အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) - မြေခွေးမိစ္ဆာ (၁)
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားသည်။ သူမနှင့် ဤမျှ မြန်မြန်ဆန်ဆန် ပြန်ဆုံရမည်ဟု ထင်မှတ်မထားခဲ့ပေ။
သူ ငြင်းဆန်ချင်ခဲ့သော်လည်း သွေးစက်ဂူအတွင်း သေမင်းနှင့် အတူရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်များက သူ၏ ရင်ထဲတွင် ခံစားချက်တစ်ချို့ကို ချန်ရစ်ထားခဲ့လေသည်။ သူက ကိုးယို့ကားယား ပြုံးလိုက်သည်။
“မင်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”
ရှီထုံက ကျန်းရှောင်ဖန်း၏ အမူအရာ အနည်းငယ် ပုံမှန်မဟုတ်ဖြစ်နေသည်ကို သတိထားမိသွားပြီး မေးလိုက်သည်။
“ရှောင်ဖန်း....သူက ဘယ်သူလဲ”
ကျန်းရှောင်ဖန်းက ချက်ချင်းပင် ထုတ်ပြောလိုက်သည်။
“သူမက...”
ထို့နောက် ပိယောင်၏ နောက်ခံနှင့် သူတို့နှစ်ဦး၏ ပတ်သက်မှုကို အခြားသူများ သိသွားပါက ပြဿနာကြီးသွားနိုင်ကြောင်း သူ သတိပြုမိသွားသည်။ ထို့ကြောင့် ပြောလက်စ စကားကို ပြန်မျိုချလိုက်လေသည်။
ကျန်းရှောင်ဖန်း ဘာကြောင့် စကားရပ်သွားသနည်းဆိုသည်ကို ရှီထုံ နားမလည်နိုင်ဖြစ်နေစဉ် ပိယောင်က ပြုံး၍ ပြောလိုက်သည်။
“သူ့ကို မမေးပါနဲ့၊ ကျွန်မတို့က ခဏလေးပဲ ဆုံဖူးတာပါ၊ တစ်ခါပဲ မြင်ဖူးတာဆိုတော့ သူက ကျွန်မအကြောင်း ဘာမှ သိမှာမဟုတ်ပါဘူး”
ရှီထုံမှာ သဘောပေါက်သွား၏။ သို့သော် ကျန်းရှောင်ဖန်း၏ မျက်နှာကို မြင်သောအခါ သူက ထူးဆန်းစွာ ပြုံးလိုက်ပြီး ကျန်းရှောင်ဖန်း၏ နားနားသို့ ကပ်၍ တီးတိုးပြောလိုက်လေသည်။
“ညီအစ်ကိုကျန်း၊ မင်းရဲ့ မျက်နှာအမူအရာက သိပ်မဟန်ဘူးနော်၊ မင်းများ အဲဒီ မိန်းကလေးကို သဘောကျနေတာလား”
ကျန်းရှောင်ဖန်း၏ မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူရော်သွားကာ အလန့်တကြားဖြစ်သွားပြီး အမြန်ပြောလိုက်သည်။
“မင်း အဲဒီလို လျှောက်မပြောနဲ့လေ၊ ငါ... ငါက သူမနဲ့ ဘာမှမပတ်သက်ပါဘူး”
ပိယောင်က သူ့ကို ပြုံးပြီး ကြည့်နေခဲ့သော်လည်း သူပြောသော စကားကို ကြားပြီးနောက် သူမ၏ မျက်နှာထား မှုန်ကုပ်သွားလေသည်။ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရယ်မောလိုက်လေသည်။
“မှန်တာပေါ့၊ ငါက အရှက်မရှိတဲ့ ဒီအကောင်စုတ်နဲ့ ဘာကိစ္စပတ်သက်ရမှာလဲ”
လူတိုင်း အံ့အားသင့်သွားကြသည်။ ကျန်းရှောင်ဖန်းကို မြင်ချိန်တွင် သူမ၏ မျက်နှာပေါ်ရှိ အံ့ဩဝမ်းသာသွားသော အမူအရာကို သူတို့ ပြန်တွေးမိကြသည်။
ယခုမူ စာအုပ်တစ်အုပ်ကို လှန်လိုက်သကဲ့သို့ ပို၍ပင် မြန်ဆန်စွာ အပြောင်းအလဲဖြစ်သွားကာ “အရှက်မရှိတဲ့ အကောင်စုတ်” ဟူသော စကားပါ ထွက်လာသည့်အတွက် လူတိုင်းက ကျန်းရှောင်ဖန်းကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြလေသည်။
ကျန်းရှောင်ဖန်းမှာ အလွန်အမင်း အနေရခက်သွားပြီး မည်သို့ ရှင်းပြရမည်ကိုပင် မသိတော့ချေ။
သို့သော် ဘေးလူများ၏အမြင်တွင် ဤအရာမှာ ချစ်သူရည်းစားနှစ်ဦးကြားမှ စကားများရန်ဖြစ်ခြင်းမျှသာဖြစ်ကြောင်း တွေးမိကြမည်မှာ သေချာပေသည်။ လူတိုင်း ပြုံးလိုက်ကြသည်။
ရှီထိုက ကောင်းကင်ကို ကြည့်လိုက်ပြီး ကျန်းရှောင်ဖန်းအား ပြောလိုက်သည်။
“ညီအစ်ကိုကျန်း၊ အချိန်လည်း လင့်နေပြီဆိုတော့ ငါတို့ သွားကြရအောင်”
ကျန်းရှောင်ဖန်းက ဤအနေခက်ဖွယ် အခြေအနေမှ အမြန်ဆုံး ထွက်ခွာချင်နေခဲ့သည်။
သူ ချက်ချင်း ပြန်ဖြေလိုက်သော်လည်း သူ စကားပြောနေစဉ်မှာပင် ပိယောင်က ရုတ်တရက် အော်ပြောလိုက်လေသည်။
“လူလိမ်အဘိုးကြီး၊ အဲဒီမှာ ရပ်နေစမ်း”
သူတို့ လှည့်ကြည့်လိုက်သောအခါ ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့ ခိုးကြောင်ခိုးဝှက် ထွက်ပြေးရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
သို့သော် ပိယောင်က သူတို့ကို မြင်သွားခဲ့ချေပြီ။ ပိယောင်၏ လက်ထဲရှိ ရှန့်ရှင်းဟွာပန်းမှ အဖြူရောင်အလင်းတန်းများ ထပ်မံတောက်ပလာသည်။
အေးစက်သော စွမ်းအင်များ ထွက်ပေါ်လာသဖြင့် ကျန်းရှောင်ဖန်း အံ့ဩသွားကာ ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်ပြီး မေးလိုက်သည်။
“နေပါဦး၊ နေပါဦး။ သူတို့က မင်းကို ဘယ်လို စော်ကားမိလို့လဲ”
ပိယောင်က ကျန်းရှောင်ဖန်းကို စူးရဲစွာ ကြည့်လိုက်သည်။ သူမ ဒေါသထွက်နေဆဲဖြစ်ပြီး အေးစက်စက် ပြောလိုက်လေသည်။
“ရှင်နဲ့ ဘာဆိုင်လို့လဲ”
ကျန်းရှောင်ဖန်းမှာ မျက်နှာပြောင်တိုက် ငြင်းပယ်ခံလိုက်ရသဖြင့် အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။
သို့သော် ကျိုးယီရှန်မှာ ပိယောင်၏လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ရသည်ဖြစ်ရာ ယခု သူ့အတွက် ရပ်တည်ပေးမည့်သူ ရှိလာသောအခါ မည်သို့လျှင် လက်လွှတ်ခံမည်နည်း။ သူက အမြန်ပြောလိုက်သည်။
“လူလေး... မင်း ငါ့ကို ကယ်မှဖြစ်မယ်၊ မြို့လေးထဲမှာတုန်းက ငါက စေတနာနဲ့ ဒီမိန်းကလေးကို ဗေဒင်ဟောပေးခဲ့တာ”
“ဒါပေမဲ့ သူက အမှန်တရားကို လက်မခံချင်ဘူးလေ၊ သူ့ဆန္ဒနဲ့ မကိုက်ညီတော့ ငါတို့ကို အကြမ်းဖက်ဖို့ လုပ်လာတာပဲ...”
ပိယောင်က ဒေါသတကြီး အော်ပြောလိုက်သည်။
“လိမ်နေတာ၊ ရှင်က လူလိမ်အဘိုးကြီးပဲ၊ ပါးစပ်ကနေ လိမ်ညာတာတွေပဲ ပြောပြီး လူတွေဆီက ပိုက်ဆံလိမ်ယူနေတာ၊ အခုများကျတော့ ကျွန်မကိုပါ အပြစ်လာပုံချနေသေးတယ်၊ ရှင် သေချင်နေတာလား”
ထို့နောက် သူမက လက်ကို လှုပ်ရှားလိုက်ရာ ရှန့်ရှင်းဟွာပန်းမှ အဖြူရောင်အလင်းတန်းများ ပိုမိုတောက်ပလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို နံနက်ခင်းအချိန်ကဲ့သို့ လင်းထိန်သွားစေသည်။
သူမ တိုက်ခိုက်တော့မည်ကို မြင်သောအခါ ကျန်းရှောင်ဖန်းက အလျင်စလို ပြောလိုက်သည်။
“ပိယောင်၊ နေပါဦး”
သို့သော် ပိယောင်က ကြားဟန်မပေါ်ပေ။
တစ်စက္ကန့်အကြာတွင် ရှန့်ရှင်းဟွာပန်းသည် သူမ၏ လက်ထဲမှ ထွက်ခွာသွားပြီး လေထဲတွင် တလက်လက် တောက်ပနေလေသည်။
တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် တစ်ခဏအတွင်းမှာပင် တောက်ပသော အဖြူရောင်အလင်းတန်းက လနှင့် ကြယ်များကိုပါ မှေးမှိန်သွားစေခဲ့သည်။
ကောင်းကင်ယံတစ်ခုလုံးတွင် တောက်ပလင်းလက်နေသော ပန်းပွင့်ဖတ်များဖြင့် ပြည့်နှက်သွားကာ ပြင်းထန်သော ပန်းရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာပေသည်။
ဤသည်မှာ အလွန်ရှားပါးသော ရှုခင်းတစ်ခုဖြစ်သော်လည်း ကျိုးယီရှန်၏ အမြင်တွင်မူ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။
သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး ရှောင်ဟွမ်ကို ဆွဲ၍ ချက်ချင်း ပြေးတော့၏။
တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်က အဝတ်အစားများထဲသို့ နှိုက်လိုက်ပြီး အဝါရောင် စက္ကူငယ်တစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ တာအိုဆရာများ သရဲဖမ်းရာတွင် အသုံးပြုသော အဆောင်လက်ဖွဲ့နှင့် အတော်လေး ဆင်တူနေပေသည်။
ပိယောင်၏ မှော်လက်နက် စွမ်းအားကို ကျန်းရှောင်ဖန်း ကောင်းကောင်းသိထား၏။
တစ်ဖက်တွင်လည်း ကျိုးယီရှန်မှာ မည်သည့် ကျင့်စဉ်စွမ်းအားမျှ ရှိပုံမရပေ။
ထို့ကြောင့် ကျန်းရှောင်ဖန်းက ကျိုးယီရှန်၏ ရှေ့တွင် ရပ်ကာ ဝိညာဉ်ဝါးမျိုတုတ်ကို ဆင့်ခေါ်လိုက်ပြီး ဤတိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်လေသည်။
ကျန်းရှောင်ဖန်း၏ ရုတ်တရက် ထွက်လာမှုကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြတ်ပြေးသွားပြီး ကောင်းကင်ယံရှိ ပန်းပွင့်များက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားကာ ကျန်းရှောင်ဖန်း၏ ရှေ့တွင် ကခုန်နေကြသည်။
သူမ၏ မျက်နှာက အေးစက်နေဆဲဖြစ်ပြီး အေးစက်စက် မေးလိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ”
