← Chapters

ထျန်းရွှေမြို့

Vol. 002 Ch. 73

ထျန်းရွှေမြို့

Vol. 002 Ch. 73

ဝမ်လင်းက လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ ချီစုစည်းခြင်း အဆင့်၏ အထွတ်အထိပ်ကို လွန်ခဲ့သော ၂နှစ်ကတည်းက ရောက်နေခဲ့ပြီး ကျန်သည့် ၂နှစ်လုံးလုံး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်သို့ ရောက်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

သို့သော် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို မရောက်သေးသော်လည်း သူ၏ခန္ဓာကိုယ်မှ ကျင့်ကြံခြင်း အဆင့်ကွာဟမှုသည် တော်တော်လေး လျော့နည်းသွား၏။ ယခင်က အလွှာ၃ဟု မြင်ရသော်လည်း ယခုအချိန်တွင် အလွှာ၈ဟု မြင်နေရပြီ ဖြစ်သည်။

ဝမ်လင်းက ရေရွတ်လိုက်သည်…“ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်…” ထို့နောက် ဆုံးဖြတ်ချက် ချလိုက်သကဲ့သို့ ရုတ်တရက် သူ့မျက်လုံးက တောက်ပသွား၏။ ဝမ်လင်းက သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်ရာ ခမ်းခမ်းနားနား တောက်ပနေသော ဓားတစ်ချောင်း ထွက်လာကာ သူ့ကို လှည့်ပတ်နေပြီး နောက်ဆုံးတွင် သူ့ရှေ့ ၌ ရပ်တန့်သွား၏။

ဝမ်လင်းက ဓားပေါ်တွင် ရပ်လိုက်ပြီး အလင်းတန်း တစ်ခုအဖြစ် ပျောက်ကွယ်သွား၏။

ထိုအခါမှ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် သားရဲအားလုံး စိတ်သက်သာရာ ရသွားပြီး လျင်မြန်စွာ အုပ်စုခွဲပြီး ထွက်သွားကြသည်။

ဝမ်လင်းသည် တောင်များ၊ မြေပြန့်များ၊ သစ်တောများ၊ ရွာများ တစ်ခုပြီး တစ်ပြီး ဖြတ်ကျော်လာပြီး မျက်စိတစ်မှိတ် အတွင်း၌ပင် သူ့မွေးရပ်မြေ ရွာလေးက သူ၏မြင်ကွင်းထဲ ဝင်ရောက်လာသည်။ သူက အနည်းငယ် စဉ်းစားလိုက်ပြီး တုံ့ဆိုင်းခြင်း ကင်းမဲ့စွာဖြင့် ရွာကို ကြည့်ပင် မကြည့်ဘဲ ဖြတ်ကျော်သွားလိုက်၏။

ဟုန်ယွီတောင်သည် ကျောင်းနိုင်ငံ၏ မြောက်ပိုင်း နယ်နိမိတ်တွင် ရှိပြီး အလွန် ချောင်ကျကာ အနီးအနားတွင် သေးငယ်သော ရွာများသာ ရှိ၏။ ဝမ်လင်းသွားမည့် နေရာက ဟုန်ယွီတောင်နှင့် ကီလိုမီတာ တစ်သောင်း အကွာခန့်တွင် ရှိသော ထျန်းရွှေမြို့ဖြစ်သည်။ ထျန်းရွှေမြို့သည် ကျောင်းနိုင်ငံ မြောက်ပိုင်းတွင် အကြီးမားဆုံးမြို့ ဖြစ်၏။

ဝမ်လင်းက ထျန်းရွှေမြို့အကြောင်း ကြားသာ ကြားဖူးသည်။ သူ့ဆရာ၏ ပြောပြချက်အရ ထျန်းရွှေမြို့တွင် စစ်သည်၁ သိန်းခန့် အခြေစိုက် တည်ရှိသည်။ ဝမ်လင်းက ကလေးဘဝ ကတည်းက ထိုမြို့ကို သွားရောက်ချင်ခဲ့၏။

ကျင့်ကြံခြင်း လောကထဲ မဝင်ခင်က သူ၏အကြီးမားဆုံး အိပ်မက်သည် ပြည်နယ် စာမေးပွဲတွင် သူ့နာမည်ကို ရေးထိုးနိုင်စေရန် ဖြစ်ပြီး မြို့တော်တွင် အဆင့်အတန်း မြင့်သည့်အရာရှိ အာဏာပိုင် တစ်ယောက် ဖြစ်လာရန် ဖြစ်သည်။ သူ့မိဘတွေကလည်း ထိုသို့ လုပ်စေချင်ခဲ့သည်။

သူ၏စိတ်ထဲတွင် ငယ်ဘဝက ဖြစ်ချင်ခဲ့သည်များကို အမှတ်ရသွားပြီး ပြုံးမိလိုက်ကာ ထျန်းရွှေမြို့ဆီသို့ ဦးတည် ပျံသန်းလိုက်၏။

၁၀ရက် ကြာပြီးနောက် လေထဲတွင် ပျံသန်းရင်း စစ်ထူနန်၏ လှောင်ပြောင် ရယ်မောသံများကြောင့် စိတ်ရှုပ်ထွေး လာရသည်။

“မင်း ရက်အများကြီး ပျံသန်းနေတာကို ငါ မြင်နေရတယ်… မင်း လမ်းသိတယ်လို့ ငါ ထင်နေခဲ့တာ… ဒါပေမဲ့ မင်းက မသိဘူးပဲ…”

ဝမ်လင်းက နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်သည်…

“အဲဒီ သစ်တောတွေထဲ ငါ့ကို သွားဖို့ မပြောခဲ့ရင် အခုချိန် သေချာပေါက် ငါ မြို့ကို မြင်နေရလောက်ပြီ…”

စစ်ထူနန်က ရယ်မောလိုက်၏…

“လမ်းမှာ သစ်တောတွေ အများကြီးပဲ… ဒါကြောင့် ပုတီးစေ့က သစ်သားဒြပ်စင် တချို့ကို စုပ်ယူနိုင်ဖို့ အခွင့်အရေး ရှိတယ်… ငါက မင်းကောင်းဖို့ လုပ်တာပါ…”

ဝမ်လင်းက ထပ်ပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်လိုက်၏။ အောက်တွင် လေးဘီး လှည်းတန်းကြီးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

***

လျိုစန်းသည် ထျန်းရွှေမြို့ထဲတွင် ဧရာမ အစောင့်အရှောက်အဖွဲ့မှ ခေါင်းဆောင် ဖြစ်၏။ သူ့ခန္ဓာကိုယ်က အလွန် မတုတ်ခိုင်သော်လည်း တောင်ခွဲ လက်ဝါးသိုင်းကို အဆင့်အတန်း မြင့်မြင့် တတ်ကျွမ်းထားသော လူတစ်ယောက် ဖြစ်သည်။ ထျန်းရွှေမြို့ထဲတွင် သူ့ကို ထိပ်သီး ကျွမ်းကျင်သူ တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ ပုံမှန်ဆိုလျှင် အလုပ်လုပ်သည့် အခါ သူကိုယ်တိုင် လိုက်ပါလေ့ မရှိပေ။

သည်တစ်ကြိမ် စောင့်ရှောက်ပို့ဆောင် ပေးရသည့်ပစ္စည်းက အလွန် အရေးကြီးပြီး လူအများကို ဆွဲဆောင်နိုင်သည်။ ထို့ကြောင့်ပင် မြောက်ပိုင်းမိသားစုက သူကိုယ်တိုင် လိုက်ပို့ ခိုင်းလိုက်ခြင်း ဖြစ်၏။

လျိုစန်းသည် အလွယ်တကူ ခင်မင်တတ်သော လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် အစောင့်အရှောက် လုပ်ငန်းအဖွဲ့ရှိ လူတိုင်းက သူ့ကို မျက်နှာသာ ပေးတတ်ကြသည်။ ယခုအချိန်တွင် သူက မြင်းပေါ်တွင် ဂုဏ်ယူ ဝင့်ကြွားသည့်ဟန်ဖြင့် အေးဆေးသက်သာစွာ စီးနင်း လိုက်ပါလာသည်။ သည်တစ်ကြိမ် ပို့ပေးရသည့် ပစ္စည်းကြောင့် လမ်းတွင် သူခိုး၊ ဓားပြများစွာနှင့် ကြုံတွေ့ရ၏။ သူတို့အားလုံး၏ ရင်ထဲတွင် ထိတ်လန့် နေသော်လည်း အသက်အန္တရာယ် မရှိသလိုပင် ဟန်ဆောင်ထား ကြသည်။ သူတို့အတွက် အန္တရာယ်အများဆုံး အချိန်က သစ်စိမ်းဓားပြများ လာရောက် တိုက်ခိုက်သည့်အချိန် ဖြစ်၏။ သို့သော်လည်း သူတို့က လျိုစန်းကို မြင်သည့်အခါ လျိုစန်းကို မျက်နှာသာ ပေးလိုက်သည့် သဘောဖြင့် မတိုက်ခိုက်တော့ပေ။ ထိုအချက်က လျိုစန်းကို သူ့ကိုယ်သူ ဂုဏ်ယူ သွားစေသည်။

သူက မျက်လုံးကို မှိတ်ပြီး အပန်းဖြေကာ လိုက်ပါလာသည်။ ထျန်းရွှေမြို့က ရှေ့တွင် ရောက်တော့မည် ဖြစ်သည့်အတွက် မြောက်ပိုင်းမိသားစုက လုပ်ခိုင်းထားသော လုပ်ငန်းတာဝန်က ပြီးတော့မည်ဟု သတ်မှတ်နိုင်သည်။

လျိုစန်း၏ ညာဘက် မြင်းပေါ်တွင် သန်မာ ထွားကျိုင်းပြီး ငယ်ရွယ်သော လူငယ်တစ်ယောက်က စီးနင်းလိုက်ပါလာ၏။ ထိုလူငယ်က ရယ်မောပြီး မေးလိုက်သည်…

“ခေါင်းဆောင်… ဒီတစ်ခါ ပို့ဆောင်ပေးရတဲ့ အလုပ်ပြီးသွားပြီ ဆိုရင် မြောက်ပိုင်း မိသားစုက ကျွန်တော်တို့ကို ဘယ်လောက် ပေးမယ်လို့ထင်လဲ…”

မျက်နှာမည်းနှင့် လူကြီးတစ်ယောက် ကလည်း ပြောလိုက်သည်..

“ခေါင်းဆောင်… ဒီတစ်ခါ ပစ္စည်းက အရေးကြီးတော့ သင့်တင့် လျောက်ပတ်တဲ့ အခကြေးငွေတော့ ရသင့်တယ်မလား…”

လျိုစန်းက သူတို့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်…

မြောက်ပိုင်း မိသားစုက ဘယ်တုန်းက လိမ်ညာဖူးလို့လဲ… စောင့်ကြည့်လိုက်ပါ… ဒီကိစ္စကို စိုးရိမ်မနေကြနဲ့…”

လူငယ်က မြင်းကို ပုတ်ပြီး ပြောလိုက်သည်…

“ခေါင်းဆောင်ရဲ့ စကားကြားရတာ တကယ်ပဲ စိတ်သက်သာရာ ရတယ်…”

မျက်နှာမည်းနှင့် လူကြီးကလည်း ရယ်မောလိုက်၏။ ရုတ်တရက် သူက မေးလိုက်သည်…

“ခေါင်းဆောင်… ဟိုမှာ လူတစ်ယောက် ရပ်နေတာကို မြင်လား…”

လျိုစန်းကလည်း အာရုံစိုက်ပြီး ကြည့်လိုက်ရာ လမ်းပေါ်တွင် ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ သူ့မျက်နှာက အနည်းငယ် ပျက်သွားပြီး ပြောလိုက်သည်…

“ယန်စန်း… သူဘာလုပ်နေတာလဲ သူကို့ သွားမေးစမ်း… သူက အကူအညီ လိုနေရင်လည်း ငွေတချို့ ပေးလိုက်… လူတိုင်းမှာ အခက်အခဲတွေတော့ ရှိကြတာပဲ…”

ယန်စန်းက ခေါင်းကို မော့လိုက်ပြီး မြင်းကို ထိုလူဆီသို့ လမ်းကြောင်း တည့်ပေးလိုက်သည်။ သူက ထိုလူအနားသို့ ရောက်သောအခါ အရှိန်ကို နှေးလိုက်ရမည့် အစား မြန်တောင် မြန်လိုက်၏။

ထိုအခြင်းအရာကို လျိုစန်း မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ် သွား၏။ ယန်စန်းက အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လေ့ ရှိသော်လည်း သူတစ်ခုခု လုပ်လိုက်လျှင် တခြားသူများကို ကျဉ်းထဲကျပ်ထဲ ရောက်သွား စေတတ်သည်။

မျက်နှာမည်းနှင့် လူကြီးက ရယ်မောပြီး ပြောလိုက်သည်…

“ဒီကောင်လေး ကတော့ ဘာကိုမှ မကြောက်တတ်တာပဲ… ဒါပေမဲ့ သူက မြင်းစီးတာကိုတော့ ကောင်းကောင်း ကျွမ်းကျင်သား…”

လမ်းပေါ်တွင် ရပ်နေသည့်လူက ဝမ်လင်း ဖြစ်၏။ သူက လှည်းတန်းကြီးမှ တစ်စုံတစ်ယောက် ထွက်လာသည်ကို မြင်လိုက်သည်။ ထိုလူက လျင်မြန်စွာပင် သူ့ရှေ့သို့ ရောက်လာ၏။

ယန်စန်းက ရပ်နေသည့်လူ အနီးသို့ ရောက်၍ မြင်းကို ရပ်တန့်လိုက်သော အခါ သူ့မျက်နှာတွင် အံ့ဩသည့် အမူအရာ ပေါ်လာသည်။ ထိုလူက အလွန်ငယ်ရွယ် သေးသော်လည်း အလွန် တည်ငြိမ်နေ၏။ သူ၏အရှိန်ကို မကြောက်လန့်သည့် လူငယ်လေးကို သဘောကျသွားသည်။ သူက မြင်းကို လှည့်လိုက်ပြီး ဝမ်လင်း၏ဘေးတွင် မြက်စားခိုင်းလိုက်သည်။

သူက ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်ပြီး ပြောလိုက်သည်…

“ထျန်းရွှေမြို့ ဧရာမ အစောင့်အရှောက်အဖွဲ့က ယန်စန်းပါ… မိတ်ဆွေက အကူအညီ တစ်ခုခုများ လိုလို့လား…”

ဝမ်လင်း၏ အကြည့်က ယန်စန်းကို စစ်ဆေးကြည့် သကဲ့သို့ ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ပြီး ပြန်ပြောလိုက်၏…

“ကျွန်တော်က ထျန်းရွှေမြို့ကို သွားတဲ့လမ်းကို ရှာနေတာပါ… မိတ်ဆွေတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်…”

ယန်စန်းက မှင်တက်သွားသည်။ ဝမ်လင်းကို အကြိမ်ရေ အနည်းငယ်ခန့် ထပ်ကြည့်လိုက်၏။ အထူးသဖြင့် ဝမ်လင်း၏ လက်နှင့်ခေါင်းကို ဖြစ်သည်။ ထို့နောက် သူက ပြုံးပြီး ပြောလိုက်သည်…

“ကိစ္စမရှိပါဘူး… ထျန်းရွှေမြို့က သိပ်မဝေးတော့ဘူး… မိတ်ဆွေက ထျန်းရွှေမြို့ကို ဘာအတွက် သွားမှာလဲ…”

ယန်စန်းက ဝမ်လင်းကို နောက်ထပ် အနည်းငယ် ထပ်ကြည့်လိုက်၏။ ထိုအချိန်တွင် လှည်းတန်းက မီလာပြီး အသံတစ်ခုက အော်ပြောလိုက်သည်…

“ယန်စန်း… ဘာလုပ်နေတာလဲ…”

ယန်စန်းက မြင်းကို လှည့်ပြီး ပြန်အော်ပြော လိုက်၏…

“သိုင်းပညာကိုတောင် မသိတဲ့ လူငယ်လေး တစ်ယောက်က ထျန်းရွှေမြို့ကို သွားတဲ့လမ်း မေးနေလို့…”

လျိုစန်းက မြင်းဇက်ကြိုးကို ကိုင်ပြီး လျင်မြန်စွာ ရောက်လာသည်။ သူက ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်…

“မိတ်ဆွေရဲ့ နာမည်က ဘယ်သူများလဲ…”

ဝမ်လင်းက လက်နှစ်ဖက်ကို ဆုပ်ပြီး ပြောလိုက်သည်…

“အစောင့်အရှောက် ခေါင်းဆောင်… ကျွန်တော့်နာမည်က ဝမ်လင်းပါ… ဒီတစ်ကြိမ်က အိမ်ကနေ ပထမဆုံး ထွက်ဖူးတာပါ… ဒါကြောင့် ခေါင်းဆောင်က ကျွန်တော့်ကို ထျန်းရွှေမြို့ကို သွားတဲ့လမ်းကို ညွှန်ပေးဖို့ မျှော်လင့်ပါတယ်…”

***

All Chapters