အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) - ကံကြမ္မာဟောကိန်း (၁)
ကျန်းရှောင်ဖန်းသည် ခြေထောက်မှ အညစ်အကြေးများကို သန့်စင်လိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ မိန်းကလေးမှာ အဘိုးအိုအနားသို့ ရောက်နှင့်နေကာ တစ်စုံတစ်ရာကို တိုးတိုးလေး ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။ အဘိုးအိုက ခေါင်းညိတ်ပြုံးရွှင်နေလေသည်။
ကျန်းရှောင်ဖန်း၏ မျက်နှာမှာ နီမြန်းသွားပြီး တွင်းတူဝင်နေချင်စိတ်ပင်ပေါက်သွားသည်။ ထိုသူတို့မှာ သူ့ကို လှောင်ပြောင်နေကြခြင်း ဖြစ်လောက်သည်။
သူသည် အနည်းငယ်တွေဝေသွားပြီးနောက် သူတို့ဆီသို့ လျှောက်သွားကာ မေးလိုက်သည်။
“စီနီယာ... ကျုပ်မှာ အန္တရာယ်ကြီးကြီးမားမား ရှိနေတယ်လို့ စောစောက ပြောခဲ့တယ်နော်။ အဲဒါက ဘာကို ဆိုလိုတာလဲဗျ”
အဘိုးအိုက မျက်လုံးမှေးကာ ပြုံးလိုက်သည်။
“သခင်လေး... မင်းရဲ့ နဖူးပြင်က ပြည့်စုံပေမဲ့ ပါးပြင်တွေကတော့ နည်းနည်းလေး ချောင်နေတယ်။ မင်းက ချမ်းသာတဲ့ မိသားစုက မဟုတ်လောက်ဘူး”
ကျန်းရှောင်ဖန်းမှာ ထိုသူ့ကို ပို၍ ယုံကြည်သွားကာ ခေါင်းညိတ်လိုက်သည်။
“စီနီယာ ပြောတာ မှန်ပါတယ်။ ကျုပ်က တောရွာဇနပုဒ်က လာတာပါ”
ထိုအဘိုးအိုက ပြုံးကာ သူ၏ ဝတ်ရုံကို ညင်သာစွာ ခါလိုက်ပြီးနောက် ပုံမှန်အတိုင်းပင် ပြောလိုက်ပြန်သည်။
“မင်းရဲ့ မျက်ခုံးတွေက ထူထဲပြီး ဖြောင့်စင်းနေတာပဲ။ ဒါပေမဲ့ ညာဘက်အစွန်းမှာတော့ မှဲ့လေးတစ်လုံး ရှိနေတယ်။ ဒီနေရာက မိဘကံကို ဖော်ပြတာပဲ။ မင်းရဲ့ မိဘတွေက ကွယ်လွန်သွားကြပြီ ထင်တယ်”
ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး ပို၍ပင် ယုံကြည်သွားတော့သည်။
“စီနီယာက တကယ့်ကို ဉာဏ်ပညာမျက်စိ ရှိတာပဲ။ ကျုပ်ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားခဲ့တာပါ”
အဘိုးအိုက ပြောလိုက်၏။
“သခင်လေး... မင်းရဲ့ လက်ဖဝါးကို ပြစမ်းပါဦး”
ကျန်းရှောင်ဖန်းမှာ အဘိုးအိုကို အတော်လေး ယုံကြည်နေပြီ ဖြစ်သဖြင့် လက်ကို ကမ်းပေးလိုက်သည်။
အဘိုးအိုက ပြုံးရွှင်စွာဖြင့် စစ်ဆေးနေစဉ်မှာပင် မိန်းကလေးငယ်မှာ ရုတ်တရက် ရောက်လာပြီး ကျန်းရှောင်ဖန်း၏ လက်ကို ဆွဲယူလိုက်လေသည်။
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး မိန်းကလေးငယ်မှာ သူမ၏ အဘိုးကဲ့သို့ပင် သူ့လက်ကို အသေအချာ ကြည့်ပြီးနောက် ရယ်မောကာ ပြေးထွက်သွားလေသည်။
