု၍ ဝိုင်ခွက်ကမ်းလိုက်သည့် အမူအရာကြောင့် အာတိုဘီအနေဖြင့် ဤဝိုင်ထဲတွင် အဆိပ်မပါဝင်ကြောင်း ရိပ်မိလိုက်သည်။
သေချာတာပေါ့... ဒီနေရာတင် ချီးအဝစားပြလိုက်မယ်ဆိုသည့် စကားမှာ ဟာသသက်သက်သာ ဖြစ်သည်။ သူသည် မည်သူနှင့်မျှ အလောင်းအစား လုပ်ခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ သူထိုသို့ပြောနေစဉ်အတွင်း ဖုန်းပုကြွယ်သာ ဘေးနားရှိနေမည်ဆိုပါက ယခုအချိန်တွင် သူသည် ဗိုက်တစ်ဝက်ခန့် ပြည့်နေလောက်ပြီ ဖြစ်သည်။
"အာ... ဒါဆိုလည်း ကျုပ်လေးစားစွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်..."
အာတိုဘီက ချီတုံချီချဖြင့် ခွက်ကို လှမ်းကိုင်ရန် ပြင်လိုက်စဉ် ရုတ်တရက် လျင်မြန်လှသော အရိပ်တစ်ခု ဖျတ်ခနဲပေါ်လာပြီး ကုန်းစွန်းလီ ကမ်းပေးထားသောဝိုင်ခွက်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ယခုတွင်မူ အခန်းထဲသို့ နောက်ထပ်လူတစ်ယောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"အင်း... အနံ့လေးနဲ့တင် ဒါက ဝိုင်ကောင်းတစ်ခွက်ဆိုတာ သိသာလိုက်တာ"
စကားပြောလိုက်သူမှာ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ပိန်ပါးသောခန္ဓာကိုယ်၊ နူးညံ့သောရုပ်ရည်ရှိကာ အညိုရင့်ရောင်ဝတ်ရုံ၊ ကျောက်စိမ်းခါးပတ်နှင့် အနက်ရောင်ဖိနပ်တို့ကို ဝတ်ဆင်ထားလေသည်။ သူ့လက်ထဲတွင် တစ်ဝက်ဖွင့်ထားသော စက္ကူယပ်တောင်တစ်ခုကို အလျားလိုက် ကိုင်ဆောင်ထားပြီး ဝိုင်ခွက်မှာမူ ယပ်တောင်မျက်နှာပြင်ပေါ်တွင် တစ်စက်မျှ ဖိတ်စင်ခြင်းမရှိဘဲ ငြိမ်သက်စွာရှိနေလေသည်။
"ဟွန့်... ဘယ်သူလဲလို့ ကြည့်နေတာ၊ နင်ပဲကိုး... ယဉ်ကျေးမှုမရှိတဲ့ ထန်မိသားစုက သခင်လေးကိုး"
စစ်ယန်ရန် သူ့ကိုမှတ်မိသွားသည်နှင့် ချက်ချင်းနှာခေါင်းရှုံ့ကာ ကဲ့ရဲ့လိုက်သည်။
"အဲ... ကျုပ် ထန်ရှီကျဲက မယဉ်ကျေးတာ မဟုတ်ပါဘူး၊ ပြုစုပျိုးထောင်ရ ခက်ခဲရုံတင်ပါ"
ထန်ရှီကျဲက အတင်းလုပ်ပြုံး၍ ပြန်လည်ချေပလိုက်သည်။
"ကျုပ်အကြောင်း ပြောတာကိုတော့ ကျုပ်ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ကျုပ်မိသားစုက ကလေးမွေးတာပဲတတ်ပြီး ကလေးတွေကို မဆုံးမတတ်လို့တော့ လာပြီး သွယ်ဝိုက်မပြောပါနဲ့၊ တကယ်လို့ ဒါကို ကျုပ်အဖေ ကြားသွားရင် ခင်ဗျားဒုက္ခရောက်လိမ့်မယ်"
"ဘာလဲ... နင့်အဖေနဲ့ ငါတို့ကို လာခြောက်နေတာလား"
စစ်ယန်ရန်က ဆိုသည်။
"ငါတို့ရဲ့ အရုဏ်ဦးတစ်ထောင်မျှော်စင်နဲ့ ယှဉ်ရင် ထန်မိသားစုဆိုတာက..."
