← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀) - မီးလျှံကြေးမုံ (၁)

အဝေးတစ်နေရာ၊ မှောင်မိုက်နေသော သစ်တောအုပ်အတွင်း၌ ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့သည် သစ်ပင်ကြီးတစ်ပင်နောက်တွင် တိတ်တဆိတ် ပုန်းကွယ်နေကြပြီး မြင်ကွင်းထဲမှ လူများကို စောင့်ကြည့်နေကြလေသည်။

ရှောင်ဟွမ်က မျက်မှောင်ကြုတ်ကာ တီးတိုးမေးလိုက်သည်။

“ဘိုးဘိုးက ထွက်မပြေးဘဲနဲ့ ဒီလိုအန္တရာယ်များတဲ့နေရာကို ပြန်လာပြီး ဘာလို့ ပွဲလာကြည့်နေရတာလဲ”

ကျိုးယီရှန်၏ မျက်လုံးများက မြင်ကွင်းကို အာရုံစိုက်နေဆဲဖြစ်ပြီး တီးတိုး ပြန်ဖြေလေသည်။

“နတ်ဆိုးဂူထဲမှာ ရတနာတွေရှိနိုင်တယ်ဆိုတာ ဘိုးဘိုး ကြားဖူးထားတာကြာပြီ။ ဒါပေမဲ့ အရင်တုန်းက ဘာမှမလုပ်နိုင်ခဲ့ဘူးလေ”

“အခုတော့ လူတွေအများကြီးက ငါတို့အတွက် လမ်းလာရှင်းပေးနေပြီဆိုတော့ ဒီကိုလာပြီး အခြေအနေကို လာမကြည့်ဘဲ နေမလား။ ကံကောင်းရင် ပစ္စည်းကောင်းလေးဘာလေး ရနိုင်တယ်လေ”

ရှောင်ဟွမ်က ပန်းရောင်သန်းနေသော မျက်နှာလေးဖြင့် စိတ်မရှည်စွာ ပြောလိုက်၏။

“ပစ္စည်းကောင်း မရတဲ့အပြင် မိစ္ဆာတွေနဲ့ တိုးနေရင် ဘယ်လိုလုပ်မလဲ”

ကျိုးယီရှန်က လှည့်ကြည့်ကာ ရယ်မောလိုက်လေသည်။

“ဘာမှမဖြစ်ပါဘူး။ ဘိုးဘိုးဆီမှာ ချင်းယွင်ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးချင်းယွင်ရဲ့ မြေလျှိုး၊ ရေငုပ်၊ မြေချုံ့ ပြိုင်ဘက်ကင်း လျှို့ဝှက်သိုင်းပညာတွေ ရှိတယ်လေ။ ဘာပြဿနာမှကို မရှိစေရဘူး...”

ရှောင်ဟွမ်က တိုးတိုးလေး ညည်းတွားလိုက်၏။

“ဟွန်း.. လူလိမ်လို့မရတဲ့အခါ ထွက်ပြေးဖို့ သုံးတာ သိသာနေတာကိုများ။ အဲဒါကို ပြိုင်ဘက်ကင်း လျှို့ဝှက်သိုင်းပညာလို့ ခေါ်နေသေးတယ်”

မြေးဖြစ်သူ ပြောလိုက်သည်ကို ကျိုးယီရှန်က သတိမထားမိဘဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်ပြောနေလေ​သည်။

“အရင်က ဘိုးဘိုးရဲ့ ကံကြမ္မာကို မင်း ဟောပေးဖူးတယ် မဟုတ်လား။ ဘိုးဘိုးရဲ့ နဖူးက ပြည့်ဖြိုးပြီး မျက်ခုံးနှစ်ခုကြားမှာ ငွေကြေးလက္ခဏာ ပါတဲ့အပြင် ဓနစည်းကြောင်းကလည်း ထူထဲနေတာကြောင့် ကံကောင်းခြင်းရဲ့ သင်္ကေတတွေပဲလို့ မင်း ပြောခဲ့တယ်လေ”

“ဟားဟား ဒီညတော့ အဲဒါတွေ တကယ်ဖြစ်လာတော့မယ်။ ရှောင်ဟွမ်.. ဘိုးဘိုးကတော့ မင်းရဲ့ ဗေဒင်ဟောတဲ့ စွမ်းရည်ကို အပြည့်အဝ ယုံကြည်ထားတယ်ကွ”

ရှောင်ဟွမ် ….

