← Chapters

ရွှေကျီးကန်းအား မွေးစားခြင်း၊ နတ်ဆိုးသခင် ရောက်လာခြင်း

Vol. 9 Ch. 135

ရွှေကျီးကန်းအား မွေးစားခြင်း၊ နတ်ဆိုးသခင် ရောက်လာခြင်း

Vol. 9 Ch. 135

အခန်း (၁၃၅) ရွှေကျီးကန်းအား မွေးစားခြင်း၊ နတ်ဆိုးသခင် ရောက်လာခြင်း

ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ရောက်သွားတဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပါတယ်။ ရွှေကျီးကန်းနှစ်ကောင်ကြောင့် ဖြစ်ပေါ်နေတဲ့ နေမင်းဟာ တဖြည်းဖြည်း ကြီးကြီးလာပါတယ်။

‘ဒီကောင်တွေက မော်တယ်လောကကို ဆင်းသက်လာပြီလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ရန်ထျန်တုန်း၊ ရွှင်ချန်အန်း၊ မုရုံချီနဲ့ ငရဲကြက်နက်တို့လည်း အလွန်အမင်း စိုးထိတ်သွားကြပါတယ်။ အထူးသဖြင့် ငရဲကြက်နက် အဆိုးဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကပ်ဘေးက သူ့ကြောင့် ဖြစ်လာတာမို့လို့ပါ။

ဒဏ္ဍာရီလာ ရွှေကျီးကန်း မော်တယ်လောကကို ဆင်းသက်လာတယ်ဆိုတဲ့ အတွေးက တွေးမိသူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေပါတယ်။

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နောက်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပါတယ်။ အဲဒီနောက် ကောင်းကင်ကို မော့ကြည့်ပြီး တအံတဩ မေးလိုက်ပါတယ် “နေနှစ်စင်းက ပြုတ်ကျလာတော့မှာလား”

ဒီအဖြစ်အပျက်ကို ဟန်ကျွယ်တို့ချည်းပဲ သတိထားမိတာ မဟုတ်ပါဘူး။ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေလည်း ဒီကိစ္စကို သတိထားမိသွားပါတယ်။ ဂိုဏ်းတပည့်တွေဟာ ကောင်းကင်ပေါ် ပျံတက်ပြီး နေသုံးစင်းကာ လက်ညိုးထိုးကာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပါတယ်။

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ ဒီရွှေကျီးကန်းလေးတွေကို မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း ဆန်းကြယ်စွမ်းအားနဲ့ ခြောက်လိုက်ရင် ကောင်းမလား’

အပူချိန်က တဖြည်းဖြည်း မြင့်တက်လာတာကြောင့် ဟန်ကျွယ်ဟာ ထပ်ပြီး မစောင့်ဆိုင်းရဲတော့ပါဘူး။ ချက်ချင်းပဲ ခုန်ထွက်ပြီး အပေါ်ကို တက်သွားပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ထက်မှာ တောက်လောင်နေတဲ့ ကျီးကန်းနှစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ဒီကျီးကန်းနှစ်ကောင်ပေါ်က နေမီးလျှံစစ်ဟာ ပိုပိုပြီးတော့ အင်အားကောင်းလာပါတယ်။

ရွှေကျီးကန်းက မီးကျီးကန်းနဲ့ ဆင်တူပါတယ်။ မတူတာဆိုလို့ ခြေထောက်သုံးချောင်း ရှိတာနဲ့ ဆယ်မိုင်နီးပါးရှည်လျားတဲ့ တောင်ပံတစ်စုံ ရှိနေတာပါ။ နောက်ပြီး အလွန်တရာမှ ကြီးစိုးလွန်းတာကြောင့် ငယ်ငယ်ပဲရှိသေးတယ်လို့ မထင်ရပါဘူး။

ကောင်းကင်မှာ အက်ကြောင်းတွေ အက်နေပြီးပြီမို့ ခြေသုံးချောင်း ရွှေကျီးကန်းနှစ်ကောင်ဟာ နောက်တစ်ခါ ထပ်တိုက်ဖို့ ပြင်ဆင်နေပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ကံတရားအထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်အား စုံစမ်းစစ်ဆေးနေသည်။]

‘ကံတရားအထောက်အပံ့ရှိသူလား’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[နတ်ရွှေကျီးကန်း: ကောင်းကင်ဘုံဝင် သတ္တမအဆင့်။ လက်တလောတွင် မွေးကင်းစအရွယ်သာ ရှိသေးသော်လည်း အရည်အချင်းညံဖျင်းမှုကြောင့် နတ်ရွှေကျီးကန်း မျိုးနွယ်စု၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ နတ်ရွှေကျီးကန်းလေးသည် ဖူစန်းသစ်ပင်၏ ရောင်ဝါကို ခံစားမိခဲ့သောကြောင့် ပိုမိုစွမ်းအားကြီးလာရန်အတွက် မော်တယ်လောကကို အပြင်းလာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်တာအို အထောက်အပံ့အား မိစ္ဆာမျိုးနွယ်စု၏ နှောင့်ယှက်မှုကြောင့် ရွှေကျီးကန်းလေးနှစ်ကောင်သည် မော်တယ်လောကအား အင်အားသုံးဝင်ရောက်ရန် အခွင့်အရေးတစ်ခုကို ရှာဖွေ့တွေ့ရှိသွားသည်။]

‘အား... နတ်ရွှေကျီးကန်း မျိုးနွယ်စုက စွန့်ပစ်လိုက်တာလား’ ဟန်ကျွယ်ဟာ အရေးကြီး သတင်းအချက်အလက်ကို ချက်ချင်း တွေ့သွားပါတယ်။

‘စွန့်ပစ်ခံထားရတာဆိုတော့ ငါ သူတို့ကို သတ်လိုက်ရင် နတ်ရွှေကျီးကန်းမျိုးနွယ်စုကို လက်စားလာမချေလောက်ပါဘူး’

‘မဟုတ်သေးဘူး... ဒီလိုအင်အားကြီးတဲ့ မျိုးနွယ်စုက ဂုဏ်သတင်းကိုတော့ ဂရုစိုက်မှာပဲ၊ သူတို့မျိုးနွယ်စုဝင် နှစ်ယောက်ကို မော်တယ်တစ်ယောက်က သတ်လိုက်မှန်းသိရင် ကျိန်းသေပေါက် ဒေါသထွက်ပြီး လက်စားလာချေမှာပဲ’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ဟန်ကျွယ်နဲ့ မလှမ်းမကမ်းပဲ တာအိုသခင်တစ်ယောက် ပေါ်လာပါတယ်။ တာအိုသခင်ဟာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး အလန့်တကြား အော်ဟစ်လိုက်ပါတယ်။

“ခြေသုံးချောင်း ရွှေကျီးကန်း”

တာအိုသခင်ဟာ ကြောက်လွန်းတာကြောင့် နေရာမှာတင် ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်သွားရပါတယ် ‘ဒီလူက ငါ့ထက်အောင် ပိုကြောက်နေပါ့လား’

“ဝုန်း...”

ကောင်းကင်နံရံဟာ မှန်လိုပဲ ကွဲကြေထွက်သွားပြီး ရွှေကျီးကန်းနှစ်ကောင်ဟာ ဟန်ကျွယ်ဆီ တဟုန်ထိုး ပျံသန်းလာပါတယ်။ အတိအကျ ပြောရရင်တော့ ရွှေကျီးကန်းနှစ်ကောင်ကို မြေပြင်ကို ဆင်းသက်တာပါ။

ဟန်ကျွယ်ဟာ လက်ညိုးနဲ့ လက်ခလယ်ကို ကောင်းကင်ယံဆီညွှန်လိုက်ပါတယ်။ အဲဒီနောက် မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး ဓားချီတွေ ပစ်လွှတ်လိုက်ပါတယ်။

ဓားချီဟာ ရွှေကျီးကန်းလေးနှစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းထွက်သွားတာကြောင့် ရွှေကျီးကန်းလေး နှစ်ကောင်ဟာ နာကျင်စွာ အော်ဟစ်လိုက်ပါတယ်။ သူတို့ကိုယ်ပေါ်က နေမီးလျှံစစ်ကလည်း ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ နတ်ရွှေကျီးကန်း သွေးစည်းကြောင့်သာ မဟုတ်ရင် ဒီရွှေကျီးကန်းနှစ်ကောင်က ဟန်ကျွယ်ရဲ့လက်ချက်နဲ့ အသက်ပျောက်သွားလောက်ပါပြီ။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး စကြာဝဠာအင်္ကျီလက် ဆန်းကြယ်စွမ်းအားကို အသုံးပြုကာ ရွှေကျီးကန်းနှစ်ကောင်ကို စုပ်ယူလိုက်ပါတယ်။

ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်ရှိတဲ့ ရွှမ်ချင်းကျွင်းကိုတောင် ဟန်ကျွယ်က တစ်ချက်တည်းနဲ့ အသေသတ်ခဲ့တာပါ။ သတ္တမအဆင့်ပဲရှိသေးတဲ့ ဒီရွှေကျီးကန်းလေး နှစ်ကောင်လောက်ကတော့ အသာအယာပါပဲ။

ရွှေကျီးကန်းလေးနှစ်ကောင်က နတ်မျိုးနွယ်စုက လာတာဆိုပေမဲ့ အရမ်းငယ်ပါသေးတယ်။

ဟန်ကျွယ် ထွက်သွားဖို့ ပြင်လိုက်တဲ့ဆိုရင်ပဲ လူတစ်ယောက် အပြေးရောက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီလူကတော့ ဂျိရှင်းရှန်ပဲ ဖြစ်ပါတယ်။

“နေနှစ်စင်းက ဘယ်ရောက်သွားတာလဲ” ဂျိရှင်းရှန်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို တွေ့ရလို့ အံအားသင့်ခြင်း မရှိပါဘူး။

ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်ပါတယ် “သူတို့တွေ ထွက်သွားပြီ”

ကောင်းကင်နံရံက လျင်မြန်စွာ ပြန်ကောင်းသွားတာကြောင့် မကျိုးပျက်ခဲ့သလိုပါပဲ။

ဟန်ကျွယ်ဟာ ဒီနံရံအပြင်ဘက်က ဘာလဲဆိုတာကို သိချင်သွားပါတယ် ‘ရွှေကျီးကန်းလေးတွေ ဝင်လာနိုင်တယ်ဆိုတော့ တစ်ခြားအမတနတ်ဘုရားတွေလည်း ဝင်လာနိုင်လား’

ဟန်ကျွယ်ဟာ ရုတ်တရက်တွေးမိလိုက်တဲ့ အတွေးကြောင့် တော်တော်လေး မသက်မသာ ဖြစ်သွားပါတယ် ‘မော်တယ်လောကက ငါထင်သလောက် မလုံခြုံဘူးပဲ’

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ရှေ့ ရောက်လာပြီး သေချာအကဲခတ်လိုက်ပါတယ်။ အဲဒီနောက် ပြင်းပြတဲ့မျက်လုံးတွေနဲ့ မေးလိုက်ပါတယ် “မကောင်းဆိုးဝါးဧကရာဇ်ကို သတ်လိုက်တာ မင်းလား၊ ငါ အခုလေးတင် အဲဒီဓားချီကို ခံစားမိလိုက်တာ”

ဒီဓားချီပိုင်ရှင်က ဟန်ကျွယ်သာဆိုရင် ဂျိရှင်းရှန်တစ်ယောက် နေသာထိုင်သာ ရှိသွားမှာပါ။ ဂျိရှင်းရှန်ဟာ နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က သူ့ထက် စွမ်းအားပိုကြီးတာကို လက်ခံလိုက်ပါပြီ။ ဒါပေမဲ့ ဂျိရှင်းရှန်ဟာ သူ့ထက် စွမ်းအားပိုကြီးတဲ့လူ နှစ်ယောက်ရှိတာကိုတော့ လက်သင့်မခံနိုင်ပါဘူး။

