အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း (၂၂၀)
ထိုအခိုက်အတန့်၌ အာတိုဘီအနေဖြင့် စိတ်ထဲမှ ရှောင်တိမ်းရန် သတိထားမိလင့်ကစား သူ၏ ခန္ဓာကိုယ်မှာမူ လိုက်မလုပ်နိုင်တော့ချေ။
လေထုကို ထိုးခွဲလာသော စက္ကူယပ်တောင်သည် လေတိုးသံပေး၍ သူ့ထံသို့ ဦးတည်လာရာ သူသည် ကာကွယ်ရန်အတွက် လက်နှစ်ဖက်ကို မနည်းမြှောက်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။
ရွှပ်ခနဲအသံနှင့်အတူ ယပ်တောင်အစွန်းသည် အာတိုဘီ၏ လက်မောင်းကို ထိမိသွားခဲ့သည်။ ထိုခဏ၌ အာတိုဘီသည် သူ့လက်ဖျံပေါ်သို့ အားတစ်ခုသက်ရောက်လာသည်ကို ခံစားလိုက်ရပြီး နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်လိုက်ရသည်။
အစောပိုင်းက ဖော်ပြခဲ့သကဲ့သို့ အာတိုဘီ၏ ကာကွယ်ရေးဝတ်စုံသည် အတော်လေးကောင်းမွန်လှပြီး ကာကွယ်ရေးစွမ်းရည် မြင့်မားသဖြင့် စစ်ယန်ရန်၏ လှံတိုကိုပင် ပိတ်ဆို့နိုင်ခဲ့ဖူးသည်။ ထန်ရှီကျဲ၏ တိုက်ခိုက်မှုမှာလည်း ထိုတိုက်ခိုက်မှုနှင့် အင်အားချင်း ယှဉ်နိုင်ပေသည်။ သို့သော်လည်း အာတိုဘီသည် လှံတိုများဖြင့် အပစ်ခံရစဉ်က နောက်ကျောမှ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ ရှေ့တည့်တည့်မှ ကာကွယ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ယခုတိုက်ခိုက်မှုကို အလွန်အမင်း ပြင်းထန်သည်ဟု မခံစားရဘဲ သူ၏ အသက်အမှတ်လျော့နည်းသွားမှုလည်း အစောပိုင်းကလောက် မများပြားခဲ့ချေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထန်ရှီကျဲ အလွန်အမင်း အံ့အားသင့်သွားရသည်။ အစောပိုင်းက ထိပ်တိုက်တွေ့ဆုံမှုတွင် သူသည် တစ်ဖက်လူထံမှ မည်သည့်အတွင်းအားကိုမျှ မခံစားခဲ့ရချေ။ ယုတ္တိကျကျပြောရလျှင် ယခုကဲ့သို့တိုက်ခိုက်မှုကို အတွင်းအားအသုံးမပြုဘဲ ခုခံမည်ဆိုပါက လူတစ်ယောက်၏ လက်သည် သေချာပေါက် ကျိုးပဲ့သွားရမည် ဖြစ်သည်။ သို့သော်လည်း သူ့ရှေ့ရှိ ကျင်းမျိုးရိုးအမည်ရှိသည့် လူမှာမူ အနည်းငယ်သာ နောက်ဆုတ်သွားခဲ့ပြီး သူ့လက်မောင်းနှစ်ဖက်မှာ လုံးဝအကောင်းအတိုင်း ရှိနေကာ မည်သည့်ထိခိုက်မှုမှ ရရှိပုံမပေါ်ချေ။
"မဖြစ်နိုင်တာ"
ထန်ရှီကျဲသည် လုံးဝမယုံကြည်နိုင်ဘဲ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
ထန်မိသားစုမှ ဤသခင်လေးသည် ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး လျင်မြန်ဖြတ်လတ်သူ ဖြစ်ရာ အသက်နှစ်ဆယ်ကျော်အရွယ်နှင့်ပင် "ပန်းခူးလက်" သိုင်းပညာကို တတ်မြောက်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ပန်းခူးလက်သိုင်းကွက် ၁၃ ကွက်တွင် အပြောင်းအလဲပေါင်း ၃၉ ကွက်ရှိပြီး လျင်မြန်ခြင်း၊ တိကျခြင်း၊ ဖျတ်လတ်ခြင်း၊ ကျွမ်းကျင်ခြင်းနှင့် အန္တရာယ်ပေးနိုင်ခြင်းတို့ကို အဓိကထားခြင်းဖြစ်သည်။ ထန်မိသားစု၏ ထူးခြားလှသောအတွင်းအားအပြင် အဆိပ်ပညာတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်းသည် ကျားတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ ၎င်း၏ တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းသည် ရှောင်လင်ဂိုဏ်း၏ နဂါးလက်သည်းသိုင်းကွက်နှင့် အလှမ်းဝေးလင့်ကစား ပန်းခူးလက်၏ လျင်မြန်မှု၊ လှည့်စားမှု၊ အနီးကပ်တိုက်ပွဲအတွင်းရှိ လျှို့ဝှက်အင်အားနှင့် တိုက်ခိုက်မှုတိုင်းတွင် ပါဝင်သွားနိုင်သော အဆိပ်များမှာမူ သိုင်းလောကတွင် အနှိုင်းမဲ့လှသဖြင့် ဘယ်သူမှ လျှော့မတွက်ရဲကြချေ။