“…….”

“ဟင်”

ကျိုးယီရှန်မှာ အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်လေ၏။

ထိုအချိန်၌ ကျန်းရှောင်ဖန်းသည် အနက်ရောင်အလင်းများ တောက်ပနေသော ဝိညာဉ်ဝါးမျိုတုတ်ကို ကိုင်ဆောင်ကာ နူးညံ့သိမ်မွေ့သော အမျိုးသမီးထံသို့ ပြေးဝင်တိုက်ခိုက်နေလေသည်။

“သန့်စင်တဲ့ချီတွေပဲ။ ဒီကောင်လေးက ချင်းယွင်ဂိုဏ်းကပဲ”

“ဘာ”

ရှောင်ဟွမ်မှာ ချက်ချင်းပင် စိတ်ဝင်စားသွားပြီး တိုက်ပွဲကို လှမ်းကြည့်လိုက်လေသည်။

နတ်ဆိုးများ၏ အော်ဟစ်သံများနှင့်အတူ နှစ်ဖက်စလုံး အနားမရဘဲ တိုက်ခိုက်နေကြလေသည်။ သူမက ကျိုးယီရှန်အား မေးလိုက်လေသည်။

“ဒါဆို သူက သမီးတို့နဲ့ ဘိုးဘေးဂိုဏ်းချင်းတူတာပေါ့။ သူက အရမ်းအစွမ်းထက်လား”

ကျိုးယီရှန်သည် အာရုံစိုက်ကာ ကြည့်ရှုနေပြီး လောဘတကြီး ပြုံးနေသော အပြုံးများ ပျောက်ကွယ်သွားလေပြီ။

သူ၏ မျက်နှာက တည်ငြိမ်နေကာ မျက်မှောင်ကြုတ်ထားလျက် ပြောလိုက်သည်။

“ဒီကောင်လေးရဲ့ အသက်က မကြီးသေးပေမဲ့ သူ့ရဲ့ စွမ်းအင်က ‘ယွီချင်းအဆင့်’ ရဲ့ အဆင့်ငါးကိုတောင် ရောက်နေပုံရတယ်။ အတော်လေး ထူးဆန်းနေပါလား”

ရှောင်ဟွမ်က ကျိုးယီရှန်အား လှမ်းကြည့်လိုက်လေသည်။

အခြားသူများ မသိသော်ငြား ကျိုးယီရှန်မှာ ငွေကြေးကို လောဘကြီးတတ်မှန်း သူမ သိထား၏။

သို့သော် အတွေ့အကြုံအရ သူ၏ အသိပညာနှင့် ဗဟုသုတများမှာ ပြိုင်ဘက်ကင်းပေသည်။ သူမက ပြောလိုက်၏။

“သူက ဒီလိုပါရမီရှင်ဖြစ်နေမှန်း မသိခဲ့ဘူး”

ကျိုးယီရှန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်လေသည်။

“ဒီကောင်လေးရဲ့ အလားအလာက မဆိုးဘူးလို့ ထင်ရပေမဲ့ အလွန်ဆုံးရှိမှ ပျမ်းမျှအဆင့်ထက် နည်းနည်းလေး ပိုရုံပဲ”

“ဘိုးဘေးချင်ယဲ့လို ပါရမီရှင်မျိုး လုံးဝမဟုတ်ဘူး။ အခြေခံ သဘောတရားအရဆိုရင် သူ့ရဲ့ အလားအလာနဲ့ ဒီလောက် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ဖို့ မဖြစ်နိုင်ဘူး”

ရှောင်ဟွမ်မှာ ကြက်သေသေသွားပြီး ဘာမှမပြောနိုင်တော့ဘဲ မြင်ကွင်းကိုသာ ဆက်ကြည့်နေလိုက်သည်။

