အဝေးမှရန်သူအား လက်ညိုးတစ်ချောင်းဖြင့် သတ်ဖြတ်ခြင်း
Vol. 9 Ch. 133
အခန်း (၁၃၃) အဝေးမှရန်သူအား လက်ညိုးတစ်ချောင်းဖြင့် သတ်ဖြတ်ခြင်း
“ဆရာသခင်... ဆရာသခင်က ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ ကောင်းကင်ဘုံဝင်အဆင့်ကို ဘယ်တော့လောက် ရောက်မှာလဲ” ရန်ထျန်တုန်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ရန်ထျန်တုန်းတို့ဟာ အရည်အချင်း ရှိတယ်ဆိုပေမဲ့ သူတို့ဆရာသခင်နဲ့ နှိုင်းယှဉ်လို့မရဘူးဆိုတာကို ကောင်းကောင်းသိပါတယ်။ တောင်ခါးပန်းမှာနေတဲ့ လီချင်းဇဲ့နဲ့လည်း သူတို့တွေ တစ်ခါတစ်လေ စကားပြောဖြစ်ရင် ဟန်ကျွယ်အကြောင်းကို ထည့်ပြောဖြစ်ကြပါတယ်။ ဟန်ကျွယ်က တစ်နေ့တစ်ခြား စွမ်းအားကြီးလာတာ သူတို့အသိဆုံးပါ။
ဟန်ကျွယ်က အေးဆေးတည်ငြိမ်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ငါက ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပြီ”
မုရုံချီ၊ ဝူတောက်ကျန့်၊ ရွှင်ချန်အန်းနဲ့ ငရဲကြက်နက်တို့ဟာ ဟန်ကျွယ်အဖြေကြောင့် မျက်လုံးပြူးသွားကြပါတယ်။
ကောင်းကင်ဘုံဝင်အဆင့်က မော်တယ်လောကမှ အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။
လူတိုင်း အံဩတကြီး ဖြစ်နေစဉ်မှာပဲ ဟန်ကျွယ်ဟာ မျက်လုံးပေါက်ကို ကျဉ်းလိုက်ပါတယ် ‘အခွင့်အရေး ရောက်လာပြီ’
တစ်ခြားတစ်ဖက်မှာတော့ မကောင်းဆိုးဝါးဧကရာဇ်က မိစ္ဆာမူလအစကို စိတ်လှုပ်တရှား ပြန်ပြောင်းပြောပြနေပါတယ်။ ဒီအချိန်မှာပဲ မိုးကုပ်စက်ဝိုင်းစွန်းဆီကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး မိုးခြိမ်းသံတွေ ကျယ်လောင်စွာ မြည်ဟိန်းလာတာကြောင့် ကျင့်ကြံသူတွေဟာ အသံလာရာဆီ လှမ်းကြည့်လိုက်ပါတယ်။
မရေမတွက်နိုင်တဲ့ လျှပ်စီးတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ လျှပ်စီးတံတိုင်းတစ်ခု ဖြစ်တည်လာပါတယ်။ ဒီလျှပ်စီးတွေကြားထဲမှာတော့ ဂျိရှင်းရှန်တစ်ယောက် ရှိနေပါတယ်။ ဂျိရှင်းရှန်ဟာ စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး ဂျိနန်ဟယ်ကို စိန်းစိန်းဝါးဝါးကြည့်ကာ ရယ်မောလိုက်ပါတယ် “မကောင်းဆိုးဝါးဧကရာဇ်... ဒီတစ်ကြိမ်တော့ မင်းကို အသေသတ်မယ်”
ဂျိရှင်းရှန် ရုတ်တရက် ပေါ်လာတာက ယဇ်ပလ္လင်ပေါ်မှာရှိတဲ့ လက်ယာကျင့်ကြံသူတွေကို စိတ်လှုပ်ရှားသွားစေပါတယ်။
လက်ယာ-လက်ဝဲ စစ်ပွဲက နှစ်ကြာခဲ့ပါပြီ။ ဒီနှစ်တွေမှာ ဂျိရှင်းရှန်က သူ့စွမ်းအားကို အသုံးပြုပြီး လက်ဝဲကျင့်ကြံသူတွေကို သတ်ဖြတ်တာကြောင့် သူ့ဂုဏ်သတင်းကို မသိသူ မရှိသလောက်ပါပဲ။ ဒါကြောင့် ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ ဂျိရှင်းရှန်က နံပါတ်တစ် ကျင့်ကြံသူပါ။
ဂျိရှင်းရှန်ရောက်လာတာက ကောင်းကင်အမတစံအိမ် ရောက်လာတာကို ကိုယ်စားပြုပါတယ်။
ဂျိနန်ဟယ်က မျက်မှောင်ကြုတ်သွားပါတယ်။ သွေးမိစ္ဆာနဲ့ မိစ္ဆာဘုန်းကြီးကလည်း ဂျိရှင်းရှန်ကို လှည့်ကြည့်လိုက်ပါတယ်။ သူတို့သုံးဦးစလုံးက ဂျိရှင်းရှန်က ကြောက်ရွံ့ပါတယ်။ သူတို့ကြောက်တာကလည်း မထူးဆန်းပါဘူး။ ဂျိရှင်းရှန်ကိုယ်က စွမ်းအားကြီးလွန်းတာကိုး။
စုချီနဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ဂျိရှင်းရှန်ကို တွေ့လိုက်ရတာကြောင့် ဝမ်းသာသွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေးက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “ဒီကောင်က ပိုပြီးတော့ စွမ်းအားကြီးလာတာလား”
စုချီကတော့ ဂျိရှင်းရှန်ရဲ့ နောက်ကျောကိုကြည့်ပြီး အံဩထိတ်လန့်သွားပါတယ် ‘ဒါက ဘယ်လိုကျင့်ကြံမှုမျိုးလဲ... ရန်သူက သန်းချီရှိနေတာတောင် ထိပ်တိုက်ရင်ဆိုင်ရဲတယ်’
တစ်ချိန်တည်းမှာပဲ ရှင်းဟုန်ရွှမ်ဟာ အသံတစ်သံကို ကြားလိုက်ရပါတယ် “ကောင်းကင်ရုပ်သေးရုပ်ကို ထုတ်လိုက်”
ဒီအသံကို ကြားလိုက်ရတဲ့ ရှင်းဟုန်ရွှမ်ဟာ မှင်သက်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်အသံမှန်း သိလိုက်တာကြောင့် ကောင်းကင်ရုပ်သေးရုပ်ကို ချက်ချင်း ထုတ်ယူလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဘေးက နတ်မိမယ်ရှီရွှမ်ဟာလည်း ကောင်းကင်ရုပ်သေးရုပ်ကို ကြည့်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ တစ်ခြားသူတွေကတော့ ကောင်းကင်ယံက ဂျိရှင်းရှန်ကို အာရုံစိုက်နေတာမို့ ကောင်းကင်ရုပ်သေးရုပ်ကို ဘယ်သူမှ သတိမထားမိပါဘူး။
ရှင်းဟုန်ရွှမ်နဲ့ နတ်မိမယ်ရှီရွှမ်ရဲ့ အကြည့်အောက်မှာ ကောင်းကင်ရုပ်သေးရုပ်ဟာ လက်မြှောက်ပြီး ကောင်းကင်ကို လက်ညိုးညွှန်လိုက်ပါတယ်။
ဝီရိယတောင်ပေါ်က ဖူစန်းသစ်ပင်အောက်။
မုရုံချီက စိတ်လှုပ်တရှား မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... ဆရာဘိုးဘိုးက ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပြီဆိုတော့ အထက်ဘုံကို ဘယ်တော့တက်မှာလဲ၊ ကောင်းကင်ဘုံဝင်အဆင့်ရဲ့ စွမ်းအားက ဘယ်လိုမျိုးလဲ၊ ဘယ်လောက်ထိ စွမ်းအားကြီးလဲ”
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်တဲ့အတွက် တစ်ခြားသူတွေလည်း မတ်တတ်ရပ်လိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ ညာလက်မြှောက်ပြီး လက်ညိုးထောင်လိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်ကို ညွှန်လိုက်တဲ့အခါမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်လာပါတယ် “ကောင်းကင်ဘုံဝင်အဆင့်ရဲ့ စွမ်းအားက ဘယ်လိုမျိုးလဲ”
“ကောင်းကင်ဘုံဝင်အဆင့်မှာ အကွာအဝေးက အရေးမကြီးတော့ဘူး၊ ရန်သူကိုသတ်ဖို့ လက်ညိုးတစ်ချောင်းပဲလိုတယ်၊ ကောင်းကင်ဘုံဝင်အဆင့်ဆိုတာက ပြိုင်ဘက်ကင်းပြီလို့ ဆိုလိုတာပဲ”
ဟန်ကျွယ်ဟာ တက်ကြွတဲ့အပြုံးနဲ့ ပြောလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စကားအဆုံးမှာပဲ လမ်းခြောက်သွယ်စိတ်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာပါတယ်။
မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။
ဓားရောင်လက်သွားပြီး လောကတစ်ခုလုံး လင်းထိန်သွားပါတယ်။
မုရုံချီနဲ့ တစ်ခြားသူတွေရဲ့ ထိတ်လန့်အံဩမှုအောက်မှာ အလွန်ကြောက်ဖို့ကောင်းတဲ့ ဓားချီဟာ ဟန်ကျွယ်လက်ညိုးကနေ ထွက်သွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အဲဒီဓားချီဟာ မိုးကုပ်စက်ဝိုင်းဆီ ရောက်သွားပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။ ဓားချီရဲ့အရှိန်ကြောင့် တောတောင်တွေလှုပ်ခါပြီး လေပြင်းထန်သွားပါတယ်။
ဒီအဖြစ်အပျက်ဟာ ဟန်ကျွယ်ရဲ့တပည့်တွေ အထူးသဖြင့် မုရုံချီကို ပိုပြီးထိတ်လန့် အံဩသွားစေပါတယ်။ မုရုံချီရဲ့ ရည်မှန်းချက်က ဟန်ကျွယ်လိုမျိုး ပြိုင်ဘက်ကင်းဖို့ပါပဲ။
တိမ်မည်းတွေအောက်မှာ ဂျိနန်ဟယ်က အသစ်ရောက်လာတဲ့ ဂျိရှင်းရှန်ကို မျက်မှောင်ကြုတ် ကြည့်နေပါတယ်။ ဂျိနန်ဟယ် ရင်ထဲမှာတော့ အမျက်ချောင်းချောင်း ထွက်နေပါပြီ”
‘ဒီအဘိုးကြီးတွေ ဘာတွေကြံစည်နေတာလဲ၊ ဘာလို့ ဒီကောင်စုတ်လေးကို လွှတ်လိုက်ရတာလဲ’ ဂျိနန်ဟယ်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ငွေတွေ့ ယှက်သမ်းသွားပါတယ် ‘ဒီလိုဆိုမှတော့ ကောင်းကင်အမတစံအိမ်ရဲ့ နံပါတ်တစ် ပါရမီရှင်ကို သတ်ရသေးတာပေါ့’
ဂျိရှင်းရှန်ရဲ့ မျက်လုံးတွေထဲမှာလည်း သတ်ဖြတ်ငွေ့တွေချည်းပါပဲ။ ဒါပေမဲ့ သတ်ဖြတ်ငွေ့တွေအပြင် အလွန်တရာ စိတ်လှုပ်ရှားမှုကိုလည်း တွေ့မြင်နိုင်ပါတယ်။
‘ငါ မကောင်းဆိုးဝါးဧကရာဇ်ကို လက်ယာ လက်ဝဲ ကျင့်ကြံသူတွေရှေ့မှာ သတ်နိုင်ရင် ငါက လောကမှာ နံပါတ်တစ်ဖြစ်ပြီ’
‘လောကကို ကယ်တင်တဲ့ နံပါတစ်သူရဲကောင်းပဲ’
“ဝုန်း...”
ကြောက်မက်ဖွယ်ကောင်းတဲ့အသံကို နောက်ကနေ ကြားလိုက်ရတာကြောင့် ဂျိရှင်းရှန်ဟာ လန့်သွားပြီး အလိုလို လှည့်ကြည့်မိလိုက်ပါတယ်။ ဒါပေမဲ့ ဂျိရှင်းရှန် ခေါင်းလှည့်မကြည့်နိုင်ခင်မှာပဲ သူ့မျက်နှာပေါ် လာဟပ်တဲ့ ဓားအလင်းတန်းကို တွေ့လိုက်ရပါတယ်။ ဒီဓားအလင်းတန်းကို အရမ်းကြောက်ဖို့ကောင်းတဲ့ ဓားချီ ဆိုတာကို ဂျိရှင်းရှန် ချက်ချင်း သိလိုက်ပါတဘ်။
ဂျိရှင်းရှန်ဟာ ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့ ဓားချီကို တစ်ခါမှ မကြုံဖူးသေးပါဘူး။
‘မြန်လှချည်လား’
မြန်လွန်းတဲ့အတွက် ဂျိရှင်းရှန်ဟာ တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။
ဂျိနန်ဟယ်လည်း ဂျိရှင်းရှန်နောက်ကနေ အင်အားကြီးမားတဲ့ ဓားရောင်ဝါတစ်ခုကို ခံစားလိုက်ရပြီး သူ့ဆီကို တန်းတန်းမတ်မတ် လာနေတာကို တွေ့လိုက်ရပါတယ်။ ဂျိနန်ဟယ်ဟာ တွေးတောဖို့အချိန်မရှိတဲ့အတွက် အလိုအလျောက် ရှောင်တိမ်းဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ လျင်မြန်လွန်းတာကြောင့် အရမ်းနောက်ကျသွားပါတယ်။ ဂျိနန်ဟယ်ဟာ သူ့ကိုယ်သူ မကာကွယ်လိုက်နိုင်ပါဘူး။
ဂျိနန်ဟယ်ဟာ မျက်လုံးပြူးသွားပါတယ်။ ဒီအချိန်မှာ ဂျိနန်ဟယ်က ဘာမှမတွေးနိုင်ပေမဲ့ ဂျိရှင်းရှန်ကိုသာ သတ်ပစ်ချင်နေတုန်းပါပဲ။ ဒါပေမဲ့ ဂျိနန်ဟယ်ဟာ ဓားချီထဲမှာ နှစ်မြှုပ်သွားပြီး ဝိညာဉ်တစ်ခုလုံး လုံးဝပျက်စီးသွားပါတယ်။
မြေပြင်ပေါ်က လက်ဝဲကျင့်ကြံသူတွေ လက်ယာကျင့်ကြံသူတွေလည်း ကြောင်ပြီး ကြည့်နေကြပါတယ်။ သူတို့အကုန်လုံးဟာ ဘယ်ကမှန်းမသိပေါ်လာတဲ့ ဓားချီက ကောင်းကင်က တိမ်းမည်းတွေကို ထိုးဖောက်ပြီး မကောင်းဆိုးဝါးဧကရာဇ်ကို တိုက်ရိုက်ထိမှန်သွားတာကို တွေ့လိုက်ရပါတယ်။
ဒီထိမှန်မှုမှာ နားကွဲလောက်တဲ့အသံတွေ ထွက်ပေါ်မလာပါဘူး။ အသံဆိုလို့ တစ်သံမှကို ထွက်ပေါ်မလာတာပါ။ ဒါပေမဲ့ ဓားချီတွေ လွှင့်ပါးပျောက်ကွယ်သွားတဲ့အခါမှာတော့ မကောင်းဆိုးဝါးဧကရာဇ်ကိုလည်း မတွေ့ရတော့ပါဘူး။
သွေးမိစ္ဆာနဲ့ မိစ္ဆာဘုန်းကြီးလည်း ရုတ်တရက် အဖြစ်အပျက်ကြောင့် မျက်လုံးပြူးသွားပါတယ်။
ဂျိရှင်းရှန်လည်း ကြက်သေသေသွားပါတယ်။ ဂျိရှင်းရှန်ဟာ နောက်လှည့်ကြည့်လိုက်ပေမဲ့ သူ့နောက်က ကောင်းကင်ယံမှာ ဘယ်သူမရှိနေတာကို တွေ့လိုက်ရပါတယ်။
‘ဘယ်သူလက်ချက်လဲ’ ဂျိရှင်းရှန်ဟာ ကြက်သီးမွေးညင်းထသွားပါတယ် ‘မဖြစ်နိုင်ဘူး... ဒါက အမတ လက်ချက်လား... မော်တယ်က ဒီလိုစွမ်းအားမျိုးကို မပိုင်ဆိုင်နိုင်ဘူး’ ဂျိရှင်းရှန်ဟာ ဒီလိုကြောက်ရွံ့မှုမျိုးကို တစ်ခါမှ မခံစားရဖူးပါဘူး။
ဂျိရှင်းရှန်ဟာ ဝီရိယတောင်က ကွမ်းယွီအယောင်ဆောင်ထားတဲ့ ဟန်ကျွယ်နဲ့ တွေ့ဆုံခဲ့တုန်းကတောင် ဒီလောက်ထိ မကြောက်ခဲ့ပါဘူး။
လောကတစ်ခုလုံး တိတ်ဆိတ်နေပါတယ်။ ဂျိရှင်းရှန်ခြေထောက်အောက်က မိုးကြိုးတွေသာ ဆက်မြည်ဟိန်းနေပါတယ်။ လူတိုင်းဟာ တိတ်ဆိတ်သွားကြပြီး လျှပ်တပြက်ဖြစ်သွားတဲ့ အပြောင်းအလဲကို မယုံနိုင်အောင် ဖြစ်နေကြပါတယ်။
အတန်ကြာတဲ့အခါမှာတော့...
ဟွမ်ဂျိဟောင်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “မကောင်းဆိုးဝါးဧကရာဇ်က သေသွားပြီလား”
ဟွမ်ဂျိဟောင်အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါတယ်။ ချက်ချင်းဆိုသလို နတ်ဆိုးကြိုယဇ်ပလ္လင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။ လက်ယာကျင့်ကြံသူတွေအကုန်လုံးဟာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြပါတယ်။
ရှင်းဟုန်ရွှမ်နဲ့ နတ်မိမယ်ရှီရွှမ်ကတော့ ရုပ်သေးရုပ်ကို စိုက်ကြည့်နေကြပါတယ်။
တာအိုသခင်ကျိုးတိ၊ ကွမ်းယိုကုန်းနဲ့ လျူပုမီတို့ကလည်း ကောင်းကင်ရုပ်သေးရုပ် မကောင်းဆိုးဝါးဧကရာဇ်ဆီ လက်ညိုးညွှန်တာကို အရိပ်အမြွက်တွေ့လိုက်ပါတယ်။
‘ဒါက...’
တာအိုသခင်ကျိုးတိနဲ့ တစ်ခြားသူတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်နိုင်ချေတစ်ခုကို တွေးတောမိလိုက်ကြပါတယ် ‘ဒီရုပ်သေးရုပ်က သူနဲ့ အရမ်းဆင်တယ်’
ဟန်ကျွယ် ဂျိနန်ဟယ်ကို ထိအောင်ပစ်နိုင်တာက ကောင်းကင်ရုပ်သေးရုပ်ရဲ့ တည်နေရာပြမှုကြောင့်ပါ။
အမတတောင်ပေါ်က ဟန်ကျွယ်ဟာ သူ့လက်ကို ပြန်သိမ်းလိုက်ပါတယ်။ ဖူစန်းသစ်ပင်ရဲ့ သစ်ရွက်တွေဟာ လေအဝှေ့မှာ လူးလွန့်သွားပါတယ်။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နောက်ကျောကို အရူးအမူး စိုက်ကြည့်နေပါတယ်။ ရွှင်ချန်အန်းနဲ့ ရန်ထျန်တုန်းရဲ့ မျက်နှာမှာလည်း ကြည်ညိုလေးစားမှုတွေ အပြည့်နဲ့ပါ။
ငရဲကြက်နက်ဟာ မျက်လုံးပြူးသွားပါတယ်။
မုရုံချီဟာ လက်သီးဆုပ်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... ဒါက ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ”
ဟန်ကျွယ်ဟာ မုရုံချီကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းလေ၊ မင်း သင်ချင်လား”
“သင်ချင်ပါတယ်”
“မင်းက ဓားကို မကြိုက်ဘူးမလား”
“ကျွန်တော် ဒါကို လှံပညာရပ်အဖြစ် ပြောင်းစမ်းကြည့်မယ်လေ၊ ဒီစွမ်းအားက အရမ်းလန်းတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဖူစန်းသစ်ပင်အောက်ကို လျှောက်သွားကာ ထိုင်ချလိုက်ပါတယ်။ တစ်ခြားသူတွေလည်း လိုက်ထိုင်ပါတယ်။
လောကတစ်ခုလုံး ပြန်ငြိမ်းချမ်းသွားပါတယ်။
မုရုံချီနဲ့ ကျန်တဲ့လူတွေဟာ ဟန်ကျွယ်က ကောင်းကင်ဘုံအဆင့်ရဲ့ စွမ်းအားကို ပြသတာပဲလို့ တွေးကြပါတယ်။ ဟန်ကျွယ်ရဲ့လက်ညိုးက လောကတစ်ခုလုံးမှာရှိတဲ့ သက်ရှိတွေကို ကယ်တင်လိုက်တယ်ဆိုတာ မသိလိုက်ကြပါဘူး။
ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားခြင်းမရှိဘဲ သက်ပြင်းရှည်ကြီး တစ်ချက်သာ ချလိုက်ပါတယ်။
‘လက်ယာလမ်းစဉ်က ဒီလောက်ဆို ပြန်တည်ငြိမ်ပြီ ထင်တာပဲ’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။