သို့သော်လည်း... အာတိုဘီတစ်ယောက် ဤအရာများကို လုံးဝ မသိရှိပါချေ။
မုရုံယင်က သူ့အား သိုင်းလောကဗဟုသုတများအကြောင်း ပြောပြစဉ်က သိုင်းလောကသားများနှင့် ပတ်သက်၍ ပြောဆိုမည်ဆိုပါက ၎င်းတို့၏ နာမည်၊ နာမည်ပြောင်၊ အဆင့်အတန်းနှင့် ၎င်းတို့ မည်သည့် သိုင်းပညာရပ်တွင် ကျွမ်းကျင်သည် ဆိုရုံမျှသာ အကြမ်းဖျင်း ပြောပြခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် ၎င်းတို့၏ သိုင်းပညာပုံစံ၊ ထူးခြားချက်များ သို့မဟုတ် ၎င်းတို့ကို မည်သို့တန်ပြန်ရမည် ဆိုသည်အထိတော့ သေချာပေါက် ပြောပြနိုင်မည် မဟုတ်ချေ။ အကယ်၍ သူမသာ ပြောပြမည်ဆိုပါက နေ့ခင်းပိုင်းဆယ်ကြိမ်ထက်မက အချိန်ယူရပေလိမ့်မည်။ ထို့အပြင် ယခုကဲ့သို့သော သတင်းအချက်အလက်မျိုးသည် သာမန် "သိုင်းလောကအခြေခံဗဟုသုတ" အဆင့်တွင် မရှိတော့ချေ။ ယင်းသည် အခြားသူများ၏ အသက်အန္တရာယ်နှင့်ပင် သက်ဆိုင်သွားနိုင်ပေသည်။
ထို့ကြောင့် ထန်ရှီကျဲ၏ ထပ်မံတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ အာတိုဘီသည် ပုံမှန်အတိုင်းသာ ပြန်လည်တုံ့ပြန်လိုက်သည်။ သူ့အမြင်အရ ထိုသခင်လေးတန်၏ ခွန်အားသည် အတော်လေး သာမန်သာ ဖြစ်သည်။ သူသည် စစ်ယန်ရန်ထက်ပင် ပိုအားနည်းပုံရပြီး သူ၏တိုက်ခိုက်နိုင်စွမ်းမှာလည်း သူတောင့်ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိနေခြင်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သိုင်းကွက်ပေါင်း တစ်ဒါဇင်ခန့် အပြန်အလှန် ဖလှယ်ခဲ့ကြပြီးပြီ ဖြစ်သည်။ ထန်ရှီကျဲ၏ လက်လှုပ်ရှားမှုများက တစ်ဖြည်းဖြည်း ပိုမိုလျင်မြန်လာသော်လည်း သူ့စိတ်ထဲတွင်မူ ထိတ်လန့်မှုများ တိုးပွားလာတော့သည်။
'ဒီကျင်းလို့ခေါ်တဲ့အကောင်က ဘာသိုင်းကွက် သုံးနေတာလဲဟ၊ သူက ငါ့ယပ်တောင်ကို လက်ဗလာနဲ့ပဲ လာတိုက်နေတယ်၊ သူက ကာကွယ်ရုံပဲ ကာကွယ်ပြီး ပြန်မတိုက်တဲ့အပြင် ဘာအတွင်းအားကိုမှလည်း ထုတ်မသုံးဘူး၊ သူခုခံလိုက်တဲ့ တိုက်ခိုက်မှုတွေက ချပ်ဝတ်တစ်ခုခုကို သွားရိုက်မိသလိုပဲ... ဒဏ္ဍာရီလာ ရွှေခေါင်းလောင်းအကာအကွယ်ရဲ့ အမြင့်ဆုံးအဆင့်တောင် အတွင်းအားမလှည့်ပတ်ဘဲ သုံးလို့ရတဲ့ နည်းလမ်းမျိုး မရှိဘူးမဟုတ်လား၊ ဒီကလေးက သံနဲ့ လုပ်ထားတာများလား'
ထိုစဉ် ရုတ်တရက် လူရိပ်တစ်ခု ပြေးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း သိုင်းကွက်သုံးကွက်ကို ဆက်တိုက်ထုတ်ဖော်လိုက်ကာ ထန်ရှီကျဲ၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းချုပ်လိုက်တော့သည်။
"သခင်လေးထန်"
ဝင်ရောက်တားဆီးလိုက်သူမှာ အခြားသူမဟုတ်ဘဲ ကုန်းစွန်းလီပင် ဖြစ်၏။ သူသည် ဘေးမှ ခဏစောင့်ကြည့်နေခဲ့ပြီးနောက် တစ်ခုခုကို သေချာပေါက် သဘောပေါက်သွားခဲ့ပုံရသည်။ ထို့ကြောင့် သူသည် ကြားထဲမှ ဝင်ရောက်၍ သူတို့နှစ်ဦး၏ တိုက်ပွဲကို ရပ်တန့်လိုက်ခြင်း ဖြစ်သည်။
"တော်လောက်ပြီ မဟုတ်လား၊ ဒီသခင်လေးကျင်းက သူ့ခွန်အားကို အတတ်နိုင်ဆုံး ထိန်းနေတာ မင်းမမြင်ဘူးလား၊ တကယ်လို့ မင်း ဆက်ပြီးဖိအားပေးနေလို့ သူတကယ် လှုပ်ရှားလိုက်မယ်ဆိုရင်...ဟမ့် ၊ အဲဒီအခါကျရင် ငါကုန်းစွန်းတောင် သူ့ကို တားနိုင်မှာ မဟုတ်ဘူး"
ယင်းကို ကြားလိုက်ရသောအခါ ထန်ရှီကျဲ၏ ဦးနှောက်သည် ခဏတာမျှ ဗလာဖြစ်သွားခဲ့ရသည်။ သူသည် တစ်ခုခုကို နားလည်သွားပုံရပြီး အာတိုဘီကို ချက်ချင်းလှည့်ကြည့်လိုက်လေသည်။
"မင်း..."