ရှီထုံမှာ ရွှေရောင်အလင်းတန်းများ တောက်ပလျက် မြေပြင်ပေါ်တွင် ဒေါသတကြီး အော်ဟစ်နေပြီး နတ်ဆိုးများကို ခြောက်လှန့်နေသည်။

ကျန်းရှောင်ဖန်းသည် လေပေါ်သို့ ပျံတက်သွားကာ အစိမ်းရောင်နှင့် အနက်ရောင်အလင်းများ တောက်ပနေသော ဝိညာဉ်ဝါးမျိုတုတ်ကို ကိုင်ဆောင်၍ အမျိုးသမီးထံသို့ ပြေးဝင်သွားလေသည်။

ထိုအမျိုးသမီးက ရေလိုကြည်လင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူမသည် အဖြူရောင်အင်္ကျီလက်စကို ပစ်လွှတ်ကာ ဝိညာဉ်ဝါးမျိုတုတ်ကို ကာကွယ်လိုက်လေသည်။

သူတို့နှစ်ဦးသည် အချင်းချင်းထံသို့ ပြေးဝင်လာခဲ့ကြပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် အလွန် နီးကပ်သွားကြသည်။

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားလေ၏။ ထိုအမျိုးသမီး၏ အလွန်ချစ်စရာကောင်းသော မျက်နှာလေးသည် သူနှင့် တစ်ပေခန့်သာ ကွာဝေးတော့သည်။

သင်းပျံ့သော ရနံ့တစ်ခုက သူ့ထံသို့ လွင့်ပျံလာ၏။ ညအချိန်တွင် လူကိုရူးသွပ်စေနိုင်သော ထိုမျက်လုံးလေးများသည် မဟူရာမြစိမ်းရောင်ကဲ့သို့ တောက်ပနေပြီး သူ၏ ပုံရိပ်ကို ရောင်ပြန်ဟပ်နေပေသည်။

သူ၏ နှလုံးသားမှာ မထိန်းနိုင်ဘဲ လှုပ်ခတ်သွားရလေသည်။

“ရေတွင်းထဲမှာ မင်း ဘာမြင်ခဲ့လဲ”

ဤကဲ့သို့ အရေးကြီးသော အချိန်တွင်ပင် ထိုအမျိုးသမီး၏ အသံလေးသည် နူးညံ့ကာ ချစ်စရာကောင်းနေဆဲဖြစ်ပြီး သူ၏ နားထဲသို့ ညင်သာစွာ တိုးဝင်လာလေ၏။

ကျန်းရှောင်ဖန်း၏ စိတ်အာရုံမှာ လွှမ်းမိုးခံရလုနီးပါး ဖြစ်သွားသော်လည်း ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ မျက်နှာပေါ်တွင် လက်ကနဲ တောက်ပသွားပြီး သူ့ကို တည်ငြိမ်သွားစေခဲ့သည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာက မျက်မှောင်ကြုတ်လိုက်၏။ ကျန်းရှောင်ဖန်းက အော်ဟစ်လိုက်ပြီး နောက်သို့ ကိုက်အနည်းငယ်ခန့် ပျံသန်းသွားကာ မြေပြင်ပေါ်ရှိ ရှီထုံ၏ ဘေးတွင် ဆင်းသက်လိုက်လေသည်။

ရှီထုံက သူ့အား လှမ်းကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်သောဟန်ဖြင့် ပြောလိုက်လေသည်။

“ဒီနတ်ဆိုးရဲ့ စွဲလမ်းခြင်းမန္တန်က အတော်လေး အစွမ်းထက်တယ်၊ သတိထားဦး”

ကျန်းရှောင်ဖန်း၏ နှလုံးခုန်နှုန်းမှာ လျင်မြန်နေဆဲ ဖြစ်သည်။ သူက ခေါင်းညိတ်ပြလိုက်သည်။

သူတို့သည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အမြီးသုံးချောင်း မြေခွေးမိစ္ဆာမှာ လေထဲတွင် ရပ်နေဆဲဖြစ်ပြီး သူမ၏ ဝတ်စုံသည် ပန်းချီကားထဲမှ ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ဦးအလား လေထဲတွင် လွင့်လူးနေသည်ကို မြင်လိုက်ရပေသည်။

