အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) - မြို့ငယ်လေး (၂)
ဝမ့်ရန်ဝမ်က ပိယောင်ဘက်သို့ လှည့်လိုက်သည့်အခါ သူ၏ မျက်နှာမှာ အလွန်နူးညံ့သွားလေသည်။
“ပိယောင်... အဲ့ဒီလူငယ်လေးအပေါ် မင်း ဘယ်လိုမြင်လဲ”
ပိယောင်၏ မျက်နှာကလေး ရဲတက်သွားပြီး အောက်ငေါက်လိုက်သည်။
“ဖေဖေ... သမီးက ဖေဖေ့ကို သူ့အပေါ် ဘယ်လိုမြင်လဲဆိုတာ သိချင်လို့ ခေါ်လာတာလေ”
ဝမ့်ရန်ဝမ်က ရယ်မောလိုက်လေသည်။
“ဒီလူငယ်လေးက မဆိုးပါဘူး။ ဒါပေမဲ့ သူက ငယ်ငယ်ကတည်းက ချင်းယွင်ဂိုဏ်းရဲ့ သွန်သင်မှုတွေအောက်မှာ အရမ်းနစ်မွန်းနေခဲ့တာ”
“သူ့ရဲ့ ခေါင်းမာတဲ့ စရိုက်နဲ့ဆိုရင် သူ့ကို ငါတို့ရဲ့ ဂိုဏ်းထဲ သွတ်သွင်းဖို့က တကယ့်ကို ခက်ခဲလိမ့်မယ်”
ပိယောင်၏ မျက်နှာကလေး ညှိုးငယ်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဝမ့်ရန်ဝမ်က လက်လှမ်းပြီး သူ၏သမီးဖြစ်သူ၏ ဆံပင်ကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း ပြုံးပြလိုက်လေသည်။
“ဒါပေမဲ့ သူက မင်းရဲ့ စိတ်ထဲမှာ နှစ်အတော်ကြာ တည်ရှိနေခဲ့တဲ့ အဖုအထစ်တွေကို ဖြေဖျောက်ပေးပြီး ငါတို့သားအဖကို ပြန်လည်သင့်မြတ်စေခဲ့တယ်။ ဒီကျေးဇူးကိုတော့ ငါတို့ ပြန်ဆပ်ရမှာပေါ့”
ပိယောင်က ဝမ်းသာအားရ မေးလိုက်သည်။
“ဖေဖေ... ဖေဖေ့မှာ အစီအစဉ်ရှိလို့လား”
ဝမ့်ရန်ဝမ်က ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ သူ၏ ကိုယ်မှ ခန့်ညားထည်ဝါသော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
သူသည် အာဏာရှိသူတစ်ဦး ဖြစ်ကြောင်း သိသာလှ၏။ သို့သော် သူ၏ မျက်လုံးထဲတွင်တော့ ဝမ်းနည်းမှု အနည်းငယ် ရှိနေလေသည်။ သူက ဖြည်းဖြည်းချင်း ဆိုလေသည်။
“လူတစ်ယောက်ရဲ့ သဘာဝကို ပြောင်းလဲဖို့ဆိုတာ ခက်ခဲပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ပိယောင်တကယ်ကို ဝမ်းသာသွားမိ၏။ ဝမ့်ရန်ဝမ်က လှည့်ကြည့်ပြီး သူမကို ပြုံးပြလိုက်သည်။
ဤသည်မှာ သူ၏သမီးလေး ပျော်ရွှင်နေသည်ကို ကြည့်ပြီး ကျေနပ်နေသော ဖခင်တစ်ဦးနှင့် မခြားပေ။
ပိယောင်ကလည်း သူမ၏ ဖခင်ကို ပြန်ပြုံးပြလိုက်သော်လည်း သူတို့ဘေးမှ လူမှာမူ မျက်မှောင်ကြုတ်လျက် ဝမ့်ရန်ဝမ်ကို တိုးတိုးလေး မေးလိုက်လေသည်။
“ဂိုဏ်းချုပ်... သူက ချင်းယွင်ဂိုဏ်းက နာမည်မရှိတဲ့ ကောင်လေးတစ်ယောက်ပဲလေ။ သူ့အတွက် ဒီလောက်ထိ အားထုတ်စရာ လိုလို့လား”
ဝမ့်ရန်ဝမ်က ခေါင်းရမ်းလိုက်သည်။
“အဲ့ဒီလူငယ်လေးမှာ ကမ္ဘာပေါ်မှာ တစ်ခါမှမမြင်ဖူးတဲ့ အန္တရာယ်အရှိဆုံး မှော်လက်နက် ရှိနေတယ်။ ဒါ့အပြင်သူက အဲ့ဒါကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်နေတယ်”
“ခုအချိန်မှာ သူက အသုံးမကျတဲ့သူ ဖြစ်နေပေမယ့် အနာဂတ်ဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘူး။ ငါတို့မှာ ဒီလို အရည်အချင်းရှိတဲ့သူ တစ်ယောက်သာ ရမယ်ဆိုရင် ငါ့ရဲ့ ရည်မှန်းချက်တွေအတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်”
“ဒါတင်မကဘူး... သူက ငါနဲ့ ငါ့သမီးကိုလည်း ကူညီခဲ့ဖူးသေးတယ်လေ”
ပိယောင်က မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“သမီးလည်း အဲ့ဒီနေ့က သူ့ကို ပြောခဲ့သားပဲ... ဂိုဏ်းထဲကိုသာဝင်ရင် ဖေဖေက သူ့ကို အရေးပေးမှာပါလို့။ သူကမှ နားမထောင်တာ”
ဝမ့်ရန်ဝမ်က ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
“သူ ဘယ်လိုလုပ်ပြီး နားထောင်မလဲ။ သူ့ရဲ့ စိတ်ဓာတ်နဲ့ ချင်းယွင်ဂိုဏ်းမှာ ကြီးပြင်းခဲ့တာဆိုတော့ ငါတို့ဂိုဏ်းကို သူက အသေအလဲ မုန်းနေမှာပေါ့”
“ဒါပေမဲ့... ဟဲဟဲ... သွေးစုပ်ပုလဲနဲ့ သေခြင်းတံကျင်ဆိုတာ အန္တရာယ်အရှိဆုံး လက်နက်တွေပဲ”
“အခုတော့ ထူးဆန်းစွာနဲ့ သွေးမှော်လက်နက် ဖြစ်သွားပြီး မိစ္ဆာချီဓာတ်တွေကို ထိန်းချုပ်ထားနိုင်တယ် ဆိုပေမဲ့... အဲ့ဒီ မိစ္ဆာလက်နက်နှစ်ခုလုံးကို ကိုင်ဆောင်ထားတဲ့သူက ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ဘဲ နေမှာလဲ”
“ငါ ခန့်မှန်းကြည့်ရသလောက်တော့ ဒီလူငယ်လေးရဲ့ ကျင့်စဉ်က မနက်နဲသေးဘဲ ဒီလို အန္တရာယ်ရှိတဲ့ အရာနဲ့ တစ်နေ့လုံး အတူနေနေရတာဆိုတော့ အချိန်ကြာလာတာနဲ့အမျှ သူဟာ မိစ္ဆာချီဓာတ်တွေရဲ့ ဝါးမြိုမှုကို ခံရလိမ့်မယ်”
“သူ့ရဲ့ စိတ်ဓာတ်တွေ အများကြီး ပြောင်းလဲသွားပြီး သွေးဆာတဲ့သူ ဖြစ်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဟိုအမှန်တရားဘက်တော်သား ဆိုတဲ့သူတွေက သူ့ကို အသက်ရှင်ခွင့် ပေးတော့မှာ မဟုတ်ဘူး”
“အဲ့ဒီအခါကျရင် ငါတို့ဘက်က နည်းနည်းလေး မြှောက်ပင့်ပေးလိုက်ရုံနဲ့ သူက ငါတို့ဆီကို မလာချင်ဘဲ လာရတော့မှာပဲ”
ထို့နောက် သူက အားရပါးရ ရယ်မောလိုက်လေသည်။
ပိယောင်မှာ ဖခင်၏စကားကိုကြားရချိန်တွင် ဆွံ့အသွား၏။ သူမ ပျော်ရမလား၊ ဝမ်းနည်းရမလား မသိတော့ပေ။
သူမ ဘာမှမပြောနိုင်ဘဲ အရှေ့ဘက်သို့သာ ငေးကြည့်နေမိလေသည်။ နေလယ်ခင်း၏ တောက်ပသော နေရောင်အောက်တွင် လမ်းပေါ်၌ ထိုလူငယ်လေး၏ အရိပ်အယောင်မှာ ပျောက်ကွယ်သွားလေပြီ။
ကျန်းရှောင်ဖန်းသည် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာလာပြီး တစ်ယောက်တည်း အရှေ့ဘက်သို့ ဦးတည်သွားလေသည်။
နေ့လယ်ခေါင် အချိန်ဖြစ်သဖြင့် နေရောင်ခြည်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်နေ၏။
ကုန်းစွန်းတောင်ကို ဖြတ်ကျော်လာပြီးနောက် မြေဩဇာကောင်းသော လယ်ကွင်းပြင်များကို တွေ့ရလေသည်။ လူဦးရေမှာမူ ကျဲပါးလှ၏။
ရှေးဟောင်းလမ်းမကြီး တစ်ခုသာ ရှိပြီး လွင်ပြင်ကြီးကို ဖြတ်ကျော်ကာ ရှည်လျားသွားလေသည်။
ကျန်းရှောင်ဖန်းသည် မပျံသန်းဘဲ လမ်းပေါ်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်နေမိ၏။
ဝမ့်ရန်ဝမ်နှင့် စကားပြောခဲ့သည်များက သူ့ကို ကြီးမားသော တုန်လှုပ်မှု ပေးခဲ့လေသည်။
ဝမ့်ရန်ဝမ်နှင့် ရင်ဆိုင်စဉ်က သူ၏ လေသံမှာ ပြတ်သားပြီး တရားမျှတမှုရှိနေသော်လည်း ယခုကဲ့သို့ တစ်ယောက်တည်း ရှိနေသည့် အချိန်တွင်မူ သူကိုယ်တိုင် ပြန်မေးနေမိသည်။
‘ငါ တကယ်ပဲ မှန်ရဲ့လား...’
မည်းနက်နေသော မီးမွှေးတုတ်မှာ သူ၏ ခါးတွင် ငြိမ်သက်စွာ ချိတ်ထားလေသည်။ ထိုတုတ်ဆီမှ အေးစိမ့်သော ခံစားချက်ကို ခပ်ဖျော့ဖျော့ ခံစားနေရလေသည်။
လျှောက်ရင်း... လျှောက်ရင်း... လျှောက်ရင်း...
ကောင်းကင်အောက်ရှိ လမ်းမပေါ်တွင် လူငယ်လေးသည် ရုတ်တရက် ရပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။
ကောင်းကင်ကြီးက ကြည်လင်နေပြီး လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားလွန်းလှသည်။
ကျန်းရှောင်ဖန်းသည် ငေးမောကြည့်နေမိပြီး နှုတ်ခမ်းများ လှုပ်ရှားလျက် မျက်မှောင်ကြုတ်ကာ ကောင်းကင်ကြီးကို တစ်စုံတစ်ယောက်ကို မေးမြန်းနေသကဲ့သို့ တီးတိုးရေရွတ်လိုက်လေသည်။
“လူတစ်ယောက် ဒီလောကကြီးထဲမှာ အသက်ရှင်နေရတာ... တကယ်တော့ ဘာအတွက်ပါလိမ့်”
လမ်းခရီးတွင် ကျန်းရှောင်ဖန်းသည် ပင်ပန်းဆင်းရဲမှုများကို ကြံ့ကြံ့ခံကာ သွားလာနေ၏။ ဗိုက်ဆာသည့်အခါ ငှက်များ သို့မဟုတ် ယုန်များကို ဖမ်းဆီးစားသောက်သည်။
ပင်ပန်းသည့်အခါ သစ်ပင်အောက်တွင် အိပ်စက်သည်။ ဝါးပင်ခုတ်သည့် အလုပ်များကို အမြဲလုပ်ဆောင်ခဲ့ဖူးသဖြင့် သူ၏ ကိုယ်ခန္ဓာမှာ ကြံ့ခိုင်ပြီးသား ဖြစ်ရာ အခက်အခဲ မရှိလှပေ။
သူ၏ တုတ်ကိုသုံးပြီး ပျံသန်းမည်ဆိုပါက ယခုထက် အများကြီး ပိုမြန်မည် ဖြစ်သော်လည်း ထိုသို့ မလုပ်ချင်ပေ။
သူ၏ စိတ်ထဲတွင် တစ်ခုခုက အမြဲတမ်း နှောင့်ယှက်နေသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် သူသည် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း သူ၏ စိတ်ထဲမှ မေးခွန်းများကို အဖြေရှာချင်နေမိသည်။
ကျန်းရှောင်ဖန်းအတွက် အကြီးမားဆုံး ပြဿနာမှာ သူ၏ ဂိုဏ်းမှ သွန်သင်ချက်များကို မြင့်မြတ်သည်ဟု ယုံကြည်ထားခြင်းပင်။
ထိုအရာက လုံးဝမှားယွင်းမည်မဟုတ်ဟု သူ ထင်မြင်ထားသော်လည်း ဝမ့်ရန်ဝမ်၏ စကားများကို ပြန်စဉ်းစားကြည့်သည့်အခါတွင်လည်း အကြောင်းပြချက် ခိုင်လုံနေသဖြင့် သူ့ကို အမြဲ နှောင့်ယှက်နေလေသည်။
တကယ်လို့သာ အခြားလူတစ်ယောက် ဖြစ်ပါက... ဥပမာ သူ၏ စီနီယာအစ်ကို (၆) ဖြစ်သူ တုပိရှုဆိုလျှင် ရယ်မောပြီး ထိုအတွေးများကို မေ့ပစ်လိုက်မည်သာ။
သူသည် ချင်းယွင်ဂိုဏ်းသား ဖြစ်သဖြင့် ဂိုဏ်းကိုသာ ယုံကြည်ပေလိမ့်မည်။ သို့မဟုတ် သူ၏ စီနီယာအစ်ကိုကြီးစုန့်တာရန် ဆိုလျှင်လည်း တည်ကြည်သော စိတ်ထားရှိသဖြင့် နတ်ဆိုးဂိုဏ်းက ပြောသော စကားများကို လုံးဝယုံကြည်မည် မဟုတ်ပေ။ စဉ်းစားတောင် စဉ်းစားမည် မဟုတ်ပေ။
သို့သော် ကျန်းရှောင်ဖန်းမှာမူ သူ၏ ခေါင်းမာသော စရိုက်ကြောင့် ယုံကြည်ချက်အပေါ် စိန်ခေါ်မှုတစ်ခုကဲ့သို့ ခံစားနေရ၏။ သူ စဉ်းစားချင်သည်၊ အဖြေကို ရှာချင်နေမိသည်။
ထိုသို့ဖြင့် သူသည် သုံးရက်တိုင်တိုင် စဉ်းစားရင်း လမ်းလျှောက်လာခဲ့သော်လည်း အဖြေကို ရှာမတွေ့သေးပေ။
ထိုနေ့တွင် ကျန်းရှောင်ဖန်းသည် လမ်းပေါ်တွင် ခရီးသွားများ ပိုမိုများပြားလာသည်ကို သတိပြုမိလိုက်သည်။
သူ ကြည့်လိုက်သည့်အခါ ရှေ့တွင် မြို့ကလေးတစ်မြို့ကို တွေ့လိုက်ရသည်။ မြို့က မကြီးလှသော်လည်း လမ်းပေါ်တွင် လူအများအပြား ရှိနေလေသည်။
ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီး သူ၏ စိုးရိမ်မှုများကို ခဏတာ မေ့လျော့သွားလေသည်။
လွန်ခဲ့သော သုံးရက်လုံးလုံး လူသူသိပ်မရှိခဲ့ရာမှ ယခုကဲ့သို့ မြို့ကလေးကို မြင်လိုက်ရသည့်အခါ သူ စိတ်အားတက်ကြွသွားမိသည်။
မြို့အနီးသို့ ရောက်သွားသည့်အခါ မြို့ဝင်ဝရှိ ကျောက်တုံးပေါ်တွင် ရှောင်ချန်းမြို့ဟု ထွင်းထုထားသည်ကို တွေ့ရ၏။ ဤသည်မှာ မြို့၏ အမည် ဖြစ်ပေလိမ့်မည်။
ကျန်းရှောင်ဖန်း မြန်မြန်ဆန်ဆန် ဝင်လိုက်သည်။ လူသံများက ပို၍ ကျယ်လောင်လာ၏။ လမ်းမကြီးမှာ မြို့ကို တန်းတန်းမတ်မတ် ဖြတ်သန်းသွားလေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် နေအိမ်များနှင့် ဆိုင်ခန်းအချို့ ရှိသော်လည်း အများစုမှာ လမ်းဘေးတွင် ခင်းကျင်းရောင်းချနေသော ဈေးသည်များပင် ဖြစ်သည်။
ဈေးရောင်းသံများက သူ၏ နားထဲသို့ တိုးဝင်လာ၏။ ဤသည်မှာ လူ့လောက၏ ပန်းချီကားတစ်ချပ်နှင့် မခြားနားပေ။
ကျန်းရှောင်ဖန်းသည် လူအုပ်ထဲသို့ တိုးဝင်သွားရင်း နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
သူငယ်စဥ်အခါက မြက်ဘုရားကျောင်းရွာတွင် နေထိုင်စဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်သည်ဟု သူ မှတ်မိနေသည်။
လူသားတို့၏ လောကမှာ ချင်းယွင်တောင်ပေါ်က ကျင့်ကြံခြင်းနှင့် လုံးဝ မတူညီသော ခံစားချက်ကို ပေးစွမ်းလေသည်။
“ဒေါင် ဒေါင် ဒေါင် ဒေါင်...”
ကျန်းရှောင်ဖန်းတစ်ယောက် အတိတ်ကို သတိရနေစဉ်မှာပင် ရှေ့ဘက်မှ ကောင်းကင်တုန်ဟည်းမတတ် မောင်းထုသံကြီး ထွက်ပေါ်လာသဖြင့် သူ အံ့အားသင့်သွားသည်။
ထို့နောက် သူ၏ ဘေးမှ မြို့သူမြို့သားများသည် ထိုအသံလာရာဆီသို့ အပြေးအလွှား သွားနေကြလေသည်။ လမ်းတွင် လူအချို့ ပြောနေကြသည်ကို ကြားလိုက်ရသည်။
“မြန်မြန်လာကြ... မြို့တော်ဝန်က လူစုပြီး စကားပြောနေပြီ”
“အဲ့ဒီကိစ္စအကြောင်း ထင်တယ်နော်”
“အေးလေ... မြို့တော်ဝန်ရယ်၊ ဗိုလ်ချုပ်လီရယ်၊ ပညာရှိဖန်ရယ် မနေ့ညက တစ်ညလုံး ဆွေးနွေးနေကြတယ်လို့ ကြားတယ်။ သူတို့ တစ်ခုခု အဖြေရှာတွေ့ပြီလား မသိဘူး”
“အစီအစဉ်တစ်ခုခု ရှိပါစေလို့ပဲ ဆုတောင်းရမှာပဲ... မဟုတ်ရင်တော့ ငါတို့ ဘယ်လိုဆက်နေရမလဲ မသိတော့ဘူး”
ကျန်းရှောင်ဖန်းသည် ထိုစကားများကို ကြားလိုက်ရသည့်အခါ သူ၏ စူးစမ်းချင်စိတ်များ ထကြွလာပြီး လူအုပ်နောက်သို့ လိုက်သွားလေသည်။
ခဏအတွင်းမှာပင် လူပေါင်း ရာနှင့်ချီ၍ မြို့လယ်ရှိ ကျောက်တုံးစင်မြင့်ကြီးတစ်ခု ဘေးတွင် စုရုံးမိသွားကြ၏။
ကျန်းရှောင်ဖန်းသည် လူအုပ်ထဲတွင် ရပ်နေရင်း အလယ်ဗဟိုသို့ ကြည့်လိုက်သည်။ ကျောက်တုံးစင်မြင့်မှာ လူတစ်ရပ်ခွဲခန့် မြင့်ပြီး အလွန်ချောမွေ့နေလေသည်။
ထိုပေါ်တွင် လူသုံးယောက် ရပ်နေလေသည်။ နှစ်ယောက်မှာ အသက်ကြီးပြီး တစ်ယောက်မှာ လူငယ်လေး ဖြစ်၏။ သူတို့မှာ မြို့တော်ဝန်၊ ဗိုလ်ချုပ်လီနှင့် ပညာရှိဖန်တို့ ဖြစ်ပေလိမ့်မည်။
လူအားလုံး စုံလင်သွားသည့်အခါ အသက်အကြီးဆုံး အဘိုးအိုက ရှေ့သို့ တိုးလာပြီး မြို့သူမြို့သားများကို လက်ပြလိုက်လေသည်။ လူအုပ်ကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွားကြသည်။
အားလုံး ငြိမ်သက်သွားသည့်အခါ ထိုအဘိုးအိုက ပတ်ဝန်းကျင်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ဆိုလေသည်။
“အားလုံးပဲ... ဒီနေ့ လူစုရတဲ့ အကြောင်းရင်းကို အားလုံး သိကြမှာပါ။ လွန်ခဲ့တဲ့ သုံးလက အဲ့ဒီမိစ္ဆာက ရောက်လာပြီး ဆယ်မိုင်အကွာက နဂါးနက်ဂူထဲမှာ စပြီးနေထိုင်ခဲ့တယ်”
“အဲ့ဒီအချိန်ကစပြီး ဒီမြို့ကို အမြဲနှောင့်ယှက်နေခဲ့တာ။ ဒီလပိုင်းမှာတော့ ပိုပြီးဆိုးလာတယ်။ ညတိုင်းလာပြီး တိရစ္ဆာန်တွေကို ခိုးယူသွားတတ်တယ်”
“ပြီးတော့ လွန်ခဲ့တဲ့ သုံးရက်က ဝမ်မိသားစုက သူတို့ရဲ့ နောက်ဆုံးကျန်တဲ့ နွားလေးကို ကာကွယ်ဖို့ ကြိုးစားရင်း... အဲ့ဒီမိစ္ဆာရဲ့လက်ထဲမှာ စိတ်မကောင်းစွာနဲ့ သေဆုံးသွားခဲ့ရတယ်”
မြို့သူမြို့သားများကြားတွင် ဝမ်းနည်းပူဆွေးသံများ ထွက်ပေါ်လာပြီး အချို့ကလည်း ကျိန်ဆဲနေကြလေသည်။
ကျန်းရှောင်ဖန်းသည် အခြေအနေကို နားလည်သွားသော်လည်း ထိုမိစ္ဆာမှာ ဘာလဲဆိုသည်ကိုတော့ မသိသေးပေ။
မြို့တော်ဝန်က ဆက်ပြောလေသည်။
“ကျွန်တော်က မြို့တော်ဝန် ဖြစ်နေပေမဲ့ မြို့သူမြို့သားတွေကို အေးအေးချမ်းချမ်း မထားနိုင်တာ ရှက်ဖို့ကောင်းပါတယ်”
“မနေ့ညက စစ်ဗိုလ်ချုပ်လီနဲ့ ပညာရှိဖန်တို့နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ အဲ့ဒီမိစ္ဆာဟာ သာမန်မိစ္ဆာမျိုး မဟုတ်ဘူးလို့ ကျုပ်တို့ ယူဆထားတယ်”
“ကျုပ်တို့လို သာမန်လူတွေ မခုခံနိုင်ပါဘူး။ ဒါကြောင့် ကျင့်ကြံသူတွေကို ဖိတ်ခေါ်ပြီး မိစ္ဆာကို နှိမ်နင်းခိုင်းဖို့ အသိပေးချက် တစ်ခုထုတ်ပြန်ပါမယ်။ ကုန်ကျစရိတ်အတွက်ကတော့ အားလုံးရဲ့ ကူညီပံ့ပိုးမှုကို လိုအပ်ပါတယ်”
သူ ပြောပြီးသွားသည့်အခါ လူအုပ်ထဲတွင် ဆွေးနွေးသံများ ထွက်ပေါ်လာလေသည်။
“မြို့တော်ဝန် ပြောတာမှန်တယ်... ကျွန်တော်တို့ ကျင့်ကြံသူတွေကို ငှားပြီး မိစ္ဆာကို နှိမ်နင်းခိုင်းရမယ်”
“ဒါမျိုး ဆက်ဖြစ်နေရင် ကျုပ်တို့တွေ မိစ္ဆာစားတာ ခံရတော့မှာပဲ... ပိုက်ဆံကို ဘာလို့ ဂရုစိုက်နေဦးမှာလဲ”
“ဟုတ်တယ်... ဟုတ်တယ်...”
စင်မြင့်ပေါ်တွင် ရပ်နေသော လူသုံးယောက်မှာ မြို့သူမြို့သား အများစု သဘောတူသည်ကို မြင်သည့်အခါ စိတ်သက်သာရာ ရသွားကြ၏။ မြို့တော်ဝန်က ပြောလိုက်လေသည်။
“ကောင်းပြီ... မနေ့ညက ပညာရှိဖန်ကို အသိပေးချက် ရေးခိုင်းထားတယ်။ အဲ့ဒီ အသိပေးချက်ကို ကပ်လိုက်ပါ”
ထို့နောက် သူက ပညာရှိပုံစံနှင့် လူငယ်လေးကို ခေါင်းညိတ်ပြလိုက်၏။ ထိုလူငယ်လေးက ပြန်လည်အလေးပြုပြီး စာရေးထားသော စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်လေသည်။
သူသည် စင်မြင့်ပေါ်မှ ဆင်းလာပြီး အုတ်နံရံတစ်ခုပေါ်တွင် အသိပေးချက်ကို ကပ်လိုက်လေသည်။
မြို့သူမြို့သားများသည် ချက်ချင်းပင် ထိုနေရာသို့ စုရုံးသွားကြ၏။ ကျန်းရှောင်ဖန်းလည်း သွားကြည့်လိုက်သည်။ စာရွက်ပေါ်တွင် ဤသို့ ရေးထားလေသည်။