မိစ္ဆာမူလအစ၊ သက်တမ်း မဟာတာအို
Vol. 9 Ch. 132
အခန်း (၁၃၂) မိစ္ဆာမူလအစ၊ သက်တမ်း မဟာတာအို
ခန်းမအပြင်ဘက်ကို ထွက်လိုက်တဲ့အခါမှာ အနီးအနားမှာရှိတဲ့ နန်းတော်တွေဆီကနေ လက်ယာကျင့်ကြံသူတွေ အများကြီး လာပို့ဆောင်တာကို ရှင်းဟုန်ရွှမ်တို့ တွေ့လိုက်ရပါတယ်။ မကောင်းဆိုးဝါးဧကရာဇ်က လက်ယာကျင့်ကြံသူ ဘယ်လောက်များ ဖမ်းထားလဲဆိုတာ ခန့်မှန်းဖို့တောင် ခက်ပါတယ်။
“တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား၊ ကောင်းကင်အမတစံအိမ်က ဘယ်ရောက်နေတာလဲ၊ မြင့်မြတ်နယ်မြေတွေကရော” ဂိုဏ်းတပည့်မတစ်ဦးရဲ့ စိုးရိမ်ထိတ်လန့်နေတဲ့အသံကို ဘေးနားကနေ ကြားလိုက်ရပါတယ်။
လက်ယာကျင့်ကြံသူတွေဟာ အဖမ်းမခံခင်ရတုန်းက အနိုင်ရပြီလို့ ထင်မှတ်ထားခဲ့ကြတာပါ။
မမျှော်လင့်စွာနဲ့ပဲ....
အိပ်မက်ဆိုးတစ်ခု အစပြုခဲ့ပါတော့တယ်။
တာအိုသခင်ကျိုးတိဟာ ဘေးနားဝန်းကျင်ကို ကြည့်ပြီး ရင်ထဲမှာ တအံတဩ ဖြစ်သွားပါတယ် ‘လက်ဝဲကျင့်ကြံသူတွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ၊ လက်ယာကျင့်ကြံသူတွေက ဘယ်လိုဖြစ်ပြီး တစ်ခဏလေးနဲ့ လက်ဝဲကျင့်ကြံသူတွေ ဖြစ်ကုန်ရတာလဲ’
အကျိုးသင့်အကြောင်းသင့် စဉ်းစားရမယ်ဆိုရင် စိတ်ဝိညာဉ်ချီကို နတ်ဆိုးချီအသွင် ပြောင်းလဲတာက အချိန်ကာလတစ်ခု လိုပါတယ်။ အခုလို အချိန်တိုအတွင်းမှာ လူအများကြီးကို တစ်ခဏလေးနဲ့ ပြောင်းလဲဖို့ဆိုတာက လုံးဝမဖြစ်နိုင်တဲ့အရာပါ။
ကြမ်းပြင်ဟာ ညီညာနေပြီး ကြီးမားလှတဲ့ နန်းတော်ဆယ်ဆောင်ကျော်ဟာ ဘေးပတ်လည်မှာ တည်ရှိနေပါတယ်။ မီးပုံတွေကို နေရာတကမှာ တွေ့ရှိနိုင်ပြီး လက်ဝဲကျင့်ကြံသူ အရေအတွက်က ရေတွက်လို့တောင် မရနိုင်ပါဘူး။ နတ်ဆိုးချီက တိမ်မည်းအသွင် ဖြစ်တည်ပြီး ကောင်းကင်ကို ကာထားတဲ့အတွက် ညနေစောင်းလို ဖြစ်နေပါတယ်။
အပေါ်ကနေ စီးကြည့်မယ်ဆိုရင် နန်းတော်တွေက စက်ဝိုင်းသဖွယ် တည်ရှိနေပြီး တံခါးအကုန်လုံးက အရပ်မျက်နှာတစ်ခုတည်းကို မျက်နှာမူထားပါတယ်။ အဲဒီအရပ်ကတော့ ပေတစ်သောင်းနီးပါး မြင့်မားပြီး အလွန်ကြီးမားတဲ့ ယဇ်ပလ္လင်ကြီးပဲ ဖြစ်ပါတယ်။ ဒီယဇ်ပလ္လင်ဟာ အဖြူရောင်အရိုးနဲ့ လုပ်ထားသလို ဖျော့တော့တဲ့အရောင် ရှိပါတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ ချောက်ချားစရာပါ။
နတ်ဆိုးကြိုယဇ်ပလ္လင်။
လက်ဝဲကျင့်ကြံသူတွေဟာ ယဇ်ပလ္လင်ပတ်လည်မှာ မတ်တတ်ရပ်နေကြပါတယ်။ သူတို့အကုန်လုံးဟာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားကြပြီး ငရဲပြည်က သရဲတွေလိုပါပဲ။
“ဝုန်း...”
ယဇ်ပလ္လင်ပေါ်က တိမ်မည်းတွေဟာ ပြင်းထန်စွာ လှုပ်ရှားသွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဝဲတစ်ခု ဖြစ်ပေါ်လာပါတယ်။ လျှပ်စီးတွေလည်း ဝင်းလက်သွားပြီး မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ထွက်ပေါ်လာပါတယ်။
အဝေးတစ်နေရာက တောင်ငယ်လေးတစ်ခုမှာ စုချီနဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ကျောက်တုံးတစ်တုံးနောက်မှာ ပုန်းအောင်းပြီး ဒီအဖြစ်အပျက်ကို ချောင်းကြည့်နေပါတယ်။
“လက်ဝဲကျင့်ကြံသူတွေ များလှချည်လား၊ ငါတို့တွေ တကယ်တိုက်မှာလား” ပဋိပက္ခကောင်းကင်ခွေးက တုန်ယင်စွာ မေးလိုက်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ မကောင်းဆိုးဝါးဧကရာဇ် လက်ထဲက လွတ်မြောက်ထားတာ မကြာသေးတဲ့အတွက် ထပ်ပြီးတော့ မစွန့်စားချင်ပါဘူး။
စုချီက လေးလေးနက်နက် ပြောလိုက်ပါတယ် “ငါတို့နှလုံးသားထဲမှာ လက်ယာလမ်းစဉ်ရှိတယ်၊ အဲဒီတော့ ဘာကိုကြောက်ရအုန်းမှာလဲ၊ မကောင်းဆိုးဝါးဧကရာဇ်ရဲ့ အစီအစဉ်သာ ဒီနေ့အောင်မြင်သွားရင် လောကတစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်၊ ငါတို့ရဲ့ ဆရာသခင်လည်း အေးအေးချမ်းချမ်း ကျင့်ကြံနိုင်မှာ မဟုတ်တော့ဘူး၊ အဲဒီလိုမဖြစ်အောင် တာဆီးရမှာက ငါတို့ရဲ့တာဝန်ပဲ”
ပဋိပက္ခကောင်းကင်ခွေးဟာ မဲ့ရွှဲ့သွားပါတယ် ‘ဒီကောင်စုတ်လေးက တော်တော်လေး လက်ယာဆန်တာပဲ’ ပဋိပက္ခကောင်းကင်ခွေးဟာ ရုတ်တရက်ဆိုသလို ဂျိရှင်းရှန်ကို သတိရသွားပါတယ် ‘ဂျိရှင်းရှန်သာ ရောက်လာရင် ဘယ်လောက်ကောင်းလိမ့်မလဲ’
.....
ဝီရိယတောင်။
ဟန်ကျွယ်က တာအိုဟောကြားတာ ပြီးသွားပေမဲ့ သူ့တပည့်တွေက သိမြင်နားလည်တဲ့ အခြေအနေမှာ ရှိနေတုန်းဖြစ်ပြီး တော်တော်နဲ့ နိုးထမဲ့ပုံ မပေါ်ပါဘူး။
ဒီအချိန်မှာပဲ လီချင်းဇဲ့ဟာ ဟန်ကျွယ်ဘေးနားကို အမောတကော ရောက်လာပါတယ်။ လီချင်းဇဲ့ဟာ မုရုံချီ၊ ဝူတောက်ကျန့်နဲ့ တစ်ခြားသူတွေကို တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “အကြီးအကဲဟန်... ဂိုဏ်းချုပ်နဲ့ တစ်ခြားလူတွေ အဖမ်းခံလိုက်ရပြီ၊ ကျုပ်တို့တွေ ဘာလုပ်ကြမလဲ”
အကွာအဝေးက အလှမ်းကွာလွန်းတာမို့ လီချင်းဇဲ့ရဲ့ သတင်းက တစ်နှစ်ကျော် နောက်ကျနေရတာပါ။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “စောင့်ကြည့်ကြမယ်”
ဟန်ကျွယ်ဟာ ဘာမှမဖြစ်ဘူးလို့ ပြောချင်ပေမဲ့ လုံးဝဥဿ အာမမခံနိုင်တာကြောင့် စောင့်ကြည့်မယ်လို့ ပြောလိုတာပါ။
“အဲဒီမြင့်မြတ်နယ်မြေတွေက ဘာဖြစ်ကုန်တာလဲ မသိဘူး၊ အကုန်လုံး ပျောက်သွားတယ်၊ သေစမ်း...” လီချင်းဇဲ့ဟာ အံကြိတ်လိုက်ပါတယ်။ ဒီကိစ္စရဲ့နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်မှု ရှိရမယ်လို့ လီချင်းဇဲ့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “သူတို့တွေလည်း ဒုက္ခရောက်နေလို့ ဖြစ်မှာပါ”
ဟန်ကျွယ်စကားက အမှန်ပါပဲ။ ပြီးခဲ့တစ်ခေါက် ဟန်ကျွယ် စာအိတ်တွေကို စစ်ဆေးတုန်းက ဂျိရှင်းရှန်ရဲ့ လက်ဝဲကျင့်ကြံသူတွေ အတိုက်ခိုက်ခံရတဲ့ အကြိမ်အရေအတွက် ယွီဂျင်ဂိုဏ်းတစ်ဂိုဏ်းလုံးထက်တောင် ပိုများနေပါတယ်။ ကြည့်ရတာ သူတို့တွေလည်း ဟန့်တားထားခံရပုံပါပဲ။
လီချင်းဇဲ့ဟာ သက်ပြင်းချပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ကတော့ မျက်နှာမပျက်ပါဘူး။ တကယ်တော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို အသုံးပြုပြီး နတ်ဆိုးဧကရာဇ်မြို့ရဲ့ အခြေအနေကို မျက်ခြေမပြတ် စုံစမ်းလေ့လာနေတာပါ။
ဟန်ကျွယ်ဟာ တစ်စုံတစ်ယောက်ကို စောင့်နေတာ ဖြစ်ပါတယ်။
မကောင်ဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်။
မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်ကို ဟန်ကျွယ် သတ်လိုက်တာနဲ့ နတ်ဆိုးလမ်းစဉ်က သူ့အလိုလို ပြိုကွဲသွားမှာပါ။
မကြာခင်မှာပဲ....
ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ကျင့်ကြံသူတွေဟာ နတ်ဆိုးကြိုယဇ်ပလ္လင်ဆီ ပို့ဆောင်ခြင်း ခံလိုက်ရပါတယ်။ အကျဉ်းချခံထားရတာ ကြာပြီဖြစ်တဲ့အပြင် နတ်ဆိုးချီကို တစ်ချိန်လုံး တိုက်ထုတ်နေရတာကြောင့် လက်ယာကျင့်ကြံသူတွေဟာ ပြန်တိုက်ဖို့အင်အား လုံးဝမရှိပါဘူး။ ဒါကြောင့် လက်ယာကျင့်ကြံသူတွေဟာ ဘေးနားပတ်လည်က လက်ဝဲကျင့်ကြံသူတွေကို ဝါးစားမတက်အကြည့်နဲ့ပဲ ကြည့်နိုင်ပါတယ်။
“ဒါက နတ်ဆိုးကြိုဆိုပွဲလား”
“ကောင်းကင်ပေါ်က ဘာကြီးလဲ”
“သူတို့တွေက တကယ်ပဲ မိစ္ဆာကို ဆင့်ခေါ်မှာလား”
“ဒဏ္ဍာရီအရ နတ်ဆိုးနဲ့ လူသားတွေ အင်အားမကြီးခင်တုန်းက မိစ္ဆာတွေက စွမ်းအားအကြီးဆုံးတဲ့...”
“သေစမ်း... ငါ့ခန္ဓာကိုယ်ထဲကို စိတ်ဝိညာဉ်စွမ်းအားကို သုံးလို့မရဘူး”
“မကောင်းဆိုးဝါးဧကရာဇ်က ဘယ်မှာလဲ”
ကျင့်ကြံသူတွေဟာ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြသလို ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ တုန်လှုပ်မှု၊ ချောက်ချားမှု စတဲ့ ခံစားချက်တွေဟာလည်း လက်ယာကျင့်ကြံသူအကုန်လုံးနီးပါးကို ကူးစက်သွားပါတယ်။
ယဇ်ပလ္လင်ပေါ်က လက်ယာကျင့်ကြံသူတွေ တဖြည်းဖြည်းနဲ့ များလာပါတယ်။
မိစ္ဆာဘုန်းကြီးကတော့ ယဇ်ပလ္လင်ဘေးနားမှာ ရပ်နေပြီး မျက်လုံးမှိတ်ကာ တစ်စုံတစ်ခုကို ရွတ်ဖတ်နေပါတယ်။
လက်ယာကျင့်ကြံသူအချို့ဟာ ခုခံဖို့ကြိုးစားပေမဲ့ လက်ဝဲကျင့်ကြံသူတွေရဲ့ ပညာပြတာကို ခံလိုက်ရပါတယ်။ ခုခံဖို့ကြိုးစားတဲ့ လက်ယာကျင့်ကြံသူတွေဟာ ဒုက္ခိတဖြစ်ပြီး ယဇ်ပလ္လင်ပေါ်ကို ပစ်တင်ခြင်း ခံရပါတယ်။ သူတို့တွေ နာကျင်စွာ အော်ဟစ်နေတာက ချောက်ချားဖွယ် ကောင်းလှသလို သူတို့အဖြစ်ကလည်း တော်တော်လေး သနားစရာကောင်းလှပါတယ်။ ဟွမ်ဂျိဟောင်ဟာ တာအိုသခင်ကျိုးတိရှေ့ ရောက်လာပြီး ညင်သာတဲ့အသံနဲ့ မေးလိုက်ပါတယ် “ခင်ဗျားတို့ရဲ့ နတ်သတ်အကြီးအကဲက ဒီမှာလား”
ဟွမ်ဂျိဟောင်ရဲ့ နှလုံးသားထဲမှာ ဟန်ကျွယ်က စွမ်းအားအကြီးဆုံး ကျင့်ကြံသူ ဖြစ်တာကြောင့် ဟန်ကျွယ်ရှိရင် အသက်ရှင်ဖို့အခွင့်အရေး ရှိနိုင်ပါတယ်။
တာအိုသခင်ကျိုးတိဟာ ခေါင်းခါလိုက်ပါတယ်။ တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ် လိုက်မလာတဲ့အတွက် ဝမ်းသာမိပါတယ်။ ဟန်ကျွယ်သာ လိုက်လာခဲ့ရင် ယွီဂျင်ဂိုဏ်းတော်ကြီးက လုံးဝကို ပျက်သုဉ်းသွားမှာပါ။
ဟွမ်ဂျိဟောင်ရဲ့ မျက်နှာမှာ နောင်တရတဲ့အမူအရာ ပေါ်သွားပါတယ်။
“ဝုန်း...”
ယဇ်ပလ္လင်ပေါ်မှာ သွေးချီထွက်ပေါ်လာပြီး သွေးမိစ္ဆာပေါ်လာပါတယ်။ သွေးမိစ္ဆာဟာ ယဇ်ပလ္လင်ကို ငုံ့ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သူ့ဖိအားကို ထုတ်လွှတ်လိုက်တဲ့အခါမှာ ယဇ်ပလ္လင်ပေါ်မှာရှိနေတဲ့ လက်ယာကျင့်ကြံသူတွေ အကုန်လုံးကို ရင်ဝတူထုခံရသလို အလွန်တရာမှ မသက်မသာ ဖြစ်သွားစေပါတယ်။
လက်ယာကျင့်ကြံသူတွေ အကုန်လုံး ယဇ်ပလ္လင်ပေါ် ရောက်တဲ့အခါမှာ စောင့်ကြပ်နေတဲ့ လက်ဝဲကျင့်ကြံသူတွေကလွဲလို့ ကျန်တဲ့လက်ဝဲကျင့်ကြံသူတွေဟာ ဒူးထောက်ပြီး ယဇ်ပလ္လင်ကို ရှိခိုးကြပါတယ်။
လောကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။
ယဇ်ပလ္လင်ပေါ်မှာ လက်ယာကျင့်ကြံသူပေါင်း တစ်သိန်းကျော် ရှိပါတယ်။ သူတို့အကုန်လုံးဟာ အသံမထွက်ရဲတဲ့အပြင် ကောင်းကင်ယံကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေပါတယ်။
‘ဘာဆက်ဖြစ်မှာလဲ’
“မကောင်းဆိုးဝါးဧကရာဇ်ကို ကြိုဆိုပါတယ်” သွေးမိစ္ဆာက အော်ပြောလိုက်ပါတယ်။
လက်ဝဲကျင့်ကြံသူသိန်းချီကလည်း သံပြိုင်ဟစ်ကြွေးလိုက်ပါတယ်။
“မကောင်းဆိုးဝါးဧကရာဇ်ကို ကြိုဆိုပါတယ်”
“မကောင်းဆိုးဝါးဧကရာဇ်ကို ကြိုဆိုပါတယ်”
“မကောင်းဆိုးဝါးဧကရာဇ်ကို ကြိုဆိုပါတယ်”
လက်ဝဲကျင့်ကြံသူတွေရဲ့ အညီအညွတ် အော်ဟစ်သံဟာ မိုးမြေတစ်ခွင်လုံးကို လွှမ်းမိုးထွက်သွားပြီး လောကတစ်ခွင်မှာ ပဲ့တင်ထပ်သွားပါတယ်။ လက်ဝဲကျင့်ကြံသူတိုင်းဟာလည်း အရူးအမူး ဖြစ်သွားကြပါတယ်။
အသွင်တစ်ခုဟာ ကောင်းကင်ယံက ဝဲထဲမှာ ပေါ်လာပါတယ်။
ဒီအသွင်ကတော့ မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်ပဲ ဖြစ်ပါတယ်။ ဂျိနန်ဟယ်ဟာ လက်မြှောက်ပြီး ပြောလိုက်ပါတယ် “နတ်ဆိုးလမ်းစဉ် ဆက်ခံသူတို့”
လက်ဝဲကျင့်ကြံသူ အကုန်ုလုံးဟာ ပါးစပ်ပိတ်သွားပြီး ဂျိနန်ဟယ်ကို မမှိတ်မသုန် စိုက်ကြည့်ကြပါတယ်။
လက်ယာကျင့်ကြံသူတွေကတော့ ဘာဆက်ဖြစ်မလဲ မသိတာကြောင့် ပိုပြီးတော့ ရင်ထိတ်လာပါတယ်။
“လောကကြီးကို စဖန်းတီးတုန်းက အကုန်လုံးက အပျက်အစီးချည်းပဲ၊ ပထမဆုံး မိစ္ဆာ ပြီးတော့မှ နတ်ဘုရား ပြီးတော့မှ လူသားတွေ မွေးဖွားလာတာ၊ အမတနဲ့ နတ်ဆိုးတွေက နောက်ကျမှ ပေါ်လာတာ၊ သူတို့က ကောင်းကင်တာအိုရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ချင်ပြီး မပျက်သုဉ်းတဲ့ ထာဝရ တည်ရှိမှုတွေ ဖြစ်ချင်ကြတယ်၊ သူတို့က သူတို့စိတ်ကြိုက် လုပ်ချင်တာလုပ်ပြီး သူတို့စိတ်ကြိုက် ကလဲ့စားချေကြတယ်”
ဂျိနန်ဟယ်ရဲ့အသံဟာ ဩဇာအာဏာအပြည့်ရှိပြီး လက်ဝဲကျင့်ကြံသူတွေကို အလှမ်းဝေးလွန်းတဲ့ အတိတ်ဆီကို ပြန်ခေါ်သွားပါတယ်။ အလွန်တရာ အလှမ်းဝေးတဲ့ ဝီရိယတောင်က ဟန်ကျွယ်လည်း ကောင်းကင်ရုပ်သေးရုပ်ကနေတစ်ဆင့် ဂျိနန်ဟယ်ရဲ့အသံကို ကြားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီအကြောင်းအရာတွေက နတ်ဆိုးလမ်းစဉ်ရဲ့ ပိရမစ်ထောင်ချောက်များလို့ တွေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို မလှုပ်ရှားပါဘူး။ ဂျိနန်ဟယ်က ကောင်းကင်အမြင့်ကြီးမှာ ရှိနေတာကြောင့် လှုပ်ရှားဖို့ အကောင်းဆုံးအချိန် မဟုတ်သေးပါဘူး။
ဒီအချိန်မှာပဲ မုရုံချီ၊ ငရဲကြက်နက်၊ ရွှင်ချန်အန်း၊ ရန်ထျန်တုန်းနဲ့ ဝူတောက်ကျန့်တို့ဟာ နိုးထလာပါတယ်။
“ဆရာဘိုးဘိုး... ကျွန်တော်တို့တွေ သက်တမ်းနောက်ကို လိုက်သင့်လား၊ ဒါမှမဟုတ် စိတ်ဝိညာဉ်စွမ်းအားနောက်ကို လိုက်ရမလား” မုရုံချီက မေးလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “သက်ရှိအားလုံးမှာ ရည်မှန်းချက်ရှိတယ်၊ ငါ့ရည်မှန်းချက်က အသက်ရှင်ဖို့ပဲ၊ မင်းက အရာအားလုံးထက် အသက်ရှည်မယ်ဆိုရင် စွမ်းအားအကြီးဆုံး တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်”
ရန်ထျန်တုန်းက မေးလိုက်ပါတယ် “ကောင်းကင်တာအိုမှာ ကောင်းကင်ဥပဒေတွေ ရှိတယ်၊ သေခြင်းရှင်ခြင်း စက်ဝန်းက ကောင်းကင်ဥပဒေပဲ၊ အမတဖြစ်သွားရင် သေခြင်းရှင်ခြင်း စက်ဝန်းထဲကနေ ခုန်ထွက်သွားပြီမလား”
ရန်ထျန်တုန်းဟာ သူ့ရည်မှန်းချက်ကို စွန့်လွှတ်ထားပြီးဖြစ်ကာ မဟာတာအိုနောက်လိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။
“အမတနဲ့ နတ်တွေက သာမန်မော်တယ်တွေထက် ပိုစွမ်းအား ကြီးရုံပဲ၊ ထာဝရအသက်ရှည်တာနဲ့ အလှမ်းဝေးနေသေးတယ်၊ မဟုတ်ရင် ဒဏ္ဍာရီထဲမှာ အမတနတ်ဘုရားတွေ ဝင်စားတာ ရှိမှာ မဟုတ်ဘူး၊ မဟာတာအိုရဲ့ ထိပ်ဆုံးကိုရောက်ဖို့က အရမ်းခက်တယ်၊ ဒါကြောင့် ငါတို့တွေ လက်ရှိအချိန်ကို တန်ဖိုးထားရမယ်၊ လက်ရှိအချိန်မှာ ငါတို့တွေက မိနစ်နည်းနည်းပဲ လျော့ပြီး ကျင့်ကြံမယ်ဆိုရင်တောင် နှစ်တစ်ထောင်ကြာတဲ့အခါမှာ နှစ်ဘယ်လောက်များများကို ဖြုန်းတီးမိသွားမလဲ၊ နှစ်တစ်သောင်း ကြာရင်ရော... နှစ်တစ်သန်း ကြာရင်ရော...” ဟန်ကျွယ်က တစ်လုံးချင်း ရှင်းပြပါတယ်။
ဟန်ကျွယ်ဟာ ဂျိနန်ဟယ်ဆီ စိတ်ရောက်နေတာမို့ သူ့တပည့်တွေရဲ့ အမေးကို ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်ပါတယ်။ ဒါပေမဲ့ သူတပည့်တွေရဲ့ မျက်လုံးထဲမှာတော့ ဟန်ကျွယ်က ပြိုင်ဘက်ကင်းပြီး မော်တယ်လောကကို ထိုးဖောက်မြင်နေတာပါ။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။