အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) - မြေခွေးမိစ္ဆာ (၂)
ကျိုးယီရှန်က အံ့အားသင့်သွားသည်။ သူလည်း မြို့ငယ်လေးထဲတွင် ရှိနေခဲ့သည်ဖြစ်ရာ ၎င်းမှာ မည်သည့်အရာဖြစ်ကြောင်း သေချာပေါက် သိနေပေသည်။ သူက ဖြေလိုက်သည်။
“သိတာပေါ့၊ တောအုပ်ထဲမှာ ရှိတယ်လေ၊ အဲဒီမှာ အမြီးသုံးချောင်း မြေခွေးတစ်ကောင် နေနေတာ”
“သူတို့က မြို့ခံတွေအတွက် အဲဒါကို သွားနှိမ်နင်းကြမလို့လေ။ ဘာဖြစ်လို့လဲ”
ပိယောင်က နှာခေါင်းရှုံ့လိုက်ပြီး မျက်လွှာချကာ တိုးတိုးလေး ပြောလိုက်သည်။
“သူ့ရဲ့ မဆိုသလောက်ကျင့်စဥ်အဆင့်နဲ့ သူကများ...”
သူမ အတွေးနက်နေသည်ကို ကျိုးယီရှန် မြင်သောအခါ ဤသည်မှာ အခွင့်ကောင်းကြီးဖြစ်ရာ သူ မည်သို့လျှင် လက်လွှတ်ခံမည်နည်း။
သူက ရှောင်ဟွမ်၏ လက်ကိုဆွဲ၍ ခိုးကြောင်ခိုးဝှက် ထွက်သွားတော့သည်။
ပိယောင် သတိပြန်ဝင်လာချိန်တွင် သူတို့မှာ အတော်ဝေးဝေးသို့ ရောက်နေပြီဖြစ်ပြီး သူတို့၏ ကျောပြင်အရိပ်များသာ ကျန်ရစ်တော့သည်။
ပိယောင်၏ စွမ်းရည်ဖြင့် သူတို့ကို လိုက်ဖမ်းရန်မှာ အလွန်လွယ်ကူသောအရာဖြစ်သော်လည်း သူမက ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိပေ။
ထို့အစား သူမ လှည့်လိုက်ပြီး လရောင်အောက်တွင် မှောင်မိုက်နေသော တောအုပ်ကြီးကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ တောအုပ်ထဲသို့ ဝင်ရောက်လာကြသည်။
သစ်ပင်များမှာ မြင့်မားကာ စိမ်းလန်းဝေဆာနေပြီး လရောင်ကို ကွယ်တားထားသဖြင့် တောအုပ်အတွင်း မှောင်မိုက်နေလေသည်။
သူတို့ လျှောက်သွားစဉ် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး တောအုပ်၏ အနက်ရှိုင်းဆုံးနေရာတွင် ပါးလွှာသော မြူခိုးများ ဖုံးလွှမ်းနေပေသည်။
သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ရှီထုံက တီးတိုးပြောလိုက်သည်။
“သတိထားနော်”
ကျန်းရှောင်ဖန်းက ခေါင်းညိတ်ပြလိုက်၏။ သူတို့၏ မှော်လက်နက်များကို ဆင့်ခေါ်လိုက်ကြပြီး သတိထားကာ ရှေ့သို့ ဆက်သွားကြလေသည်။
အချိန်အတော်ကြာ လျှောက်သွားပြီးနောက် ရှေးဟောင်းသစ်ပင်ကြီးများက ကောင်းကင်ယံအထိ ထိုးတက်နေပြီး ယင်စွမ်းအင် လှိုင်းများက သူတို့ကို ဝန်းရံလာသည်။
သူတို့သည် တောအုပ်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိနေလေသည်။ ထိုအချိန်တွင် သစ်တောများကြားရှိ မြူခိုးများထဲမှ တိုးညင်းပြီး ဆွေးမြေ့ဖွယ်ကောင်းသော အမျိုးသမီးအသံတစ်ခုကို သူတို့ ရုတ်တရက် ကြားလိုက်ရလေသည်။
ထင်းရှူးတောင်ကုန်းလေးပေါ်ဝယ်၊ လမင်းက နှင်းခဲပမာ
လွင့်မျောနေသော ပန်းတစ်ပွင့်လို လူသားမှာ နာကျင်လျက်
ဆယ်စုနှစ် အနည်းငယ်၊ နှစ်သုံးထောင်မျှကြာသော်လည်း
ငါတို့ ဝေးကွာနေသည့်တိုင် အချင်းချင်း အမှတ်ရနေစေရန် ဆုတောင်းမိပါသည်။
အမျိုးသမီး၏ အသံမှာ နူးညံ့သိမ်မွေ့စွာ တီးတိုးရွတ်ဆိုနေခြင်းဖြစ်သည်။
သူမကို မမြင်ရသော်လည်း သူမထံမှ ထွက်ပေါ်လာသော ဝမ်းနည်းကြေကွဲမှုများကို သူတို့ ခံစားနိုင်ကြသည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
ညသန်းခေါင်ယံအချိန်ဖြစ်ပြီး ဤမျှ လူသူကင်းမဲ့သော နေရာမျိုးတွင် မိစ္ဆာသာ ဖြစ်နိုင်ခြေအများဆုံးပင်။ သူတို့နှစ်ဦး အသံလာရာဘက်သို့ သတိထား၍ လျှောက်သွားကြလေသည်။
မကြာမီမှာပင် ပါးလွှာသော မြူခိုးများက သူတို့ကို ဝါးမျိုသွားတော့သည်။
သူတို့ ဝင်သွားပြီး သိပ်မကြာမီတွင် အစိမ်းရောင်ပုံရိပ်တစ်ခုက သူတို့ ရပ်နေခဲ့သော နေရာ၌ ပေါ်လာပြီး အမှောင်ထုထဲရှိ မြူခိုးများကို ကြည့်နေလေသည်။
သူမ မျက်မှောင်ကြုတ်သွားပြီး တစ်ခဏမျှ စဉ်းစားကာ အထဲသို့ လိုက်ဝင်သွားတော့၏။
ညဉ့်၏ အရောင်က သစ်တောများထဲတွင် မှေးမှိန်စွာ တောက်ပနေသည်။ လရောင်အချို့က သစ်ရွက်များကြားမှ ဖြတ်သန်းကာ သစ်တောများပေါ်သို့ ကျဆင်းလာပြီး ညင်သာစွာ ယိမ်းနွဲ့နေလေသည်။
သူတို့၏ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်နေသော ပိုးကောင်တို့အသံများသာ ရှိနေသည်။
ရုတ်တရက် ရှီထုံက ကျန်းရှောင်ဖန်း၏ ပခုံးကို လှမ်းကိုင်လိုက်သည်။ ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။
“အကိုရှီ ဘာဖြစ်လို့လဲ”
ရှီထုံက တီးတိုးပြောလိုက်သည်။
“နားထောင်ကြည့်”
ကျန်းရှောင်ဖန်း အာရုံစိုက်လိုက်သည်။ ရှေ့မှ တိုးညင်းသော သက်ပြင်းချသံတစ်ခုကို သူ ကြားလိုက်ရလေသည်။
လရောင်တန်းတစ်ခုက အမှောင်ထုထဲရှိ မီးပြတိုက်တစ်ခုကဲ့သို့ပင်။ အေးစက်သော လရောင်က မြူခိုးများပေါ်သို့ ညင်သာစွာ ကျဆင်းနေပြီး ဦးတည်ရာမဲ့ ဖြာကျနနေလေ၏။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက အမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာမှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
သူမက အလင်းရောင်အောက်တွင် ရပ်နေပြီး သူတို့ဘက်သို့ ရပ်ကြည့်နေလေသည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ အသက်အောင့်ထားလိုက်မိကြသည်။
သူမသည် နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
ရှည်လျားဖြောင့်စင်းသော ဆံကေသာများက သူမ၏ ပခုံးပေါ်တွင် ရေလှိုင်းပမာ နူးညံ့စွာ ကျဆင်းနေလေသည်။
ဖြူဝင်းသော အသားအရေပေါ်တွင် ကျက်သရေရှိသော မျက်ခုံးအစုံ၊ နုနယ်သော နှာတံ၊ အနီရောင်နှုတ်ခမ်းတို့ ရှိပြီး သူမ၏ ရေကဲ့သို့ ကြည်လင်နေသော မျက်လုံးများက သူတို့၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်သည့်အလား ကြည့်နေလေသည်။
သူမသဏည် လူများကို သူမအတွက် ကရုဏာသက်စေနိုင်သော အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။ သူမက လရောင်အောက်တွင် ကြောက်ရွံ့စွာ ရပ်နေပြီး သူတို့ကို စိုက်ကြည့်နေသည်။
အချိန်များက ထိုအခိုက်အတန့်တွင် ရပ်တန့်သွားသကဲ့သို့ပင်။
“ရှင်တို့က ကျွန်မကို သတ်ဖို့ လာကြတာလား”
သူမက တစ္ဆေသရဲတစ်ကောင်ကဲ့သို့ တိုးညင်းစွာ မေးလိုက်သည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ အံ့အားသင့်သွားကြ၏။ ရှီထုံက နှုတ်ခမ်းကို ကိုက်ကာ စိတ်ကို တည်ငြိမ်အောင်ထားပြီး အော်မေးလိုက်သည်။
“မင်းက အမြီးသုံးချောင်း မြေခွေးဆိုတဲ့ မိစ္ဆာလား”
သူမ၏ ရေကဲ့သို့ ကြည်လင်နေသော မျက်လုံးများက ရှီထုံကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်သို့ ရောက်လာလေသည်။
သူ၏ မျက်နှာကို နူးညံ့သော လက်တစ်ဖက်ဖြင့် ထိတွေ့လိုက်သကဲ့သို့ ကျန်းရှောင်ဖန်း ခံစားလိုက်ရသည်။
သူ အံ့အားသင့်သွား၏။ ဤမျှ ပြုစားနိုင်သော အမျိုးသမီးမျိုး ရှိနိုင်မည်ကို စိတ်ကူးပင် မယဉ်ဖူးပေ။ သူမသည် လုံးဝ လူသားတစ်ဦး မဟုတ်ချေ။
သူမက ပြန်မဖြေဘဲ မျက်မှောင်ကြုတ်လိုက်ရုံသာ ပြုလေသည်။ သူမ၏ မျက်ခုံးများကြားတွင် ဝမ်းနည်းမှုမျဉ်းတစ်ကြောင်း ထွင်းထုထားသည့်နှယ်။
သူမက လမင်းကို ထပ်မံကြည့်လိုက်ပြန်၏။ တောက်ပနေသော လမင်းကြီးက အပြစ်အနာအဆာကင်းစွာဖြင့် ကောင်းကင်ယံ၌ ချိတ်ဆွဲထားပေသည်။
“ကျွန်မပါပဲ”
သူမက ပြောလိုက်လေသည်။
ညဉ့်ဦးယံသည် မှောင်မိုက်နေပြီး သူမ၏ အနောက်ဘက်ရှိ အမှောင်ထုထဲတွင် တစ်စုံတစ်ခု ပုန်းအောင်းနေပုံရပေသည်။
ရှီထုံက မျက်မှောင် ကျုံ့လိုက်၏။ သူ၏ လက်ထဲရှိ ရွှေရောင်ဆူးတင်းပုတ်ကြီးက ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အနီးနားရှိ သစ်ပင်များကို ရွှေရောင်အဖြစ် ပြောင်းလဲသွားစေသည်။
ကျန်းရှောင်ဖန်းက သူ၏ ဘေးတွင် ရပ်နေပြီး အသက်ပြင်းပြင်း ရှူလိုက်လေသည်။
အမျိုးသမီးက မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။ သူမက သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး ဘေးဘက်သို့ ညင်သာစွာ လျှောက်သွားသည်။
နှင်းပွင့်ကဲ့သို့ ဖြူလွှသော အဝတ်စက ညင်သာစွာ ယိမ်းနွဲ့သွားသည်။ ချုံပုတ်များ ဖယ်ခွာသွားပြီး ရေတွင်းတစ်တွင်း ပေါ်လာလေသည်။
အဝေးမှ ကြည့်လိုက်လျှင် ရေတွင်း၏ ကျောက်တုံးပေါ်ရှိ ရေညှိများကို သူတို့ မြင်တွေ့နိုင်ပေသည်။ ၎င်းရေတွင်းမှာ အလွန် ဟောင်းနွမ်းနေပုံရသည်။
သူမက ရေတွင်းဘေးသို့ လျှောက်သွားကာ အောက်သို့ ငုံ့ကြည့်ရင်း သူမ၏ ဆံပင်များကို လက်ဖြင့် ညင်သာစွာ ဖြီးသင်နေလေသည်။
သူမ လုပ်ဆောင်နေသော ထူးဆန်းသည့် လုပ်ရပ်ကို မြင်ပြီးနောက် သူတို့ လှုပ်ရှားရန်ပင် မရဲကြတော့ပေ။
အမျိုးသမီး၏ အသံက တောအုပ်အတွင်း လွင့်ပျံလာလေသည်။
“ဒါက နှစ်သုံးထောင် သက်တမ်းရှိတဲ့ ရေတွင်းပဲ၊ လပြည့်ညမှာ ရိုးသားတဲ့ ဆန္ဒတစ်ခုနဲ့ ဒီရေတွင်းထဲကို ကြည့်လိုက်ရင် ဆန္ဒပြည့်ဝရမယ်လို့ ဒဏ္ဍာရီတွေက ဆိုကြတယ်”
သူမ၏ အသံထဲတွင် ဝမ်းနည်းမှုများ ပါဝင်နေလေသည်။
“ဒါပေမဲ့ ကျွန်မ ဒီကိုရောက်ကတည်းက သုံးကြိမ်တောင် ကြည့်ခဲ့ပြီးပြီ၊ ဘာလို့ သူ့ရဲ့ရောဂါက သက်သာမလာရတာလဲ”
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ မိန်းမောသွားကြသည်။
သူမ၏ လေသံအရ ဤသည်မှာ ချစ်ခြင်းမေတ္တာ၏ ထောင်ချောက်ထဲတွင် ပိတ်မိနေသော ဝမ်းနည်းပူဆွေးနေသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။
သို့သော် ရှီထုံ၏ စိတ်က ကျန်းရှောင်ဖန်းထက် ပိုမို ခိုင်မာနေခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ ရှေ့သို့ ေခြတလှမ်း တိုးလိုက်သည်။
တောအုပ်ထဲတွင် လေတိုက်သံများ ထွက်ပေါ်လာသည်။ သူက ဒေါသတကြီး ပြောလိုက်လေသည်။
“အရှက်မရှိတဲ့ မိစ္ဆာမ၊ မင်းက လူတွေကိုတောင် ပြုစားရဲသေးတယ်ပေါ့၊ မြန်မြန် လာပြီး အသေခံလိုက်စမ်း”
ထိုအမျိုးသမီး လှည့်လာပြီး သူမ၏ ရေကဲ့သို့ ကြည်လင်နေသော မျက်လုံးများက သူတို့ကို ကြည့်လိုက်၏။
ရှီထုံကို လျစ်လျူရှုကာ ကျန်းရှောင်ဖန်းကိုသာ ကြည့်နေလေသည်။ သူမက ရုတ်တရက် ညင်သာစွာ ပြောလိုက်သည်။
“မင်းရဲ့ ရင်ထဲမှာ အလွန် လွမ်းဆွတ်တမ်းတနေရတဲ့ မိန်းကလေးတစ်ယောက် ရှိနေလား၊ လာပြီးတော့ ကြည့်လိုက်ပါ”
တောအုပ်ကို ဖြတ်သန်းတိုက်ခတ်သွားသော လေနှင့်အတူ အအေးဓာတ်က ပိုမို ပြင်းထန်လာလေသည်။
သစ်ပင်ထိပ်ဖျားများက တရှဲရှဲ မြည်နေလေသည်။
ကျန်းရှောင်ဖန်း ဘာလုပ်ရမှန်းမသိဖြစ်နေပြီး သတိလက်လွတ်ဖြင့် ခြေတစ်လှမ်း လှမ်းလိုက်မိ၏။
ရှီထုံမှာ အံ့အားသင့်သွားပြီး သူက ဘာမှမပြောဘဲ လေထဲသို့ ပျံတက်သွားပြီး ဖျက်ဆီးသူ၏ ရွှေရောင်အလင်းတန်းများ တောက်ပလာကာ လေထဲတွင် လေချွန်သံများ ထွက်ပေါ်လာပြီး ထိုအမျိုးသမီး၏ ဦးခေါင်းဆီသို့ ရိုက်ချလိုက်လေသည်။
ဤမျှ ပြင်းထန်သော ခွန်အားဖြင့်ဆိုလျှင် အားနည်းသော အမျိုးသမီးတစ်ဦးကို မဆိုထားနှင့် တောင့်တင်းခိုင်မာသော ယောက်ျားတစ်ယောက်ပင်လျှင် အသားစများအဖြစ် ကြိတ်ချေခံရမည်မှာ သေချာပေသည်။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှာ ကြွေကျနေသော သစ်ရွက်တစ်ရွက်ကဲ့သို့ပင်။
ဖျက်ဆီးသူ၏ ပြင်းထန်သော လေပြင်းများကြောင့် လွင့်စင်သွားပြီး နောက်သို့ လွင့်မျောသွားကာ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော တိုက်ခိုက်မှုမှ ရှောင်တိမ်းလိုက်နိုင်သည်။
ထို့နောက် သူမ လေထဲတွင် လွင့်မျောနေပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ တစ်ခဏအကြာတွင် မိစ္ဆာစွမ်းအင်များ အလွန် ပြင်းထန်လာလေသည်။
မိစ္ဆာများ၏ ငိုကြွေးသံများ ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ အနောက်ဘက်ရှိ အမှောင်ထုထဲတွင် မရေမတွက်နိုင်သော မျက်လုံးကြီးများ ပွင့်လာကြသည်။
ရှီထုံ သတိမထားမိချိန်တွင် မရေမတွက်နိုင်သော အော်သံများနှင့်အတူ အရိပ်များစွာက အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး အမျိုးသမီး၏ အဖြူရောင်ပုံရိပ်ကို ဖြတ်ကျော်ကာ ရှီထုံထံသို့ သူတို့၏ လက်သည်းများ၊ အစွယ်များဖြင့် ပြေးဝင်လာကြလေသည်။
ထိုအမျိုးသမီးမှာမူ ရှီထုံကို ကြည့်မနေပေ။ သူမ၏ နူးညံ့သော မျက်လုံးများက ရှေးဟောင်းရေတွင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေသော ကျန်းရှောင်ဖန်းကိုသာ ကြည့်နေလေသည်။
လရောင်က သူ၏ အပေါ်သို့ ကျဆင်းနေပြီး နှင်းခဲများကဲ့သို့ပင်။
သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် သူ အလွန် လွမ်းဆွတ်တမ်းတနေရသော လူတစ်ယောက် ရှိနေသလား။
သူ သတိလွတ်နေခဲ့လေပြီ။
“ရှောင်ဖန်း”
အနောက်ဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ ပိယောင်ပေါ်လာပြီး သူ့ထံသို့ အမြန်ပျံသန်းလာကာ အလျင်စလို ပြောလိုက်သည်။
“မကြည့်နဲ့”
ထိုအခိုက်အတန့်တွင် ကျန်းရှောင်ဖန်းမှာ လန့်နိုးသွားလေသည်။ လေထဲတွင် သူ့ကို စောင့်ကြည့်နေသော နူးညံ့သည့် အမျိုးသမီး၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
သို့သော် ထို့နောက် သူက အထဲသို့ ကြည့်လိုက်မိဆဲပင်။
ထို့ကြောင့် အလွန် နက်ရှိုင်းစွာ ကြည့်လိုက်မိတော့သည်။
လေတိုက်သံများ ရပ်တန့်သွားပြီး လူတိုင်း အသက်အောင့်ထားလိုက်ကြသည်။
သူ ဘာကို မြင်လိုက်ရသနည်း။
ရှီထုံက ဟိန်းဟောက်လိုက်ပြီး မိစ္ဆာများကို ခြောက်လှန့်မောင်းထုတ်လိုက်သည်။
သူ၏ ကြီးမားသော ခန္ဓာကိုယ်က ဖျက်ဆီးသူ မှော်လက်နက်ကို ဆုပ်ကိုင်ထားသည်။
သူ၏ မျက်နှာပေါ်တွင် အနီရောင်အလင်းတန်းများ ဖြတ်ပြေးသွားပြီး သွေးများ ပန်းထွက်တော့မည့်အလားပင်။
သူက လေထဲသို့ ပျံတက်သွားပြီးနောက် လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ရုတ်တရက် ပြုတ်ကျလာလေသည်။
“ဖူး”
အသံနှင့်အတူ ဖျက်ဆီးသူက မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ ပါးစပ်မှ ကောင်းကင်ယံကိုပင် တုန်လှုပ်စေနိုင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခေသည်။
“ဖျက်ဆီးစမ်း”
ဤအခိုက်အတန့်တွင် အရာအားလုံး ရပ်တန့်သွားသကဲ့သို့ပင်။
အချင်း နှစ်ကိုက်အတွင်းရှိ မြေကြီးများက သစ်ပင်များနှင့်အတူ ရုတ်တရက် နိမ့်ဆင်းသွားလေသည်။ မမြင်ရသော ဧရာမ လက်ကြီးတစ်ဖက်က အရာအားလုံးကို မြေအောက်သို့ ဆွဲချသွားသကဲ့သို့ပင်။
ကျန်းရှောင်ဖန်းရပ်နေသော ရေတွင်းအနီးရှိ မြေနေရာလေးသာ မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။
မြေကြီးထဲသို့ စိုက်ဝင်သွားသော ဖျက်ဆီးသူက တစ်စုံတစ်ခုကို စုပ်ယူလိုက်ပြီး တင်းပုတ်ကြီးတစ်ခုလုံး တောက်ပလာလေသည်။
ရှီထုံ၏ အော်သံနှင့်အတူ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာလေသည်။ လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် လေထဲရှိ အရိပ်မိစ္ဆာများကို တိုက်ခိုက်လိုက်သည်။
ထိုအခိုက်အတန့်တွင် သနားဖွယ်ကောင်းသော အော်သံများက သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။
အရိပ်မိစ္ဆာအချို့မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အချို့မှာမူ လေထဲတွင်ပင် ပျောက်ကွယ်သွားကြတော့သည်။
နူးညံ့သော အမျိုးသမီး၏ မျက်နှာ ပြောင်းလဲသွားပြီး ဖြူရော်သွားကာ ပြောလိုက်လေသည်။
“ကမ္ဘာမြေနဲ့ သစ်ပင်တွေရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူပြီး ချီအဖြစ် ပြောင်းလဲပစ်တာ၊ ‘ဖျက်ဆီးသူ တင်းပုတ်ကြီးပဲ”
မိစ္ဆာများကို ဖြေရှင်းပြီးသည်နှင့် ပထမဆုံး လုပ်ဆောင်ချက်အနေဖြင့် ကျန်းရှောင်ဖန်းကို ကြည့်လိုက်၏။ ပိယောင်လည်း ရပ်တန့်သွားပြီး သူ့ကို ကြည့်နေလေသည်။
ကျန်းရှောင်ဖန်း ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာမှာ ပုံမှန်သာဖြစ်ပြီး ဘာမျှမရှိဘဲ အနည်းငယ် ရှုပ်ထွေးနေရုံမျှသာ။
သို့သော် သူ မကြာမီပင် သတိပြန်ဝင်လာ၏။ လေထဲတွင် လွင့်မျောနေသော နူးညံ့သည့် အမျိုးသမီးကို မျက်နှာမူကာ ရှီထုံ၏ ဘေးတွင် ရပ်လိုက်လေသည်။
ထိုအမျိုးသမီးက သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
“မင်း ဘာမြင်လိုက်လဲ”