← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း (၉၅) - မြို့ငယ်လေး (၃)

မြို့နှင့် ဆယ်မိုင်အကွာရှိ နဂါးနက်ဂူတွင် နေထိုင်သော အမြီးသုံးချောင်း မြေခွေးမိစ္ဆာတစ်ကောင်သည် ညပိုင်းတွင် တိရစ္ဆာန်များကို ခိုးယူကာ လူများကို အန္တရာယ်ပြုနေပါသည်။

မိစ္ဆာ၏ အစွမ်းမှာ အလွန်ကြီးမားသဖြင့် ပြည်သူများကို ကူညီရန်နှင့် မိစ္ဆာကို နှိမ်နင်းရန် အစွမ်းထက်သော ကျင့်ကြံသူများကို ဖိတ်ခေါ်အပ်ပါသည်။

ရှောင်ချန်းမြို့မှ ဆုကြေးငွေ ငွေစ ငါးရာ ပေးအပ်ပါမည်။

ကျန်းရှောင်ဖန်းသည် ဤငွေများမှာ မြို့သူမြို့သားများ စုဆောင်းထားသည့် ငွေများဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ တွန့်ဆုတ်သွားမိသည်။

သူ ကူညီချင်သော်လည်း မြို့တော်ဝန် ပြောသည်ကို ကြည့်ရသော် ဤမိစ္ဆာမှာ အလွန်အစွမ်းထက်ဟန် တူလေသည်။

သူ၏ ကျင့်ကြံဆင့်မှာ နိမ့်ကျလွန်းလှသသဖြင့် မိစ္ဆာကို မနှိမ်နင်းနိုင်သည်မှာ ပြဿနာ မဟုတ်သော်လည်း တကယ်လို့သာ သူ သေဆုံးသွားခဲ့ပါက သူ၏ ဆရာကို အရှက်ရစေမည် ဖြစ်ရာ သူ မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေလေသည်။

သူ တွေဝေနေစဉ်မှာပင် လူအုပ်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ လူကောင်ကြီးမားသော အမျိုးသားတစ်ဦး လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။

ထိုသူသည် လူအုပ်ကို ရေထဲတွင် လမ်းလျှောက်နေသကဲ့သို့ အသာအယာ တိုးဝှေ့ပြီး ဝင်လာလေသည်။

ထိုလူကောင်ကြီးမားသော သူ အနီးသို့ ရောက်လာသည့်အခါ ကျန်းရှောင်ဖန်းသေချာမြင်လိုက်ရသည်။

ထိုသူ၏ အသက်မှာ နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိသေးသည်။ ထူထဲသော မျက်ခုံးများနှင့် မျက်လုံးကြီးများ၊ လေးထောင့်ကျကျ မျက်နှာနှင့် ကျယ်ပြန့်သော နားရွက်များရှိပြီး သူ၏ ကြီးမားသော ကိုယ်လုံးနှင့် တကယ့်ကို လိုက်ဖက်လှသည်။

သူ၏ ကိုယ်မှလည်း ခန့်ညားသော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။

လူအုပ်ထဲတွင် အမြင့်ဆုံးသူပင်လျှင် ထိုသူ၏ ပုခုံးလောက်သာ ရှိသဖြင့် သူသည် ကြက်အုပ်ထဲက တိမ်ညိုငှက်ကဲ့သို့ ဖြစ်နေလေသည်။

သူသည် နံရံဆီသို့ လျှောက်သွားပြီး အသိပေးချက်ကို ဖတ်လိုက်၏။ ထို့နောက် ဘာမှမပြောဘဲ စာရွက်ကို ဆွဲဖြုတ်လိုက်လေသည်။

လူအုပ်ကြီး အံ့အားသင့်သွားကြ၏။ ထိုလူကောင်ကြီးက လှည့်ကြည့်လိုက်သည့်အခါ လူတိုင်း ငြိမ်ကျသွားလေသည်။ သူက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“ငါက ဆရာကြီးဖာရှန့်ရဲ့ တစ်ဦးတည်းသော တပည့် ရှီထုံပဲ။ ဆရာ့ရဲ့ အမိန့်အရ လောကအတွေ့အကြုံ ယူဖို့ ထွက်လာတာ။ ဒီနေ့ ဒီနေရာမှာ ငါ လူတိုင်းကို ကူညီပြီး တရားမျှတမှုကို ဆောင်ကျဥ်းပေးမယ်”

ကျန်းရှောင်ဖန်း အံ့အားသင့်သွားမိ၏။ သူ၏ မှတ်ဉာဏ်ထဲတွင် ရှာကြည့်သော်လည်း ကျင်းကန်းဆိုသည့် ဂိုဏ်းအမည်ကို ရှာမတွေ့ပေ။

အားလုံးက သူ့ကို စိုက်ကြည့်နေကြ၏။ မြို့တော်ဝန်နှင့် အခြားသူများလည်း ရှီထုံ၏ ရှေ့သို့ ရောက်လာကြသည်။ မြို့တော်ဝန်က ဂရုတစိုက် ပြောလိုက်လေသည်။

“ဒီက... သူရဲကောင်းကြီး... အဲ့ဒီမိစ္ဆာက အရမ်းအစွမ်းထက်ပါတယ်... ခွန်အားတစ်ခုတည်းနဲ့တင် မရပါဘူး။ အရမ်းအန္တရာယ်များပါတယ်... ခင်ဗျား တကယ်ပဲ သေချာရဲ့လား”

ထိုလူကောင်ကြီးက ခေါင်းညိတ်လိုက်ပြီး မြို့တော်ဝန်ကို ကြည့်ကာ လေးနက်သော အသံဖြင့် ဆိုလေသည်။

“ခင်ဗျား ကျုပ်ကို မယုံဘူးလား”

မြို့တော်ဝန်မှာ ထိုမျက်လုံးကြီးများ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် စိတ်ထဲတွင် ကြောက်ရွံ့သွားသော်လည်း အားတင်းကာ ပြောလိုက်သည်။

“မဟုတ်ပါဘူး... ကျုပ်က သတိပေးတာပါ”

ထိုလူကောင်ကြီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးများက အသိပေးချက် ကပ်ထားသည့် အုတ်နံရံပေါ်သို့ ရောက်သွားလေသည်။

“ခင်ဗျားတို့ ဒီနံရံကို အသုံးလိုသေးလား”

မြို့တော်ဝန် ကြောင်သွားပြီး မေးလိုက်သည်။

“ပုံမှန်ဆိုရင်တော့ မလိုပါဘူး။ ဒီနေ့ပဲ အသိပေးချက် ကပ်ဖို့ သုံးတာပါ”

ရှီထုံက ရယ်မောလိုက်ပြီး အော်လိုက်လေသည်။

“အားလုံး ဖယ်ပေးကြစမ်း”

ထိုအသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်လှသဖြင့် ကျန်းရှောင်ဖန်း၏ နားထဲတွင် တဝီဝီ မြည်သွားလေသည်။

မြို့သူမြို့သားများမှာမူ ပြောစရာပင် မလိုတော့ပေ။ အားလုံး၏ မျက်နှာများ ဖြူလျော်သွားကြ၏။ ခဏအတွင်းမှာပင် သူတို့အားလုံး နောက်သို့ ဆုတ်သွားကြသဖြင့် ကွင်းပြင်ကျယ်ကြီး ဖြစ်သွားလေသည်။

သူသည် မျက်မှောင်ကြုတ်လျက် လက်ကို ဖြန့်လိုက်ပြီး သူ၏ ညာခြေဖြင့် မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်သည်။

လက်တစ်ဖက်ဖြင့် မန္တန်တစ်ခု ဖော်လိုက်ပြီး ပါးစပ်မှ မန္တန်များကို မြန်မြန်ဆန်ဆန် ရွတ်ဆိုကာ အော်လိုက်လေသည်။

“ထွက်ပေါ်လာစမ်း”

ထိုသူ့ဆီမှ ပြင်းထန်သော လေလှိုင်းများ ထွက်ပေါ်လာ၏။ လေတိုက်ခတ်သံများကို သူတို့၏ နားထဲတွင် ကြားနေရလေသည်။ ..

လူများကိုပင် လဲကျမတတ် ဖြစ်သွားစေ၏။ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုသူသည် ကြီးမားသော ရွှေရောင်ဆူးတပ်တုတ်ကြီး တစ်ခုကို ဆင့်ခေါ်လိုက်လေသည်။

ထိုတုတ်ကြီးမှာ လေထဲတွင် ရှိနေပြီး ရွှေရောင်အလင်းများ တောက်ပနေ၏။ တုတ်ပေါ်တွင် ဖျက်ဆီးသူဆိုသည့် စာလုံးကို ထွင်းထုထားသဖြင့် ပို၍ ခန့်ညားနေလေသည်။

အားလုံးက ချက်ချင်းပင် အော်ဟစ်အားပေးကြလေသည်။ ကျန်းရှောင်ဖန်းသည် လူအုပ်ထဲတွင် ရပ်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဖူကျစ်က သူ့ကို ဗြဟ္မာ့ဉာဏ်တော်မန္တန်ကို သင်ပေးခဲ့စဉ်က သူသည် လျှို့ဝှက်ကျင့်ကြံရင်း ဗုဒ္ဓလမ်းစဥ်၏ ပညာရပ်များကို အနည်းငယ် နားလည်ခဲ့လေသည်။

ရှီထုံဆင့်ခေါ်လိုက်သည့် ရွှေရောင်တုတ်ကြီးနှင့် သူ၏ ကျင့်စဉ်ပုံစံမှာ ဖူကျစ်နှင့် တူညီနေသဖြင့် ဗုဒ္ဓဘာသာကျင့်စဉ်နှင့် ပတ်သက်နေနိုင်ပေသည်။

တောက်ပနေသော ရွှေရောင်တုတ်ကြီးမှာ အလွန်ကြီးမားလှပြီး ပိုင်ရှင်ထက်ပင် ကြီးနေသေး၏။ ၎င်းကို ရှီထုံက လေထဲတွင် ထိန်းချုပ်ထားလေသည်။

သူ၏ မျက်လုံးများကို ပြူးကြည့်ကာ လက်ညှိုးညွှန်လိုက်သည့်အခါ ထိုတုတ်ကြီးသည် လေခွဲသံနှင့်အတူ အုတ်နံရံပေါ်သို့ အပေါ်မှနေ၍ အရှိန်ဖြင့် ကျဆင်းသွားလေသည်။

အားလုံး အလန့်တကြား အော်ဟစ်လိုက်မိကြသည်။

“ဒုန်း...”

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်မှုန့်များ လွင့်စင်သွားလေသည်။ ကောင်းမွန်သော အုတ်နံရံမှာ ရှီထုံ၏ စွမ်းအားအောက်တွင် စက္ကန့်ပိုင်းအတွင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။

“ဟူး...”

မြို့သူမြို့သားများ အားလုံး မှင်တက်သွားကြပြီးနောက် မျက်နှာတွင် အပြုံးများ ပေါ်လာကြသည်။

ရှီထုံ၏ ကြီးမားသော စွမ်းအားနှင့်ဆိုလျှင် အမြီးသုံးချောင်း မြေခွေးမိစ္ဆာကို နှိမ်နင်းရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။ မြို့တော်ဝန်က ရှေ့သို့ တိုးလာပြီး ရယ်မောလိုက်လေသည်။

“သူရဲကောင်း ရှီထုံကတော့ တကယ်ကို အရည်အချင်းရှိတာပဲ။ ဒီကိစ္စကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်ပါတော့တယ်”

ရှီထုံက ခေါင်းညိတ်ပြလိုက်၏။

မြို့တော်ဝန်က ခဏနားပြီး တွန့်ဆုတ်စွာ ပြောလိုက်လေသည်။

“ဒါပေမဲ့ သူရဲကောင်းကြီး နားလည်ပေးစေချင်တဲ့ အချက်တစ်ခုတော့ ရှိပါတယ်”

“အဘိုး ပြောပါဦး”

မြို့တော်ဝန်က ပြောလိုက်လေသည်။

“ဆုကြေးငွေနဲ့ ပတ်သက်ပြီးတော့ ဒါက ကျုပ်တို့ မြို့သူမြို့သားတွေ ခက်ခက်ခဲခဲ ရှာထားရတဲ့ ငွေတွေမို့လို့... သူရဲကောင်းက မိစ္ဆာကို အရင်နှိမ်နင်းပေးပြီးမှပဲ...”

သို့သော် မမျှော်လင့်ဘဲ ရှီထုံက လက်ကာပြလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်တော် မထွက်လာခင်မှာ ဆရာက သတိပေးခဲ့ပါတယ်။ ကျုပ်တို့တွေဟာ မိစ္ဆာရှိတဲ့နေရာမှာ တွန့်ဆုတ်မနေဘဲ ရှေ့သို့ တိုးရမယ်လို့ ဆိုပါတယ်”

“ဒါကို ကျင့်စဉ်တစ်ခုအနေနဲ့ပဲ သဘောထားပါတယ်။ ပိုက်ဆံအကြောင်း ပြောဖို့ မလိုပါဘူး”

“ ကျုပ်ကို မိစ္ဆာနဲ့ တိုက်ဖို့အတွက် အားရှိအောင် ထမင်းတစ်နပ်လောက် ကျွေးရင်ပဲ ရပါပြီ”

မြို့တော်ဝန်က အလွန်ဝမ်းသာသွားမိ၏။ ဤမျှ သက်သာသော အပေးအယူမျိုးမှာ အကောင်းဆုံးပင် မဟုတ်ပါလား။ သူက ချက်ချင်းပင် ပြန်ပြောလိုက်လေသည်။

“ဒါပေါ့... ဒါပေါ့။ ကျွန်တော်နဲ့ လိုက်ခဲ့ပါ... သူရဲကောင်းကြီးဗိုက်ဝစေရမယ်လို့ အာမခံပါတယ်”

ကျန်းရှောင်ဖန်းသည် ရှီထုံ၏ စကားကို ကြားလိုက်ရသည့်အခါ ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။

အတိတ်က သူ၏ ဆရာနှင့် ဆရာကတော်တို့က တပည့်များကို ထိုသို့ပင် သင်ကြားခဲ့ဖူးသော်လည်း ယခုကဲ့သို့ အခွင့်အရေး ရောက်လာသည့်အခါ သူက ကြောက်ရွံ့နေခဲ့မိသည်။ သူ၏ ဆရာကို တကယ်ကို အရှက်ရစေခဲ့သည်။

သူ၏ သွေးများ ပွက်ပွက်ဆူလာလေသည်။ သူသည် နာမည်ကြီးဂိုဏ်းတစ်ခုမှ ဖြစ်ရာ ဤကိစ္စကို မည်သို့ လျစ်လျူရှုနိုင်မည်နည်း။

ထို့နောက် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ကြေညာပြီး ရှီထုံနှင့်အတူ လိုက်သွားရန် ပြင်လိုက်လေသည်။

သို့သော် သူ ပြောမည်အပြုတွင်ပင် သူ၏ နားထဲသို့ စိုးရိမ်တကြီးနှင့် စိတ်လှုပ်ရှားနေသော အသံတစ်သံ တိုးဝင်လာလေသည်။

“ဟာ... ဒီလူငယ်လေး... မင်းရဲ့ ခေါင်းပေါ်မှာ တိမ်မည်းတွေ ဖုံးလွှမ်းနေပါလား။ မင်းရဲ့ မျက်ခုံးကြားမှာလည်း မည်းနက်နေတယ်... မင်းရဲ့ မျက်နှာမှာ သေဘေးနိမိတ်တွေ ရှိနေတယ်... မကောင်းတာတစ်ခုခုတော့ ဖြစ်တော့မယ်”

ကျန်းရှောင်ဖန်းသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နှင့် တရားမျှတသည့်အလုပ်ကို လုပ်ရန် ပြင်နေစဉ်တွင် ထိုသို့သော စကားကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားပြီး စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် နင်သွားလေသည်။

သူ သတိလက်လွတ် ဖြစ်သွားသဖြင့် ခြေလှမ်းမှားပြီး ခွေးချေးကို နင်းမိသွားလေသည်။

ဤဒေါသမှာ မသေးလှပေ။ ကျန်းရှောင်ဖန်း ခုန်တက်သွားသော်လည်း သူ၏ ခြေထောက်မှာ နံစော်နေဆဲပင်။

ဖိနပ်စီးထားသော်လည်း အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ တုန်တုန်ရင်ရင် ဖြစ်သွား၏။ သူက ဒေါသတကြီး လှည့်ကြည့်လိုက်လေသည်။ မည်သူကများ ဤသို့ ပြောလိုက်သနည်း။

ထိုနေရာတွင် အဘိုးအိုတစ်ဦး ရှိနေလေသည်။ သူ၏ မုတ်ဆိတ်နှင့် ဆံပင်များမှာ ဖြူဖွေးနေပြီး သန့်ရှင်းစင်ကြယ်သော မျက်နှာထားရှိလေသည်။

သူသည် အလွန်မြင့်မြတ်သော ပညာရှိတစ်ဦးနှင့် တူလှသဖြင့် လူအများ၏ လေးစားမှုကို ပထမဦးဆုံး အမြင်မှာပင် ရရှိစေလေသည်။

ထိုအဘိုးအို၏ ဘေးတွင် ရှစ်နှစ် သို့မဟုတ် ကိုးနှစ်ခန့်ရှိသည့် ကောင်မလေးတစ်ဦး ရှိပြီး သူမက ဆံပင်ကို နှစ်ဖက်ခွဲကျစ်ထားလေသည်။

သူမက ကြည့်ရသည်မှာ ချစ်စရာကောင်းပြီး ဆော့ကစားချင်ပုံ ရလေသည်။ သူမသည် သူမ၏ လက်ထဲမှ ချိုချဉ်ကို မြိန်ရည်ယှက်ရည် စားနေ၏။

ကျန်းရှောင်ဖန်းသည် အဘိုးအို၏ ရုပ်ရည်ကြောင့် ခဏတာ ဆွံ့အသွားမိ၏။ သူ့ကို ကျိန်ဆဲ၍လည်း မရသဖြင့် ဘာပြောရမည်ကို စဉ်းစားနေမိသည်။

ထိုအဘိုးအိုက ကျန်းရှောင်ဖန်း၏ ခြေထောက်ကို ကြည့်လိုက်သော်လည်း တောင်းပန်ခြင်း မရှိဘဲ ပို၍ပင် စိုးရိမ်တကြီး ဆိုလေသည်။

“ကြည့်စမ်း... ကြည့်စမ်း... ဒါက နိမိတ်ဆိုးပဲ မဟုတ်ဘူးလား”

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး မေးလိုက်၏။

“ဘာကိုလဲအဘိုး”

အဘိုးအိုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။

“မင်း ဒီစကားပုံကို မကြားဖူးဘူးလား... ခွေးချေးနင်းမိရင် ကံဆိုးမှုတွေ ရောက်လာတတ်တယ်... ဆယ်ယောက်မှာ ကိုးယောက်က သေတတ်ပြီး လောကကြီးမှာ ဒုက္ခတွေ ပြည့်နှက်သွားတတ်တယ် ဆိုတာလေ”

ကျန်းရှောင်ဖန်းမှာ ကြောင်အသွားပြီး မေးလိုက်သည်။

“မကြားဖူးပါဘူး... ဒါပေမဲ့ ကျုပ်ရဲ့ စီနီယာအစ်ကိုတွေ ပြောတာတော့ ကံကောင်းတော့မယ်ဆိုရင် ခွေးချေးနင်းမိတဲ့ ကံကောင်းမှုလို့ ပြောကြတယ်လေ...”