သူမ၏ လက်ထဲမှ စေးကပ်သော သကြားခဲအကြွင်းအကျန်အချို့မှာ ကျန်းရှောင်ဖန်း၏ လက်တွင် ကျန်ရစ်ခဲ့ရာ ခံစားချက်မှာ အတော်လေး ဆိုးဝါးလှပေသည်။
ကျန်းရှောင်ဖန်း ကြောင်အသွားသော်လည်း ကလေးငယ်တစ်ယောက်ကို ဒေါသထွက်မနေလိုတော့ပေ။
မိမိကိုယ်မိမိသာ ကံမကောင်းဟု မှတ်ယူလိုက်ရတော့သည်။ အဘိုးအိုက ပဝါတစ်ထည် ကမ်းပေးရင်း ပြုံးကာတောင်းပန်စကားဆိုလိုက်သည်။
“ကျုပ်ရဲ့ မြေးမလေးက အလိုလိုက်ထားတော့ နည်းနည်းဆိုးလို့ပါ။ စိတ်မရှိပါနဲ့ဗျာ”
ကျန်းရှောင်ဖန်း ခါးသက်သက် ပြုံးလိုက်ရင်း ထိုပဝါဖြင့် လက်ကို သန့်စင်လိုက်သည်။
သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် အဘိုးအိုမှာ သူ၏ မြေးမလေးနှင့် တိုးတိုးတိတ်တိတ် စကားပြောနေပြန်သည်ကို တွေ့ရပြန်၏။ သူတို့ ဘာတွေ ပြောနေကြသည်ကိုတော့ မသိနိုင်ချေ။
အဘိုးအိုက ကျန်းရှောင်ဖန်း ကြည့်နေသည်ကို သတိထားမိသွားကာ ပြုံးလိုက်သည်။
“ကဲ... သခင်လေးရဲ့ လက်ဖဝါးကို တစ်ချက်လောက် ပြန်ပြပါဦး”
ကျန်းရှောင်ဖန်းမှာ မိန်းကလေးငယ် တစ်ဖန် ပြန်နှောင့်ယှက်မည်ကို စိုးရိမ်သဖြင့် သူမကို မျက်ခြေမပြတ် ကြည့်ရင်း လက်ကို ကမ်းပေးလိုက်သည်။
ဤတစ်ကြိမ်တွင်မူ မိန်းကလေးငယ်မှာ ငြိမ်သက်နေပြီး ကျန်းရှောင်ဖန်းကို ကြည့်ကာ တခိခိ ရယ်မောနေလေသည်။ သူမ ဘာကို ရယ်နေသနည်း။
ခဏအကြာတွင် အဘိုးအို၏ မျက်နှာမှာ ပျက်သွားပြီး ရေရွတ်လိုက်လေသည်။
“ဘုရား... ဘုရား”
ကျန်းရှောင်ဖန်း အံ့အားသင့်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲဗျ”
အဘိုးအိုက စကားများများမပြောတော့ဘဲ ကျန်းရှောင်ဖန်း၏ လက်ဖဝါးကို ညွှန်ပြကာ ပြောလိုက်သည်။
“သခင်လေး... မင်းရဲ့ အသက်လမ်းကြောင်းကို မြင်လား”
ကျန်းရှောင်ဖန်း ငုံ့ကြည့်လိုက်သော်လည်း ဘာကိုမှ နားမလည်သဖြင့် ဇဝေဇဝါဖြစ် မေးလိုက်သည်။
“ဘာဖြစ်လို့လဲဗျ”
အဘိုးအိုက လေးနက်စွာ ပြောလိုက်၏။
“မင်းရဲ့ အသက်လမ်းကြောင်းက သာမန်လူတွေနဲ့ မတူဘူး။ အစပိုင်းမှာကိုပဲ အက်ကြောင်း အကြီးကြီး ရှိနေတယ်”
“ ဒါက မင်းငယ်ငယ်တုန်းက ကြောက်စရာကောင်းတဲ့ ဘေးဒုက္ခတစ်ခု ကြုံခဲ့ရတယ်လို့ ဆိုလိုတာပဲ”
“အဲဒီဘေးဒုက္ခက အရမ်းကို ကြောက်စရာကောင်းပြီး မင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ အားလုံး ပါဝင်ပတ်သက်ခဲ့ရပြီး အသက်ရှင်ဖို့ ခဲယဉ်းခဲ့တာပဲ”
“မင်းရဲ့ မိဘတွေလည်း အဲဒီဘေးဒုက္ခထဲမှာပဲ ဆုံးပါးသွားခဲ့ရတာ မဟုတ်လား”
ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာပြီး အဘိုးအိုကို လုံးဝဥဿုံ ယုံကြည်သွားတော့သည်။ သူက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
“စီနီယာက... စီနီယာက တကယ့်ကို သက်ရှိနတ်ဘုရားတစ်ပါးပဲ။ စီနီယာ ပြောတာ အကုန်မှန်ပါတယ်”
ထိုအဘိုးအိုက သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
“တကယ်တော့ မင်းက အဲဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ မင်းရဲ့ ကံကြမ္မာလမ်းကြောင်းမှာ ကံကောင်းခြင်းတစ်ခု ရှိနေတယ်”
“ဒီအက်ကြောင်းတွေကြားမှာ ‘ကျောက်စိမ်းကွက်’ တစ်ခုက မင်းရဲ့ အသက်လမ်းကြောင်းကို ဆက်ပေးထားပြီး အသက်ရှင်ခွင့် ပေးထားတာပဲ။ ဒါဟာ မကောင်းတဲ့ကံကြမ္မာကြားက ကံကောင်းခြင်းတစ်ခုပဲ”
ရုတ်တရက် ဖူကျစ်၏ မျက်နှာမှာ ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် ပေါ်လာလေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက သွားကို တင်းတင်းစေ့ကာ ပြောလိုက်သည်။
“ဒီနေ့ စီနီယာက ကျုပ်မှာ အန္တရာယ်ရှိတယ်လို့ ပြောခဲ့တယ်နော်။ အဲဒါက ဘာလဲဆိုတာကို ကျေးဇူးပြုပြီး ညွှန်ပြပေးပါဦး”
အဘိုးအိုက ပြုံးကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။
“ဒါက... ဒါက...”
ကျန်းရှောင်ဖန်းက မေးလိုက်သည်။
“ဘာဖြစ်လို့လဲ စီနီယာ”
ထိုအဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။
“သခင်လေးကို မဖုံးကွယ်ချင်ပါဘူး။ ကျုပ် ဒီအလုပ်ကို စလုပ်ကတည်းက ကံကြမ္မာဟောပေးရင် အခကြေးငွေ ယူရမယ်လို့ စည်းကမ်းသတ်မှတ်ထားတယ်ဗျ။ ဒါကြောင့်...”
ကျန်းရှောင်ဖန်း သဘောပေါက်သွားကာ အမြန်မေးလိုက်သည်။
“စီနီယာ... ဘယ်လောက် ပေးရမလဲဗျ”
အဘိုးအိုက သူ့ကို ပြုံးကြည့်ရင်း ပြောလိုက်သည်။
“တစ်ကြိမ်ကို ငွေဆယ်ပြားပါ”
ကျန်းရှောင်ဖန်း ခါးကြားကို လက်နှိုက်လိုက်ပြီးနောက် အံ့အားသင့်ကာ ပြောလိုက်သည်။
“အဲဒီလောက်တောင် ဈေးကြီးတာလား။ ကျုပ်မှာ ငွေလေးပြားပဲ ပါတာဗျ”
အဘိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီးနောက် အင်တင်တင်ဖြင့်လက်ခံလိုက်သည်။
“ကဲပါလေ... ငွေလေးပြားလည်း ဖြစ်ပါတယ်။ ကျုပ်တို့ ဆုံဆည်းရတာကလည်း ရေစက်တစ်ခုပဲဆိုတော့ ဒီတစ်ကြိမ်တော့ ကျုပ် ကူညီပေးပါ့မယ်”
ကျန်းရှောင်ဖန်း အလွန်ဝမ်းသာသွား၏။ ထိုငွေပြားများမှာ သူ့အတွက်တော့ အသုံးမဝင်လှပေ။
သူသည် တောထဲတောင်ထဲတွင်ပင် အသက်ရှင်နိုင်သူ မဟုတ်ပါလော။ ထို့ကြောင့် သူသည် အဘိုးအိုအား ငွေလေးပြား ပေးလိုက်လေသည်။