"တော်တော့"
ကုန်းစွန်းလီက စစ်ယန်ရန်ကို ချက်ချင်း တားဆီးလိုက်သည်။ သူသည် ထိုမိန်းမကို အမှန်ပင် သတ်ပစ်ချင်စိတ် ပေါက်သွားရသည်။ ဤမျှော်စင်သခင်မသည် အမှန်တကယ် ပြဿနာရှာတတ်သော မိန်းမတစ်ဦး ဖြစ်သည်။ ယခုတလော ဤဓားကျိုးလက်ဖက်ရည်ခန်းမ၏ ကိစ္စများကြောင့် အလုပ်ရှုပ်နေရသည့်ကြားထဲမှ သူမသည် ဒေါသအလျောက် စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ပြောဆိုလိုက်ပြန်ပြီ ဖြစ်သည်။ ထန်မိသားစုသည် အလွယ်တကူနှင့် သွားရောက်စော်ကားရမည့် အဖွဲ့အစည်းမျိုး မဟုတ်ချေ။
"သခင်လေးတန်..."
ကုန်းစွန်းလီက ထန်ရှီကျဲကို ရိုသေလွန်းမောက်မာလွန်းခြင်းမရှိဘဲ လှမ်းပြောလိုက်သည်။
"ငါက ဒီသူရဲကောင်းလေးကျင်းကို ဝိုင်သောက်ဖို့ ဖိတ်ခေါ်နေတာပါ၊ မင်းက ဘာဖြစ်လို့ ရှေ့ထွက်ပြီး ခွက်ကို လုသွားရတာလဲ"
"ဟဲဟဲ..."
ထန်ရှီကျဲက ရယ်လိုက်သည်။
"ကျုပ်က ဒီအတိုင်း လမ်းကြုံလို့ ဖြတ်သွားရင်း မွှေးပျံ့တဲ့ဝိုင်နံ့လေးရလို့ မအောင့်နိုင်ဘဲ ဝင်လာမိတာပါ"
အရာရာတွင် အကြောင်းပြချက် ရှိတတ်သည်ဆိုသော်ငြား သူ့အကြောင်းပြချက်မှာ လုံးဝအဓိပ္ပါယ်မရှိလှပေ...။
အမှန်တကယ်တော့ ဤထန်ရှီကျဲသည် သက်သက်မဲ့ ပြဿနာလာရှာခြင်း ဖြစ်သည်။ ၎င်းပြင် သူ ပြဿနာရှာနေသည်မှာ ကုန်းစွန်းလီ သို့မဟုတ် စစ်ယန်ရန်တို့ကို မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သခင်လေးအာတိုဘီသာ ဖြစ်သည်။
ဘာကြောင့်ပါလဲ။ အတိုချုပ်ပြောရလျှင် မုရုံယင်ကြောင့် ဖြစ်သည်။ အသေးစိတ် ပြောရမည်ဆိုပါက...