အဘိုးအို မှင်တက်သွားပြီးမှ ခေါင်းရမ်းလိုက်သည်။

“မိုက်လိုက်တာ... မိုက်လိုက်တာ... ဒါက လုံးဝအဓိပ္ပာယ်မရှိတာပဲ”

ကျန်းရှောင်ဖန်းက မေးလိုက်လေသည်။

“ဘာလို့လဲ”

အဘိုးအိုက ပြောလိုက်၏။

“ဒီလို တွေးကြည့်လေ... မင်းက ခွေးချေးကို တမင်တကာ အမြဲတမ်း နင်းမိအောင် လုပ်နေလို့လာ။”

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားမိ၏။ ဝါးပင်တောင်ပေါ်တွင် သူသည် အငယ်ဆုံးဖြစ်သဖြင့် တစ်ခါတစ်ရံ အညစ်အကြေးများကို ရှင်းလင်းရတတ်လေသည်။

ထျန်းပုယီ၏ ခွေးကြီး တာ့ဟွမ်ကလည်း... ထို့နောက် သူက ချက်ချင်းပင် ခေါင်းခါလိုက်လေသည်။

အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် တစ်စုံတစ်ယောက်က ခွေးချေးကို တမင်တကာ နင်းတာကို မင်း မြင်ဖူးလို့လား”

ကျန်းရှောင်ဖန်းက ခေါင်းခါလိုက်ပြန်သည်။

“အဲ့လိုလူ ဘယ်မှာ ရှိမှာလဲ”

“မှန်တာပေါ့”

အဘိုးအိုက လက်ခုပ်တီးလိုက်ရင်း ဆိုလေသည်။

“တကယ်လို့ ခွေးချေးနင်းတာက ကံကောင်းတယ်ဆိုရင် လူတွေက ဘာလို့ ရှောင်နေကြမလဲ”

“ပြီးတော့ ခွေးချေးက အရမ်းညစ်ပတ်တဲ့အရာပဲလေ... လူတိုင်းက မုန်းကြတာပဲ။ အဲ့ဒါကို နင်းမိတာက ကံဆိုးတာ မဟုတ်လို့ ကံကောင်းတာ ဖြစ်နိုင်ပါ့မလား”

ကျန်းရှောင်ဖန်းသည် ထိုစကားမှာ မှန်ကန်သည်ဟု ခံစားလိုက်ရသဖြင့် မိမိကိုယ်မိမိ မှားနေသည်ဟု ထင်လိုက်မိသည်။

ထို့နောက် အဘိုးအို ပြောလိုက်သည့် စကားများကို သတိရလိုက်သည့်အခါ သူ တကယ်ကို ကြောက်ရွံ့သွားမိလေသည်။ သူသည် ချွေးစေးများ ထွက်လာပြီး ဆိုလိုက်၏။

“အဘိုး... ကျွန်တော့်အကြောင်း ပြောခဲ့တာက...”

အဘိုးအိုက မျက်မှောင်ကြုတ်လျက် ကျန်းရှောင်ဖန်းကို စိုက်ကြည့်နေသဖြင့် သူသည် စိတ်မသက်မသာ ဖြစ်လာလေသည်။ ထို့နောက် အဘိုးအိုက ထပ်မံပြောလိုက်သည်။

“အင်း... မင်းကတော့ ဘေးဒုက္ခကြီးတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ့်ပုံပဲ။ ဒီဘက်ကို လာခဲ့ပါဦး... မင်းရဲ့ လက္ခဏာကို ငါ ကြည့်ပေးမယ်”

“လက္ခဏာ ဟုတ်လား”

ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီးမှ အဘိုးအို ကိုင်ထားသည့် ဝါးလုံးကို သတိထားမိလိုက်သည်။

ဝါးလုံးပေါ်တွင် အဖြူရောင် ပိတ်စကို ချည်ထားပြီး ‘နတ်ဘုရား၏ လမ်းညွှန်ချက်’ ဟု ရေးထားလေသည်။

ဒါဆိုရင် ထိုအဘိုးအိုက လက္ခဏာဆရာပေါ့။ သို့သော် ကျန်းရှောင်ဖန်းသည် သူ့ကို အထင်မသေးပေ။

အဘယ်ကြောင့်ဆိုသော် ချင်းယွင်ဂိုဏ်းကို တည်ထောင်ခဲ့သည့် ဘိုးဘေးမှာလည်း လက္ခဏာဆရာတစ်ဦး ဖြစ်ခဲ့သောကြောင့်ပင်။

ယခုအခါ ချင်းယွင်ဂိုဏ်းတွင် ထိုပညာကို မကျင့်ကြံကြတော့သော်လည်း သူတို့သည် လက္ခဏာဆရာများကို အမြဲတမ်း ရိုသေကြလေသည်။ မဟုတ်ပါက သူတို့၏ ဂိုဏ်းတည်ထောင်သူကို မရိုသေရာ ရောက်ပေလိမ့်မည်။

ကျန်းရှောင်ဖန်းမှာ အနည်းငယ်တွန့်ဆုတ်နေသော်လည်း သူ အဘိုးအိုနှင့် စကားပြောနေစဉ်မှာပင် မြို့သူမြို့သားများသည် ရှီထုံကို ဝိုင်းအုံကာ ထွက်သွားကြပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ထိုအဘိုးအိုကို ကြည့်ခိုင်းလိုက်လျှင်လည်း မဆိုးဟု သူ ထင်လိုက်မိသည်။

မြို့တော်ဝန်က ထိုလူကောင်ကြီးသည် ထမင်းစားပြီးမှ မိစ္ဆာကို သွားတိုက်မည်ဟု ပြောထားသဖြင့် ကျန်းရှောင်ဖန်းတွင် အချိန်ရှိသေးလေသည်။

ထို့နောက် သူက လှည့်ကြည့်ကာ အဘိုးအိုကို ပြောလိုက်သည်။

“ကောင်းပြီလေ...ဒါဆို အဘိုးကို ဒုက္ခပေးရဦးမှာပဲ”

ထိုအဘိုးအိုက ရယ်မောလိုက်ပြီး လမ်းဘေးက သစ်ပင်တစ်ပင်ကို ညွှန်ပြလိုက်လေသည်။

“ဟိုဘက်မှာ သွားပြီး စကားပြောကြရအောင်”

ထို့နောက် သူက လှည့်ထွက်သွားလေသည်။

ကျန်းရှောင်ဖန်း လိုက်သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကြည်လင်သော အသံကလေးတစ်ခု ထွက်ပေါ်လာလေသည်။

“အစ်ကိုကြီး...”

ကျန်းရှောင်ဖန်းမှာ ကြောင်သွားမိ၏။ ထိုအသံမှာ အဘိုးအို၏ ဘေးတွင် ရပ်ကာ ချိုချဉ်စားနေသော ကောင်မလေးဆီမှ ဖြစ်လေသည်။

သူမ ဘာကြောင့် သူ့ကို ခေါ်သည်ကို သူ မသိပေ။ ကျန်းရှောင်ဖန်းသည် သူမ၏ နီမြန်းနေသော ပါးပြင်ကလေးများကို ကြည့်လိုက်သည့်အခါ သူမမှာ အလွန်ချစ်စရာကောင်းနေသဖြင့် သူက ငုံ့ကြည့်ကာ ပြုံးပြလိုက်လေသည်။

“ဘာဖြစ်လို့လဲ... ကောင်မလေး”

ကောင်မလေးက သူမ၏ ပါးစပ်ထဲမှ အစေ့အချို့ကို ထွေးထုတ်လိုက်ပြီး ကျန်းရှောင်ဖန်းကို ပြုံးစိစိနှင့် ကြည့်ကာ ပြောလိုက်သည်။

“အကိုကြီးရဲ့ ခြေထောက်အောက်မှာ ခွေးချေးတွေ ရှိနေသေးတယ်... အရမ်းနံတာပဲ”

“ဟာ...”

ကျန်းရှောင်ဖန်း၏ မျက်နှာပင် ချက်ချင်းပင် နီရဲသွားပြီး ခုန်ပေါက်လျက် သူ၏ ခြေထောက်မှ အညစ်အကြေးများကို ခါထုတ်ရန် ကြိုးစားနေမိလေသည်။

ကောင်မလေးက သူ၏ အဖြစ်ကိုကြည့်ကာ ရယ်မောလိုက်ပြီး သစ်ပင်အောက်ရှိ အဘိုးအိုဆီသို့ ခုန်ပေါက်ကာ လိုက်ပါသွားတော့သည်။

All Chapters