အဝေးတစ်နေရာတွင် ကျိုးယီရှန်က မျက်မှောင်ကြုတ်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်လေသည်။

“ဒီကောင်လေးရဲ့ စိတ်တည်ငြိမ်မှုက အရမ်းကောင်းတာပဲ။ အမြီးသုံးချောင်း မြေခွေးမိစ္ဆာရဲ့ နှစ်ငါးရာ ကျင့်ကြံထားတဲ့ စွဲလမ်းခြင်းမန္တန် အောက်မှာတောင် သူ့ရဲ့ အသိစိတ်ကို ထိန်းသိမ်းထားနိုင်တယ်”

ရှောင်ဟွမ်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

“ဘာဖြစ်လဲ.. ဟိုလူကြီးလည်း အတူတူပဲဆိုတာ ဘိုးဘိုး မမြင်ဘူးလား”

ကျိုးယီရှန်က ပြန်ဖြေလိုက်လေသည်။

“မင်းက ဘာသိလို့လဲ။ အဲဒီလူရဲ့ ကျင့်ကြံမှုက ထျန်းယင်ကျောင်းတော်နဲ့ သက်ဆိုင်နေတယ်”

“ထျန်းယင်ကျောင်းတော်ဆိုတာက နိဗ္ဗာန်နဲ့ ပတ်သက်တာတွေပဲလေ။ သူတို့က သဘာဝအရကို ဒီလို ညို့ယူဖမ်းစားတဲ့ စွဲလမ်းခြင်းမန္တန်တွေကို ခုခံနိုင်စွမ်း ရှိပြီးသားပဲ”

“ဒါပေမဲ့ ချင်းယွင်ဂိုဏ်းက တာအိုကျင့်စဉ်တွေလေ။ သူတို့က ဒီလိုအပိုင်းမှာ အများကြီး အားနည်းတယ်”

“ဒီကောင်လေးရဲ့ ကျင့်ကြံမှုလောက်နဲ့ ဒီလိုမျိုး တည်ငြိမ်မှုကို ရနိုင်တာက တကယ်ကို ရှားလွန်းတယ်”

“တကယ်လား”

ရှောင်ဟွမ်မှာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မြင်ကွင်းဘက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာသည် လေထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာလေသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း သူမ၏ မျက်လုံးများကတော့ ပို၍ လေးနက်လာ၏။

သူတို့နှင့် ယခုလေးတင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအရ ထိုသူတို့သည် အသက်မကြီးကြသေးသော်လည်း သူတို့၏ ကျင့်ကြံမှုများမှာ မနိမ့်ကျလှကြောင်း သူမ သိမြင်နိုင်လေသည်။

ထို့အပြင် ထိုလူသည် ထျန်းယင်ကျောင်းတော်ဂိုဏ်းခွဲမှ လာဟန်ရှိပြီး အတော်လေး ခေါင်းခဲစရာ ကောင်းနေပေသည်။

အခြား လူငယ်လေးတစ်ယောက်၏ စိတ်ကလည်း မျှော်လင့်မထားလောက်အောင် တည်ငြိမ်နေပေသည်။

သူမ၏ အသုံးအဝင်ဆုံးသော စွဲလမ်းခြင်းမန္တန်သည်ပင် ဤနေရာ၌ သိပ်အသုံးမဝင်တော့ချေ။

ပိယောင်သည် ဘေးတွင် ရပ်နေပြီး လှုပ်ရှားရန် ပြင်လိုက်လေသည်။ သို့သော် ကျန်းရှောင်ဖန်း သတိပြန်ဝင်လာသည်ကို မြင်သောအခါ သူမက ရပ်တန့်လိုက်ပြီး သူတို့ကို အေးစက်စွာ စောင့်ကြည့်နေလိုက်သည်။

အေးစက်သော လရောင်သည် သစ်ရွက်များကြားမှ ဖြတ်သန်းကာ ထိုနူးညံ့သော အမျိုးသမီး၏ အထီးကျန်နေသော ပုံရိပ်လေးပေါ်သို့ ကျရောက်နေပေသည်။

သူမသည် ခေါင်းငုံ့လိုက်ရာ သူမ၏ ရှည်လျားသော မျက်တောင်လေးများသည် သူမ၏ ထိခိုက်လွယ်သော နှလုံးသားလေးကို ဖုံးကွယ်ထားသကဲ့သို့ ရှိနေသော်လည်း အမှောင်ထုဖုံးလွှမ်းနေသော သစ်တော၏ အသံကို နားထောင်နေသကဲ့သို့လည်း ရှိနေပေသည်။ သူမက ညင်သာစွာ ပြောလိုက်လေ၏။

“ငါ နင့်ကို ဘာမှမလုပ်ခဲ့ဘဲနဲ့ ဘာလို့ ငါ့ကို သတ်ချင်နေရတာလဲ”

ရှီထုံက ရက်စက်သော ကျားရိုင်းတစ်ကောင်အလား ရှေ့သို့ တက်လာပြီး အော်ဟစ်လိုက်လေသည်။

“မိစ္ဆာမ.. မင်းက လူတွေကို ဒုက္ခပေးပြီး ရှောင်ချီမြို့ကို မအေးမချမ်း ဖြစ်စေခဲ့တာလေ။ မင်း သေသင့်တာ မဟုတ်ဘူးလား”

သူမ မျက်လုံးကို မော့ကာ သူတို့ကို ကြည့်လိုက်၏။ လေပြေလေးများက ညင်သာစွာ တိုက်ခတ်လာပြီး သူမ၏ အဝတ်စများကို လွင့်လူးသွားစေလေသည်။

“ငါက နတ်ဆိုးဖြစ်နေလို့ နင်က ငါ့ကို သတ်မယ်ပေါ့လေ”

သူမက ကျန်းရှောင်ဖန်းကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။

“နင်ရော.. နင့်ရဲ့ အကြောင်းပြချက်က ဘာလဲ”

ကျန်းရှောင်ဖန်းက မစဉ်းစားဘဲ ပြောလိုက်လေသည်။

“မင်းက မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်။ ငါက လမ်းမှန်ဂိုဏ်းမှာ ရှိနေတာဆိုတော့ လူတွေအတွက် အန္တရာယ်ဖြစ်စေမယ့် အရာတွေကို တုံ့ဆိုင်းမနေဘဲ ဖယ်ရှားပစ်ရမှာပဲ”

အမြီးသုံးချောင်း မြေခွေးမိစ္ဆာသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အပြုံးလေးတစ်ခုဖြင့် မေးလိုက်လေ၏။

“လူငယ်လေး.. နင့်အသက် ဘယ်လောက်ရှိပြီလဲ”

ကျန်းရှောင်ဖန်းမှာ လန့်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာလို့ မေးတာလဲ”

သူမက လက်ကိုမြှောက်ကာ နားထင်ဘေးရှိ အနက်ရောင် ဆံပင်များကို လက်ချောင်းဖြင့် သပ်တင်လိုက်လေ၏။

“ဒီစကားတွေကို နင့်ရဲ့ ဖြောင့်မတ်ပါတယ်ဆိုတဲ့ ဆရာက သင်ပေးထားတာမလား။ ငါတို့လို နတ်ဆိုးတွေက လူတွေကို အန္တရာယ်ပေးတတ်လို့ ဖယ်ရှားပစ်ရမယ်ဆိုတာလေ ဟုတ်တယ်မလား”

ကျန်းရှောင်ဖန်းက မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည် သူ၏ဆရာ သင်ကြားပေးခဲ့သော အရာပင် ဖြစ်ပေသည်။ အမြီးသုံးချောင်း မြေခွေးမိစ္ဆာက ဆက်ပြောလေသည်။

“ဒါပေမဲ့ အဲဒီစကားတွေက မှားနေတယ်လို့ ငါက ပြောရင်ရော နင် ဘယ်လိုထင်မလဲ”

ကျန်းရှောင်ဖန်းက နှာခေါင်းရှုံ့လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်လေ၏။

သို့သော် ထိုခဏ၌ပင် ကွေ့ဝမ်နှင့် သူ၏ အပြန်အလှန် စကားပြောဆိုမှုများက သူ၏ စိတ်ထဲတွင် ပေါ်လာလေသည်။

သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မှင်သက်သွားရလေသည်။

‘ငါသိထားတဲ့အရာက အမြဲတမ်း မှန်ကန်နေရမှာလား’

‘အမှန်တရားဆိုတာ ဘာလဲ၊ စစ်မှန်တဲ့ တရားမျှတမှုဆိုတာကရော ဘာလဲ’

“သတိထား”

ရုတ်တရက် ရှီထုံက အော်ဟစ်လိုက်လေသည်။ မိစ္ဆာလေဆိုးများ တိုက်ခတ်သံက ရုတ်ချည်း ထွက်ပေါ်လာလေသည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာသည် ကျန်းရှောင်ဖန်း စိတ်လွင့်နေချိန်၌ ရုတ်တရက် ပြေးဝင်သွားလေသည်။

သူမ၏ လက်များသည် လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်လိုက်သည်။

ရှီထုံက ဟိန်းဟောက်လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုအရေးကြီးသော အချိန်တွင် အမှောင်ထုထဲ၌ မရေမတွက်နိုင်သော နတ်ဆိုးမျက်လုံးများ တောက်ပလာပေသည်။

နတ်ဆိုးများက သူ့ကို တိုက်ခိုက်လာသောကြောင့် သူသည် ကျန်းရှောင်ဖန်းအတွက် စိုးရိမ်ပေးရန် အချိန်မရတော့ချေ။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာက ကျန်းရှောင်ဖန်းသည် သူတို့ထဲတွင် အားအနည်းဆုံး ဖြစ်ကြောင်း သိရှိသွားရာ ရှီထုံကို ထိန်းထားရန် နတ်ဆိုးများကို အသုံးပြုပြီး သူမကိုယ်တိုင်ကမူ အခြားတစ်ယောက်ကို အဆုံးသတ်ရန် အစွမ်းကုန် အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။

ထက်မြက်သော ခြေသည်းများသည် ထိုကောင်လေးထံသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီး အဝေးမှပင် အော်ဟစ်သံကို ကြားနိုင်ပေသည်။

သို့သော် ကျန်းရှောင်ဖန်းက ခေါင်းကို မော့လိုက်ရာ သူ၏ မျက်လုံးများနှင့် အမြီးသုံးချောင်း မြေခွေးမိစ္ဆာ၏ မျက်လုံးများ ဆုံတွေ့သွားလေသည်။

သူမ ဘာမျှ မတွေးနိုင်ခင်မှာပင် အစိမ်းရောင်အလင်းများ တောက်ပနေသော တုတ်တစ်ချောင်းက ကျန်းရှောင်ဖန်းနှင့် သူမကြားတွင် ပေါ်လာပေသည်။

နောက်တစ်ခဏတွင် သူမ၏ ထက်ရှသော လက်သည်းများက ထိုတုတ်ကို ထိမှန်သွားလေတော့သည်။

မည်သူမျှ ထိုခံစားချက်မျိုးကို ဖော်ပြနိုင်စွမ်း မရှိချေ။ သူတို့ မျှော်လင့်ထားသကဲ့သို့ ကမ္ဘာမြေကြီး တုန်လှုပ်သွားလောက်မည့် ပေါက်ကွဲသံကြီး ထွက်ပေါ်မလာခဲ့ပေ။

အချိန်တွေ ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသော ထိုအခိုက်အတန့်တွင် ထိုအမျိုးသမီးသည် လေထဲ၌ မျောလွင့်နေပြီး သူမ၏ လက်သည်းကဲ့သို့သော လက်ချောင်းများက ထိုအနက်ရောင် ဝိညာဉ်ဝါးမျိုတုတ်ကို ဆုပ်ကိုင်ထားလေသည်။

သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်သည် ရုတ်တရက် အရောင်အသွေးများ ပျောက်ကွယ်သွားပြီး ဖြူဖျော့သွားလေသည်။

All Chapters