သူသည် သူထုတ်ဖော်ခဲ့သော သိုင်းကွက်များနှင့် တစ်ဖက်လူ၏ တုံ့ပြန်ပုံကို ပြန်လည် စဉ်းစားမိသွားသည်။ အာတိုဘီသည် အစမှအဆုံးအထိ ထိုနေရာတွင်သာ မတ်တတ်ရပ်နေခဲ့ပြီး သူ့တိုက်ခိုက်မှုများကို ရှောင်တိမ်းခြင်း သို့မဟုတ် ဟိုဟိုဒီဒီလှုပ်ရှားခြင်းမျိုး လုံးဝမရှိခဲ့ချေ။ ခုခံရာတွင်လည်း မည်သည့်သိုင်းကွက်ပုံစံကိုမျှ အသုံးမပြုဘဲ လက်ကို ဆန့်ထုတ်ခြင်းနှင့် ခြေထောက်ကို ကွေးခြင်းမျှသာ ပြုလုပ်ခဲ့သည်။
"ကောင်းတယ်... ကောင်းတယ်၊ ဓားကျိုးလက်ဖက်ရည်ခန်းမ၊ ကျုပ် မင်းတို့ကို အထင်ကြီးသွားပြီ"
ထန်ရှီကျဲသည် ကုန်းစွန်းလီကို စိုက်ကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏ ဖမ်းချုပ်မှုကို ခါထုတ်လိုက်သည်။ သူသည် အာတိုဘီထံသို့ ခြေလှမ်းအနည်းငယ် လှမ်းသွားခဲ့ပြီး သူ့ခါးပတ်ထဲမှ လေးထောင့်ပုံစံစက္ကူထုတ်လေးတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။
"ဒါက ယပ်တောင်ထဲက အဆိပ်အတွက် အဆိပ်ဖြေဆေးပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ သူရဲကောင်းကျင်း"
အာတိုဘီသည် ထိုအထုပ်အား ကြောင်တောင်တောင်ဖြင့် လက်ခံလိုက်လေသည်။ အမှန်တကယ်တော့ ယင်းကို ကြားလိုက်ရသည့် အချိန်မှသာ သူသည် မီနူးပေါ်ရှိ အခြေအနေပြောင်းလဲမှုတွင် [အဆိပ်မိနေသည်] ဟု ပြောင်းလဲသွားသည်ကို သတိထားမိလိုက်ခြင်း ဖြစ်သည်။
"အာ... ကျေးဇူးပဲ"
အာတိုဘီက မသိစိတ်အရ ကျေးဇူးတင်စကား ဆိုလိုက်၏။ သူသည် ဤနေရာတွင် ရှိနေသော လူလေးယောက်ထဲတွင် ဖြစ်ပျက်သမျှ အခြေအနေအားလုံးကို လုံးဝနားမလည်နိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်နေလေသည်။ သူ့အမြင်အရ ထိုထန်ဟူသော မျိုးရိုးနာမည်ရှိသည့် NPC သည်... အကြောင်းပြချက်မရှိဘဲ သာမန်အခြေအနေမှ ရန်လိုသောအသွင်သို့ ပြောင်းလဲသွားပြီး၊ ထို့နောက်တွင်မူ ရန်လိုသောအသွင်မှ ဖော်ရွေသောအသွင်သို့ ထပ်မံ ပြောင်းလဲသွားခြင်း ဖြစ်သည်။
"ကျုပ်နာမည်က ထန်ရှီကျဲပါ၊ သိုင်းလောကမှာတော့ 'ပန်းခူးလက်' လို့ ခေါ်ကြတယ်"
ထန်ရှီကျဲက လက်နှစ်ဖက်ဆုပ်၍ လေးစားသော အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။
"ကျုပ်အခုထိ သခင်လေးကျင်းရဲ့ မြင့်မြတ်လှတဲ့ နာမည်အရင်းကို မသိရသေးဘူးမဟုတ်လား"
'သေစမ်း ငါဒါကို ထပ်ပြောနေရဦးမှာလား၊ ဒါက ပျော်စရာကောင်းလို့လား'
အာတိုဘီသည် စိတ်ထဲတွင်အတော်လေး စိတ်ပျက်နေမိသော်လည်း အပြင်ပန်းတွင်မူ ပျင်းရိငြီးငွေ့သောအမူအရာဖြင့် ထပ်မံဖြေကြားလိုက်သည်။
"ကျင်းဖူကွေ့ပါ..."
ထန်ရှီကျဲက ပြန်ပြော၏။
"ဒီနေ့ ကျုပ်ရဲ့ ရိုင်းစိုင်းမှုတွေအတွက် တောင်းပန်ပါတယ်၊ တကယ်လို့ စော်ကားမိတာရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေးကျင်း"
ထို့နောက် သူက ကုန်းစွန်းလီနှင့် စစ်ယန်ရန်တို့ထံ လှမ်းကြည့်လိုက်သည်။
"နောက်တစ်နေ့ အခွင့်အရေးရှိရင် ခင်ဗျားတို့ဆီကနေ လမ်းညွှန်မှုခံယူပါဦးမယ်၊ နှုတ်ဆက်ပါတယ်"
ထိုသို့ဆိုကာ နှာခေါင်းတစ်ချက်ရှုံ့၍ ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။
သူအခန်းထဲမှ ထွက်ခွာသွားပြီးမှသာ အာတိုဘီ သက်ပြင်းချနိုင်တော့ပြီး အဆိပ်ဖြေဆေးကို မျိုချကာ ပုံမှန်မဟုတ်သော သူ့အခြေအနေကို ဖယ်ရှားလိုက်ရသည်။ သူ၏ အသက်အမှတ်မှာ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကိုကြည့်ရင်း အာတိုဘီသည် ခါးသီးစွာဖြင့် အမှန်တကယ်ပင် စကားမဲ့သွားရတော့သည်။
"ဟဲဟဲ... သခင်လေးကျင်းရဲ့ သိုင်းပညာက တကယ်ကို ထူးခြားလှပါတယ်"
ကုန်းစွန်းလီက ဆိုသည်။
"ထန်ရှီကျဲရဲ့ 'ပန်းခူးလက်' သိုင်းကွက်ကို ရင်ဆိုင်ရတာတောင် မင်းက နှေးကွေးမှုနဲ့ လျင်မြန်မှုကို အနိုင်ယူခဲ့တယ်၊ တောင်တစ်လုံးလို မတုန်မလှုပ် တည်ငြိမ်နေခဲ့တာပဲ၊ ခါအတွင်းအားမှလည်း ထုတ်မပြသလို လက်နက်လည်းမထုတ်ဘဲ တိုက်ခိုက်မှုတွေအားလုံးကို တောင့်ခံနိုင်ခဲ့တယ်။
ဒီလို သည်းခံနိုင်စွမ်းက မင်းရဲ့ စွမ်းရည်ကို သက်သေပြနေတာပဲ... ဒါက သခင်လေးကျင်းရဲ့ အပြင်အားဟာ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီဆိုတာ ပြသဖို့ လုံလောက်ပါတယ်၊ ထန်ရှီကျဲလို အတွင်းအဆင့်ရှိတဲ့ လူတစ်ယောက်သာ မင်းရဲ့ လက်သီးတစ်ချက်အောက် ရောက်သွားမယ်ဆိုရင် နေရာမှာတင် အရိုးတွေကျိုးပဲ့သွားမှာ သေချာတယ်၊ ဟမ့်... အဲ့ဒီကလေးက သူ့ကန့်သတ်ချက်ကို မသိဘဲ သူ့ကို နားလည်မှုပေးပြီး ညှာထားထားမှန်း မသိတာက တကယ့်ကို ရယ်စရာကောင်းလှတယ်"
'ဒီသိုင်းလောကက လူတွေကတော့ တော်တော် စိတ်ကူးယဉ်အားကောင်းကြတာပဲ... ငါက သူ့ကို အလျှော့ပေးနေတာလို့ ဘယ်လိုများ တွေးမိသွားကြတာလဲ... ပြီးတော့ ဒီလောက်အထိတောင် စိတ်ကူးယဉ်နေကြသေးတယ်...'
အာတိုဘီသည် စိတ်ထဲမှ အကြိမ်ကြိမ် ညည်းတွားနေမိသည်။ သို့ဆိုလျှင် အပြင်အားသိုင်းပညာကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်လိုက်ရင် ခန္ဓာကိုယ်က အတွင်းအားသုံးစရာမလိုဘဲ ဒါမှမဟုတ် သိုင်းကွက်တွေကို အားကိုးစရာမလိုဘဲ အဆင့်မြင့်ကာကွယ်ရေးဝတ်စုံတစ်ခုရဲ့ ကာကွယ်နိုင်စွမ်းမျိုး ရှိလာတာပေါ့။ ဒီလိုအဆင့်ရှိတဲ့ လူတစ်ယောက်ကသာ အပြည့်အဝကာကွယ်ထားမယ်ဆိုရင် သေနတ်ကျည်ဆန်ကို တားဆီးနိုင်မလားဆိုတာ ငါသိချင်မိတယ်...။
"ချီးမွမ်းလွန်းနေပါပြီ... ချီးမွမ်းလွန်းနေပါပြီ..."
အာတိုဘီက တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းရန် ကြိုးစားရင်း ပြန်လည်ဖြေကြားလိုက်သည်။ လက်ရှိအခြေအနေအရ ကုန်းစွန်းလီနှင့် စစ်ယန်ရန်တို့သည် သူ့ကို တိုက်ခိုက်မည့်ပုံမပေါ်သဖြင့် သူသည် လောလောဆယ် ဟန်ဆောင်ထားလိုက်ခြင်း ဖြစ်သည်။
"အိုး... ကျုပ်ခန္ဓာကိုယ်ထဲက အဆိပ်က... အင်း... ပြန်ကုသဖို့ လိုအပ်သေးတာမို့၊ တကယ်လို့ လူကြီးမင်းတို့နှစ်ယောက် ပြောစရာတခြားကိစ္စ မရှိတော့ဘူးဆိုရင်..."
"အိုး ရတာပေါ့၊ ရတာပေါ့"
ကုန်းစွန်းလီက စစ်ယန်ရန်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးစလုံး အတူတူ နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။
သူတို့ထွက်ခွာလာပြီးနောက် ဘေးတွင် လူသူမရှိသည့်နေရာသို့ ရောက်သောအခါ စစ်ယန်ရန်က မေးလိုက်သည်။
"အဲဒီကျင်းဖူကွေ့က... ရှင်ပြောသလို တကယ် အင်အားကြီးတာလား"
"တကယ်လို့ မင်းသာ အဲဒီလူယုတ်မာဝမ်အောက်နဲ့ နေ့တိုင်းအချိန်ဖြုန်းနေမယ့်အစား ဂိုဏ်းချုပ်ဆီကနေ သိုင်းပညာတွေ ပိုသင်ယူခဲ့မယ်ဆိုရင် မင်းလည်း ဒါကို မြင်နိုင်လိမ့်မယ်"
ကုန်းစွန်းလီက သရော်လိုက်သည်။
"ဟွန့်… ဒါက ရှင့်အလုပ် မဟုတ်ပါဘူး၊ လူလည်း အသတ်ခံရပြီးပြီပဲ၊ ပြီးတော့ ရှင်လည်း ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်နေတာပဲလေ..."
စစ်ယန်ရန်က ရက်စက်သောအကြည့်ဖြင့် ပြန်လည်ပြောဆို၏။
"တော်လောက်ပြီ"
ကုန်းစွန်းလီက တင်းမာစွာဖြင့် ဆို၏။
"ငါက အရုဏ်ဦးတစ်ထောင်မျှော်စင်ရဲ့ မျက်နှာကို ထောက်လို့သာ ဒီပြဿနာကို ရှင်းပေးခဲ့တာ၊ အခုတော့ မင်းကိုယ်တိုင်ပဲ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်လိုက်ပြီ"
သူက မည်းမှောင်သော မျက်နှာထားဖြင့် ဆိုသည်။
"ဓားကျိုးလက်ဖက်ရည်ခန်းမက အဲ့ဒီငါးယောက်ကိုတော့ အနှေးနဲ့အမြန် နှုတ်ပိတ်မှ ဖြစ်မယ်၊ ဒါပေမဲ့ ချန်လင်ထဲမှာတော့ မဟုတ်ဘူး၊ လက်ရှိအခြေအနေမှာတော့ ငါတို့က သူတို့ကို နှစ်သိမ့်ထားပြီး ဒီလူထူးဆန်းတွေကို ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားရမယ်၊ သိုင်းပြိုင်ပွဲပြီးသွားလို့ လူတိုင်းပြန်ကြတဲ့ အချိန်ကျမှ ငါလူလွှတ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံခိုင်းမယ်၊ အဲဒီအချိန်ကျမှ ငါတို့ ဒီကိစ္စကို ထပ်ဆွေးနွေးကြတာပေါ့..."
"တကယ်လို့... သူတို့က ဒီလျှို့ဝှက်ချက်ကို တကယ်ထုတ်မပြောဖို့ အစီအစဉ် ရှိနေရင်ကော"
စစ်ယန်ရန်က မေးသည်။
"လျှို့ဝှက်ချက်ကို ထိန်းသိမ်းတယ်ဆိုတာ ယာယီပဲ လုပ်လို့ရတာ၊ ထာဝရ မဟုတ်ဘူး"
ကုန်းစွန်းလီက ပြောလိုက်သည်။
"ဒီလိုရိုးရှင်းတဲ့ သဘောတရားကိုတောင် မင်းနားမလည်ဘူးလား"
ကုန်းစွန်းလီသည် မွေးရာပါ သံသယစိတ်များသူဖြစ်ပြီး အခြားလူများကို သဘာဝအတိုင်း ယုံကြည်လေ့မရှိချေ။ သူ့မျက်လုံးထဲတွင်မူ သေသူများသာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ ပြီးလျှင် သူယုံကြည်နိုင်သည့် တစ်ဦးတည်းသော အသက်ရှင်သူမှာ သူကိုယ်တိုင်သာ ဖြစ်သည်။ ထိုခဏ၌ ကုန်းစွန်းလီသည် စစ်ယန်ရန်အပေါ်တွင်လည်း သတ်ဖြတ်ချင်စိတ်များ ရှိနေလေသည်။ အဘယ်ကြောင့်ဆိုသော် စစ်ယန်ရန်ကိုယ်တိုင်ကလည်း လျှို့ဝှက်ချက်ကို ပေါက်ကြားစေမည့် အလားအလာရှိသူတစ်ဦးဖြစ်သည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်သည်။
တစ်နေ့တွင် သူ့ကိုယ်ပိုင် အရုဏ်ဦးတစ်ထောင်မျှော်စင်ကို ပိုင်ဆိုင်နိုင်ရန်နှင့် သိုင်းလောကအတွင်းရှိ ဂိုဏ်းအဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းအတွက် ကုန်းစွန်းလီသည် ခြိမ်းခြောက်မှုမှန်သမျှကို ဖယ်ရှားရန်နှင့် အစွန်းအထင်းမှန်သမျှကို ဆေးကြောရန်အတွက် မည်သည့် ကြိုးပမ်းမှုကိုမဆို အိတ်သွန်ဖန်မှောက် လုပ်ဆောင်ပေလိမ့်မည်။
"ဒါဆို... သူတို့ရဲ့ သိုင်းပညာက အရမ်းမြင့်နေမှတော့ ကျွန်မတို့ ဘယ်လို ဆက်လုပ်ကြမလဲ"
စစ်ယန်ရန်က ဆက်မေးလိုက်သည်။
"ပြီးတော့ ဒီဓားကျိုးလက်ဖက်ရည်ခန်းမရဲ့ နောက်ခံကလည်း ဒီလောက်ရိုးရှင်းမှာ မဟုတ်ဘူး မဟုတ်လား၊ ရှင်က ဂိုဏ်းချုပ်ဖုန်းကို သိုင်းလောကထဲကို အသစ်ဝင်လာတဲ့ တစ်ကိုယ်တော် လူတစ်ယောက်လို့ တကယ် ယုံနေတာလား"
"ဒါကြောင့်မို့လို့ပဲ ငါတို့ အသေးစိတ် သေချာအစီအစဉ်ချရမယ်လို့ ပြောတာပေါ့"
ကုန်းစွန်းလီက ဆိုသည်။
"တကယ်လို့ သူတို့မှာ နောက်ခံ ဒါမှမဟုတ် အားကိုးစရာရှိနေမယ်ဆိုရင် ငါတို့က အရင်ဆုံး သူတို့ရဲ့ အရင်းအမြစ်ကို စုံစမ်းရမယ်၊ တကယ်လို့ ဖုန်းပုကြွယ် ပြောတာတွေသာ အမှန်ဖြစ်နေမယ်ဆိုရင်... ဟွန်း ဒါက ပိုတောင်ကောင်းသေးတယ်၊ လဝက်အတွင်း သိုင်းလောကရဲ့ အန္တရာယ်ဆိုတာ ဘာလဲဆိုတာ သူတို့ကို ကောင်းကောင်းကြီး ပြပေးလိုက်မယ်"
...
"ဟတ်ချိုး"
ဖုန်းပုကြွယ် အားရပါးရ နှာချေလိုက်မိသည်။
"မဖြစ်နိုင်တာ... ငါက အဝတ်အစားတွေ အများကြီး ဝတ်ထားတာပဲကို ဘာလို့ နှာချေနေရတာလဲ"
သူက သူ့ပါးစပ်နှင့်နှာခေါင်း လက်ဖြင့် အုပ်ရင်း ဆိုသည်။
"တစ်ယောက်ယောက်က ငါ့အပေါ် မကောင်းတဲ့စိတ်ကူးတွေ ထပ်ကြံနေပြန်ပြီလား မသိဘူး..."
"ဒါက မကောင်းတဲ့စိတ်ကူးမှန်း ရှင်ဘယ်လို သိတာလဲ"
ရီရူလီက မေးမြန်းလိုက်သည်။
"ဘာကြောင့်လဲဆိုတော့ ငါအခြားလူတွေအပေါ် ချန်ထားခဲ့ဖူးတဲ့ အမှတ်တရတွေက ကောင်းမွန်လေ့မရှိလို့ပဲ"
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရသည်။
"အဲ... ဂိမ်းထဲမှာ နှာချေလို့ ရတာလား၊ ပြီးရင် လေတက်တာ ဒါမှမဟုတ် လေလည်တာကော လုပ်လို့ရလား..."
"တကယ်လို့ ရှင် ကျွန်မရှေ့မှာ ဒါကို စမ်းရဲရင်..."
ရီရူလီ၏ မျက်ဝန်းထဲတွင် အေးစက်သော လူသတ်ချင်စိတ်များ မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွား၏။
"ဟဲဟဲ၊ နောက်တာပါ၊ နောက်တာပါ"
ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။
သူတို့သည် လက်ရှိတွင် သစ်ပင်များနှင့် ကျောက်ဆောင်များကြား၌ ရွေ့လျားနေကြခြင်း ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အရိပ်များမှာ မှင်ကဲ့သို့ ထူထပ်မှောင်မိုက်နေလေသည်။ ဖုန်းပုကြွယ်၏ လက်နှိပ်ဓာတ်မီးသည် မီတာအနည်းငယ်မျှသာ လင်းထိန်စေနိုင်သော်လည်း ရီရူလီ၏ လက်ဆွဲမီးအိမ်မှာမူ ယခုကဲ့သို့ အလင်းကိုဝါးမြိုနေသည့် ပတ်ဝန်းကျင်မျိုးတွင် ပိုမိုကျယ်ပြန့်သော ဧရိယာကို လင်းထိန်စေနိုင်သည်။
[အမြဲတမ်း မှိန်ပျပျလင်းသော လက်ဆွဲမီးအိမ်] ၏ ဖော်ပြချက်တွင် "၎င်းသည် ပတ်ဝန်းကျင် မီတာငါးမီတာခန့်ဧရိယာကိုသာ လင်းထိန်စေနိုင်သည်။ ခလုတ်ကို လှည့်ခြင်းဖြင့် ၎င်း၏ အလင်းကို မထိန်းချုပ်နိုင်သလို ပိတ်ပစ်၍လည်း မရပါ" ဟု ရေးသားထားသည်။ ဤထူးခြားချက်သည် ယခုအချိန်တွင် အားသာချက်တစ်ခု ဖြစ်နေရသည်။ အဘယ်ကြောင့်ဆိုသော် လက်နှိပ်ဓာတ်မီး၏ အလင်းတန်းသည် အလွန်ဝေးဝေးသို့ မရောက်နိုင်သောကြောင့် ဖြစ်သည်။ ကျွန်းပေါ်သို့ ခြေချခဲ့ကတည်းက သူတို့နှစ်ဦးသည် ကျွန်း၏ အလယ်ဗဟိုဆီသို့ ဦးတည်သွားနေခဲ့ကြခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ တောအုပ်ထဲတွင် လူသား သို့မဟုတ် သက်ရှိသတ္တဝါတို့၏ လှုပ်ရှားမှု အရိပ်အယောင်များ လုံးဝ မရှိချေ။ ၎င်းတို့သည် ငြိမ်သက်ခြင်းနှင့် ပုန်းအောင်းခြင်းတို့ဖြင့်သာ ဖုံးလွှမ်းလို့နေပေသည်။
သို့သော်လည်း သူတို့ ကျောက်ဆောင်များနှင့် သစ်ပင်များကြား လျှောက်လှမ်းနေစဉ်အတွင်း ပတ်ဝန်းကျင်မှ ခေါ်ဝေါ်သံများကို ဝေဝေဝါးဝါး ကြားနေရသည်။ ထိုအသံသည် အခြားကမ္ဘာတစ်ခုမှ တစ်ယောက်ယောက်က သူတို့ကို လှမ်းခေါ်နေသကဲ့သို့ ဖြစ်ပြီး ဝေးကွာလွန်းလှသလို အလွန်လည်း နီးကပ်နေပုံရသည်...။
