← Chapters

အခန်း ၉၁၅

Vol. 66 Ch. 915

အခန်း ၉၁၅

Vol. 66 Ch. 915

အခန်း ၉၁၅ ပြန်လည်ရောက်ရှိခြင်း

စုမင် မတ်တတ်ရပ်လိုက်သည်နှင့် ပုံရိပ်ယောင် ဟင်းလင်းပြင်သည် ချက်ချင်း အက်ကွဲသွားသည်။ လေထုထဲ၌ အက်ကွဲသံ ပဲ့တင်ထပ်သွားပြီးနောက် စုမင်၏ ပတ်ဝန်းကျင်ရှိ လောကသည် မှန်တစ်ချပ်ကဲ့သို့ ကြေမွသွားတော့သည်။

​သူ၏ ခန္ဓာကိုယ်သည်လည်း အတူတကွ ကြေမွသွားပြီး ဟင်းလင်းပြင်ကျယ်ကြီးထဲ၌ အမှုန့်အဖြစ် ပြောင်းလဲ ကွယ်ပျောက်သွားသည်။

​ဤအရာ ဖြစ်ပျက်သွားသည်တွင် ဒုတိယမြောက် တောင်ထွတ်၏ ဂူတွင်းရှိ ကျောက်တံခါးကြီးကို ညာလက်ဖြင့် ဖိကပ်ထားသော စုမင်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ယင်သွားသည်။

​သူ၏ မျက်ဝန်းများ ပွင့်လန်လာပြီး ဝိညာဉ်သည် ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသည့်အလား အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။

​သူ၏ မျက်နှာအမူအရာ လျင်မြန်စွာ ပြောင်းလဲသွားပြီး ကျောက်တံခါးပေါ်ရှိ ညာလက်သည် ထိန်းမရသိမ်းမရ တုန်လှုပ်နေသည်။ ထိုအချိန်၌ သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ တစ်သားတည်း မကျဘဲ ဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် အလွန်စိမ်းသက်နေမိသည်။

​ဤခံစားချက်၏ အစိတ်အပိုင်းငယ်မှာ ခန္ဓာကိုယ်မှ လာခြင်းဖြစ်သော်လည်း အများစုမှာမူ သူ့ပတ်ဝန်းကျင်၌ အချိန်များ ပြန်လည်စီးဆင်းလာခြင်းကြောင့် ဖြစ်သည်။

​ပုံရိပ်ယောင် ဟင်းလင်းပြင်သည် ဤနေရာနှင့် အလွန်ကွာခြားပြီး စုမင်သည် ထိုဟင်းလင်းပြင်နှစ်ခု ဆုံမှတ်အဖြစ် တည်ရှိခဲ့သည်။ အချိန်ရပ်တန့်နေသော ဟင်းလင်းပြင်မှ အချိန်အတော်ကြာမှ ပြန်ရောက်လာသူ ဖြစ်၍ ပတ်ဝန်းကျင်အသစ်နှင့် အသားမကျနိုင်ခြင်းမှာ သဘာဝပင် ဖြစ်သည်။

​စုမင် ခေါင်းငုံ့၍ တုန်ယင်နေသော ညာလက်ကို ကြည့်လိုက်သည်။ တိတ်ဆိတ်မှုထဲတွင် သူ၏ နှလုံးသား ဖြည်းဖြည်းချင်း တည်ငြိမ်လာပြီး မျက်ဝန်းထဲ၌ တောက်ပသော အလင်းများ လင်းလက်လာသည်။

​‘ငါ အဲဒီပုံရိပ်ယောင် ဟင်းလင်းပြင်ထဲမှာ ဘယ်နှစ်နှစ်လောက် ကြာသွားခဲ့ပါလိမ့်။ အဲဒီမှာ အချိန်တွေ မရွေ့လျားခဲ့ပေမယ့် ကုန်လွန်သင့်တဲ့ အချိန်တွေက ငါ့အပေါ် စုဝေးသက်ရောက်ခဲ့လို့ ရှေးဆန်တဲ့ အငွေ့အသက်တွေ ရနေပြီ။ မျက်ရည်လှိုင်း သတ္တဝါတွေကို ပစ်မှတ်ထားတဲ့ ဆေးနည်း ရှစ်သောင်းကျော်ထဲကမှ နောက်ဆုံးတော့ ငါ မျက်ရည်လှိုင်း ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ပြီပဲ’

​စုမင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျောက်တံခါးဆီ အကြည့်ပို့လိုက်သည်။ မျက်ဝန်းထဲ၌ အလင်းတစ်ချက် လက်သွားပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ညာလက်ကို မြှောက်၍ ကျောက်တံခါးအား ထပ်တွန်းလိုက်ပြန်သည်။

​တွန်းလိုက်သည်တွင် ကျောက်တံခါးထံမှ ကျယ်လောင်သည့် မြည်ဟည်းသံ ထွက်ပေါ်လာပြီး ပင့်ကူအိမ်သဏ္ဌာန် ဖြာထွက်နေသော အပြာနုရောင် အလင်းမျှင်များသည် နောက်သို့ ပြန်လိပ်ဝင်သွားသည်။ အမှတ်တစ်မှတ်တည်းအဖြစ် စုစည်းသွားသောအခါ အပြာနုရောင် ဝဲဂယက်အဖြစ် ပြောင်းလဲသွားတော့သည်။

​တစ်ချိန်တည်းမှာပင် ဝဲဂယက်ထဲမှ ဆေးလုံးများ ထွက်ပေါ်လာပြီး စုမင်ရှေ့၌ ဝဲပျံနေသည်။ ထိုဆေးလုံးများသည် သူ ငယ်စဉ်က ပူဇော်ခဲ့သော ဆေးလုံးများ ဖြစ်သည်။ ပုံရိပ်ယောင် ဟင်းလင်းပြင်ထဲ၌ စမ်းသပ်မှုများ ပြုလုပ်ရန် အသုံးပြုခဲ့သော ဆေးလုံးများလည်း ဖြစ်သည်။

​သို့သော် ယခုအကြိမ် ပေါ်လာသော ဆေးလုံးများမှာ အကန့်အသတ်မရှိ များပြားနေခြင်း မဟုတ်တော့ပေ။ ဤသည်မှာ လက်ကျန်ရှိသမျှသာ ဖြစ်သည်။

​သို့သော် စုမင်အတွက်မူ အကန့်အသတ်မရှိ မရနိုင်တော့လျှင်လည်း အရေးမကြီးတော့ပေ။ သူသည် ပြီးပြည့်စုံသော ဆေးနည်းကို ရှာတွေ့ခဲ့ပြီ ဖြစ်ရာ တစ်ကြိမ်တည်းဖြင့် ဆေးလုံးကို အောင်မြင်စွာ ဖန်တီးနိုင်တော့မည် ဖြစ်သည်။

​ဆေးလုံးများကို ဝေ့ကြည့်လိုက်ပြီးနောက် ညာလက်အား ဝှေ့ယမ်း၍ ဆေးလုံးတစ်လုံးကို အနားဆွဲယူလိုက်သည်။ ၎င်းအား ကြေမွစေပြီးနောက် အခွံကိုသာ ယူလိုက်သည်။ ထို့နောက် အခြားဆေး တစ်လုံးအား ကြေမွစေပြီး သုံးပုံတစ်ပုံကိုသာ ယူလိုက်ပြန်သည်။ ဤကဲ့သို့ ရှုပ်ထွေးသော လုပ်ငန်းစဉ်များကို ဆက်တိုက်လုပ်ဆောင်ရာ တစ်နာရီခန့် ကြာသောအခါ ညာလက်ပေါ်၌ ဖန်ဆင်းထားသည့် မီးတောက်ပေါ်တွင် မျက်ရည်လှိုင်း ဆေးလုံးကို ကျွမ်းကျင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သည်။

​ဆေးလုံးသည် သွေးကဲ့သို့ ရဲရဲနီနေပြီး ကြောက်မက်ဖွယ် ကောင်းသည်။ ဆေးလုံးနှင့်မတူဘဲ သွေးစိုင်သွေးခဲနှင့်သာ တူနေသည်။ ထိုဆေးလုံးထံမှ ဆိုးယုတ်သော အငွေ့အသက်များနှင့်အတူ ပြင်းထန်သည့် အချိုနံ့တစ်ခု ပျံ့လွင့်လာသည်။

​တစ်စုံတစ်ယောက် ထိုအနံ့ကို ရှူရှိုက်မိပါက မိန်းမောသွားမည် ဖြစ်သော်လည်း အကြိမ်ကြိမ် ရှူရှိုက်မိပါက ကလီစာများပါ ထွက်ကျလာမတတ် အဆက်မပြတ် အန်ချင်လာပေလိမ့်မည်။

​"မျက်ရည်လှိုင်းတွေ... ငါ ပြန်လာပြီ"

​စုမင်၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာပြီး သူသည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ဂူတွင်း၊ ဒုတိယမြောက် တောင်ထွတ်နှင့်... ကျောက်တုံးအပိုင်းအစ ကမ္ဘာငယ်ထဲမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

​'နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အပြင်ဘက် နဂါးငွေ့တန်းထဲတွင် တစ်ချက်တစ်ချက် တောက်ပသည့် ကြယ်မြစ်များ ထွက်ပေါ်လာတတ်သည်။ ထိုနေရာတွင် ကလေးငယ်များ ငိုကြွေးသံနှင့်တူသော အော်ဟစ်သံများ လောကအနှံ့ ပဲ့တင်ထပ်နေသည်။ အထက်မှ ငုံ့ကြည့်မည်ဆိုပါက ထိုနေရာ၌ မျက်ရည်လှိုင်း သတ္တဝါ တစ်သိန်းခန့်ကို မြင်တွေ့ရပေမည်။ ၎င်းတို့သည် အရွယ်အစား အမျိုးမျိုးရှိကြရာ ပေတစ်ရာ၊ ပေတစ်ထောင်၊ ပေတစ်သောင်းအထိ ကြီးမားကြပြီး အားလုံး၏ မျက်နှာပေါ်တွင် ရူးသွပ်ခြင်း၊ သွေးဆာခြင်းနှင့် လောဘဇောတက်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေကြသည်။

​ထိုနေရာတွင် မျက်ရည်လှိုင်း သတ္တဝါ တစ်သိန်းခန့်၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသည့် စစ်သင်္ဘော ဆယ့်သုံးစင်း ရှိသည်။ ရူးသွပ်စွာ အော်ဟစ်ရင်း ၎င်းတို့သည် ရန်သူများအပေါ် တစ်လှိုင်းပြီးတစ်လှိုင်း တိုက်ခိုက်နေကြသည်။

​၎င်းတို့ကို ခုခံနေကြသူများမှာ ကျင့်ကြံသူ ထောင်ပေါင်းများစွာ ဖြစ်သည်။ သူတို့သည် အလွန်အမင်း မောပန်းနွမ်းနယ်နေပြီး ဒဏ်ရာအမျိုးမျိုး ရထားသော်လည်း လက်တစ်လုံးမျှ ဆုတ်မပေးကြပေ။ ကျင့်ကြံခြင်း စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း၊ မှော်လက်နက်များ ကြေမွပျက်စီးသွားသော်လည်း မည်သည့် မျှော်လင့်ချက်မျှ မရှိတော့သည့်တိုင် အံကိုတင်းတင်းကြိတ်ကာ ကြံ့ကြံ့ခံနေကြဆဲပင်။

​သို့တိုင် သူတို့သည် နောက်သို့ လှည့်မကြည့်ကြပေ။

​မျက်စိမှိတ်ထားလေ့ရှိသော အဖိုးအိုကိုးယောက် ဖြစ်သည့် အမှောင် အစောင့်အရှောက်များသည် ယခုအခါ မျက်လုံးများ ပွင့်နေကြပြီ ဖြစ်သည်။ သူတို့ထံမှ ဖြူစင်သော အလင်းများ ဖြာထွက်နေပြီး အဖိုးအိုကိုးယောက်စလုံးသည် ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်း စွမ်းအားများကို ထုတ်ဖော်ထားကြသည်။ သူတို့သည် စစ်သင်္ဘော ဆယ့်သုံးစင်းကို အရပ်ကိုးမျက်နှာမှ ဝိုင်းရံကာ မျက်ရည်လှိုင်း သတ္တဝါများ၏ တိုက်ခိုက်မှုကို အစွမ်းကုန် ခုခံနေကြသည်။

​ဤလူကိုးယောက်သာ မရှိပါက မျက်ရည်လှိုင်း သတ္တဝါများသည် စစ်သင်္ဘော ဆယ့်သုံးစင်းပေါ် ရှေးမစွကတည်းက ခုန်အုပ်ကာ ကျင့်ကြံသူ အားလုံးကို ဝါးမြိုပစ်ခဲ့ကြမည် ဖြစ်သည်။

​သို့တိုင် မျက်ရည်လှိုင်း သတ္တဝါများ၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် ကျဆုံးသွားသော ကျင့်ကြံသူများ ရှိနေသည်။ သူတို့၏ ခန္ဓာကိုယ်များကို သတ္တဝါဆိုးများက ဆွဲဖြဲပစ်ပြီး အခြားကျင့်ကြံသူများ ရှေ့တွင်ပင် ကိုယ်လက်အင်္ဂါများ ပြတ်တောက်ကာ အစားခံနေကြရသည်။

​ဤကဲ့သို့ သွေးသံရဲရဲ မြင်ကွင်းများသည် ထိတ်လန့်ဖွယ်ကောင်းပြီး ခုခံသူတို့၏ ရင်ထဲ၌ မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်များကို ဖြစ်ပေါ်စေသည်။

​ကြောင်အမျိုးသမီးသည်လည်း သူမ၏ အမြင့်ဆုံး အရှိန်ကို ထုတ်ဖော်ထားပြီး ဖြစ်သည်။ သူမသည် စစ်သင်္ဘော ဆယ့်သုံးစင်းကို ဝိုင်းပတ်ပျံသန်းရင်း အကျပ်အတည်းများအား တစ်ခုပြီးတစ်ခု ရှင်းလင်းပေးကာ ကျင့်ကြံသူများ၏ ဖိအားကို လျှော့ချပေးနေသည်။

​စစ်သင်္ဘောများ၏ စွမ်းအားကို ထပ်ခါတလဲလဲ အသုံးပြု၍ အရာရာအား ဖျက်ဆီးနိုင်သော အလင်းတိုင်ကြီးများ မှုတ်ထုတ်စေသော်လည်း ထိုအလင်းတိုင်များ ပေါက်ကွဲထွက်သွားသည့် အကြိမ်တိုင်း မြူခိုးများကိုသာ ဖျက်ဆီးနိုင်ပြီး သတ္တဝါဆိုးများ၏ ခန္ဓာကိုယ်ကိုမူ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။

​အမှန်တကယ်ပင် မျက်ရည်လှိုင်း သတ္တဝါများ များပြားလွန်းလှသည်။ တစ်သိန်းဆိုသော အရေအတွက်သည် စကားဖြင့် ပြောလျှင် မများလှဟု ထင်ရသော်လည်း မျက်စိဖြင့် တကယ် မြင်ရချိန်တွင်မူ ထိုသတ္တဝါများမှာ အဆုံးအစမရှိအောင် ပြည့်နှက်နေတော့သည်။

​အဝေးတစ်နေရာတွင် ပေရှစ်သောင်းမြင့်သော မျက်ရည်လှိုင်း သတ္တဝါကြီး နှစ်ကောင် ရှိနေသည်။ ၎င်းတို့သည် ဟိန်းဟောက်နေကြပြီး ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မြူခိုးလှိုင်းကြီးများ တလိမ့်လိမ့် ထွက်ပေါ်နေသည်။ ထိုမြူခိုးများသည် ရုပ်ဝတ္ထုကဲ့သို့ လောကအနှံ့ ရိုက်ခတ်နေပြီး ထိုအရှေ့တွင်မူ ရွှီဟွေ၏ ကိုယ်ပွား ဆယ့်ခုနစ်ယောက် ရှိနေသည်။

​သူမ၏ မျက်နှာသည် ဖြူလျော်နေသည်။ လကပ်ဘေး နယ်ပယ်နှင့် ညီမျှသော အစွမ်းထက် သတ္တဝါကြီးနှစ်ကောင်ကို သူမ၏ စွမ်းအားဖြင့် ခုခံရန် အလွန် ခက်ခဲသည်။ ဤမျက်ရည်လှိုင်း သတ္တဝါများသည် တောရိုင်းတိရစ္ဆာန်များ ဖြစ်၍ နတ်ဘုရားစွမ်းရည်တွင် ကျင့်ကြံသူများနှင့် မယှဉ်နိုင်သော်လည်း ၎င်းတို့ ပေးစွမ်းသော ဖိအားမှာ အလွန်ကြီးမားသည်။

​သူမ လုံးဝ ရှုံးနေပြီ ဖြစ်သည်။ အချို့အခြေအနေများတွင် သူမအတွက် အလွန် အန္တရာယ်ကြီးသော အခြေအနေသို့ပင် ရောက်ခဲ့သေးသည်။ လက်ရှိတွင် ကြံ့ကြံ့ခံနေနိုင်သေးသော်လည်း ကြာရှည် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ ပို၍ အရေးကြီးသည်က နဂါးငွေ့တန်းထဲ၌ မျောပါနေသော ဥက္ကာပျံကြီးပေါ်တွင် ပေတစ်သိန်းမြင့်သော မျက်ရည်လှိုင်း သတ္တဝါကြီးသည် ပျင်းရိသောဟန်ဖြင့် ထိုင်နေခြင်းပင်။ ၎င်း၏ မျက်ဝန်းများသည် အေးစက်နေပြီး အထင်သေး ရွဲ့စောင်းသော အကြည့်ဖြင့် ရွှီဟွေနှင့် အခြား ကျင့်ကြံသူများကို စိုက်ကြည့်နေသည်။

​၎င်းဘေးတွင် ပေရှစ်သောင်းမြင့်သော မျက်ရည်လှိုင်း သတ္တဝါကြီး နှစ်ကောင်လည်း ရှိနေသေးသည်။ ၎င်းတို့သာ ဝင်တိုက်ပါက ရွှီဟွေအဖို့ ခုခံရန် မဖြစ်နိုင်တော့ပေ။

​သူမ ရင်ထဲ၌ ဒေါသများ တောက်လောင်နေသည်။ ဤဒေါသသည် မျက်ရည်လှိုင်း သတ္တဝါများအပေါ် မဟုတ်ဘဲ လက်ရှိတွင် တာအိုခုန်းအဖြစ် ဟန်ဆောင်ထားသော စုမင်အပေါ်၌သာ ဖြစ်သည်။

​စုမင်သည် ဤနေရာ၌ ကျန်ရစ်ရန် ရွေးချယ်ပြီး ရှေ့တန်းမှ ဦးဆောင် တိုက်ခိုက်ခဲ့စဉ်က ရွှီဟွေ၏ စိတ်ထဲတွင် တာအိုခုန်းအပေါ် အမြင်သည် သူမကိုယ်တိုင် မသိလိုက်ဘဲ ပြောင်းလဲသွားခဲ့ဖူးသည်။ သို့သော် ဤအရာအားလုံး ဟန်ဆောင်မှုသက်သက်သာ ဖြစ်မည်ဟု သူမ မထင်ခဲ့မိပေ။ တာအိုခုန်း၏ စရိုက်သည် တရွေးသားမျှ ပြောင်းလဲသွားခြင်း မရှိ။ သူသည် သူမသိထားသည့်အတိုင်း မေတ္တာကင်းမဲ့သူ၊ တရားလက်လွတ်လုပ်သူ၊ လျှို့ဝှက်ကောက်ကျစ်ပြီး သစ္စာဖောက်တတ်သူအဖြစ် တည်ရှိနေဆဲပင်။ အပေါ်ယံတွင် ခန့်ညားသော စကားများ ဆိုခဲ့သော်လည်း တကယ်တမ်း၌ ရှေ့သို့ ပြေးထွက်ချိန်တွင် မည်သည့် လျှို့ဝှက်နည်းလမ်း သုံးခဲ့သည် မသိဘဲ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

​သူမသည် နေရာရွှေ့ပြောင်းခြင်း ပညာရပ်၏ စွမ်းအားလှိုင်းကို မခံစားခဲ့ရသော်လည်း တာအိုခုန်း ပျောက်ကွယ်သွားခြင်းအတွက် အခြားအကြောင်းပြချက် မရှိနိုင်တော့ပေ။

​ဒေါသအပြင် ရွှီဟွေ၏ ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုနှင့် စိတ်ပျက်အားလျော့မှုတို့လည်း ပြည့်နှက်နေသည်။ သူမ၏ ကံကြမ္မာသည် တာအိုခုန်းနှင့် ချည်နှောင်ထားပြီး ဖြစ်ကြောင်း၊ ထိုသံယောဇဉ်ကို ဖြတ်တောက်မရကြောင်းနှင့် သူ၏ ဇနီးအဖြစ် ပူးတွဲကျင့်ကြံရမည့်သူ ဖြစ်ကြောင်း သိထားသည်။ အရာရာကို ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ တာအိုခုန်းကို ပြောင်းလဲရန် ကြိုးစားခဲ့ဖူးသော်လည်း ထိုအရာကလည်း ကျဆုံးခဲ့ရပြန်သည်။

​တာအိုခုန်း တစ်ဦးတည်း ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ရင်ထဲမှ စိတ်ပျက်မှုများသည် ဖြူလျော်နေသော မျက်နှာထက်တွင် နာကျင်ပူဆွေးမှုများအဖြစ် ထင်ဟပ်လာတော့သည်။

​စစ်သင်္ဘော ဆယ့်သုံးစင်းပေါ်ရှိ ကျင့်ကြံသူများသည် ဆိတ်ဆိတ်သာ ရှိနေကြသည်။ သူတို့ အော်ဟစ်ခြင်း၊ ခါးသီးစွာ ရယ်မောခြင်း မပြုကြဘဲ တိတ်ဆိတ်စွာပင် ရှိသမျှ စွမ်းအားများကို သုံး၍ မျက်ရည်လှိုင်း သတ္တဝါများအား တိုက်ခိုက်နေကြသည်။

​အဖိုးအိုကိုးယောက် ဖြစ်သည့် အမှောင် အစောင့်အရှောက်များ၏ စိတ်ထဲ မည်သို့ တွေးနေကြသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။ သို့သော် သူတို့သည် စုမင် ပျောက်ကွယ်သွားသော နေရာဆီ တစ်ချက်တစ်ချက် လှမ်းကြည့်မိကြပြီး မျက်နှာပေါ်တွင် စိတ်ပျက်ခြင်းနှင့် ဝေခွဲမရဖြစ်ခြင်း အရိပ်အယောင်များ ပေါ်နေကြသည်။

​သူတို့ အလွန် ပင်ပန်းနေကြပြီ ဖြစ်သည်။ အဆက်မပြတ် တိုက်ပွဲများအတွင်း ဒဏ်ရာ မရသေးသော်လည်း ကျင့်ကြံခြင်း စွမ်းအားများ ကုန်ခမ်းလာခြင်း၊ စိတ်ဓာတ်များ နာကျင်ရခြင်း၊ အဝေးမှ ပေတစ်သိန်းမြင့်သော မျက်ရည်လှိုင်း သတ္တဝါကြီးထံမှ ခြိမ်းခြောက်မှုများနှင့် အရေးကြီးဆုံးဖြစ်သည့် မျှော်လင့်ချက်မဲ့ခြင်းတို့သည် လူတစ်ယောက်၏ ဇွဲဝီရိယကို သတ်ဖြတ်နိုင်သော အဆိပ်အတောက် ဖြစ်နေတော့သည်။

​စုမင် ပျောက်ကွယ်သွားသည်မှာ တစ်နာရီခန့် ကြာပြီ ဖြစ်သည်။ ဤအချိန်အတွင်း တိုက်ပွဲ၏ ပြင်းထန်မှုသည် ယခင်ကထက် ကျော်လွန်ကာ အထွတ်အထိပ်သို့ ရောက်လာပြီ ဖြစ်သည်။

​ပြင်ပမှ အကူအညီ ရောက်မလာပါက သူတို့ ဆက်လက် ကြံ့ကြံ့ခံ တိုက်ခိုက်နေဦးမည် ဖြစ်သော်လည်း အဝေးမှ ပေတစ်သိန်းမြင့်သော သတ္တဝါကြီးသည် ပြောင်လှောင်ရသည်ကို ဝသွားပြီ ထင်ရသည်။ ၎င်းက ညာလက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဘေးရှိ ပေရှစ်သောင်းမြင့်သော သတ္တဝါကြီး နှစ်ကောင် ခေါင်းမော့ကာ ရက်စက်စွာ ရယ်မောရင်း ကြောက်မက်ဖွယ် ဟိန်းဟောက်သံများနှင့်အတူ စစ်သင်္ဘော ဆယ့်သုံးစင်းဆီ အလင်းတန်း နှစ်တန်းအဖြစ် ပြေးဝင်လာကြတော့သည်။

​၎င်းတို့ ရောက်ရှိလာခြင်းသည် ဤအမဲလိုက်ပွဲ၏ အဆုံးသတ်ပင် ဖြစ်ပေမည်။

​အဖိုးအိုကိုးယောက်၏ ဖြူသော မျက်ဝန်းများထဲတွင် တည်ငြိမ်မှု အရိပ်အယောင် ပေါ်လာသည်။ ဤသည်မှာ အရာရာကို နားလည်သွားပြီး သေရန် ပြင်ဆင်ထားသူတစ်ဦး၏ တည်ငြိမ်မှုမျိုး ဖြစ်သည်။ ကြောင်အမျိုးသမီး ခန္ဓာကိုယ် တုန်ယင်သွားပြီး ခါးသီးစွာ ရယ်မောရင်း သေရန် ပြင်လိုက်သည်။ ဤသို့ ရှင်သန်နေရခြင်းထက် သေဆုံးသွားခြင်းက ပိုကောင်းမည်။ သို့သော် ရင်ထဲရှိ နောင်တကို ပြုပြင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

​"တာအိုရောင်ရင်းရွှီ... ငါတို့ ဝိညာဉ်ကို လောင်ကျွမ်းပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတော့မယ်။ ဒါကို သုံးပြီး မင်း လွတ်မြောက်ဖို့ လမ်းဖွင့်ပေးမယ်။ အဲဒီအချိန်ကျရင် မင်း ချက်ချင်း ထွက်သွားပါ" အဖိုးအိုကိုးယောက်၏ အသံများ ရွှီဟွေ၏ ရင်ထဲ ပဲ့တင်ထပ်သွားသည်။

​"ငါတို့တင် မဟုတ်ဘူး။ နံနက်ခင်းတာအိုဂိုဏ်းက ကျင့်ကြံသူ အားလုံးနဲ့ စစ်သင်္ဘော ဆယ့်သုံးစင်းပေါ်က လူတွေ အားလုံးလည်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး သူတို့ကို တစ်ပါတည်း ဆွဲခေါ်သွားကြလိမ့်မယ်။ ဒါက မင်း ဒီက ထွက်သွားဖို့ လုံလောက်သင့်ပါတယ်"

​"မင်း သခင်လေးကို ပြန်တွေ့တဲ့အခါ သူ့ကို အပြစ်မတင်ပါနဲ့။ သူက ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ကြီးပြင်းဖို့ အတွေ့အကြုံနဲ့ အချိန် လိုသေးတယ်။ ငါတို့ ကိုးယောက်ကတော့ မင်းအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။ အခု သခင်လေးကို မင်းလက်ထဲ အပ်ခဲ့ပါပြီ။ သူ နည်းနည်း ခေါင်းမာပေမယ့် မင်းအနေနဲ့ ပိုသည်းခံပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူ့ကို တွေ့တဲ့အခါ နံနက်ခင်းတာအိုဂိုဏ်းဆီကို ပြန်ခေါ်သွားပေးပါ"

​ရွှီဟွေ၏ နှလုံးသား တုန်ယင်သွားသည်။ အဖိုးအိုကိုးယောက်သည် ပုံမှန်အားဖြင့် သူမကို လျစ်လျူရှုထားတတ်ပြီး သူမကလည်း အစေခံအိုကြီးများကဲ့သို့ ပြုမူတတ်သော ဤကျင့်ကြံသူ ကိုးယောက်အား အထင်သေးခဲ့မိသည်။ သူတို့ တစ်ဦးနှင့်တစ်ဦး စကားပင် မပြောသလောက် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ထိုလူကိုးယောက်သည် သူတို့အသက်ကို စတေး၍ သူမ လွတ်မြောက်ရန် အခွင့်အရေးနှင့် လဲလှယ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီ ဖြစ်သည်။

​ပေရှစ်သောင်းမြင့်သော မျက်ရည်လှိုင်း သတ္တဝါကြီး နှစ်ကောင် လျင်မြန်စွာ ချဉ်းကပ်လာသည်။ ပြင်းထန်သော ဖိအားကြီး စစ်သင်္ဘောများပေါ် ဝုန်းခနဲ ကျရောက်လာသော်လည်း အဖိုးအိုကိုးယောက် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရန် ပြင်လိုက်သည့်၊ စစ်သင်္ဘော ဆယ့်သုံးစင်း ပျက်စီးကြေမွလုနီးပါး ဖြစ်နေသည့်၊ ကျင့်ကြံသူအားလုံး သေဆုံးခြင်းဖြင့် သတ္တဝါများကို သတ်ရန် အသင့်ဖြစ်နေသည့် ထိုအချိန်တွင်...

​စုမင် ပျောက်ကွယ်သွားသော နေရာ၌ စူးရှသည့် အဖြူရောင် အလင်းတန်းကြီး ရုတ်တရက် တောက်ပလာသည်။ ထိုအလင်းတန်းသည် ဟင်းလင်းပြင်ထဲမှ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကျင့်ကြံသူ အားလုံးနှင့် မျက်ရည်လှိုင်း သတ္တဝါအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။

​ထိုအလင်းတန်းကြောင့် ရွှီဟွေ လှမ်းကြည့်မိသွားသလို အဖိုးအိုကိုးယောက်လည်း အကြည့်ပို့မိသွားပြီး ပေရှစ်သောင်းမြင့်သော သတ္တဝါကြီး လေးကောင်လည်း အံ့အားသင့်စွာ လှည့်ကြည့်မိသွားကြသည်။ ပေတစ်သိန်းမြင့်သော သတ္တဝါကြီးပင်လျှင် ထိုအလင်းတန်းဆီ အကြည့် ရောက်သွားလေတော့သည်။

​

All Chapters