အဘိုးအိုက ထိုငွေပြားများကို လုံခြုံသောနေရာတွင် သိမ်းလိုက်ပြီးနောက် ကျန်းရှောင်ဖန်း၏ မျက်နှာကို လေးနက်စွာ ထပ်မံကြည့်လိုက်ပြန်သည်။
“သခင်လေး... မင်းရဲ့ နဖူးပြင်က မည်းမှောင်နေပြီး ခေါင်းပေါ်မှာလည်း တိမ်မည်းတွေ ဖုံးလွှမ်းနေတယ်။ မင်းရဲ့ ကံဇာတာက သိပ်မကောင်းဘူး”
“ရှေ့ကို ဆက်သွားမယ်ဆိုရင် အန္တရာယ်တွေ အများကြီး ရှိနေလိမ့်မယ်။ နောက်ကြောင်းပြန်လှည့်လိုက်ရင် အားလုံး အဆင်ပြေသွားပါလိမ့်မယ်”
ကျန်းရှောင်ဖန်း အံ့အားသင့်သွား၏။
“ဒါပဲလားဗျ”
အဘိုးအိုက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်လေ”
ကျန်းရှောင်ဖန်း တွေဝေသွား၏။
“ဒါပေမဲ့ ကျုပ် အရှေ့ဘက်မှာ လုပ်စရာ အရေးကြီးကိစ္စ ရှိသေးတယ်...”
အဘိုးအိုက သူ့ကို ဆက်လက်ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။
“သခင်လေး... အသက်ထက် အရေးကြီးတာ ဘာရှိလို့လဲဗျာ။ ပြန်လှည့်တာကသာ အကောင်းဆုံးပါပဲ”
ထို့နောက် သူက လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
“ကျုပ်တို့ ဆုံရတာက ကံတရားကြောင့်ပါပဲ။ နောက်နောင် ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့။ ကဲ...ကျုပ်တို့ သွားတော့မယ်”
ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်မိပြီး လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားသော ထိုအဘိုးအိုနှင့် မြေးမလေးကို ငေးကြည့်နေမိသည်။
ကျန်းရှောင်ဖန်းမှာ လမ်းပျောက်နေသူကဲ့သို့ ကြောင်အအဖြင့် ရပ်နေလေသည်။
လမ်းထောင့်တစ်ခုတွင် အဘိုးအိုနှင့် မိန်းကလေးငယ်မှာ ခေါင်းပြူကာ ကျန်းရှောင်ဖန်းကို လှမ်းကြည့်နေကြသည်။
ထိုလူငယ်လေးမှာ လူအုပ်ကြားထဲတွင် လမ်းပျောက်နေသူကဲ့သို့ ရပ်နေလေသည်။ ခဏအကြာတွင် သူသည် လှည့်ထွက်သွားတော့သည်။
“ဟဲဟဲ... နောက်ထပ် ငွေလေးပြား ရပြီ”
အဘိုးအို၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။သူသည် ခါးကြားမှ ငွေပြားများကို ထုတ်ယူကာ ဝမ်းသာအားရ ရယ်မောနေလေသည်။
သို့သော် မိန်းကလေးငယ်မှာမူ အေးဆေးပင် ရှိနေပြီး သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“အဘိုး... ဘာလို့ ဒါမျိုးတွေ ထပ်လုပ်နေတာလဲ”
အဘိုးအိုက ရယ်မောရင်း ငွေပြားများကို ပြန်သိမ်းလိုက်ကာ သူ့မြေးမလေးကို ပြုံးပြလိုက်၏။
“ရှောင်ဟွမ်… မင်းက ကျုပ်ရဲ့ မြေးမလေး ဖြစ်နေလို့ တော်သေးတာပေါ့။ မင်းက အသက်ဆယ်နှစ်တောင် မပြည့်သေးဘူး”
“အတိတ်ဘဝတွေကိုတောင် မြင်နေနိုင်ပြီ။ အချိန်တန်ရင် မင်းက ကံကြမ္မာဟောပြောခြင်းမှာ ထူးချွန်တဲ့ ပါရမီရှင် ဖြစ်လာမှာပဲ”
ရှောင်ဟွမ်က နှာခေါင်းရှုံ့လိုက်သည်။
“အဲဒီစာအုပ်တွေက ဘာမှ မခက်ပါဘူး။ အဘိုးကသာ အရင်တုန်းက ကြိုးစားမသင်ခဲ့တာပဲ။ ဒါကိုများ ဂုဏ်ယူပြီး ပြောနေသေးတယ်”
တကယ့်ပါရမီရှင်မှာ ရှောင်ဟွမ်ပင် ဖြစ်လေသည်။ သူမသည် ကျန်းရှောင်ဖန်း၏ ကံကြမ္မာကို အနည်းငယ် ဖတ်ကြည့်ခဲ့ပြီး အခွင့်အရေးရသည်နှင့် သူမ၏ အဘိုးကို ပြောပြခဲ့ခြင်း ဖြစ်သည်။
အဘိုးအိုမှာ ဤမြေးမလေးကို အလွန် အလိုလိုက်သူ ဖြစ်သည်။ သူမ ပြောသည်ကို သူက ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။
“အဘိုးပေးထားတဲ့ စာအုပ်တွေကို အထင်မသေးနဲ့။ မင်လီကျိုးဆွမ်းနဲ့ ယွီကျူးရှန်းရွှယ်ကျမ်းတွေက ငါတို့ရဲ့ ချင်းယွင်ဂိုဏ်းရဲ့ ဘိုးဘေးတွေဆီက ဆင်းသက်လာတာ”
“ဆိုလိုတာက မင်းမှာ ရှေ့ဖြစ်ဟောပါရမီ ပါတယ်ပေါ့။ တခြားလူတွေသာဆိုရင်... ဟဲဟဲ... ကျုပ်လိုလူမျိုးတောင် ဒီစာအုပ်တွေ ဘာအကြောင်းပြောနေမှန်း တစ်သက်လုံး ဖတ်တာတောင် နားမလည်ခဲ့ဘူး”
ရှောင်ဟွမ်က သူ့ကို ကျိန်ဆဲလိုက်ပြီး လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ဖန်း ထွက်သွားသည်ကို တွေ့လိုက်ရသည်။
သူမက ပြန်လှည့်လာကာ မေးလိုက်သည်။
“သူ့ရဲ့ အနာဂတ်မှာ အန္တရာယ်တွေ အများကြီး ရှိတယ်ဆိုတာကော ဘာအဓိပ္ပါယ်လဲ”
အဘိုးအိုက ရယ်မောကာ ပြောလိုက်သည်။
“အဲဒါကတော့ သူ့ကို လိမ်လိုက်တာပေါ့။ ဒါနဲ့ မင်းကော ဘာမြင်လို့လဲ။ သူက တကယ်ပဲ ဘေးဒုက္ခ ကြုံရမှာလား”
ရှောင်ဟွမ်က ခေါင်းခါလိုက်သည်။
“သမီးက အတိတ်ကိုပဲ မြင်နိုင်တာပါ။ အနာဂတ်ကိုတော့ နည်းနည်းပဲ မြင်ရသေးတယ်၊ အဲ့တော့ တပ်အပ်မပြောနိုင်ဘူး”
အဘိုးအိုက ခေါင်းညိတ်လိုက်သည်။
“မှန်တယ်။ အတိတ်ကံဆိုတာက သတ်မှတ်ပြီးသား ဖြစ်လို့ ပြောင်းလဲလို့ မရဘူး။ ဒါကြောင့် ကြည့်ရတာ လွယ်တယ်”
“အနာဂတ်ကတော့ မသေချာတဲ့ အပြောင်းအလဲတွေ အများကြီး ရှိနေတဲ့အတွက် ရှေ့ဖြစ်ဟောခြင်းရဲ့ အမြင့်ဆုံးအဆင့်ပဲ။ လွယ်လွယ်ကူကူ သိနိုင်မှာ မဟုတ်ဘူး”
ရှောင်ဟွမ်က ပခုံးတွန့်လိုက်ရင်း သူမ၏ အဘိုးနောက်သို့ လိုက်သွားကာ ပြောလိုက်သည်။
“ဒါပေမဲ့ သမီးမြင်ရသလောက်တော့ အဲဒီလူရဲ့ ကံကြမ္မာက အရမ်းကို ထူးဆန်းတယ်။ ဒါက ဟောကိန်းကျမ်းထဲမှာ ဟောရတာ အခက်ဆုံးဖြစ်တဲ့ ရှုပ်ထွေးသော ကံကြမ္မာပဲ။ ဒါမျိုးက တော်တော်လေး ရှားတယ်”
“သူ့ကို ဂရုစိုက်မနေပါနဲ့တော့။ ပိုက်ဆံ ရပြီပဲ။ လာ... အဘိုး မင်းကို အစားအသောက်ကောင်းကောင်း ကျွေးမယ်...”
“အော်... ဟုတ်သားပဲ အဘိုး။ အဘိုးက အမြဲတမ်း ငါတို့ ဘိုးဘေးတွေက ချင်းယွင်ဂိုဏ်းကလို့ ပြောနေတာပဲ။ ဘာလို့ အဲဒီကို သွားပြီး မပြောတာလဲ”
“အခု ချင်းယွင်ဂိုဏ်းရဲ့ အနေအထားနဲ့ အဘိုးရဲ့ အသက်အရွယ်ဆိုရင် အဲဒီမှာ ကောင်းကောင်းမွန်မွန် နေရမှာပဲ မဟုတ်လား”
“တိုးတိုးနေစမ်း...”
အဘိုးအို အံ့အားသင့်သွားကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်သူမှ မကြားသည်ကို သိလိုက်ရမှ စိတ်အေးသွားကာ ပြောလိုက်သည်။
“မင်းလို ကောင်မလေးက ဘာသိလို့လဲ။ ချင်းယွင်ဂိုဏ်းဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျင့်ကြံရေးဂိုဏ်းပဲ”
“ ငါတို့ သိတာက ချင်းယွင်ဂိုဏ်းရဲ့ ရှေ့ဖြစ်ဟော အတတ်ပညာလေး တစ်ခုပဲ ရှိတာ။ အဲဒီကို အလောတကြီး သွားလိုက်ရင် ငါတို့ကို လူလိမ်တွေလို့ ထင်ပြီး အကျဉ်းချထားလိမ့်မယ်။ ဒါ့အပြင်”
သူက ပြုံးလိုက်၏။ ကျန်းရှောင်ဖန်းနှင့် စကားပြောစဉ်ကကဲ့သို့ နတ်ဘုရားတစ်ပါးကဲ့သို့သော အမူအရာ ပြန်ပေါ်လာကာ ပြောလိုက်သည်။
“ငါ ကျိုးယီရှန်က အာဏာရှိတဲ့သူတွေကို ဖားတတ်တဲ့လူမျိုး မဟုတ်ဘူး”
ရှောင်ဟွမ် အံ့အားသင့်သွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။
“အဘိုးမှာ ဒီလို စိတ်ဓာတ်မျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ပဲလား...”
“အား”
စကားမဆုံးခင်မှာပင် ကျိုးယီရှန်၏ မျက်လုံးများ တောက်ပသွားပြီး ချမ်းသာသော ပုံစံရှိသည့် ဝဝကုတ်ကုတ် အမျိုးသမီးကြီးတစ်ဦးကို သွားရောက် တားဆီးလိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
“မမကြီး... မမကြီးရဲ့ ခေါင်းပေါ်မှာ တိမ်မည်းတွေ ဖုံးလွှမ်းနေပြီး နဖူးကလည်း မည်းမှောင်နေတယ်။ မျက်နှာမှာလည်း သေဘေး အရိပ်အယောင်တွေ ရှိနေတယ်”
“ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ့်ပုံပဲ။ ကျုပ် မမကြီးအတွက် ကံကြမ္မာလေး တစ်ချက် ဟောပေးပါရစေ။ ဘယ်လိုလဲဗျာ”
ရှောင်ဟွမ်မှာ ကြောင်အသွားသော်လည်း သူမ၏ အဘိုးက သူမကို မျက်ရိပ်ပြနေသဖြင့် ရိုးသားဖြူစင်သော ကလေးငယ်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ ထိုအမျိုးသမီးကြီး၏ မျက်နှာကို အသေအချာ စစ်ဆေးပေးလိုက်ရတော့သည်။