ဤခရီးသည် ရီရူလီအတွက် မယုံနိုင်အောင် ပင်ပန်းဆင်းရဲလှသည်။ အမှောင်ထုနှင့် ဖိနှိပ်နိုင်စွမ်းရှိသော ပတ်ဝန်းကျင်သည် သူမ၏ ကြောက်ရွံ့မှုအဆင့်ကို လျော့ကျမသွားစေရန် ထိန်းသိမ်းထား၏။ သူမသည် အေးစက်မြင့်မြတ်သော အမူအရာကို ထိန်းသိမ်းထားသော်ငြား ယခုကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် မည်သူမဆို ခြောက်ခြားဖွယ်ရာ အငွေ့အသက်များ၏ ရိုက်ခတ်မှုဒဏ်ကို ခံရမည် ဖြစ်သည်။ ထိုခဏ၌ မှောင်မည်းနေသော သစ်ပင်များနောက်ကွယ်မှ ထူးဆန်းသောအရာတစ်ခုခု ဖြတ်ပြေးသွားရုံဖြင့်ပင် မည်သူ့ကိုမဆို ထိတ်လန့်သွားစေနိုင်လေသည်။
မှန်ပေသည်... ယင်းက ဖုန်းပုကြွယ်သည် လူသားတစ်ယောက်မဟုတ်ဟု ဆိုလိုခြင်း မဟုတ်ဘဲ သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာမူ ပုံမှန်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူ့အတွက်မူ မှောင်မိုက်တိတ်ဆိတ်လှသော တောအုပ်ထဲတွင် လမ်းလျှောက်ခြင်းနှင့် နေသာသော မြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်ခြင်းမှာ ထူးခြားသော ကွာခြားချက်မရှိချေ။ အကယ်၍ ရွေးချယ်ခွင့်ပေးမည်ဆိုပါက သူသည် မှောင်မိုက်နေသော တောအုပ်ကိုသာ ပိုသဘောကျပေလိမ့်မည်...။
သူ့တွင် အမှောင်ခြမ်းတစ်ခု ရှိနေသည်ဟု သင်ဆိုနိုင်ပါသည်။ သို့သော်လည်း သူသည် လွန်လွန်ကဲကဲ သဟဇာတဖြစ်ပြီး တောက်ပသောအရာများကို မနှစ်သက်ရုံသာ ဖြစ်သည်။
ထို့အပြင် လူအများအပြားက ဖုန်းပုကြွယ်၏ "မကောင်းဆိုးဝါးဆန်သော သဘာဝ" ကို သိရှိထားကြသည်။ ယင်းက အများသိသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ သူ အထက်တန်းကျောင်း မတက်ခင်ကတည်းက အစ်ကိုကြွယ်နှင့် ပတ်သက်သည့် ဒဏ္ဍာရီပေါင်းမြောက်မြားစွာ ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုဇာတ်လမ်းများထဲမှ တစ်ခုမှာ...
သူ မူလတန်းကျောင်းတက်စဉ်က တစ်နှစ်တွင် ဖုန်းပုကြွယ်သည် နွေရာသီပျော်ပွဲစားတစ်ခုသို့ သွားရောက်ခဲ့ဖူးသည်။ သူသည် တစ်ယောက်နှင့်တစ်ယောက် မသိကြသော ကလေးခြောက်ယောက်ပါဝင်သည့် အဖွဲ့တစ်ခုထဲသို့ ကျပန်း စီစဉ်ပေးခြင်း ခံခဲ့ရသည်။ သူတို့ထဲတွင် အလွန်တက်ကြွပြီး လှပကျန်းမာကာ ဖြူစင်၍ အကောင်းမြင်တတ်သော ကလေးတစ်ဦး ပါဝင်သည်။ သူသည် အခြေခံအားဖြင့် မိဘများ၏ မျက်လုံးထဲတွင် "သူများအိမ်က ကလေး" ဖြစ်ပြီး ဆရာမများ၏ မျက်လုံးထဲတွင် စံပြကျောင်းသား၊ အတန်းဖော်များ၏ မျက်လုံးထဲတွင်မူ သစ္စာဖောက်တစ်ဦး ဖြစ်ပေသည်...။(ဟားဟား)
ထိုကျောင်းသားလေးသည် အဖွဲ့ထဲတွင် မိမိကိုယ်ကိုယ် ပထမဦးစွာ စတင်မိတ်ဆက်ခဲ့ပြီး အနေရခက်လှသော တိတ်ဆိတ်မှုကို ဖြိုခွဲကာ စိမ်းသက်နေအတန်းဖော်များကို နှုတ်ဆက်ခဲ့သည်။ သူ ဖုန်းပုကြွယ်ထံသို့ ရောက်ရှိလာချိန်တွင်မူ အစ်ကိုကြွယ်သည် သူ့ကို ရှိုးဒင်းဂါးအကြည့်ဖြင့် စိုက်ကြည့်လိုက်ရင်း ပြောခဲ့သည်။
"အင်း... မင်းက တကယ်ကို ဖော်ရွေပြီး ပျော်တတ်တာပဲ၊ ဟဲဟဲ... ဒီခံစားချက်တွေ အကန့်အသတ်မရှိ ပျံ့နှံ့မသွားခင် ငါဒါကို ချက်ချင်းတားဆီးရမယ်"
ထိုနေ့တွင်ပင် လိမ္မာလှသော ထိုကလေးငယ်၏ စိတ်ထဲတွင် ဖျောက်ဖျက်မရနိုင်သော အရိပ်မည်းကြီး ကျန်ရစ်ခဲ့တော့သည်...။
ယခုကဲ့သို့သော ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းများမှာ အလွန်ပင် များပြားလှသည်။ အစ်ကိုကြွယ် အရွယ်ရောက်လာပြီး ပရော်ဖက်ရှင်နယ် စာရေးဆရာတစ်ဦး ဖြစ်လာသည့်အခါတွင်မူ သူသည် တဖြည်းဖြည်းနှင့် မြို့ပြဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုအကြောင်းအရာများကို နောက်မှသာ ထပ်မံ ပြောကြပါစို့...။