ဟန်ကျွယ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ဒီကိစ္စကို သူများတွေ မသိစေနဲ့၊ မင်းက ကျင့်ကြံခြင်းလောကမှာ နံပါတစ်အဖြစ် ဆက်ရှိနေလိမ့်မယ်”

ဂျိရှင်းရှန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ၊ ခင်ဗျားက ကျော်ကြားမှုအတွက် ကျင့်ကြံအားထုတ်တာ မဟုတ်ဘူးလား”

“ငါက ထာဝရအသက်အတွက် ကျင့်ကြံအားထုတ်တာ”

ဟန်ကျွယ်ရဲ့ အဖြေကြောင့် ဂျိရှင်းရှန်ဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ဆီကနေ လှည့်ထွက်ပြီး ဝီရိယတောင်ကို ပြန်ပါတယ်။ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို မဟန့်တားဘဲ ဟန်ကျွယ်ကျောပြင်ကိုသာ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပါတယ်။

[ဂျိရှင်းရှန်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်လိုက်ရတဲ့အခါမှာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဖူစန်းသစ်ပင်အောက်ကို ပြန်သွားပါတယ်။

မုရုံချီက ပထမဆုံး မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... အခြေအနေ ဘယ်လိုရှိလဲ၊ ရွှေကျီးကန်းတွေကို မောင်းထုတ်နိုင်လိုက်ပြီလား”

ကောင်းကင်မှာ နေတစ်စင်းပဲ ရှိတော့တဲ့အတွက် ရလဒ်ကောင်းဆိုတာကို မှန်းဆနိုင်ပါတယ်။ တစ်ခြားတပည့်တွေကလည်း ဟန်ကျွယ်ကို တလေးတစား ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်က အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “ဒီကိစ္စက သူများတွေ မသိစေနဲ့၊ မင်းတို့တွေ ဘာမှမသိသလို နေကြ... ကြားလား”

လူတိုင်းက ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်ကို လျှောက်သွားပြီး ထိုင်လိုက်ပါတယ်။ အဲဒီနောက် မျက်လုံးမှိတ်လိုက်ပါတယ်။ တစ်ခြားသူတွေကလည်း ဟန်ကျွယ်ကို မ‌နှောင့်ယှက်ရဲတာကြောင့် သူတို့အချင်းချင်းပဲ ဆွေးနွေးကြပါတယ်။

ဟန်ကျွယ်ဟာ နတ်အာရုံကို အင်္ကျီလက်ထဲက လောကငယ်လေးဆီ စေလွှတ်လိုက်ပါတယ်။ အမှောင်ထုထဲမှာ ရွှေကျီးကန်းငယ်လေးနှစ်ကောင်က ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပါတယ်။

နေမီးလျှံစစ် ပျောက်ကွယ်သွားတဲ့ ရွှေကျီးကန်းလေးနှစ်ကောင်ဟာ တော်တော်လေး သနားစရာပုံ ပေါက်နေပါတယ်။

“ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်၊ မင်းတို့တွေ ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် မင်းတို့ကို အသက်ရှင်ခွင့်ပြုပြီး စွမ်းအားပိုကြီးလာအောင် လုပ်ပေးမယ်”

ဟန်ကျွယ်ဟာ ရွှေကျီးကန်းလေးနှစ်ကောင်ကို စိတ်ချင်းဆက်သွယ်ပြီး စကားပြောလိုက်တာ ဖြစ်ပါတယ်။ ဒါမှ ဟန်ကျွယ့်စကားကို သူတို့တွေ နားလည်နိုင်မှာပါ။

ရွှေကျီးကန်းလေးနှစ်ကောင်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ရွှေကျီးကန်းလေးနှစ်ကောင်ဟာ ဟန်ကျွယ်ကို ဦးညွှတ်ပြီး အညံခံလိုကြောင်း ပြသပါတယ်။