ကျန်းရှောင်ဖန်းက သူမကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ ရင်ထဲတွင် အနည်းငယ် ကြောက်လန့်နေပြီး တီးတိုးပြောလိုက်သည်။
“သူတို့က ကျင့်ကြံသူတွေမှ မဟုတ်တာ၊ မင်းက ဘာလို့ သူတို့ကို ဒုက္ခပေးနေရတာလဲ၊ သူတို့ကို လွှတ်ပေးလိုက်လို့ မရဘူးလား”
ပိယောင်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
ကောင်းကင်ယံရှိ ပန်းပွင့်များက ရုတ်တရက် နောက်သို့ ပျံသန်းသွားပြီး လနှင့် ကြယ်များ၏ အလင်းရောင်အောက်တွင် အဖြူရောင် ပန်းတစ်ပွင့်အဖြစ် ပြန်လည်ဖွဲ့စည်းသွားကာ သူမ၏ လက်ထဲသို့ ပြန်ရောက်လာလေသည်။
“ဘာဖြစ်ခဲ့လဲဆိုတာ သူ့ကို မေးကြည့်လိုက်ပါလား”
ကျန်းရှောင်ဖန်းလည်း သိချင်နေသဖြင့် လှည့်ကာ ကျိုးယီရှန်ကို စတင်မေးမြန်းတော့သည်။
အစပိုင်းတွင် ကျိုးယီရှန်က အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားနေဆဲဖြစ်သော်လည်း အရေးကြီးသော အပိုင်းများရောက်တိုင်း ပိယောင်က ဝင်ဝင်နှောင့်ယှက်နေခဲ့သည်။
ဤသို့ဖြင့် ဘာဖြစ်ခဲ့သနည်းဆိုသည်ကို ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ နားလည်သွားကြလေသည်။
ကျိုးယီရှန်သည် ချမ်းသာသော အမျိုးသမီးကြီးထံမှ ငွေများကို အောင်မြင်စွာ လိမ်လည်ရယူပြီးနောက် သူ၏ လောဘစိတ်ဖြင့် ပိယောင်၏ အဝတ်အစားများမှာ တန်ဖိုးကြီးကြောင်း သတိထားမိသွားသည်။
ထို့ကြောင့် တားဆီးရန် အချက်ပြနေသော ရှောင်ဟွမ်၏ အကြည့်များကို ဂရုမစိုက်ဘဲ ပိယောင်ထံသို့ သွားခဲ့ခြင်းဖြစ်သည်။
သို့သော် ပိယောင်မှာ သာမန်လူများနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အလွန် ဉာဏ်ရည်ထက်မြက်သူဖြစ်ရာ မည်သို့လုပ် ဤမျှလွယ်လွယ်နှင့် အရူးအလုပ်ခံရမည်နည်း။
အစပိုင်းတွင် ရှောင်ဟွမ် ဟောပြောသော ပိယောင်၏ အတိတ်အကြောင်းများမှာ မှန်ကန်နေခဲ့သည်။
သို့သော် ပိယောင်က ဆက်လက်မေးမြန်းသောအခါ ရှောင်ဟွမ်က ကျိုးယီရှန်အား တိုက်ရိုက် မပြောပြနိုင်တော့သဖြင့် ထင်ရာမြင်ရာများ လျှောက်ပြောရာမှ ချက်ချင်း ဟာကွက်ပေါ်သွားခြင်းဖြစ်သည်။
ပိယောင်မှာ ဒေါသထွက်သွားပြီး ထိုလူလိမ်နှစ်ဦးကို သင်ခန်းစာပေးရန် လုပ်ဆောင်ခဲ့ခြင်းပင်။
ကျိုးယီရှန်က ပြဿနာကြီးသွားပြီဆိုသည်ကို သဘောပေါက်သွား၏။
သူက ကျင့်ကြံခြင်းအကြောင်း ဘာမျှမသိသော်လည်း ချင်းယွင်ဂိုဏ်းမှ ဆင်းသက်လာသော အသက်ကယ်ပညာရပ်အချို့ကို တတ်ကျွမ်းထားပြီး ၎င်းတို့ထဲတွင် မြေလျှိုးပညာရပ်လည်း ပါဝင်လေသည်။
သူက ၎င်းကို အသုံးပြု၍ တစ်ခဏမျှ ထွက်ပြေးခဲ့လေသည်..
သို့သော် သူ၏ ကျွမ်းကျင်မှုမှာ မလုံလောက်သဖြင့် လားရာကို မထိန်းချုပ်နိုင်ဘဲ ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ အနီးသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခြင်းဖြစ်ပေသည်။
ထိုအဘိုးကြီး ထိုသို့လုပ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော် သူမသည် သရဲဘုရင်၏ တစ်ဦးတည်းသော သမီးဖြစ်သည်မဟုတ်ပါလော။
ဤမျှ သေးငယ်သော လှည့်ကွက်လေးက သူမကို ဒုက္ခမပေးနိုင်ချေ။
မန္တန်တစ်ခုတည်းဖြင့်ပင် ထိုအဘိုးကြီး၏ တည်နေရာကို ချက်ချင်း ရှာဖွေတွေ့ရှိသွားပြီး မျက်တောင်တစ်ခတ်အတွင်း လိုက်လာခဲ့ခြင်းဖြစ်သည်။
ကျန်းရှောင်ဖန်းမှာ တစ်ခဏမျှ အံ့အားသင့်သွားပြီး ကျိုးယီရှန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ဒါဆို ဒီမနက်က ခင်ဗျား ကျုပ်ကိုပြောခဲ့တဲ့ အန္တရာယ်များတဲ့ အနာဂတ်ဆိုတာက အတုပေါ့”
ကျိုးယီရှန်မှာ မျက်လုံးလှန်လိုက်၏။ သူ စကားပြောခွင့်မရလိုက်ခင်မှာပင် ပိယောင်က ရယ်မောလိုက်လေသည်။
“ရှင်လည်း သူ့ထောင်ချောက်ထဲ မိသွားတာပဲကိုး”
ဤရယ်မောသံက သူမ၏ အေးစက်စက် အမူအရာကို ချက်ချင်း အရည်ပျော်သွားစေ၏။ ကျန်းရှောင်ဖန်းမှာ အလွန်အမင်း အနေခက်သွားသည်။
ကျိုးယီရှန်ကို ကူညီခဲ့ခြင်းမှာ လုံးဝ မတန်ဟု သူ တွေးမိပြီး ပိယောင်၏ ရှေ့တွင်လည်း ရှက်ရွံ့သွားမိသည်။ သူ မျက်နှာကို တည်လိုက်ပြီး ထွက်သွားတော့၏။
ကျိုးယီရှန်က အံ့အားသင့်သွားပြီး သူ၏ ရင်ထဲတွင် ညည်းတွားနေလေသည်။
ရှီထုံက အနေခက်ဖွယ် အခြေအနေကို မြင်သောအခါ ကျန်းရှောင်ဖန်းအား သတိပေးလိုက်သည်။
“ညီအစ်ကိုကျန်း၊ ငါတို့ အထဲကို ဝင်သွားသင့်ပြီ၊ ကိစ္စက အရေးကြီးတယ်”
ကျန်းရှောင်ဖန်းက ခေါင်းညိတ်လိုက်ပြီး အခြားသူများကို ဂရုမစိုက်တော့ဘဲ ရှီထုံနှင့်အတူ တောအုပ်ထဲသို့ ဝင်သွားလေသည်။ ပိယောင်မှာ အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ဒီတောအုပ်ကြီးက မကောင်းဆိုးဝါးချီတွေနဲ့ ပြည့်နေတာကို ရှင်တို့နှစ်ယောက် ဘာလုပ်မလို့လဲ”
ကျန်းရှောင်ဖန်းက ပြန်ဖြေလိုက်သည်။
“ငါတို့က မိစ္ဆာကို နှိမ်နင်းဖို့ အထဲကို ဝင်သွားမလို့”
ထို့နောက် သူက ရှီထုံကို ဆွဲ၍ တောအုပ်ထဲသို့ မြန်ဆန်သော ခြေလှမ်းများဖြင့် ဝင်သွားလေသည်။
ရှီထုံက ခေါင်းလှည့်ကာ ပိယောင်နှင့် အဘိုးကြီးကို ကြည့်လိုက်ပြီး ကျန်းရှောင်ဖန်း၏ နောက်သို့ လိုက်ပါသွားလေသည်။
မြင်ကွင်းက ချက်ချင်း တိတ်ဆိတ်သွားသည်။ ပိယောင်က မျက်နှာထားကို ခပ်တည်တည်ထားကာ ကျိုးယီရှန်ဘက်သို့ လှည့်လိုက်သည်။
ကျိုးယီရှန်က သူ့ကိုယ်သူ ကာကွယ်ရန် အသင့်အနေအထားဖြင့် သူ၏ လက်ကို ရင်ဘတ်ရှေ့တွင် ချက်ချင်း မြှောက်ထားလိုက်သည်။
သို့သော် သူ အမှန်တကယ် ကာကွယ်နိုင်မည်လားဆိုသည်မှာကား အခြားကိစ္စတစ်ခုသာ ဖြစ်ပေသည်။
မထင်မှတ်ထားဘဲ ပိယောင်က တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူမက ကျိုးယီရှန်ယကို မေးလိုက်သည်။
“သူတို့ အထဲမှာ ဘာလုပ်နေလဲဆိုတာ ရှင် သိလား”