ဇာတ်လမ်းဆီသို့ ပြန်သွားရလျှင် ဖုန်းပုကြွယ်သည် တည်ငြိမ်စွာဖြင့် ရှေ့သို့ လျှောက်လှမ်းရင်း လမ်းရှင်းနေခဲ့သည်။ ရုတ်တရက် သူရပ်တန့်လိုက်ပြီး လက်နှိပ်ဓာတ်မီးဖြင့် သစ်မြစ်တစ်ခုပေါ်သို့ လှမ်းထိုးလိုက်သည်။
"ဟိုမှာ ကြည့်စမ်း"
ရီရူလီသည် သူရပ်တန့်သွားသည်ကို မြင်သောအခါ သူမ၏နှလုံးသားက တင်းကျပ်သွားခဲ့ရသည်။ သူမသည် ကြောက်စရာအရာတစ်ခုခု ပေါ်ပေါက်လာတော့မည်ဟု ထင်နေခဲ့သော်လည်း လက်နှိပ်ဓာတ်မီး အလင်းပြရာနေရာသို့လှမ်းကြည့်လိုက်သောအခါ ယင်းသည် သစ်မြစ်များနှင့် ကျောက်ဆောင်များကြားတွင် ပုန်းကွယ်နေသော ပစ္စည်းတစ်ခုသာ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
အမည် - ပင့်ကူမျှင်လက်အိတ်
အမျိုးအစား - ချပ်ဝတ်
အရည်အသွေး - ထူးကဲ
ကာကွယ်ရေးစွမ်းရည် - အလယ်အလတ်
အထူးဂုဏ်သတ္တိ - မရှိ
အထူးအာနိသင် - ပစ္စည်းများကို ကပ်တွယ်နိုင်သည်
တပ်ဆင်ရန်လိုအပ်ချက် - အထွေထွေ ကျွမ်းကျင်မှု အဆင့် D၊ တိုက်ခိုက်ရေး ကျွမ်းကျင်မှု အဆင့် D
မှတ်ချက် - မင်းက မင်းလက်ဖဝါးကို သုံးပြီး ကီလိုဂရမ်ဆယ်ဂဏန်းထက်မက လေးတဲ့ ပစ္စည်းတွေကို ကပ်ယူချင်တာလား။ မင်းက လက်ဗလာနဲ့ နံရံတွေကို တွားတက်ချင်တာလား။ မင်းက တစ်ယောက်ယောက်ရဲ့ မျက်နှာကို ပင့်ကူမျှင်တွေနဲ့ ပစ်ချင်တာလား။ အိမ်မက်မက်မနေနဲ့။ ဒီလက်အိတ်တွေရဲ့ ကပ်နိုင်စွမ်းက ကပ်ပြီးသားတိပ်ပြားတွေလောက်တောင် မရှိဘူး၊ စတစ်ကာတွေနဲ့ပဲ ပိုတူလိမ့်မယ်။
"အင်း... မရှိတဲ့ အထူးအာနိသင်တွေကိုပါ တစ်ခုချင်းစီ လိုက်ရေးထားတာပဲ..."
ဖုန်းပုကြွယ်သည် ဒေါသတကြီးဖြင့် လက်အိတ်ကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
"ဘယ်လိုတောင် လိမ်နေရတာလဲ၊ လုံးဝမရေးထားတာကမှ ပိုမကောင်းဘူးလား၊ ငါ့မှာ ပထမပိုင်းလေးကို ဖတ်ပြီး ပျော်နေလိုက်ရတာ"
ရီရူလီသည် သူ့နောက်ကျောကို ကြည့်ရင်း သက်ပြင်းတစ်ချက် အသာအယာချလိုက်ပြီးနောက် မသိစိတ်အရ ပြုံးမိသွား၏။ သူမသည် သူမ၏ဟာသဉာဏ်က အဘယ်ကြောင့် ထိုမျှလောက်အထိ နိမ့်ကျသွားရသလဲဟု တွေးနေမိသည်။
မမျှော်လင့်ထားသည်က ယခုကဲ့သို့ စိတ်အပန်းပြေနေသည့် အခိုက်အတန့်အတွင်း၌ အမှောင်ထုထဲမှ ကောင်မလေးတစ်ဦး၏ လက်တစ်ဖက် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ရီရူလီ၏ ပါးစပ်ကို လှမ်းအုပ်လိုက်လေသည်။ သူမအနေဖြင့် မည်သည့်အသံမျှ မထွက်နိုင်သေးခင် အလွန်ပြင်းထန်လှသော အင်အားတစ်ခု၏ နောက်သို့ ဆွဲယူခြင်းခံလိုက်ရပြီး အမှောင်ထုထဲသို့ ဆွဲခေါ်ခံလိုက်ရတော့သည်။
ဖုန်းပုကြွယ်အနေဖြင့် မည်သည့်အော်ဟစ်သံမှ မကြားလိုက်ရသော်လည်း လှုပ်ခါသွားသော အလင်းတန်းနှင့် မြေပြင်ပေါ်သို့ လက်ဆွဲမီးအိမ် ကျိုးကျသွားသည့်အသံကြောင့် ချက်ချင်းအာရုံစိုက်မိသွားခဲ့သည်။ သူ ချက်ချင်းလှည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လက်ဆွဲမီးအိမ်ကိုသာ မြင်တွေ့လိုက်ရပြီး ရီရူလီမှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။