ဟန်ကျွယ်ဟာ ရွှေကျီးကန်းလေးနှစ်ကောင်ကို စိတ်မချနိုင်တာကြောင့် လမ်းခြောက်သွယ် အမှတ်အသားကို တိတ်တဆိတ် မှတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရွှေကျီးကန်းလေးနှစ်ကောင်ကို အချိန်တစ်ခုအထိ လေ့လာပြီးမှ လွှတ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရွှေကျီးကန်းလေးနှစ်ကောင်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖူစန်းသစ်ပင်က နောက်ထပ် ရွှေကျီးကန်းတွေကို ထပ်ပြီးတော့ ဆွဲဆောင်မှာစိုးလို့ပါ။ ဒါ့အပြင် ဟန်ကျွယ်ဟာ ဒီနတ်ရွှေကျီးကန်းလေးနှစ်ကောင်ကို စီးတော်ယာဉ်အဖြစ် စီးနင်းဖို့လည်း ရည်ရွယ်ထားပါတယ်။ နတ်ရွှေကျီးကန်းက စီးတော်ယာဉ်အဖြစ် စီးနင်းတာက ခေတ်စကားနဲ့ပြောရရင် အရမ်းလန်းမှာပါ။

ရွှေကျီးကန်းကိစ္စက လူပြောသူပြောများတဲ့ ကိစ္စတစ်ခုဆိုပေမဲ့ နေနှစ်စင်းက ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် ကျင့်ကြံခြင်းလောကမှာ ရွှေကျီးကန်းကိစ္စက တဖြည်းဖြည်းနဲ့ အသံတိတ်သွားပါတယ်။

တစ်လကြာပြီးနောက်။

ဟန်ကျွယ်ဟာ ရွှေကျီးကန်းလေးနှစ်ကောင်ရဲ့ အသိဉာဏ်က တော်တော်းလေး နိမ့်ကျတာကို သိသွားပါတယ်။ ရွှေကျီးကန်းလေးနှစ်ကောင်ရဲ့ အသိဉာဏ်က လေးငါးနှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အသိဉာဏ်သာသာလောက်ပဲ ရှိပါတယ်။ ဟန်ကျွယ်က ရွှေကျီးကန်းလေးတွေ အသိဉာဏ်မဖွံ့ဖြိုးသေးတာကို အခွင့်ကောင်းယူပြီး လမ်းခြောက်သွယ် အမှတ်အသားကို သူတို့ဝိညာဉ်မှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေအောင် လုပ်လိုက်ပါတယ်။

လမ်းခြောက်သွယ် အမှတ်အသားက အလွန်တရာမှာ ပုန်းလျှိုးကွယ်လျှိုးနိုင်တာကြောင့် ရှာတွေ့ဖို့ ခက်ခဲလှပါတယ်။

လိုအပ်တာတွေ အကုန်လုံး လုပ်ပြီးတဲ့အခါမှာ ဟန်ကျွယ်က ရွှေကျီးကန်း‌လေးနှစ်ကောင်ကို အပြင်လောကဆီ လွှတ်ပေးလိုက်ပါတယ်။

ရွှေကျီးကန်းလေးနှစ်ကောင်ဟာ ငရဲကြက်နက်အရွယ်အစားအထိ သေးလိုက်ပြီး ဖူစန်းသစ်ပင်ပေါ်ကို စိတ်လှုပ်တရှား ပျံသန်းသွားပါတယ်။ ဟန်ကျွယ်ဟာ ရွှေကျီးကန်းလေးနှစ်ကောင်ကို နေမီးလျှံစစ်ကို မထုတ်ဖို့ အတင်းအကြပ် တားမြစ်ထားပါတယ်။ ဒါပေမဲ့လည်း ငရဲကြက်နက်က ရွှေကျီးကန်းလေးနှစ်ကောင်ကို အရမ်းကြောက်နေပါတယ်။

“သခင်... သူတို့က ကျွန်‌တော့်ကို စားမှာလား” ငရဲကြက်နက်က ငိုတော့မဲ့အသံနဲ့ တုန်ယင်စွာ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းပဲ သူတို့ကို ဆင့်ခေါ်ထားတာမလား၊ အခုအချိန်ကစပြီး မင်းတို့သုံးယောက်က သူငယ်ချင်းတွေ ဖြစ်သွားပြီ”

ငရဲကြက်နက်ခဗျာ ဟန်ကျွယ်စကားကြောင့် ငိုစရာမျက်ရည်မရှိ ဖြစ်သွားပါတယ်။

ရန်ထျန်တုန်းဟာ ရွှေကျီးကန်းနှစ်ကောင်ကိုကြည့်ပြီး ကြောက်ရွံ့မှုကို အလိုလို ခံစားလိုက်ရပါတယ်။ နတ်ဆိုးတွေအတွက် ရွှေကျီးကန်းက ထိပ်ဆုံးမှာရှိတဲ့သွေးစည်း ဖြစ်ပါတယ်။ ဒါကြောင့် နတ်ဆိုးသူတော်စင် သွေးစည်းပဲရှိတဲ့ ရန်ထျန်တုန်းက ရွှေကျီးကန်းကို အလိုလိုနေရင်း ကြောက်ရွံ့နေတာပါ။

ရွှင်ချန်းအန်း၊ မုရုံချီနဲ့ ဝူတောက်ကျန့်ကတော့ စပ်စုချင်သွားပါတယ်။

ရွှေကျီးကန်းလေးနှစ်ကောင်ရဲ့ ကိစ္စကို ဖြေရှင်းပြီးတဲ့နောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲပြန်ပြီး ဆက်လက်အားထုတ်ပါတယ်။ ဒီအတောအတွင်း လီချင်းဇဲ့နဲ့ ချန်ယွီအာလည်း ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။ လီချင်းဇဲ့နဲ့ ချန်ယွီအာဟာ ရွှေကျီးကန်းလေးနှစ်ကောင်ကို တွေ့လိုက်ရတဲ့အခါမှာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို ပိုပြီးတော့ သိချင်သွားပါတယ်။

‘သူက ဘယ်လောက်တောင် စွမ်းအားကြီးနေလို့ ဒီလိုနတ်သားရဲကို ယဉ်ပါးအောင် လုပ်နိုင်ရတာလဲ’

တစ်နှစ်ကြာပြီးနောက်။

အားသွန်ခွန်စိုက် ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ အသံတစ်သံကြောင့် ကျင့်ကြံနေရာကနေ နိုးထသွားပါတယ်။

“ရှင့်မှာ သခင်မတစ်ယောက် ရှိနေလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး”

ရွှမ်ချင်းကျွင်း။ သူ့အသံက နည်းနည်းမာတာကြောင့် ဟန်ကျွယ်ဟာ ရင်ထဲမှာ တင်းကြပ်သွားပါတယ်။

ဟန်ကျွယ်ဟာ နတ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်တဲ့အခါ တောင်ခြေမှာရောက်နေတဲ့ ရွှင်ချင်းကျွင်းကို တွေ့လိုက်ရပါတယ်။

“မင်း အပြင်ထွက်အုန်း”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကိုကြည့်ပြီး အမိန့်ပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ နတ်အာရုံကို အသုံးပြုပြီး တောင်ကာအစီအရင်ကို ဖွင့်လှစ်ကာ ရွှမ်ချင်းကျွင်းကို အထဲဝင်ခွင့်ပြုလိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ ပဟေဠိဖြစ်ပေမဲ့ ဟန်ကျွယ့်စကားအတိုင်း မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်ကို ထွက်လိုက်တဲ့အခါမှာ ရွှမ်ချင်းကျွင်းနဲ့ ထိပ်တိုက်တိုးပါတယ်။

ရွှမ်ချင်းကျွင်းဟာ ဝူတောက်ကျန့်ကို ဂရုမစိုက်ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်သွားပါတယ်။

ဝူတောက်ကျန့်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူ တံခါး ပိတ်သွားတာကို မြင်လိုက်ရတဲ့အတွက် ဝူတောက်ကျန့်ဟာ မပျော်မရွှင် ဖြစ်သွားပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters