အတိဒုက္ခဖြတ်ကျော် နဝမအဆင့်
Vol. 9 Ch. 128
အခန်း (၁၂၈) အတိဒုက္ခဖြတ်ကျော် နဝမအဆင့်
“ဂျိရှင်းရှန်က အရမ်းပဲစွမ်းအားကြီးတယ်၊ ငါတို့တွေ သူ့ကိုသတ်ဖို့ နည်းလမ်းရှာရမယ်၊ မဟုတ်ရင် လက်ယာလမ်းစဉ်က ဒီထက်ပိုပြီးတော့ အင်အားကြီးလာလိမ့်မယ်” သွေးမိစ္ဆာက အသံနက်နဲ့ ပြောလိုက်ပြီး ရွှမ်ချင်းကျွင်း၊ ဆံဖြူမိစ္ဆာမနဲ့ မိစ္ဆာဘုန်းကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။
ဆံဖြူမိစ္ဆာမဟာ ပါးစပ်ကို လက်နဲ့ကာပြီး ရယ်လိုက်ပါတယ် “ဒါဆိုရင် ရှင်က ဘာလို့ မတိုက်တာလဲ၊ ကျွန်မတို့ထဲမှာ ရှင်က အစွမ်းဆုံးမလား”
ရွှမ်ချင်းကျွင်းနဲ့ မိစ္ဆာဘုန်းကြီးဟာ ဆံဖြူမိစ္ဆာမစကားကို ခေါင်းညိတ်ပြီး ထောက်ခံလိုက်ပါတယ်။
သွေးမိစ္ဆာဟာ ဆံဖြူမိစ္ဆာမကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဂျိရှင်းရှန်ကို သတ်ဖို့က လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ သတ်လို့အောင်မြင်ခဲ့တယ်ဆိုရင်တောင် မဆုံးနိုင်တဲ့ပြဿနာတွေက နောက်ကနေ တစ်သီတစ်တန်းကြီး လိုက်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဂျိရှင်းရှန်က ကောင်းကင်အမတစံအိမ်ရဲ့ တန်ဖိုးအထားဆုံး ရတနာတစ်ပါး ဖြစ်နေလို့ပါပဲ။
ရွှမ်ချင်းကျွင်းက ရုတ်တရက် မေးလိုက်ပါတယ် “မော်တယ်လောကကို ရွှေကျီးကန်းနှစ်ကောင် ရောက်လာတယ်၊ ဒီဟာက အဲဒီဟာရဲ့ လက္ခဏာလား”
မကောင်းဆုံးဝါးသုံးပါးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူတို့လည်း ဒီကိစ္စကို နားလည်နိုင်စွမ်း မရှိပါဘူး၊ နတ်ဆိုးလမ်းစဉ်ဟာ ကောင်းကင်တာအိုရဲ့ မျက်နှာသာပေးခြင်းကို မခံရပါဘူး။ ဒါကြောင့် သူတို့တွေလည်း ကောင်းကင်တာအိုက အပြစ်ပေးမှာကို မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။
“နတ်ဆိုးသခင်... နင် ငရဲပြည်ကိုသွားတာ နတ်ဆိုးမျိုးနွယ်စုကို ဒီအကြောင်း မမေးခဲ့ဘူးလား”
ရွှမ်ချင်းကျွင်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပါတယ် “မေးခဲ့တာပေါ့၊ ဒါပေမဲ့ ဒီခရီးအတွက် ဆယ်နှစ်ကျော် အချိန်ယူရအုန်းမယ်တဲ့၊ ရှင်တို့အားလုံး အခြေအနေကို ထိန်းသိမ်းနိုင်လို့လား”
ဆံဖြူမိစ္ဆာမဟာ ပြုံးလိုက်ပါတယ် “ထိန်းသိမ်းနိုင်တာပေါ့၊ ငါတို့လည်း ငရဲပြည်ကို သွားချင်တာပဲ၊ ဒါပေမဲ့ နတ်ဆိုးသခင်လို အစွမ်းမှ မရှိတာ”
ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပြီး ဘာမှပြန်မပြောပါဘူး။
မကောင်းဆိုးဝါးလေးပါးစလုံးဟာ အပြင်ပိုင်းမှာတော့ ဖော်ဖော်ရွေရွေရှိနေကြပေမဲ့ စိတ်ထဲမှာတော့ ကိုယ်အကြံနဲ့ကိုယ်ပါ။
ချောက်ကမ်းပါးတစ်ခုပေါ်မှာ စုချီကို မရေမတွက်နိုင်တဲ့ မိစ္ဆာကျင့်ကြံသူတွေက ဝန်းရံထားကြပါတယ်။ စုချီဟာ သွေးတွေစိုရွှဲနေတဲ့ ဓားတစ်လက်ကို လက်ထဲမှာကိုင်ထားပြီး လှိုက်လှိုက်လှဲလှဲ အသက်ရှူနေရပါတယ်။ စုချီရဲ့မျက်လုံးတွေကလည်း သွေးရောင်သမ်းနေပါတယ်။
ဂျိနန်ဟယ်ဟာ ပဋိပက္ခကောင်းကင်ခွေးပေါ်မှာ မတ်တတ်ရပ်နေပြီး စုချီကို ငုံ့ကြည့်ကာ မေးလိုက်ပါတယ် “မင်း ဘာလို့ ငါ့ကို သစ္စာဖောက်ရတာလဲ၊ ဒါက မိစ္ဆာသခင်ရဲ့ သဘောလားလား”
ပဋိပက္ခကောင်းကင်ခွေးဟာ ခံစားချက်မျိုးစုံ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ စုချီကို ကြည့်လိုက်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ စိတ်ထဲမှာ ရုန်းကန်နေရပြီး စုချီကို ကယ်သင့် မကယ်သင့် စဉ်းစားနေပါတယ်။ စုချီကို ကယ်မယ်ဆိုရင်တော် နောက်ဆုံးရလဒ်ကို ပြောင်းလဲနိုင်ဖို့က အတော်လေး ခက်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ မကောင်းဆိုးဝါးဧကရာဇ်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။
“မိစ္ဆာသခင်နဲ့ ဘာမှ မပတ်သက်ဘူး၊ ငါက လက်ယာလမ်းစဉ် ကျင့်ကြသူပဲ၊ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေနဲ့ တစ်လမ်းတည်း မလျှောက်နိုင်ဘူး” စုချီက တိုးညင်းစွာ ပြောလိုက်ပါတယ်။ အဲဒီနောက် စုချီဟာ အကြောက်အလန့်ကင်းစွာနဲ့ မတ်မတ်ရပ်လိုက်ပါတယ် ‘ဆရာသခင်က ငါ့ကို ကျိန်းသေပေါက် ကယ်တင်မှာပဲ’ စုချီဟာ ဒီယုံကြည်ချက်ကြောင့် ဂျိနန်ဟယ်ကို တိုက်ခိုက်ရဲတာပါ။
ဂျိနန်ဟယ်ဟာ မျက်စိမှေးလိုက်ပြီး သတ်ဖြတ်ငွေ့ လွှမ်းနေတဲ့ အကြည့်နဲ့ စုချီကို ကြည့်လိုက်ပါတယ် “ခွေးလေး... အဲဒီကောင်ကို သွားစားစမ်း” ဂျိနန်ဟယ်ဟာ ပြောပြောဆိုဆို ပဋိက္ခကောင်းကင်ခွေးပေါ်ကနေ လေပေါ်ပျံတက်သွားပြီး ထိန်းချုပ်ရာကနေ လွှတ်ပေးလိုက်ပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ စုချီကို ကြည့်လိုက်သလို စုချီကလည်း ပဋိပက္ခကောင်းကင်ခွေးကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်လိုက်ပါတယ်။ စုချီဟာ ခေါင်းကို မဆိုစလောက် ခါပြလိုက်ပါတယ်။
စုချီနဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ဂျိနန်ဟယ်ဆီမှာ အမှုထမ်းလာတာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ စုချီဟာ ဆက်ပြီးတော့ အမှုမထမ်းနိုင်တော့တာကြောင့် မကောင်းဆိုးဝါးဧကရာဇ်ကို သစ္စာဖောက်လိုက်တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အချင်းချင်းကို ရန်သူတွေ ဖြစ်သွားကြပါပြီ။ တော်တော်လေး ကြေကွဲဝမ်းနည်းဖို့ ကောင်းပါတယ်။
စုချီဟာ ပဋိပက္ခကောင်းကင်ခွေးကို ကူညီချင်ပါသေးတယ်။ ဒါကြောင့် ပဋိပက္ခကောင်းကင်ခွေးကို တိုက်ခိုက်ဖို့ မျက်စိနဲ့ အချက်ပြလိုက်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် ဂျိနန်ဟယ်က ပဋိပက္ခကောင်းကင်ခွေးကို ဒီအတိုင်းထားမှာ မဟုတ်ပါဘူး။ စုချီဟာ အသံလွှင့်ပြီး စကားမပြောရဲတာကြောင့် မျက်စိနဲ့ပဲ စကားပြောနေရတာပါ။
ပဋိပက္ခကောင်းကင်ခွေးဟာ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ ငရဲကြက်နက်နဲ့ ဟန်ကျွယ်ကို ပြန်တွေးမိလိုက်သလို တိတ်ဆိတ်ပြီး အေးချမ်းလှတဲ့ ဝီရိယတောင်ကိုလည်း မျက်စိထဲ မြင်ယောင်မိလိုက်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ တစ်ချိန်တုန်းက အရာအားလုံးကို ပိုင်ဆိုင်ခဲ့ရပေမဲ့ အဲဒီလိုဘဝမျိုးကို စွန့်လွှတ်ပြီး ကျင့်ကြံခြင်းလောကထဲ လျှောက်သွားခဲ့ပါတယ်။ အခုတော့ ဂျိနန်ဟယ်ရဲ့ အကျဉ်းသား ဖြစ်နေရရှာပါပြီ။
‘သခင်ရဲ့ တပည့်ကိုတော့ ငါသတ်လို့ မဖြစ်ဘူး’ ပဋိပက္ခကောင်းကင်ခွေးဟာ တွေးလေ စိတ်ဓာတ်ကျလေ ဖြစ်လာပါတယ်။ အဲဒီနောက် အကြီးအကျယ် ဒေါသထွက်သွားပါတယ်။ ဒီအချိန်ကျမှာ စိတ်မရှည်နိုင်ဖြစ်နေတဲ့ ဂျိနန်ဟယ်ရဲ့ အသံကို ကြားလိုက်ရပါတယ် “ခွေးစုတ်... ဘာစောင့်နေတာလဲ၊ မြန်မြန်ကိုက်လေ”
ပဋိပက္ခကောင်းကင်ခွေးဟာ ခေါင်းမော့ပြီး ဆွဲဆွဲငင်ငင် အူလိုက်ပါတယ်။ အဲဒီနောက် နောက်ကို ရုတ်တရက်လှည့်ပြီး ဂျိနန်ဟယ်ကို တိုက်ခိုက်လိုက်ပါတယ် “ငါ မင်းကို အသေသတ်မယ်”
“ဝုန်း..”
သို့ပေမဲ့ စွမ်းအားချင်းမမျှတာကြောင့် ပဋိပက္ခကောင်းကင်ခွေးဟာ ဂျိနန်ဟယ်ရဲ့ လက်ဝါးစာမိပြီး လွှင့်စဉ်ထွက်သွားကာ လေထဲကို သွေးတွေအန်ထွက်သွားပါတယ်။
“မင်းကများ” စုချီဟာ ယမ်းပုံမီးကျ ဒေါသထွက်သွားပြီး မျက်လုံးနှစ်လုံးစလုံး မည်းနက်ထွက်သွားပါတယ်။ အဲဒီနောက် ထူးဆန်းတဲ့ အနက်ရောင်ရောင်ဝါဟာ စုချီပတ်လည်မှာ ထွက်ပေါ်လာပါတယ်။
ဂျိနန်ဟယ်ဟာ စုချီကို တအံတဩ ကြည့်လိုက်ပါတယ် “ဒီစွမ်းအားက...”
ဒီအချိန်မှာပဲ....
မောက်မာလွန်းတဲ့ ရယ်မောသံတစ်သံ ထွက်ပေါ်လာပါတယ်။
“မကောင်းဆိုးဝါးဧကရာဇ်... နောက်ဆုံးတော့ မင်းကို ငါရှာတွေ့ပြီ... သေစမ်း...”
မိစ္ဆာကျင့်ကြံသူအားလုံး ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ မိုးကုပ်စက်ဝိုင်းအောက်မှာ မိုးကြိုးတိမ်တိုက်တွေ လိမ့်တက်လာတာကို တွေ့လိုက်ရပါတယ်။ မိုးကြိုးတိမ်တိုက်တွေကနေ တောတောင်ရေမြေကို တစ်ခဏချင်း အမှုန့်ဖြစ်စေနဲ့တဲ့ မိုးကြိုးတွေ အဆက်မပြတ် ပစ်ချပါတော့တယ်။ ဒီလျှပ်စီးနဲ့ မိုးကြိုးတွေကြားမှာ အစိမ်းရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ဟာ မတ်တတ်ရပ်နေပါတယ်။ ဒီလူဟာ ကောင်းကင်ဘုံးကိုးလွှာက မိုးကြိုးကို စေစားနိုင်တဲ့ အမတတစ်ဦးလိုပါပဲ။
ဒီလူကတော့ ဂျိရှင်းရှန်ကလွဲပြီး ဘယ်သူဖြစ်နိုင်အုန်းမှာလဲ။
.....
ဟန်ကျွယ်ဟာ မိုးကောင်းကင်ဓားချီကို အဆင့်မြှင့်တင်ပြီးနောက် ဆယ့်တစ်နှစ် ကြာသွားပါတယ်။
[သင်သည် အသက် ၆၀၀ ပြည့်သွားပြီ ဖြစ်သည့်အတွက် နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ဂူအောင်းကျင့်ကြံနေရာမှ ထွက်၍ နတ်ဆိုးနှင့် မိစ္ဆာများကို သုတ်သင်ပါ။ သင့်နာမည်သည် ကျင့်ခြင်းလောကတစ်ခုလုံးကို တုန်လှုပ်စေလိမ့်မည်။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]
[၂။ ဆက်လက်ကျင့်ကြံ အားထုတ်ပါ။ မော်တယ်လောကကို လျစ်လျူရှူပြီး ကောင်းကင်ဘုံဝင် အဆင့်ရောက်အောင် ကြိုးစားအားထုတ်ပါ။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးနှင့် ကျပမ်းဆေးတစ်ပုလင်းကို ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်ချက်ကလေးတောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် ဆက်လက်ကျင့်ကြံအားထုတ်၍ ကောင်းကင်ဘုံဝင်အဆင့်ရောက်အောင် ကြိုးစားမည်ကို ရွေးချယ်ခဲ့သောကြောင့် ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးနှင့် ကျပမ်းဆေးတစ်ပုလင်းကို ရရှိပါသည်။]
[မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ လက်ပတ်ကြီးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်ဘုံဝင် ဝိညာဉ်အတွေး ဆေးလုံးအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[လက်ပတ်ကြီး: မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့်။ မိုးမြေတစ်ခွင်ရှိ စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်ပြီး တိုက်ပွဲအတွင်း ရုပ်ခန္ဓာကို ကြံ့ခိုင်စေသည်။]
[ကောင်းကင်ဘုံဝင် ဝိညာဉ်အတွေးဆေးလုံး: ကောင်းကင်ဘုံဝင် ကျင့်ကြံသူများ ဝိညာဉ်အား သန်မာစေရန် အသုံးပြုသော ဆေးလုံးဖြစ်သည်။]
‘နောက်ထပ် မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာပါလား...’
‘မဆိုးဘူး’
ဟန်ကျွယ်ဟာ ပျော်ရွှင်သွားပြီး လက်ပတ်ကြီးကို ချက်ချင်းပဲ ထုတ်ယူကာ ကိုယ်ပိုင်ပစ္စည်း ပြုလုပ်ပါတယ်။ လေးနာရီကြာပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ လက်ပတ်ကြီးကို ဝတ်ဆင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့လက်ပတ်ကိုကြည့်လေ သဘောကျလေ ဖြစ်သွားပါတယ်။
ကောင်းကင်ဘုံဝင် ဝိညာဉ်အတွေးဆေးလုံး အတွက်ကတော့ ဟန်ကျွယ်ဟာ လောလောဆယ် အသုံးမလိုသေးပါဘူး။ ဟန်ကျွယ် ကောင်းကင်ဘုံဝင်အဆင့်ကို ထိုးဖောက်ပြီးမှပဲ သုံးစွဲရမှာပါ။
ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် နဝမအဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၇၈၂၃
[သင့်အိမ်မွေးသားရဲ ပဋိပက္ခကောင်းကင်ခွေးသည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့သော်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်စောင်မခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် စုချီသည် ချီဖောက်လွဲဖောက်ပြန် ဖြစ်သွားပြီး နတ်စွမ်းအား ထိန်းချုပ်မှု လွတ်ကင်းသွား၏။ ထို့ကြောင့် စုချီ၏ မိုင်တစ်ထောင်ပတ်လည်ရှိ သက်ရှိမှန်သမျှ ကံဆိုးမိုးမှောင်ကျလိမ့်မည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၀၀၄
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၁၀၉၈၂
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် မော်တယ်ကမ္ဘာမှ ထွက်ခွာသွားသည်။]
[သင့်မိတ်ဆွေ မော့ကျူသည် ရှေးဟောင်းတားမြစ်နယ်မြေထဲသို့ ဝင်ရောက်သွားသောကြောင့် ကံတရားမှာ တွက်ချက်မရတော့ပေ။]
[သင့်မြေးတပည့် ဖန်းလျန်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ် အပိုင်သိမ်းခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ဖန်းလျန်၏ ကံတရားအထောက်အပံ့ကြောင့် ထိုမိစ္ဆာကျင့်ကြံသူကို နှိမ်နင်းနိုင်ခဲ့ပြီး ဖန်းလျန်၏ ဝိညာဉ်သည် အရင်ကထက် များစွာသန်မာသွား၏။]
[သင့်မိတ်ဆွေ တာအိုသခင်ကျိုးတိသည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၈၇၇
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘စုချီက ချီဖောက်လွဲဖောက်ပြန် ဖြစ်တာလား၊ ဘာတွေ ဖြစ်သွားတာလဲ’
‘ဟိုခွေးစုတ်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာဆိုတော့ ဒီကောင်နှစ်ကောင်စလုံး တော်တော်ဒုက္ခရောက်နေပုံပဲ’
‘ဟင်း... ကျင့်ကြံခြင်းလောကက တစ်နေ့တစ်နေ ပိုပြီးတော့ ဖရိုဖရဲ ဖြစ်လာပါလား’
ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကနေတစ်ဆင့် နတ်မိမယ်ရှီရွှမ်၊ ရှင်းဟုန်ရွှမ်နဲ့ မော့ကျူတို့ ဘာမှမဖြစ်တာကို အာရုခံမိတဲ့အတွက် စိတ်ချက်လက်ချ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီမိန်းမသုံးယောက်ကလွဲလို့ ကျန်တဲ့သူတွေကို ဂရုမစိုက်ပါဘူး။
‘ဒီနတ်ဆိုးလမ်စဉ် ကျင့်ကြံသူတွေက များလှချည်လား၊ ဘယ်လောက်တောင် ရှိနေကြတာလဲ’
ဟန်ကျွယ်ဟာ စဉ်းစားမရအောင် ဖြစ်သွားပါတယ်။ လက်ယာ-လက်ဝဲ စစ်ပွဲက ဖြစ်ပွားနေတာ အတော်ကြာပါပြီ။ ကံမကောင်း အကြောင်းမလှရင် နှစ်ရာချီတောင် ပြီးမှာ မဟုတ်ပါဘူး။ ကံကောင်းတစ်ခုက ဟန်ကျွယ်ဟာ ဒီစစ်ပွဲထဲမှာ မပါခဲ့တာပါ။ ဟန်ကျွယ်ဟာ ဒီလိုတိုက်ပွဲမှာ တိုက်ခိုက်မဲ့အစား ဂူအောင်းကျင့်ကြံပြီး စွမ်းအားတိုးလာအောင် လုပ်မှာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ပေါ်ကို အာရုံခံလိုက်တဲ့အခါ ရွှေကျီးကန်းနှစ်ကောင်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဒီရွှေကျီးကန်းနှစ်ကောင်ကလည်း တော်တော်လေး စိတ်ရှည်ပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပစ်လိုက်ပြီး ဆက်လက်အားထုတ်ပါတယ်။ကမ္ဘာပြိုလဲရင်တောင် ဟန်ကျွယ်က အချိန်ရသမျှ ကျင်ကြံနေအုန်းမှာပါ။
ဒီလိုနဲ့ ငါးနှစ်တာ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် နဝမအဆင့်ကို ရောက်ရှိသွားပါတယ်။ အနည်းဆုံး နောက်ထပ်သုံးနှစ်ဆိုရင် ဟန်ကျွယ်က ကောင်းကင်ဘုံဝင် အဆင့်ကို ထိုးဖောက်နိုင်တော့မှာပါ။
‘နှစ်ခြောက်ရာ ကောင်းကင်ဘုံဝင် ကျင့်ကြံသူလား... မဆိုးဘူး’
ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုရလဒ်ကို ကျေနပ်အားရသွားပေမဲ့ ဘဝမြင့်ခြင်း အလျဉ်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဆီမှာ သူ့ထက် အများကြီးအဆင့်မြင့်တဲ့ ရန်သူတွေ ရှိနေတာကြောင့်ပါ။
တစ်ခြားဟာတွေ မပြောရင်တောင် ပြဒါးငှက်နဲ့အဆင့်တူတဲ့ မဟာညီညွှတ်မှု မြေအမတ အလတ်တန်းအဆင့် မရောက်မချင်း ဟန်ကျွယ်ဟာ ကောင်းကင်ဘုံကို တက်မှာ မဟုတ်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ တစ်ခြားသူတွေရဲ့ ကျင့်ကြံမှုကို စစ်ဆေးလိုက်ပါတယ်။ ဖန်းလျန်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိသွားပေမဲ့ မုရုံချီကတော့ ကနဦးဝိညာဉ် နဝမအဆင့်မှာပဲ ရှိနေပါသေးတယ်။
ရန်ထျန်တုန်းနဲ့ ရွှင်ချန်အန်းဟာလည်း ကနဦးဝိညာဉ် နဝမအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့် ဖန်းလျန်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ သူ့ဆရာသခင်ကိုတောင် ကျော်တက်သွားပါပြီ။
ဝူတောက်ကျန့်ကတော့ ကနဦးဝိညာဉ် သတ္တမအဆင့်ကို ရောက်ရှိသွားပါတယ်။
စုချီကတော့ ချီဖောက်လွဲဖောက်ပြန် ဖြစ်ပြီးနောက်မှာ ကျင့်ကြံမှု တစ်ဟုန်ထိုး ထိုးတက်သွားပြီး စိတ်ဝိညာဉ်ပြောင်းလဲခြင်း ဆဋ္ဌမအဆင့်ကို ရောက်ရှိသွားပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။