← Chapters

ကောင်းကင်ဘုံဝင်အဆင့်၊ ကောင်းကင်လွှဲကျောက်တုံး

Vol. 9 Ch. 129

ကောင်းကင်ဘုံဝင်အဆင့်၊ ကောင်းကင်လွှဲကျောက်တုံး

Vol. 9 Ch. 129

အခန်း (၁၂၉) ကောင်းကင်ဘုံဝင်အဆင့်၊ ကောင်းကင်လွှဲကျောက်တုံး

အချိန်သုံးနှစ် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း အတိဒုက္ခဖြတ်ကျော် နဝမအဆင့် ထိပ်ဆုံးကို ရောက်ရှိသွားပါတယ်။ နောက်ထပ်လုပ်ရမှာကတော့ ကောင်းကင်ဘုံဝင်အဆင့်ကို ထိုးဖောက်ဖို့ပါပဲ။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူ ထောင့်စွန်းတစ်ခုမှာရှိနေတဲ့ ခရမ်းရင့်ရောင် ကျောက်တုံးကို ကြည့်လိုက်ပါတယ်။ ဒီကျောက်တုံးက ကောင်းကင်ကနေ ဖန်းလျန်‌ခေါင်းပေါ်ကို ပြုတ်ကျလာတဲ့ ကျောက်တုံး ဖြစ်ပါတယ်။

ဒီကျောက်တုံး ပေါ်လာကတည်းက ဝူတောက်ကျန့်ဟာ ကောင်းကင်စမ်းသပ်မှုကို တစ်ခုကိုမှ မရင်ဆိုင်ရဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ တစ်ဆင့်ပြီးတစ်ဆင့် ထိုးဖောက်ခဲ့ပါတယ်။ ကြည့်ရတာ ဒီကျောက်တုံးက ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်ပြီး ကောင်းကင်စမ်းသပ်မှုကို ရှောင်လွှဲနိုင်ပုံပါပဲ။

‘အမတနတ်ဘုရား ဒီကျောက်တုံးကို ကိုင်ဆောင်ထားတာက မော်တယ်လောကရဲ့ ကောင်းကင်တာအိုကို ရှောင်လွှဲချင်လို့လား’ ဒီဟာက ခန်းမှန်းချက်တစ်ခုသာမို့ ဟန်ကျွယ်ဟာ ဒီအချက်ကို စိတ်ချက်လက်ချ မယုံကြည်ရဲသေးပါဘူး။

ဟန်ကျွယ်သာ ကောင်းကင်ဘုံဝင်အဆင့်ကို ထိုးဖောက်လို့ ကောင်းကင်စမ်းသပ်မှုကို မရှောင်လွှဲနိုင်ခဲ့ရင် ဝီရိယတောင်တစ်ခုလုံး အမှုန့်အမှုန့်အညက်ညက် ဖြစ်ကုန်မှာပါ။ ဟန်ကျွယ် အတိဒုက္ခဖြတ်ကျော်အဆင့်ကို ထိုးဖောက်ခဲ့တုန်းက ရင်ဆိုင်ခဲ့ရတဲ့ ကောင်းကင်စမ်းသပ်မှုတောင် အရမ်းပဲ ကြောက်မက်ဖို့ကောင်းပါတယ်။ ကောင်းကင်ဘုံဝင်အဆင့်အတွက် ကောင်းကင်စမ်းသပ်မှုကတော့ ပြောမနေပါတော့နဲ့။

သေချာတွေးတောပြီးနောက် ဟန်ကျွယ်ဟာ ခရမ်းရင့်ရောင် ကျောက်တုံးကို ကောက်ယူပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဒီအခါ ဝူတောက်ကျန့်က မေးလိုက်ပါတယ် “သခင် ဘယ်သွားမလို့လဲ”

“ငါက အပြင်ခဏသွားမလို့၊ သိပ်မကြာဘူး၊ ပြန်လာခဲ့မယ်၊ နင် ဒီကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ နေနော်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ တစ်ခြားသူတွေကို မသိစေဘဲ တိတ်တဆိတ် ထွက်ခွာသွားပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ သူ အရင်တစ်ခေါက် ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့တဲ့ ဖုန်းဆိုးမြေကို ရောက်သွားပါတယ်။ နှစ်တစ်ရာကြာတာတောင် ဖုန်းဆိုးမြေမှာ မိုးတစ်ပေါက် မရွာသွန်းပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ကောင်းကင်စမ်းသပ်မှုရဲ့ စွမ်းအားကို မှန်းဆကြည့်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ခရမ်းရင့်ရောင် ကျောက်တုံးကို လက်နဲ့ကိုင်လိုက်ပြီး လေပေါ်မှာ တင်ပလ္လင်ခွေ ထိုင်လိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်ဘုံဝင်အဆင့်ကို စတင်ထိုးဖောက်ပါတယ်။ ကောင်းကင်ဘုံစမ်းသပ်မှုသာ ရောက်မလာခဲ့ရင် ဒီခရမ်းရင့်ကျောက်တုံးက တကယ့်ကို ပြိုင်စံရှားတဲ့ ရတနာတစ်ခု ဖြစ်လာမှာပါ။

.....

လိုဏ်ဂူတစ်ဂူအတွင်း စုချီဟာ ကြီးမားလှတဲ့ ဆေးအိုးကြီးထဲမှာ ထိုင်နေပါတယ်။ စုချီခန္ဓာကိုယ်ဟာ ဆေးစိမ်နေတာ ဖြစ်ပါတယ်။ စုချီရဲ့ အရေပြားဟာ နီရဲနေပြီး နာကျင်မှုကို ခံစားနေရကြောင်း သိသာထင်ရှားလှပါတယ်။

ဆေးအိုးကြီးဘေးနားက ပဋိပက္ခကောင်းကင်ခွေးဟာ စုချီကို စိုက်ကြည့်ပြီးနောက် လိုဏ်ဂူအပြင်ဘက်မှာ နေဝင်တာကိုကြည့်နေတဲ့ လူတစ်ယောက်ကို ကြည့်လိုက်ပါတယ်။

ဒီလူကတော့ ဂျိရှင်းရှန်ပဲ ဖြစ်ပါတယ်။

ဂျိရှင်းရှန်ဟာ လိုဏ်ဂူအပြင်ဘက်က ချောက်ကမ်းပါးစွန်းမှာ ထိုင်နေပြီး လက်ထဲမှာ ဝါးပုလွေကိုင်ကာ ပုလွေမှုတ်နေပါတယ်။ ခြောက်ကပ်ပြီး အထီးကျန်ဆန်လှတဲ့ ပုလွေသံဟာ လိုဏ်ဂူထဲကို ဝင်ရောက်လာပါတယ်။ ‌နေဝင်ဆည်းဆာအလင်းကလည်း ဂျိရှင်းရှန်ပေါ်ကို ဖြာကျနေပါတယ်။

ပဋိပက္ခကောင်းကင်ခွေးဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “သူ သတိရော ပြန်ရောအုန်းမှာလား” စုချီ သတိလစ်နေတာ ဆယ်နှစ်ကျော်ပါပြီ။ ဒါကြောင့် ပဋိပက္ခကောင်းကင်ခွေးဟာ မျှော်လင့်ချက်မဲ့လာတာပါ။

“မစိုးရိမ်ပါနဲ့၊ သူက ချီဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ခန္ဓာကိုယ်ထဲက စွမ်းအားကို မထိန်းသိမ်းနိုင်လို့ ဒုက္ခရောက်သွားတာ၊ သူက ငါလို့ပဲ သက်ရှိအားလုံးကို ဖိနှိပ်နိုင်တဲ့စွမ်းအားနဲ့ မွေးဖွားလာတာ၊ ကောင်းကင်အမတစံအိမ်ရဲ့ လျှို့ဝှက်ဆေးနည်းလမ်းအောက်မှာ သူ ပြန်ကောင်းလာလိမ့်မယ်”

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို တွေးမိလိုက်ပါတယ် ‘သူကလည်း ကျိန်းသေပေါက် သာမန်လူ မဟုတ်ဘူး’ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို ရှုံးနိမ်ခဲ့တာ ပြန်တွေးမိပြီး တော်တော်လေး မကျေမနပ် ဖြစ်သွားပါတယ်။ အဲဒါကြောင့် ရုတ်တရက် မတ်တတ်ရပ်ပြီး စကားတစ်ခွန်းမှမပြောဘဲ ထွက်ခွာသွားပါတော့တယ် ‘ငါ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းကို သုတ်သင်ပစ်ရမယ်’

ဂျိရှင်းရှန် ထွက်သွားတဲ့အခါမှာ ပဋိပက္ခကောင်းကင်ခွေးက စုချီကို ပြန်ကြည့်လိုက်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ ချီတုံချတုံ ဖြစ်နေပါတယ် ‘ငါ သူ့ကို ချီပိုးပြီး ထွက်သွားသင့်လား’

ဂျိရှင်းရှန်က သူတို့ကို ကယ်တင်ခဲ့တယ်ဆိုပေမဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ဂျိရှင်းရှန်ရဲ့အကြည့်ကို လုံးဝမကြိုက်ပါဘူး။ ဒါကြောင့် ပဋိပက္ခကောင်းကင်ခွေးဟာ ဘယ်လိုထွက်ပြေးရမလဲဆိုတာကို အရင်ကတည်းက ကြံစည်နေခဲ့တာပါ။

ပဋိပက္ခကောင်းကင်ခွေး ခန့်မှန်းတာ မမှားဘူးဆိုရင် ဂျိရှင်းရှန်က သူ့ကို စီးတော်ယာဉ် လုပ်ချင်ပြီး စုချီကို လက်အောက်ငယ်သားအဖြစ် ပြိုးထောင်ချင်နေတာပါ။

“ဟင်း... ငါ တကယ်ပဲ ရန်ဒေသကို ပြန်သွားချင်လိုက်တာ” ပဋိပက္ခကောင်းကင်ခွေးဟာ သက်ပြင်းချလိုက်ပါတယ်။ ဒီနေရာက ရန်ဒေသနဲ့ အရမ်းဝေးတဲ့အတွက် ပဋိပက္ခကောင်းကင်ခွေးဟာ ရန်ဒေသကို ပြန်ဖို့ ယုံကြည်ချက် မရှိပါဘူး။

‘ငါတို့ ပြန်သွားရင် ဂျိရှင်းရှန်က စိတ်ဆိုးသွားမလား’

‘သခင်က ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အရင်က သတ်လိုက်တယ်ဆိုတော့ အတိဒုက္ခဖြတ်ကျော်အဆင့်တော့ ရှိမှာပဲ၊ ဒါပေမဲ့ ဂျိရှင်းရှန်က ကောင်းကင်ဘုံဝင် ကျင့်ကြံသူကိုတောင် ယှဉ်တိုက်နိုင်တယ်’

ပဋိပက္ခကောင်းကင်ခွေးဟာ ဂျိရှင်းရှန်နဲ့ ဂျိနန်ဟယ် တိုက်ခိုက်နေတာကို ပြန်တွေးမိပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားပါတယ်။

.....

နှစ်ဝက်ကြာပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင်အဆင့်ကို အသံတစ်ချက်မထွက်ဘဲ ရောက်ရှိသွားပါတယ်။ အသံတစ်ချက်မထွက်တာက ကောင်းကင်စမ်းသပ်မှု ရောက်မလာခဲ့လို့ပါပဲ။ ဆိုလိုချင်တာကတော့ ခရမ်းရင့်ရောင်ကျောက်တုံးဟာ ဟန်ကျွယ် ခန့်မှန်းထားသလို့ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်တဲ့ နတ်ကျောက်တုံးပါ။

ဟန်ကျွယ်ဟာ လှုပ်ရှားနေတဲ့ သူ့စိတ်ကို ထိန်းချုပ်လိုက်ပြီး မြက်ခင်းပြင်ပေါ် ဆင်းသက်ကာ ကျင့်ကြံမှုကို တည်တံ့မြဲခိုင်အောင် လုပ်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်ရှိပြီးနောက်မှာ အမှန်တရား တော်တော်များများကို နားလည်သွားပါတယ်။ အထူးသဖြင့် မော်တယ်လောကရဲ့ စီစဉ်တကျ ဖြစ်ပျက်နေမှုကိုပေါ့။ ကောင်းကင်ဘုံဝင်အဆင့်ဟာ မော်တယ်လောကရဲ့ အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။ ကောင်းကင်ဘုံဝင် နဝမအဆင့် ထိပ်ဆုံးကို ရောက်တာနဲ့ မော်တယ်လောကကနဲ့ အတင်းအကြပ် နှင်ထုတ်ခံရမှာပါ။

ဟန်ကျွယ်ဟာ ဒီလောက်မြန်မြန်ကြီး အထက်ဘုံကို မတက်ချင်သေးပါဘူး။ ဒီခရမ်းရင့်ရောင်ကျောက်တုံးက ဟန်ကျွယ်ကို ကူညီကောင်း ကူညီနိုင်မှာပါ ‘ဒီကျောက်တုံးက ကောင်းကင်စမ်းသပ်မှုကို ရှောင်လွှဲနိုင်မှတော့ မော်တယ်လောကမှာ ဆက်နေဖို့ကိုလည်း ကူညီနိုင်လောက်မှာပါ’

ဟန်ကျွယ်ဟာ ဒီခန့်မှန်းချက်က အရမ်းဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဝူတောက်ကျန့်ရဲ့ ပြီးခဲ့တဲ့သခင် အမတနတ်ဘုရားကလည်း ဒီကျောက်တုံးကို အမှီပြုပြီး မော်တယ်လောကမှာ နေခဲ့တာ ဖြစ်နိုင်ပါတယ်။ မော်တယ်လောကမှာ ဆက်နေလို့ မရဘူးဆိုရင်တော့ ဟန်ကျွယ်တော့ ကောင်းကင်ဘုံကို မတက်ဘဲ ငရဲပြည်ဆင်းပြီး လေ့ကျင့်မှာ ဖြစ်ပါတယ်။

အခက်အခဲတစ်ခုကို နည်းလမ်းများစွာနဲ့ ဖြေရှင်းနိုင်ပါတယ်။

[ကောင်းကင်ဘုံဝင်အဆင့်အား ထိုးဖောက်နိုင်ခြင်းအတွက် ဂုဏ်ယူပါသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]

[၁။ မော်တယ်လောကမှခွာ၍ ကောင်းကင်ဘုံသို့တက်ပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် စိတ်ဝိညာဉ်ရတနာတစ်ပါးကို လက်ခံရရှိမည်။]

[၂။ ကောင်းကင်ဘုံသို့ မတက်ဘဲ ဆက်လက်ကျင့်ကြံအားထုတ်မည်။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်တဲ့အခါမှာ မျက်ခုံးပင့်တက်သွားပါတယ်။

‘ဒီစနစ်က ငါ့ကို အထက်ဘုံတက်အောင် ဖြားယောင်းနေတာပဲ... ကောင်းကင်ဘုံကို တက်လို့ လုံးဝမဖြစ်ဘူး’

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ချက်ချင်း ရွေးချယ်လိုက်ပါတယ်။

[သင်သည် ကောင်းကင်ဘုံသို့ မတက်ဘဲ ဆက်လက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ဆုလာဘ်အဖြစ် ရရှိမည်။]

[မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ဒုတိယအဆင့် ဧကရာဇ်နဂါး ရထားလုံးအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ဧကရာဇ်နဂါး ရထားလုံး: မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ဒုတိယအဆင့်။ စီးနင်းနိုင်သော ရတနာ အမျိုးအစားဖြစ်ပြီး မြေလျှောက်အမတတစ်ဦး၏ စွမ်းအားပြည့် တိုက်ချက်တစ်ချက်ကို တောင့်ခံနိုင်စွမ်း ရှိသည်။]

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘မြေလျှောက်အမတရဲ့ စွမ်းအားပြည့် တိုက်ချက်တစ်ချက်ကို တောင့်ခံနိုင်တာလား’

‘ဒါဆိုရင် ငါရဲ့ မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာတွေ အကုန်လုံးပေါင်းလိုက်ရင် မြေလျှောက်အမတကို ငါ့ကို မသတ်နိုင်တော့ဘူးလို့ ဆိုလိုတာလား’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ အံအားသင့်သွားပါတယ်။ ဒီလိုရတနာမျိုးက ဟန်ကျွယ် စိတ်ကြိုက်ပါပဲ။ ခံစစ်ရတနာတွေက ဟန်ကျွယ် အလိုချင်ဆုံး ရတနာတွေပါ။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို တည်တံ့ခိုင်မြဲအောင် ဆက်အားထုတ်ပါတယ်။ လဝက်ကြာပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်ပြီးကာ ကောင်းကင်ဘုံဝင်အဆင့်ရှိ ပါရမီရှင် ကျင့်ကြံသူတစ်ဦး ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို ချက်ချင်း ပြန်သွားပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ခုတင်ပေါ်မှာ ထိုင်လိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ သက်ပြင်းရှည်ကြီးချလိုက်ပြီး ရင်ဘက်ကိုသပ်ကာ ပြောလိုက်ပါတယ် “သခင်... နောက်ဆုံးတော့ ပြန်လာပြီပဲ၊ ကျွန်မက သခင် ကျွန်မကို စွန့်ပစ်သွားပြီထင်တာ”

“မစိုးရိမ်ပါနဲ့၊ ငါ မင်းကို စွန့်လွှတ်မယ်ဆိုရင်တောင် အပြင်ဘက်က ရတနာတွေကို မစွန့်လွှတ်ပါဘူး”

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကို နားမလည်တာကြောင့် ခေါင်းရှုပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ခရမ်းရင့်ရောင် ကျောက်တုံးကို ထုတ်ပြီး မေးလိုက်ပါတယ် “ဒီကျောက်တုံးကို ဘယ်လိုခေါ်သင့်လဲ” ဒီအချိန်မှာ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ အရင်စကားကို နားလည်သွားတာကြောင့် မကျေမနပ် ဖြစ်သွားပြီး နှုတ်ခမ်းတွန့်လိုက်ပါတယ်။

“ကောင်းကင်လွှဲကျောက်တုံးလို့ ခေါ်မယ်” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး ကျေနပ်အားရတဲ့အပြုံး ပြုံးလိုက်ပါတယ် ‘ငါရဲ့ နာမည်မှည့်စွမ်းက မဆိုးဘူးပဲ’

အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်လွှဲကျောက်တုံးကို လိုဏ်ဂူထောင့်တစ်နေရာကို ပစ်ချလိုက်ပြီး ဧကရာဇ်နဂါး ရထားလုံးကို ထုတ်ယူလိုက်ပါတယ်။ ဧကရာဇ်နဂါး ရထားလုံးဟာ လက်ဝါးပြင်လောက်သာ ရှိပြီး ရွှေရောင် တောက်ပနေပါတယ်။ ရွှေရောင်နဂါးလေးကောင်ဟာ ရွှေရောင်ရထားလုံးကို တင်ဆောင်ထားတာကြောင့် အလွန်မှ ကျက်သရေရှိလှပါတယ်။

ဟန်ကျွယ်ဟာ ဧကရာဇ်နဂါး ရထားလုံးကို ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။ လေးနာရီအကြာမှာတော့ ဟန်ကျွယ်ဟာ ဧကရာဇ်နဂါး ရထားလုံးကို ကိုယ်ပိုင်ပစ္စည်းလုပ်လို့ ပြီးစီးသွားပြီး စကြာဝဠာခါးပတ်ငယ်ထဲမှာ သိမ်းထားလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ရွှမ်ချင်းကျွင်းနဲ့ ထပ်တိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းရဲ့ ကျင့်ကြံမှုအဆင့်ကို မဖိနှိပ်ပဲ ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်နဲ့ တန်းရင်ဆိုင်ပါတယ်။

မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်း။

တစ်ချက်တည်းသေ။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပိုပြီးတော့ ယုံကြည်ချက် ရှိသွားပါတယ်။ အခုအချိန် မော်တယ်လောကမှာ ဟန်ကျွယ်ကို သတ်နိုင်တဲ့လူ မရှိလောက်တော့ပါဘူး။

ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို ထပ်မံသုံးသပ်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ဆန်းကြယ်စွမ်းအားတွေကို ထပ်မြှင်တင့်နိုင်လိမ့်မယ်လို့ ခံစားလိုက်ရလိုက်ပါတယ်။ ဒီဟာက ဆန်းကြယ်စွမ်းအားရဲ့ စွမ်းအားကို တိုးပွားစေတာ မဟုတ်ပါဘူး။ ဆန်းကြယ်စွမ်းအားရဲ့ အနှစ်သာရကို ပေါ်လွင်ထင်ရှားအောင် လုပ်တာပါ။

တစ်လကြာပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ခပ်မြန်မြန် လျှောက်လိုက်တာကြောင့် ကျန်းကူရှင်းနဲ့ မကြာခင်မှာပဲ တွေ့လိုက်ရပါတယ်။

ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ဒေါသတကြီး ဆူပူပါတော့တယ် “မင်း ဘယ်လိုဖြစ်ပြီး ထပ်ရောက်လာတာလဲ၊ ဆန်းကြယ်စွမ်းအားကိုပဲ အဆင့်မြှင့်နေတာလား၊ ကောင်းကောင်းမွန်မွန် ကျင့်ကြံပြီး မင်းကျင့်ကြံမှုတိုးအောင် မလုပ်ဘူးလား”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters