← Chapters

ကောင်းကင်ဘုံဝင် ကျင့်ကြံသူ၏ ဟောကြားမှု၊ ယဇ်ပူဇော်ရန် ပြင်ဆင်ခြင်း

Vol. 9 Ch. 131

ကောင်းကင်ဘုံဝင် ကျင့်ကြံသူ၏ ဟောကြားမှု၊ ယဇ်ပူဇော်ရန် ပြင်ဆင်ခြင်း

Vol. 9 Ch. 131

အခန်း (၁၃၁) ကောင်းကင်ဘုံဝင် ကျင့်ကြံသူ၏ ဟောကြားမှု၊ ယဇ်ပူဇော်ရန် ပြင်ဆင်ခြင်း

ဖူစန်းသစ်ပင်ဆီ ရောက်သွားတဲ့အခါ မုရုံချီပြန်လာတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ မုရုံချီဟာ ဖူစန်းသစ်ပင်အောက်မှာ ထိုင်ပြီး ကြိုးကြိုးစားစား ကျင့်ကြံနေပါတယ်။

ငရဲကြက်နက်ကတော့ ဖူစန်းသစ်ပင်ပေါ်မှာ ငိုက်နေပါတယ်။ ရွှင်ချန်အန်းကတော့ ချောက်ကမ်းပါးစွန်းမှာထိုင်ပြီး ကောင်းကင်ကို မျှော်ကြည့်နေပါတယ်။ ဟန်ကျွယ်ဟာ ရွှင်ချန်အန်း ဘာစဉ်းစားနေမှန်း မသိပေမဲ့ တစ်ခုခုကို စိုးရိမ်နေမှန်း သိလိုက်ပါတယ်။

ကောင်းကင်ပေါ်မှာ နေသုံးစင်းရှိနေတုန်း ဖြစ်ပြီး ရွှေကျီးကန်းငယ်လေး နှစ်ကောင်ဟာ မော်တယ်လောကကို မဝင်နိုင်သလို ထွက်လည်း မသွားချင်ကြပါတယ်။ တော်တော်လေးကို စိတ်ရှည်တဲ့ ရွှေကျီကန်းပါ။

မုရုံချီဟာ ဟန်ကျွယ် လျှောက်လာတာကို တွေ့လိုက်ရတဲ့အခါမှာ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်ပါတယ်။ ဟန်ကျွယ်က မဆိုစလောက် ခေါင်းညိတ်ပြလိုက်ပါတယ်။

မုရုံချီဟာ ဟန်ကျွယ်ဆီ လျှောက်သွားပြီး ခပ်လန့်လန့်နဲ့ မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော်ကို လမ်းညွှန်ပေးလို့ ရမလား”

“ဘာကို လမ်းညွှန်ပေးရမှာလဲ”

“လောကမှရှိတဲ့ တာအိုတွေထဲမှာ ဘယ်တာအိုက အားအကြီးဆုံးလဲ၊ ဓားတာအိုက အားအကြီးဆုံးလား”

“လောကမှာ အားအကြီးဆုံးတာအို မရှိဘူး၊ အားအကြီးဆုံး ကျင့်ကြံသူပဲ ရှိတယ်”

“ဆရာဘိုးဘိုး... ဓားတာအိုက ကျွန်တော်နဲ့ မသင့်တော်ဘူးလို့ ခံစားရတယ်”

မုရုံချီဟာ တော်တော်လေး စိုးရိမ်နေပါတယ်။ ဒီအတောအတွင်း ဂိုဏ်းတာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်တဲ့အခါ သူ့တိုက်ရည်ခိုက်ရည်က ပါရမီရှင်တွေနဲ့ တိုက်ရည်ခိုက်ရည်နဲ့ မယှဉ်နိုင်တာကို မုရုံချီ တွေ့လိုက်ရပါတယ်။ မုရုံချီဟာ သူ့ကိုယ်သူ အသုံးမကျဘူးလို့တောင် ခံစားလာရပါတယ်။

ဟန်ကျွယ်က အေးအေးဆေးဆေးနဲ့ ပြန်မေးလိုက်ပါတယ် “အဲဒါဆိုရင် ဘယ်တာအိုက မင်းနဲ့ သင့်တော်မယ်လို့ ထင်လဲ”

“ကျွန်တော်လည်း သေချာမသိဘူး”

“ဒါဆို သွားလေ့လာလေ၊ ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ ပညာရပ်တွေ အများကြီးပဲ၊ အဲဒီထဲက တစ်ခုကတော့ မင်းနဲ့ သင့်တော်မှာပါ၊ မင်းနဲ့ သင့်တော်တာကိုတွေ့ရင် ငါ့ဆီလာခဲ့ချည်၊ ငါကိုယ်တိုင် လမ်းညွှန်ပေးမယ်”

“ကျေးဇူးပါပဲ ဆရာဘိုးဘိုး” မုရုံချီဟာ ကျေနပ်သွားပြီး ဟန်ကျွယ်ကို ဦးညွှတ်ကာ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ကြည့်လိုက်ပါတယ်။ ဖူစန်းသစ်ပင်က တော်တော်လေးကို ရှည်လျားနေပါပြီ။ ဖူစန်းသစ်ပင်ပေါ်က မြေအမတဘူးပင်ကလည်း ကောင်းကောင်းမွန်မွန်နဲ့ ရှင်သန်ကြီးထွားနေပါတယ်။ ဒီမြေအမတဘူးပင်က ဘယ်အချိန် အပွင့်ပွင့်မလဲဆိုတာကိုတော့ ဟန်ကျွယ်လည်း မခန့်မှန်းနိုင်ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏကြည့်ရှုပြီးနောက် ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်ကာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ နဝမအဆင့်ကို လေ့ကျင့်ပါတယ်။

တစ်နှစ်ကြာပြီးနောက်။

ကြီးမားပြီး အလွန်တရာကျယ်တဲ့ အကျဉ်းထောင်ခန်းမမှာ လက်ယာကျင့်ကြံသူ သောင်းချီဟာ ကျင့်ကြံအားထုတ်နေကြပါတယ်။ ခန်းမတစ်ခုလုံး နတ်ဆိုးရောင်ဝါနဲ့ ပြည့်နှက်နေပြီး ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စဉ်ဆက်မပြတ် တိုက်စားတာကြောင့် ကျင့်ကြံသူတွေဟာ ကျင့်ကြံအားထုတ်ပြီးတော့ပဲ နတ်ဆိုးစွမ်းအားကို ကျားကုတ်ကျားခဲ ခုခံရပါတယ်။

ရှင်းဟုန်ရွှမ်နဲ့ နတ်မိမယ်ရှီရွှမ်ဟာလည်း ကျင့်ကြံအားထုတ်နေကြပါတယ်။ သူတို့နှစ်ဦးဟာ ဂူအောင်းသလို ကျင့်ကြံအားထုတ်နေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ပါဘူး။

“ဝုန်း...”

ခန်းမတံခါးဟာ ရုတ်တရက်ပွင့်သွားပြီး ခန္ဓာကိုယ် ထွားကျိုင်းသန်မာတဲ့ မိစ္ဆာဘုန်းကြီး ဝင်လာပါတယ်။ မိစ္ဆာဘုန်းကြီးဟာ ခန်းမထဲကို ကျင့်ကြံသူတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ် “မင်းတို့မှာ နှစ်ဝက် ရှိသေးတယ်၊ နတ်ဆိုးလမ်းစဉ်ထဲ ဝင်မယ်ဆိုရင် အပြင်ဘက်က လက်ဝဲကျင့်ကြံသူတွေကို အချိန်မရွေး သတင်းပို့နိုင်တယ်၊ ဒီနှစ်ဝက်ကုန်တာနဲ့ မိစ္ဆာကြိုဆိုပွဲကို စတင်ကျင်းပလိမ့်မယ်၊ နတ်ဆိုးလမ်းစဉ်ထဲ မဝင်ချင်တဲ့သူကတော့ ဒီမိစ္ဆာကြိုဆိုပွဲမှာ ယဇ်ကောင်ပဲ”

မိစ္ဆာဘုန်းကြီးဟာ ပြောဆိုပြီးတာနဲ့ ပြန်လှည့်သွားပါတယ်။

“‌စောင့်ပါအုန်း၊ ကျွန်တော် လက်ဝဲကျင့်ကြံသူ လုပ်မယ်” သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဟာ လှမ်းအော်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။

ဘေးနားပတ်ဝန်းကျင်က ကျင့်ကြံသူတွေဟာ သက်လတ်ပိုင်းအမျိုးသားကို ဒေါသတကြီး ကြည့်လိုက်ပါတယ်။ အဲဒီထဲက ကျင့်ကြံသူတစ်ဦးဟာ ဓားဆွဲထုတ်ပြီး သက်လတ်ပိုင်းအမျိုးသားကို သတ်မလို့ လုပ်ပါတယ်။ ဒါပေမဲ့ နတ်ဆိုးချီတစ်မျှင်က ရုတ်တရက်ပေါ်လာပြီး ဓားကို ကာကွယ်ပေးလိုက်ပါတယ်။

သက်လတ်ပိုင်းအမျိုးသားဟာ ဒီအဖြစ်ကြောင့် ကျေနပ်အားရသွားပါတယ်။ တစ်ခြား ကျင့်ကြံသူတွေကလည်း ဒီဖြစ်ရပ်ကို မြင်တဲ့အခါမှာ ဆက်ပြီးတော့ တောင့်ခံနိုင်စွမ်း မရှိတော့ပါဘူး။

“ကျွန်တော်လည်း နတ်ဆိုးလမ်းစဉ်ထဲဝင်မယ်”

“ကျွန်တော်ရောပဲ”

“စီနီယာ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကာကွယ်ပေးပါ”

“ငါ မသေချင်သေးဘူး၊ အားလုံးကို တောင်းပန်ပါတယ်”

“တာအိုရောင်းရင်းတို့ ကျုပ်တို့တွေ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ၊ ကျုပ်တို့တွေ တကယ်ကို မခုခံနိုင်တော့ဘူး”

လက်ယာကျင့်ကြံသူတွေဟာ တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်လာကြပါတယ်။

ယွီဂျင်ဂိုဏ်းတော်ကြီးက တပည့်တွေလည်း ဒီမြင်ကွင်းကြောင့် စိတ်ယိမ်းယိုင်လာပါတယ်။ ဒါကိုသိတဲ့ တာအိုသခင်ကျိုးတိက လေးနက်တဲ့အသံနဲ့ ပြောလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေက လူတော်လူကောင်းတွေ၊ ဒီလိုနတ်ဆိုးတွေဆီမှာ အညံခံလို့ မဖြစ်ဘူး”

တာအိုသခင်ကျိုးတိရဲ့ စကားကြောင့် ဂိုဏ်းတပည့်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ဘယ်သူမှ မတ်တတ်မရပ်ကြတော့ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ သိုလှောင်လက်စွပ်ထဲကို အသံလွှင့်ခေါ်လိုက်ပေမဲ့ ဟန်ကျွယ်ကို ပြန်မဖြေတာကြောင့် သက်ပြင်းချရုံပဲ တက်နိုင်ပါတော့တယ်။

လက်ရှိအခြေအနေမှာ ဟန်ကျွယ်က သူတို့ကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ် ကိုယ်တိုင်လာမယ်ဆိုရင်တောင် တစ်ခဏအတွင်း ရောက်ရှိလာမှာ မဟုတ်ပါဘူး။ ဒီနေရာကို ရောက်လာဖို့အတွက် သုံးလေးနှစ် အချိန်ယူရမှာပါ။

.....

ငါးလကြာပြီးနောက် မုရုံချီဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ ဒီတစ်ခါမှာတော့ မုရုံချီဟာ သူနဲ့ သင့်တော်တဲ့တာအိုကို ရှာဖွေတွေ့ရှိသွားပါပြီ။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ပြီး မုရုံချီကိုခေါ်ကာ ဖူစန်းသစ်ပင်အောက်မှာ အတူထိုင်လိုက်ပါတယ်။

ဝူတောက်ကျန့်ကလည်း ပျော်စရာလို့ထင်တဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူထဲကထွက်ပြီး ဖူစန်းသစ်ပင်အောက် ရောက်လာပါတယ်။

ငရဲကြက်နက်ကလည်း မျက်လုံးဖွင့်ပြီး ဟန်ကျွယ်တို့ကို သိချင်စိတ်နဲ့ ကြည့်နေပါတယ်။

“ဆရာဘိုးဘိုး... ကျွန်တော့် တာအိုလက်နက်က လှံ ဒါမှမဟုတ် ရှည်လျားတဲ့ လက်နက်လို့ ထင်တယ်၊ ဒါပေမဲ့ ကျင့်ကြံသူတွေက လက်နက်ရှည်တွေကို အသုံးပြုခဲတယ်၊ လက်နက်ရှည်တွေကို သေမျိုးတွေရဲ့ စစ်ပွဲမှာပဲ အသုံးပြုကြတာ”

ဟန်ကျွယ်ဟာ မုရုံချီရဲ့ တာအိုလက်နက်ကို ကြားလိုက်ရလို့ အံအားသင့်သွားခြင်း မရှိပါဘူး ‘မင်းက ရှန်နန်းတော်ရဲ့ စစ်နတ်ဘုရားစစ်စစ်ပဲ’

ဒဏ္ဍာရီထဲမှာရော သေမျိုးလောကမှာရော စစ်နတ်ဘုရား အများစုက လက်နက်ရှည်တွေကို ကိုင်စွဲကြပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဖူစန်းသစ်ပင်ရဲ့ အကိုင်းတစ်ကိုင်းကို ကောက်ဖြတ်လိုက်ပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး လှံသွားဖြစ်အောင် ဖန်တီးလိုက်ပါတယ်။ ပြီးတော့မှ မုရုံချီကို ပေးလိုက်ပါတယ် “အခုအချိန်ကစပြီး ဒါက မင်းလှံပဲ”

မုရုံချီဟာ ဖူစန်းသစ်ကိုင်းကနေ ဖန်တီးထားတဲ့ လှံကို ကိုင်ကြည့်ပြီး မှင်သက်အံဩသွားပါတယ်။ မုရုံချီဟာ ဒီလှံကို မလိုချင်တာ မဟုတ်ပေမဲ့ ဟန်ကျွယ်ရဲ့ အပြုအမူကြောင့် ကြက်သေသေသွားတာပါ။

ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ရဲ့ တန်ဖိုးအရှိဆုံး ရတနာတစ်ပါး ဖြစ်ပါတယ်။ နေနှစ်စင်းကိုတောင် ဆွဲဆောင်နိုင်တဲ့အတွက် နတ်သစ်ပင်မှန်း မုရုံချီ သိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က သူ့လက်နက်အတွက် ဒီရတနာသစ်ပင်ရဲ့ သစ်ကိုင်းကို ဖြတ်ပစ်လိမ့်မယ်လို့ မုရုံချီ ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး။

[မုရုံချီသည် သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

“ဆရာဘိုးဘိုး... ဒါက...” မုရုံချီဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

ရွှင်ချန်အန်းကလည်း ချက်ချင်းပဲ ပြောလိုက်ပါတယ် “ဆရာသခင်... ဒီလို မလုပ်ပါနဲ့”

ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက ဒီသစ်ကိုင်းကို ပြန်ဆက်နိုင်လို့လား”

ဟန်ကျွယ်အမေးကြောင့် ရွှင်ချန်အန်းဟာ ကသိကအောက် ဖြစ်သွားပြီး ဘာမှထပ်မပြောတော့ပါဘူး။

“ဒီနေ ငါ မင်းတို့ကို မိုးကောင်းနဲ့ မြေကြီးရဲ့ အဓိပ္ပာယ်စစ်ကို ဟောကြားမယ်၊ မင်းတို့တွေ ဆန်းကြယ်စွမ်းအားပဲ ရမလား တာအိုပညာပဲရမလား ကြည့်ကြတာပေါ့”

အဲဒီနောက် ဟန်ကျွယ်ဟာ စတင်ဟောကြားပါတယ်။ ကောင်းကင်ဘုံဝင် ကျင့်ကြံသူရဲ့ ကိုယ်တိုင်သင်ကြားမှုကို ရရှိတာက သာမန်ကံကောင်းမှုတစ်ခုတော့ မဟုတ်ပါဘူး။ ကောင်းကင်အမတစံအိမ်ရဲ့ လက်ရွေးစင်တပည့်တွေမှာတောင် ဒီလိုကံကောင်းမှုမျိုး မရှိပါဘူး။

ဟန်ကျွယ်ရဲ့ စကားသံဟာ ခက်ခဲနက်နဲလွန်းတာကြောင့် မုရုံချီနဲ့ တစ်ခြားတပည့်တွေကို ထိုးထွင်းသိမြင်မှုနဲ့ သုံးသပ်နားလည်မှု အခြေအနေဆီ အလျင်အမြန်ပဲ ဝင်ရောက်သွားပါတယ်။

သူတို့တွေဟာ ဟန်ကျွယ်ပြောနေတာကို သေချာမကြားရပေမဲ့ ဟန်ကျွယ်အသံထဲမှာ ပါဝင်တဲ့ အင်အားတစ်ခုက သူတို့ရဲ့ သုံးသပ်နားလည်မှုကို အလွန်တရာမှ လျင်မြန်သွားစေပါတယ်။

.....

“ဝုန်း...”

ခန်းမတံခါးပွင့်သွားပြီး လက်ဝဲကျင့်ကြံသူတွေ ဝင်လာကြပါတယ်။ တစ်ချိန်တည်းမှာ မိစ္ဆာဘုန်းကြီးရဲ့ အသံဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ် “သူတို့ကို မိစ္ဆာကြိုယဇ်ပလ္လင်ပေါ် ခေါ်သွားချည်၊ ခုခံတဲ့သူရှိရင် သတ်ပစ်”

လက်ယာကျင့်ကြံသူတွေဟာ အလန့်တကြား ဖြစ်သွားကြပါတယ်။

ဟွမ်ဂျိဟောင်က ပထမဆုံး မတ်တတ်ရပ်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... နောက်ဆုံးမှာ ဘယ်သူရယ်နိုင်မလဲ ကြည့်ကြတာပေါ့” ဟွမ်ဂျိဟောင်ဟာ ပြောပြောဆိုဆို အပြင်ဘက်ကို ထွက်လိုက်ပြီး လက်ဝဲကျင့်ကြံသူတွေ လုံးဝ အထိမခံပါဘူး။

တစ်ခြားသူတွေလည်း မတ်တတ်ရပ်လိုက်ကြပါတယ်။ တာအိုသခင်ကျိုးတိ၊ ရှင်းဟုန်ရွှမ်နဲ့ နတ်မိမယ်ရှီရွှမ်တို့ကလည်း ထို့အတူပါပဲ။ တာအိုသခင်ကျိုးတိဟာ လမ်းလျှောက်ရင်း ရယ်မောလိုက်ပါတယ်။

“ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေ မကြောက်ကြနဲ့”

တာအိုသခင်ကျိုးတိရဲ့ စကားဟာ ယွီဂျင်ဂိုဏ်းတော်ကြီး တပည့်တွေရဲ့ ကြောက်ရွံ့မှုကို လုံးဝဖယ်ရှားပစ်လိုက်ပါတယ်။

ယွီဂျင်ဂိုဏ်းတော်ကြီး တပည့်တွေဟာ သွေးတွေဆူပွက်သွားသလို ခံစားလိုက်ရပါတယ်။

သေခြင်းတရားက ကြောက်စရာကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ပတ်ဝန်းကျင်က လက်ဝဲကျင့်ကြံသူတွေကို ကြည့်လိုက်အခါမှာ အညံခံသွားတဲ့ လက်ယာကျင့်ကြံသူတွေ အများကြီးရှိနေတာကို တွေ့လိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဒီလူတွေကို စက်ဆုပ်စွာ ကြည့်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ယောက်ျား... ကျွန်မတို့တွေ နောက်ဘဝကျမှပဲ လင်မယား ထပ်လုပ်ကြတာပေါ့”

“နင့်ယောက်ျားက အကြီးအကဲဟန်လား” နတ်မိမယ်ရှီရွှမ်က မေးလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်က ဝီရိယ‌တောင်မှာနေတယ် ဆိုပေမဲ့ နတ်မိမယ်ရှီရွှမ်နဲ့ သိပ်ပြီးမရင်းနှီးပါဘူး။

ရှင်းဟုန်ရွှမ်က ပြန်ဖြေပါတယ် “ဟုတ်တယ်”

“နောက်ဘဝအတွက်လည်း မျှော်လင့်ချက်မထားနဲ့၊ နင် ပြန်မွေးရင် သူက အမတ ဖြစ်နေလောက်ပြီ”

ရှင်းဟုန်ရွှမ်ဟာ စိတ်ဓာတ်ကျသွားပါတယ်။ နတ်မိမယ်ရှီရွှမ်ကတော့ နှုတ်ခမ်းတွန့်ပြီး တည်ကြည်စွာ ပြုံးလိုက်ပါတယ်။

ဒီအချိန် ကွမ်းယိုကုန်းဟာ နတ်မိမယ်ရှီရွှမ်ဆီ လျှောက်လာပြီး ပြောလိုက်ပါတယ် “ညီမလေး... အစ်ကိုမသေခင် ညီမလေးကို ပြောစရာရှိတယ်၊ ဒီစကားတွေကို အစ်ကိုရင်ထဲမှာ မြိုသိပ်ထားခဲ့ရတာ အတော်ကြာပြီ”

“ကျွန်မ နားမထောင်ချင်ဘူး”

“အစ်ကိုက...”

“ဆရာတူအစ်ကို... ကျွန်မတို့တွေ ရေစက်ပါလို့ နောက်ဘဝမှာ ပြန်ဆုံဖြစ်ရင် ကျွန်မက အစ်ကိုရဲ့ အစ်မကြီးလုပ်ပြီး အစ်ကိုရဲ့ ဂရုစိုက်မှုတွေကို ပြန်ပေးဆယ်ပါ့မယ်”

ဒီအချိန်မှာပဲ လက်ယာကျင့်ကြံသူ နှစ်သောင်းကျော်ဟာ ခန်းမထဲကနေ အပြင်ဘက်ကို လမ်းလျှောက်ထွက်လိုက်ကြပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters