အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇) - ကံကြမ္မာဟောကိန်း (၂)
ကျန်းရှောင်ဖန်း လမ်းတစ်လျှောက် လျှောက်လာခဲ့ရာ မသိလိုက်ဘဲနှင့် မြို့ငယ်လေးမှ ထွက်လာခဲ့မိသည်။
သူသည် မြို့ထဲတွင် အချိန်ကုန်သွားခဲ့သလို စိတ်ထဲတွင်လည်း အတွေးများ ရှုပ်ထွေးနေသဖြင့် မိုးချုပ်တော့မည်ကို သတိထားမိလိုက်သည်။
နေဝင်ရီတရော ဆည်းဆာအလင်းရောင်မှာ ကောင်းကင်ယံကို နီရဲသော အရောင်များဖြင့် ခြယ်မှုန်းထားပြီး သူ၏ အရိပ်ကိုလည်း ရှည်လျားစွာ ဆွဲဆန့်ထားလေသည်။
ညအချိန် ရောက်လာပြီဖြစ်သဖြင့် အိမ်တိုင်းတွင် မီးများ ထွန်းထားကြလေပြီ။ မြို့ပြင်တွင် မည်သူမှ မရှိတော့ဘဲ သူတစ်ယောက်တည်းသာ အထီးကျန်စွာ ရှိနေတော့သည်။
သူသည် မိမိ၏ အရိပ်ကို ကြည့်ရင်း စိတ်ထဲတွင် စိတ်ပျက်အားငယ်နေမိသည်။
ဝမ့်ရန်ဝမ်ဆီမှ ကြားသိရသလောက်ဆိုလျှင် ဂိုဏ်းပေါင်းစုံမှာ အရှေ့ပင်လယ်ရှိ လှိုင်းတံပိုးများဆီသို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။
သူ၏ဆရာ ထျန်းပုယီလည်း ထိုနေရာတွင် ရှိနေလောက်သည်။ သူသည် သူတို့နှင့် ပြန်လည်ဆုံစည်းချင်သော်လည်း ယနေ့တွင် တွေ့ခဲ့သော အဘိုးအိုက ထိုနေရာသို့ မသွားရန် တားမြစ်ခဲ့လေသည်။
သို့သော် သူ ချင်းယွင်ဂိုဏ်းသို့ ပြန်သွားပြီး ထိုနေရာတွင် မည်သူမှ မရှိသည်ကို တွေ့ရလျှင် သူ ဘာဆက်လုပ်ရမည်နည်း။
ကုန်းစွန်းတောင်မှ လွတ်မြောက်လာခဲ့ပြီးကတည်းက သူသည် ဘေးကင်းကြောင်း ပြောပြရန် ဆရာနှင့် အမြန်ဆုံး တွေ့ချင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယနေ့ရက်များတွင် အတွေးများစွာဖြင့် နှောင့်နှေးကြန့်ကြာနေခဲ့လေသည်။ ယနေ့တွင်မူ တစ်စုံတစ်ယောက်က သူ့ကို နောက်ကြောင်းပြန်လှည့်ရန် ပြောနေသဖြင့် သူ ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေတော့သည်။
သူ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် နောက်မှ ခြေသံများကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ ထိုသူမှာ လူကောင်ကြီးမားသော လူထွားကြီးဖြစ်နေလေသည်။
သူသည် အနားသို့ ရောက်လာသောအခါ ရပ်လိုက်ပြီး ကျန်းရှောင်ဖန်းကို တစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်သည်။
သူသည် အနောက်ဘက်တွင် ဝင်လုဆဲဆဲ နေမင်းကို ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“နေဝင်တဲ့ဘက်က အနောက်ဘက်... အင်း... ခေါင်းဆောင်က ပြောတယ်၊ နဂါးနက်ဂူက မြောက်ဘက် ဆယ်မိုင်အကွာမှာ ရှိတယ်တဲ့။ အဲဒီဘက် ဖြစ်ရမယ်”
သူသည် လမ်းကြောင်းမှန်ကို ရှာတွေ့သွားပြီးနောက် ထိုဘက်သို့ စတင် လျှောက်လှမ်းသွားတော့သည်။
ကျန်းရှောင်ဖန်း ကြားလိုက်ရသဖြင့် အော်ဟစ်မေးမြန်းလိုက်၏။
“တာအိုရောင်းရင်း... နဂါးနက်ဂူကို သွားမလို့လားဗျ”
ရှီထုံ အံ့အားသင့်သွားပြီး ရပ်ကာ ကျန်းရှောင်ဖန်းကို လှည့်ကြည့်လိုက်သည်။
“ဟုတ်ပါတယ်... ရောင်းရင်းက ဘယ်သူများလဲ”
ကျန်းရှောင်ဖန်း၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေပြီး သူက တွေးလိုက်သည်။
“ငါ အရှေ့ဘက်ကို မသွားနိုင်သေးဘူးဆိုရင် ဒီလူနဲ့အတူ မိစ္ဆာတွေကို သွားနှိမ်နင်းနေတာ ကောင်းသားပဲ”
“ ဆရာက မေးလာရင်လည်း ငါ ကောင်းမှုကုသိုလ် လုပ်ခဲ့တယ်လို့ ပြောလို့ရတာပေါ့။ ဒါဆိုရင် ဆရာ့ရှေ့မှာ စကားပြောရတာ ပိုလွယ်သွားမှာပဲ”
သူ ဆုံးဖြတ်ချက် ချပြီးနောက် ပြုံးလိုက်၏။
“ကျုပ်ကလည်း ကျင့်ကြံသူ တစ်ယောက်ပါပဲ။ ဒီနေ့ မြို့ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ကျုပ် အကုန်မြင်လိုက်ရပါတယ်”
“ ကျုပ်လည်း ခင်ဗျားနဲ့အတူ လိုက်ခဲ့ချင်ပေမဲ့ ကိစ္စလေးတွေ ရှိနေလို့ နှောင့်နှေးသွားခဲ့ရတာပါ။ ခုအချိန်မီ ရောက်လာလို့ တော်သေးတာပေါ့”
“ကျုပ်ကိုကော အဖော်အဖြစ် ခေါ်သွားပေးနိုင်မလား”
ရှီထုံက ကျန်းရှောင်ဖန်းကို အကဲခတ်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဒါက ကစားစရာ မဟုတ်ဘူးနော်။ အန္တရာယ်တွေ အများကြီး ရှိတယ်။ မင်းက ကြည့်ရတာ ငယ်ငယ်လေးပဲ ရှိသေးတာ။ ဘယ်ဂိုဏ်းကလဲ”
ကျန်းရှောင်ဖန်း အံ့အားသင့်သွား၏။ ရှီထုံ၏ အသက်မှာလည်း သိပ်မကြီးသလို ရိုးသားအေးဆေးသော ပုံစံရှိသဖြင့် ဤကဲ့သို့ ပြောလာမည်ဟု ကျန်းရှောင်ဖန်း မမျှော်လင့်ထားခဲ့ပေ။ သူက ပြုံးလိုက်၏။
“ကျုပ်က ချင်းယွင်ဂိုဏ်း၊ တာ့ကျူးတောင်ထိပ်က ဆရာထျန်းပုယီရဲ့ တပည့်ပါ။ ကျင့်ကြံခြင်း အဆင့်ကတော့ အခြေခံပဲ ရှိပါသေးတယ်။ စီနီယာအကိုရဲ့ အကူအညီ လိုအပ်ပါလိမ့်မယ်”
ရှီထုံ အံ့အားသင့်သွားကာ မျက်လုံးများ ပြူးသွားပြီး မေးလိုက်သည်။
“ဘာ... မင်းက ချင်းယွင်ဂိုဏ်းကလား”
ကျန်းရှောင်ဖန်း ခေါင်းညိတ်ပြလိုက်သည်။
ရှီထုံ၏ မျက်လုံးများထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားကာ တောင်းပန်စကားဆိုလိုက်သည်။
“အာ... အားနာလိုက်တာ။ ချင်းယွင်ဂိုဏ်းဆိုတာ ဒီနေ့ခေတ်မှာ ထိပ်တန်း ကျင့်ကြံရေးဂိုဏ်းကြီးပဲ”
“ချင်းယွင်ဂိုဏ်းရဲ့ အတတ်ပညာတွေက ကမ္ဘာကျော်တယ်လို့ ကျုပ် ကြားဖူးပါတယ်။ စောစောက မလေးမစား ပြောမိတာတွေကို ခွင့်လွှတ်ပေးပါ”
ကျန်းရှောင်ဖန်း ကြောင်အသွား၏။ သူ၏ ဂိုဏ်းမှာ ဤမျှအထိ ကျော်ကြားနေသည်ကို သိရသဖြင့် သူ စိတ်ထဲတွင် ဝမ်းသာသွားပြီး ပြုံးလျက် ပြန်ပြောလိုက်သည်။
“စီနီယာအစ်ကိုကလည်း ချီးကျူးလွန်းနေပါပြီ။ ကျုပ်တို့ အတူတူသွားပြီး လူတွေအတွက် မိစ္ဆာတွေကို ဖယ်ရှားပေးရင်း တစ်ယောက်ကိုတစ်ယောက် ကူညီကြတာပေါ့”
ရှီထုံက ရယ်မောလိုက်၏။
“ကောင်းပြီလေ”
နဂါးနက်ဂူမှာ မြို့၏ မြောက်ဘက် ဆယ်မိုင်အကွာရှိ တောအုပ်ထဲတွင် တည်ရှိလေသည်။
လမ်းခရီးတွင် ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့မှာ စကားပြောရင်း ခင်မင်သွားကြသည်။ ကျန်းရှောင်ဖန်းမှာ ရိုးသားသူဖြစ်ပြီး ရှီထုံမှာလည်း လူကောင်ကြီးသော်လည်း ရိုင်းစိုင်းသူ မဟုတ်ဘဲ အေးဆေးရိုးသားသူ ဖြစ်သည်။
မကြာခင်မှာပင် သူတို့နှစ်ဦးမှာ နာမည်တိုက်ရိုက်ခေါ်ကာ ရင်းနှီးသွားကြလေသည်။
ကောင်းကင်မှာ မှောင်စပြုနေပြီဖြစ်သဖြင့် ကျန်ရှိနေသော နေရောင်ခြည်မှာ မြေပြင်ပေါ်သို့ ဖြာကျနေလေသည်။
ကျန်းရှောင်ဖန်းမှာ တောအုပ်ထဲသို့ မကြာခင် ရောက်တော့မည်ကို တွေ့လိုက်ရသဖြင့် လှမ်းခေါ်လိုက်သည်။
“အစ်ကိုရှီ”
“ဘာလဲ”
ကျန်းရှောင်ဖန်းက ပြောလိုက်သည်။
“ဒီနေ့မနက်က အစ်ကို သုံးလိုက်တဲ့ ရွှေရောင်ဆူးတင်းပုတ်လက်နက်က အရမ်းကို အစွမ်းထက်ပြီး လေးနက်တဲ့ အရှိန်အဝါ ရှိတာကို တွေ့လိုက်ရတယ်”
“အဲဒီ မန္တန်တွေက ထျန်းယင်ကျောင်းတော်က ပုံစံမျိုးပဲ။ ထျန်းယင်ကျောင်းတော်မှာ ဆူးတင်းပုတ် မသုံးဘူးလို့ ကျုပ် ကြားဖူးပေမဲ့ အဲဒါက ဗုဒ္ဓလမ်းစဥ်နဲ့ ဆက်စပ်နေတယ်လို့ ခံစားရတယ်၊ ဟုတ်တယ်မလား”
ရှီထုံ၏ မျက်လုံးများတွင် လေးစားမှုများ ထပ်မံ ပေါ်လာကာ သူက ပြောလိုက်သည်။
“ရှောင်ဖန်း... မင်းက တကယ့်ကို ချင်းယွင်ဂိုဏ်းရဲ့ တပည့်ပီသပါပေတယ်။ အတော်လေး သိထားတာပဲ”
ကျန်းရှောင်ဖန်း မျက်နှာနီမြန်းသွား၏။
ရှီထုံက ဆက်ပြောလိုက်သည်။
“ကျုပ်တို့ ဗာဂျရာဂိုဏ်းမှာ လူဦးရေက အရမ်းနည်းတယ်။ ပုံမှန်အားဖြင့် မျိုးဆက်တစ်ခုမှာ တပည့်တစ်ယောက်ပဲ ရှိတာ”
“ကျုပ်ရဲ့ ဆရာက ကျုပ်ကို ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ တွေ့ခဲ့တာပဲ။ ဆရာက ကျုပ်မှာ ဗာဂျရာကျင့်စဉ်တွေကို ကျင့်ကြံဖို့အတွက် ပါရမီပါလာတယ်လို့ ပြောခဲ့တယ်”
“ဆရာက ပြောဖူးတယ်၊ ဟိုးရှေးရှေးတုန်းက ဗာဂျရာဂိုဏ်းနဲ့ ထျန်းယင်ကျောင်းတော်တို့က ပတ်သက်မှု ရှိခဲ့ဖူးတယ်တဲ့”
“ဒါပေမဲ့ အချိန်တွေ အကြာကြီး ကြာသွားခဲ့ပြီဆိုတော့ ဘယ်သူမှ မမှတ်မိကြတော့ဘူး”
“မျိုးဆက်တွေ ကြာလာတဲ့အခါမှာ မန္တန်တွေကလည်း အများကြီး ကွဲပြားသွားခဲ့ပြီ။ စစ်မှန်တဲ့ ထျန်းယင်ကျောင်းတော်ရဲ့ ကျင့်စဉ်တွေကိုတော့ မမီပါဘူး”
ထို့နောက် ရှီထုံ ခေတ္တရပ်ကာ ပြုံးလိုက်၏။
“ဆရာက ပြောဖူးတယ်၊ ကျုပ်ရဲ့ ကျင့်ကြံခြင်းက မမြင့်မားပေမဲ့၊ ဗုဒ္ဓလမ်းစဥ် စည်းကမ်းတွေ အများကြီး မရှိပေမဲ့၊ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကောင်းမှုကုသိုလ်တွေ လုပ်ဖို့ လိုအပ်တယ်တဲ့”
“ဒါကြောင့် မိစ္ဆာတွေကို တွေ့ရင် ဖယ်ရှားပစ်ရမယ်ပေါ့”
ကျန်းရှောင်ဖန်း လေးစားသွားကာ ပြောလိုက်သည်။
“အာ... အစ်ကို့ရဲ့ ဆရာက တကယ့်ကို စိတ်ဓာတ်မြင့်မြတ်တာပဲ”
ရှီထုံက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ငါ့ဆရာက အရမ်းကို ဖြောင့်မတ်တာ”
ကျန်းရှောင်ဖန်း ငြိမ်သက်သွားသော်လည်း ထူးဆန်းစွာပင် သူနှင့် ဝမ်ရန်ဝမ်တို့ ပြောခဲ့သော စကားများကို သတိရသွားမိသည်။
“အကယ်၍ ရှီထုံရဲ့ ဆရာက ငါ သုံးနေတဲ့ လက်နက်ကလည်း မိစ္ဆာလက်နက်တစ်ခုဆိုတာ သိသွားရင် သူ့တပည့်ကို ငါနဲ့ အတူတူ သွားခွင့်ပြုပါဦးမလား”
ဒါ့အပြင် ချင်းယွင်ဂိုဏ်းက အကြီးအကဲတွေကလည်း ဒီမိစ္ဆာလက်နက်ကို အရမ်းမုန်းကြမှာပဲ။
ဒါဆိုရင် ဒီမိစ္ဆာလက်နက်ကို သုံးနေတဲ့ ငါကရော...
ငါကရော လူဆိုးတစ်ယောက် ဖြစ်နေပြီလား...
ကျန်းရှောင်ဖန်း တိတ်ဆိတ်သွားတော့သည်။ ရှီထုံကမူ နဂါးနက်ဂူနှင့် နီးလာပြီဖြစ်သဖြင့် ကျန်းရှောင်ဖန်း သတိဝီရိယ ထားနေခြင်းဖြစ်သည်ဟု မှတ်ယူလိုက်သည်။
သူလည်း ပတ်ဝန်းကျင်ကို စူးစမ်းရင်း မိစ္ဆာနှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။
ကောင်းကင်မှာ နောက်ဆုံးတွင် မှောင်အတိ ကျသွားလေပြီ။
ပထမဆုံး ကြယ်ပွင့်လေး ကောင်းကင်ယံတွင် ပေါ်ထွက်လာချိန်တွင် သူတို့နှစ်ဦးမှာ တောအုပ်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ရှီထုံက အသက်ပြင်းပြင်း တစ်ချက်ရှူကာ ကျန်းရှောင်ဖန်းကို ပြောလိုက်သည်။
“ခေါင်းဆောင် ပြောတာ ကြားဖူးတယ်၊ နဂါးနက်ဂူက တောအုပ်ထဲမှာ ရှိတာတဲ့။ အဲဒီဂူထဲမှာ ကျောက်နက်တွေ အများကြီး ရှိတယ်”
“အရင်တုန်းက ဒေသခံတွေက လမ်းပြင်ဖို့အတွက် ကျောက်နက်တွေကို ဒီမှာ လာယူလေ့ရှိကြတယ်”
“အခုတော့ သူတို့ မလာနိုင်ကြတော့ဘူးပေါ့။ အဲဒီဂူက ဘယ်လောက်အထိ နက်မှန်း မသိနိုင်ဘူး..အဲ့တော့ငါတို့ သတိထားရလိမ့်မယ်”
ကျန်းရှောင်ဖန်း ခေါင်းညိတ်လိုက်ရင်း တွေးလိုက်မိသည်။
“ဘယ်လောက်ပဲ နက်နက်၊ ကုန်းစွန်းတောင်က ဂူတွေထက်တော့ ပိုမနက်နိုင်ပါဘူး”
သူတို့နှစ်ဦးမှာ အန္တရာယ်ရှိသော နေရာသို့ ခြေလှမ်းပြင်လိုက်ချိန်မှာပင် ဆယ်ကိုက်ခန့် အကွာမှ ထိတ်လန့်တကြား အော်သံတစ်ခုကို ကြားလိုက်ရလေသည်။
“အား”
သူတို့ ထိတ်လန့်သွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ကြ၏။ ကျန်းရှောင်ဖန်းမှာ အလွန် အံ့အားသင့်သွားသည်။
ညာဘက်မှ လူနှစ်ဦး ပြေးလာနေသည်မှာ နေ့လယ်က သူ၏ ကံကြမ္မာကို ဟောပေးခဲ့သော သူများ ဖြစ်နေလေသည်။
မိန်းကလေးငယ်မှာ အကောင်းအတိုင်း ရှိနေသော်လည်း အဘိုးအိုမှာမူ အသက်ရှူမဝ ဖြစ်နေပြီး စောစောက မြင်ခဲ့ရသော နတ်ဘုရားတစ်ပါးကဲ့သို့ အမူအရာများမှာ ပျောက်ဆုံးနေပြီ ဖြစ်လေသည်။
ကျန်းရှောင်ဖန်း သူတို့ရှေ့တွင် ရပ်လိုက်ပြီး မေးလိုက်သည်။
“ဘာဖြစ်ကြတာလဲဗျ”
ကျိုးယီရှန်မှာ အလျင်စလို ပြေးလာရင်း ရုတ်တရက် လူတစ်ယောက် ပေါ်လာသဖြင့် အံ့အားသင့်သွားသည်။
သို့သော် စောစောက လူငယ်လေးမှန်း သိလိုက်ရသောအခါမှ စိတ်သက်သာရာ ရသွားတော့သည်။
သူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ လမ်းပေါ်တွင် မည်သူမှ ရှိမနေသည်ကို တွေ့လိုက်ရသဖြင့် အသက်ကို ပြင်းပြင်းရှူကာ သူ၏ မြေးမလေး ရှောင်ဟွမ်ကို ပြောလိုက်သည်။
“ရှောင်ဟွမ်... မပြေးနဲ့တော့၊ အဲဒီလူ နောက်က လိုက်မလာတော့ဘူး ထင်တယ်”
ရှောင်ဟွမ်မှာလည်း အသက်ပြင်းပြင်း ရှူနေရသော်လည်း သူမ၏ လက်ထဲတွင်မူ သကြားလုံးလေး တစ်ခုကို ကိုင်ထားဆဲ ဖြစ်သည်။
သူမသည် ထိုချိုချဉ်မျိုးကို အလွန် ကြိုက်နှစ်သက်ပုံရ၏။ ကျိုးယီရှန် ပြောသည်ကို ကြားသောအခါမှ ရပ်လိုက်ပြီး အမောဖြေနေလေသည်။
ရှီထုံမှာ ကျန်းရှောင်ဖန်း၏ ဘေးသို့ ရောက်လာပြီး အိမ်ခြေရာမဲ့ ခွေးများကဲ့သို့ ဖြစ်နေသော ထိုအဘိုးအိုနှင့် ကလေးမလေးကို ကြည့်ကာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
ကျန်းရှောင်ဖန်းလည်း ထိုအတိုင်းပင် မေးချင်နေ၏။ သို့သော် သူ စကားမပြောခင်မှာပင် ရှောင်ဟွမ်က ကျယ်လောင်စွာ ညည်းညူလိုက်သည်။
“ဒါတွေ အကုန်လုံးက အဘိုးကြောင့်ပဲ။ ဟိုအမျိုးသမီးကြီးကို လိမ်လိုက်တာနဲ့တင် မလုံလောက်ဘဲ ဟိုမိန်းကလေးကိုပါ သွားလိမ်သေးတယ်”
“အဲဒီမိန်းကလေးက တော်တော်လေး ထက်မြက်တာကို သမီး မြင်နေရသားပဲ၊ အဘိုးက သူ့ကို လိမ်လို့ရမယ် ထင်နေတာလား”
ကျိုးယီရှန်က ဒေါသတကြီး ပြောလိုက်သည်။
“မင်းကလည်း ဒါကို စောစောက မပြောဘူး။ အခုတော့ ငါ ပါးရိုက်ခံလိုက်ရပြီ။ အခုထိ နာနေတုန်းပဲ။ ငါ့မှာ ဘိုးဘေးတွေရဲ့ မြေလျှိုးအတတ်သာ မရှိရင် ငါတို့တော့...”
သူ စကားမဆုံးခင်မှာပင် ညကောင်းကင်ယံမှ ကြည်လင်ပြတ်သားသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။
“လူလိမ််အဖိုးကြီး... ရှင် ဘယ်ကို ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
အားလုံး အံ့အားသင့်သွားကြသည်။ ကောင်းကင်ယံမှ အလင်းတန်းတစ်ခုမှာ လျှပ်စီးကဲ့သို့ ကျိုးယီရှန်ထံသို့ ကျရောက်လာလေသည်။
ကျိုးယီရှန်မှာ ကျင့်ကြံသူ မဟုတ်သည့်အပြင် ကြိုတင်ပြင်ဆင်ထားခြင်းလည်း မရှိသဖြင့် မည်သည့် လှည့်ကွက်မှ မသုံးနိုင်တော့ဘဲ အလင်းတန်း၏ ထိမှန်ခြင်းကို ခံရတော့မည့်ဆဲဆဲ ဖြစ်နေသည်။
ကျန်းရှောင်ဖန်းမှာ ထိုသူတို့နှင့် ရင်းနှီးနေသည့်အပြင် အခြေအနေမှာလည်း အလွန် စိုးရိမ်ရသဖြင့် လျစ်လျူမရှုနိုင်တော့ပေ။
သူတို့ပြောစကားများအရ သူ့ကို လိမ်ခဲ့သည်ဟု ခံစားရသော်လည်း ဤအချိန်တွင် ထိုအရာများကို ဂရုမစိုက်နိုင်တော့ဘဲ လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ ဝိညာဉ်ဝါးမျိုတုတ်မှာ ပျံထွက်သွားပြီး ကျိုးယီရှန်ကို ကာကွယ်ပေးလိုက်လေသည်။
“ဘုန်း”
မြည်ဟီးသံနှင့်အတူ အလင်းဖြူမှာ တားဆီးခြင်း ခံလိုက်ရ၏။ လေထဲမှ အံ့အားသင့်သွားသော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
အလင်းဖြူ ပျောက်ကွယ်သွားပြီးနောက် အမျိုးသမီးတစ်ဦးမှာ သူတို့ရှေ့ရှိ မြေပြင်ပေါ်သို့ ဆင်းသက်လာလေသည်။
ထို့နောက် ကျန်းရှောင်ဖန်းမှာ ကြောင်အသွားတော့သည်။
ထိုအမျိုးသမီးမှာ အစိမ်းနုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခါးတွင် ရွှေရောင်ခေါင်းလောင်းလေး တစ်ခုကို ချိတ်ဆွဲထားရာ ကြည်လင်သော အသံလေးများ ထွက်ပေါ်နေလေသည်။
သူမ၏ လက်ချောင်းများကြားတွင်မူ ဖြူစင်သော ပန်းလေးတစ်ပွင့်ကို ကိုင်ဆောင်ထားလေသည်။
ယခုအချိန်တွင် သူမ၏ မျက်နှာမှာ ပြုံးရွှင်နေပြီး အဘိုးအိုကို ကြည့်မနေတော့ဘဲ သူမ၏ တောက်ပသော မျက်လုံးအစုံဖြင့် ကျန်းရှောင်ဖန်းကို ကြည့်ကာ ညင်သာစွာ ရယ်မောလိုက်လေသည်။
“အချိန်ကိုက်ပဲနော်... ငါတို့ ထပ်တွေကြပြန်ပြီ ရှောင်ဖန်း”
ဤသူမှာ နတ်ဆိုးဂိုဏ်းမှ မိန်းကလေးပိယောင် မဟုတ်လျှင် မည်သူ ဖြစ်နိုင်ဦးမည်နည်း။