သိုင်းလောကထဲတွင် "ပန်းခူးလက်" ဟု လူသိများကြသော ဤထန်မိသားစုမှ သခင်လေး ထန်ရှီကျဲသည် ထိုနတ်မိမယ်လေးအပေါ် နှစ်ပေါင်းများစွာကတည်းက စိတ်ဝင်စားစွဲလမ်းနေခဲ့ခြင်း ဖြစ်သည်။ သူ၏ ကြည့်ရဆိုးလှသောအမူအရာနှင့် မိန်းမပွေတတ်သူတစ်ဦးဟု အလွယ်တကူ အထင်လွဲစေနိုင်သည့် သူ့အမည်ပြောင်ကြောင့် ပွေရှုပ်သူဟု သင်မထင်လိုက်ပါနှင့်။ အမှန်တကယ်တော့ သူသည် အချစ်ရေးနှင့် ပတ်သက်လာလျှင် အလွန်ရှက်တတ်သူတစ်ဦး ဖြစ်သည်။
သခင်လေးထန်၏ မုရုံယင်အပေါ် ထားရှိသော အချစ်သည် အစစ်အမှန် ဖြစ်သည်။ သူတို့သည် ဂုဏ်သရေချင်းလည်း မျှတသလို အသက်အရွယ်ချင်းလည်း တူညီကြသဖြင့် အကယ်၍ သူသာ စတင်စကားပြောဆိုနိုင်မည်ဆိုပါက အခြေအနေက အဆင်ပြေသွားရန် အခွင့်အလမ်း အလွန်များပြားပေသည်။ သို့သော်လည်း ပုံမှန်အားဖြင့် စကားအပြောကောင်းလှသော ထန်ရှီကျဲသည် မုရုံယင်ရှေ့သို့ ရောက်သွားပါက စကားအထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရုံတင်မကဘဲ သူ့စိတ်များကိုပါ အလိုအလျောက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
ထို့ကြောင့် လွန်ခဲ့သောငါးနှစ်က သူ၏ ပထမဆုံးဖွင့်ပြောမှုမှာ ကျရှုံးသွားခဲ့ရပြီး ထန်ရှီကျဲသည် နတ်မိမယ်လေး၏ "ဆယ်ကွက်အတွင်း ငြင်းပယ်ခြင်း" ဟူသော ထူးခြားသည့်စွမ်းရည်ဖြင့် ငြင်းပယ်ခြင်းကို ခံခဲ့ရတော့သည်။ ထိုဖြစ်ရပ်၏ ရိုက်ခတ်မှုကား ယခုအချိန်အထိ လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးပေ...။
ဒီနေ့သည်လည်း ထန်ရှီကျဲအတွက် မုရုံယင်နောက်သို့ လိုက်လံချောင်းမြောင်းကြည့်ရှုသည့် နောက်ထပ် နေ့တစ်နေ့ ဖြစ်သည်။ မှန်ပေသည်... သူသည် အဝေးကနေသာ လှမ်းကြည့်နေခြင်းဖြစ်ပြီး ချောင်းမြောင်းကြည့်ရှုခြင်းကဲ့သို့သော အောက်တန်းကျသည့် လုပ်ရပ်မျိုးကို လုံးဝပြုလုပ်မည်မဟုတ်ချေ။
နောက်ထပ်ဘာဖြစ်မလဲဆိုတာကိုတော့... သင် စိတ်ကူးကြည့်နိုင်ပေလိမ့်မည်။ ထန်ရှီကျဲသည် အာတိုဘီတစ်ယောက် မုရုံယင်၏ ဧည့်တွေ့ခန်းထဲသို့ ဝင်ရောက်သွားပြီး နေ့ခင်းပိုင်းတစ်ချိန်လုံး ပြန်ထွက်မလာသည်ကို မြင်တွေ့ခဲ့ရသည်။
အကယ်၍ ထန်ရှီကျဲသာ တံခါးဝသို့ သွားရောက်၍ အတွင်းမှ ထွက်ပေါ်လာမည့် အသံများကို ချောင်းနားထောင်ခဲ့မည်ဆိုပါက နားလည်မှုလွဲခြင်းများ ပြေပျောက်သွားနိုင်သော်လည်း သူသည် ထိုကဲ့သို့လုပ်မည့် လူစားမျိုးမဟုတ်သဖြင့် သူကိုယ်တိုင် အတွေးလွန်လာတော့သည်...။
သူ့နောက်ဆုံး ကောက်ချက်ချလိုက်သည်မှာ 'ဓားကျိုးလက်ဖက်ရည်ခန်းမက လူတွေက တကယ့်ကို မောက်မာလွန်းတယ်၊ မင်းတို့ သိုင်းလောကတစ်ခုလုံးကို ကြီးစိုးချင်ကြီးစိုးလို့ရတယ်၊ ဒါပေမဲ့ ငါ့ရဲ့ မုရုံလေးကိုတော့ လုံးဝလာကြောင်လို့မရဘူးကွ၊ ငါ မင်းတို့နဲ့ သေတဲ့အထိ ချမယ်' ဟု ဖြစ်သည်။
ထို့ကြောင့်ပင် အစောပိုင်းကမြင်ကွင်း ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။
ထန်ရှီကျဲသည် သေချာပေါက် "လမ်းကြုံလို့" ဖြတ်သွားခြင်းမဟုတ်ဘဲ ထိုပတ်ဝန်းကျင်၌ပင် အကြိမ်ကြိမ် ဝေ့ဝဲနေခဲ့ခြင်း ဖြစ်သည်။
ကုန်းစွန်းလီနှင့် စစ်ယန်ရန်တို့ ဝင်လာသည့်အချိန်တွင် အာတိုဘီသည် တံခါးကို မင်းတုန်းချမထားခဲ့ပေ။ သူသည် အဓိကအားဖြင့် ဤ NPC နှစ်ယောက်က သူ့ကို တိုက်ခိုက်လာမည်စိုးသဖြင့် ထွက်ပြေးရန် လမ်းစတစ်ခု ချန်ထားလိုသောကြောင့် တံခါးကို စေ့ရုံမျှသာ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ထားသည်က ယင်းသည် ထန်ရှီကျဲအတွက် အခန်းထဲသို့ အလွယ်တကူဝင်လာနိုင်ရန် အခွင့်အရေး ဖြစ်သွားခဲ့ရလေသည်။
ယခုတွင် သခင်လေးထန် ဝင်လာခြင်းသည် အခြားကိစ္စကြောင့်မဟုတ်ဘဲ အာတိုဘီကို အရှက်ခွဲရန်အတွက်သာ ဖြစ်သည်။ အရုဏ်ဦးတစ်ထောင်မျှော်စင်နှင့် ဓားကျိုးလက်ဖက်ရည်ခန်းမတို့ကြားရှိ ဆက်ဆံရေးကို သူ ဂရုမစိုက်ပေ။ လက်ရှိအခြေအနေအရ ကြည့်လျှင် သူတို့သည် သူ့အား ဝိုင်ကောင်းတစ်ခွက် ပေးနေကြခြင်းဖြစ်ရာ သူက ဝင်နှောင့်ယှက်လိုက်ခြင်း ဖြစ်တော့သည်။
ထိုသို့ သူတစ်ပါးနှုတ်ခမ်းဖျားမှ ပစ္စည်းကို လုယူသည့်လုပ်ရပ်သည် သိသိသာသာ ရန်စလိုက်ခြင်း ဖြစ်သည်။ သိုင်းလောကထဲတွင် လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ် ယခုလို ပြုလုပ်မည်ဆိုပါက ယင်းသည် သေချာပေါက်စိန်ခေါ်လိုက်ခြင်းသာ ဖြစ်သည်။
ထိုအချိန်တွင် ထန်ရှီကျဲသည် သူ့ယပ်တောင်ကို အလျားလိုက် ကိုင်ဆောင်ထားဆဲဖြစ်ပြီး ဝိုင်ကောင်းကြောင်း ပြောဆိုနေသော်လည်း သောက်ခြင်းတော့ မရှိချေ။ အမှန်အတိုင်းပြောရလျှင် သူသည် အာတိုဘီတစ်ယောက် ရှေ့ထွက်လာပြီး ယင်းကိုပြန်လည်လုယူကာ သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သို့သော်လည်း အာတိုဘီ၏ တုံ့ပြန်ပုံက ထန်ရှီကျဲကို ထိုနေရာတင် ချက်ချင်း ဆွံ့အသွားစေခဲ့သည်။
"အိုး..."
အာတိုဘီ၏ မျက်ဝန်းများ တောက်ပသွား၏။
"ကောင်းလိုက်တာ..."
သူက စိတ်ထဲမှလည်း "မထိန်းချုပ်နိုင်ဘဲ" အမှန်တကယ်ပင် ပြုံးမိသွားရသည်။
"ကြွပါ ကြွပါ... အားမနာပါနဲ့၊ ဒါကို မင်းအတွက် ဂုဏ်ပြုတဲ့ ဝိုင်တစ်ခွက်လို့ပဲ သဘောထားလိုက်ပါ"
သူ့မျက်လုံးထဲတွင်မူ ထိုကောင်သည် အဆိပ်ပါမပါကို သေချာပေါက် အလကားလာစမ်းသပ်ပေးမည့် လူတစ်ယောက်အဖြစ် မြင်နေသောကြောင့် ဖြစ်သည်...။
ထန်ရှီကျဲသည် ထိုခဏ၌ သူက လူတစ်ယောက်ကို အားရပါးရ ပါးရိုက်လိုက်သော်လည်း နောက်ဆုံးတွင်မူ သူ့အတွက် ခြင်တစ်ကောင် သတ်ပေးလိုက်ရသကဲ့သို့သာ ခံစားလိုက်ရလေသည်။
"ဟဲ..."
စစ်ယန်ရန်က ကောက်ကျစ်စွာ လှောင်ပြောင်လိုက်သည်။ အမျိုးသမီးတစ်ဦး၏ အလိုလိုသိစိတ်အရ သူမသည် တစ်ခုခုကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။ "မုရုံယင်" ဟူသော နာမည်က သူမဦးနှောက်ထဲသို့ လျင်မြန်စွာ ရောက်ရှိလာ၏။ အာတိုဘီသည် နေ့ခင်းပိုင်းက မည်သည့်နေရာသို့ သွားခဲ့ကြောင်း သူမ သိထားသလို တိမ်လွှာနတ်သမီးလေးအပေါ် ထားရှိသော ထန်ရှီကျဲ၏ စိတ်ခံစားချက်များကိုလည်း သူမ ကြားထားခဲ့ဖူးသည်။ ထို့ကြောင့် ရှေ့တွင် ဖြစ်ပျက်နေသော အခြေအနေများကို သူမ ချက်ချင်းပင် နားလည်သဘောပေါက်သွားရသည်။
"သခင်လေးထန်၊ သခင်လေးကျင်းရဲ့ သဘောထားကြီးမှုကိုလည်း ကြည့်ပါဦး"
စစ်ယန်ရန်က လှောင်ပြောင်လိုက်သည်။
"ပြီးတော့ နင့်အပြုအမူကိုတွေလည်း ပြန်ကြည့်ဦး၊ ဘယ်မိန်းကလေးမဆို ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာ သေချာပေါက် သိကြမှာပဲ"
ထိုမိန်းမ၏ စကားလုံးများသည် အမှန်တကယ် အဆိပ်ပြင်းလှပြီး တစ်ဖက်လူ၏ ဒဏ်ရာအပေါ် ချက်ချင်း ဆားသိပ်လိုက်ခြင်း ဖြစ်သည်။
"ဟမ့်..."
ထန်ရှီကျဲသည် သူ့နှလုံးသားထဲရှိ ဒေါသများကို ချုပ်တီးထားရသည့်အားလျှော်စွာ ထိုစကားကြောင့် ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
"မင်း ကျင်းမျိုးရိုးနဲ့ကောင်... ငါ မင်းနဲ့ ဒီကိစ္စကို အပြတ်ရှင်းမယ်ကွ"
သူစကားမဆုံးခင် သူ၏ စက္ကူယပ်တောင်ကို ခါထုတ်လိုက်ရာ ဝိုင်ခွက်က ကြမ်းပြင်ပေါ်သို့ ခွပ်ခနဲ မြည်ကာ ကျိုးပဲ့သွားတော့သည်။ "ခွင့်လွှတ်မေ့ပျောက်ခြင်း" ဟုခေါ်သော ဝိုင်တစ်ခွက်သည် ရယ်စရာကောင်းစွာဖြင့် ကြမ်းပြင်ပေါ်တွင် ဖိတ်စင်ကုန်တော့သည်။ ယင်းသည်...အမှန်တကယ်ပင် ရန်ငြိုးဟောင်းများ မပြေပျောက်သေးမီ ရန်ငြိုးအသစ်များ ထပ်မံတိုးပွားလာရခြင်း ဖြစ်သည်။
အကြောင်းရင်းတချို့ကြောင့် သခင်လေးထန် ခွက်ကို ရိုက်ခွဲလိုက်သည့်အချိန်တွင် ကုန်းစွန်းလီနှင့် စစ်ယန်ရန်တို့သည် အလိုအလျောက် နောက်သို့ ဆုတ်လိုက်ကြသည်။ ဖြစ်နိုင်သည်မှာ ထိုခွက်ကွဲသံသည် လက်ဝှေ့ကြိုးဝိုင်းထဲရှိ ခေါင်းလောင်းသံထက်ပင် ပိုမိုကျယ်လောင်နေသောကြောင့် ဖြစ်ပေမည်။ ဒါက ပထမအချီ စတင်ပြီလို့ ကြေညာလိုက်တာလား...။
"ဟေး... အစ်ကိုကြီး၊ မင်း ဘာလုပ်နေတာလဲ..."
အာတိုဘီ လုံးဝ ဆွံ့အသွားရပြီး သူ၏ပျော်ရွှင်မှုများလည်း ချက်ချင်းဆိုသလို ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားရသည်။ သူက စိတ်ထဲမှလည်း တွေးလိုက်သည်။
'ဒီကောင် ရူးနေတာလား၊ ဝိုင်ကို လုသွားတုန်းကတော့ အတော်လေး ပျော်နေပုံရပြီး အခုကျတော့ ငါအလျှော့ပေးလိုက်တာကို စိတ်ဆိုးမာန်ဆိုးနဲ့ ရန်လာရှာနေပြန်ပြီ၊ ဒါက ဒဏ္ဍာရီလာ ဆုန်းဒဲရယ်စရိုက်မျိုးလား'
(TL note – Tsundere ဆိုတာ ဂျပန်အနိမဲထဲက အသုံးအနူန်းတစ်ခုပါ။ အပြင်ပန်းကြမ်းတမ်းပြီး စိတ်ထားနူးညံ့သူလို့ အဓိပ္ပါယ်ရပါတယ်)
မျက်စိတစ်မှိတ်အတွင်း ယပ်တောင်က အရင်ဆုံးရောက်ရှိလာခဲ့ပြီး ၎င်း၏ ချွန်ထက်လှသော ယပ်တောင်စွန်းက နောက်မှ ကပ်ပါလာလေသည်။ ယပ်တောင်ထဲတွင် အဆိပ်များ သုတ်လိမ်းထားပြီး ထက်မြက်လှသော အစွန်းပိုင်းတွင်မူ အင်အားများ ပါဝင်နေခြင်းဖြစ်သည်။ တစ်ချက်က အယောင်ပြဖြစ်ပြီး တစ်ချက်ကမူ အစစ်အမှန် ဖြစ်သည်။ တစ်ချက်က အမှောင်ထဲတွင်ရှိပြီး တစ်ချက်ကမူ အလင်းထဲတွင် ရှိပေသည်။
အာတိုဘီသည် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် ရှောင်တိမ်းရန်လမ်းစ မရှိတော့ချေ...။