← Chapters

စုချီပြန်လာခြင်း၊ မိစ္ဆာသခင်၏ ဝိညာဉ်အပိုင်းအစ

Vol. 10 Ch. 137

စုချီပြန်လာခြင်း၊ မိစ္ဆာသခင်၏ ဝိညာဉ်အပိုင်းအစ

Vol. 10 Ch. 137

အခန်း (၁၃၇) စုချီပြန်လာခြင်း၊ မိစ္ဆာသခင်၏ ဝိညာဉ်အပိုင်းအစ

ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိတို့နဲ့ စကားပြောဆိုရင်း သိဟုန်ယဲ့ရဲ့ သတင်းအချက်အလက်ကို ရှာဖွေလိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ချောမောလှပတဲ့ သိဟုန်ယဲ့ရဲ့ ပုံရိပ်ကို တွေ့လိုက်ပါတယ်။

[သိဟုန်ယဲ့: ကျင့်ကြံမှု မသိ။ နတ်ရွှေကျီးကန်းမျိုးနွယ်စုမှ ဖြစ်ပြီး သူ့ယောက်ျားအတွက် ရွှေကျီးကန်း ခုနစ်ကောင်အား မွေးဖွားပေးခဲ့သည်။ အငယ်ဆုံး ရွှေကျီးကန်းနှစ်ကောင်သည် အရည်အချင်း ညံဖျင်းလွန်းသောကြောင့် နတ်ရွှေကျီးကန်း မျိုးနွယ်စုမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။ သိဟုန်ယဲ့သည် ထိုရွှေကျီးကန်းလေး နှစ်ကောင်အား အမြဲတမ်း ဂရုစိုက်နေခဲ့သည်။ သိဟုန်ယဲ့သည် သင်က ထိုရွှေကျီးကန်းနှစ်ကောင်အား မွေးစားလိုက်သည်ကို တွက်ချက်မိသောကြောင့် သင့်အား အကောင်းမြင်စိတ် ရှိသွားပါပြီ။ သင်သာ ထိုရွှေကျီးကန်းနှစ်ကောင်အား သတ်ပစ်ခဲ့လျှင် သိဟုန်ယဲ့၏ မုန်းတီးခြင်းကို ခံရမည်ဖြစ်ပြီး မသေမချင်း လိုက်သတ်ခံရမည် ဖြစ်သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

‘အို... ရွှေကျီးကန်းလေးတွေရဲ့ အမေကိုး’

ဟန်ကျွယ်ဟာ ရွှေကျီးကန်းလေးနှစ်ကောင်ကို မသတ်မိတာ ဝမ်းသာသွားပါတယ်။ မဟုတ်ရင် သိဟုန်ယဲ့ရဲ့ ရေဆုံးမြေဆုံး ကလဲ့စားလိုက်ချေတာကို ခံရမှာပါ။ ဒါ့အပြင် စနစ်က တစ်ခြားသူရဲ့ ကျင့်ကြံမှုအဆင့်ကို မသိနိုင်တာ ပထမဆုံးပါပဲ။ ဒါပေမဲ့ ဒီသိဟုန်ယဲ့က စွမ်းအားကြီးလှတဲ့ ရွှေကျီးကန်းခုနစ်ကောင်ကို မွေးဖွားနိုင်တာ နည်းတဲ့စွမ်းအားတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်နဲ့ တစ်ခဏတာ စကားပြောဆိုပြီးတဲ့နောက်မှာတော့ တာအိုသခင်ကျိုးတိဟာ ထွက်ခွာသွားပါတယ်။ နတ်မိမယ်ရှီရွှမ်နဲ့ ရှင်းဟုန်ရွှမ်လည်း ထပ်ပြီးတော့ အကြာကြီး မနေပါဘူး။

ဝူတောက်ကျန့်က စူစမ်းတဲ့မျက်လုံးတွေနဲ့ မေးလိုက်ပါတယ် “သခင်... သခင်က လောကမှာ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်နေပြီလား”

ဝူတောက်ကျန့်ဟာ တာအိုသခင်ကျိုးတိရဲ့ စကားကနေ လွန်ခဲ့နှစ်တွေက ဟန်ကျွယ်ပြသခဲ့တဲ့ လက်ညိုးက ကောင်းကင်ဘုံဝင် ကျင့်ကြံသူရဲ့စွမ်းအားကို ပြသတာ မဟုတ်မှန်း သိလိုက်ပါတယ်။

“လုံးဝ မဖြစ်နိုင်ဘူး၊ ဒါက သူတို့တွေ မိုက်မဲလို့လေ၊ ငါအာရုံခံမိသလောက် ဒီလောကမှာ အနည်းဆုံး ကောင်းကင်ဘုံဝင် ကျင့်ကြံသူ တစ်သောင်းကျော် ရှိနေတယ်၊ သူတို့တွေထဲမှာ ငါ့ထက် စွမ်းအားကြီးတဲ့လူတွေ အများကြီးပဲ၊ သူတို့က မော်တယ်လောကကို မနှောင့်ယှက်ချင်လို့ အေး‌အေးဆေးဆေး နေနေကြတာ” ဟန်ကျွယ်က ခေါင်းခါပြီး အဖြေပေးလိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ မျက်မှောင်ကြုတ်သွားပြီး ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပါတယ် ‘ငါ ကြိုးကြိုးစားစား ကျင့်ကြံရအုန်းမှာပါလား၊ တကယ်လို့ တစ်နေ့ကျရင် သခင်က ငါ့ကို စွန့်ပစ်သွားရင် ငါ ဆက်ရှင်သန်နိုင်မှာ မဟုတ်ဘူး’

တာအိုသခင်ကျိုးတိနဲ့ တစ်ခြားသူတွေ ပြန်လာတဲ့အခါမှာ ယွီဂျင်ဂိုဏ်းတော်ကြီးဟာ ဂိုဏ်းတာဝန်အမြောက်အများကို စတင်ပေးအပ်ပါတယ်။ ဒီတာဝန်တွေက ရန်ဒေသတင်မကတော့ဘဲ ရန်ဒေသအပြင်ဘက်လည်း ပါဝင်ပါတယ်။

ဟန်ကျွယ်ဟာ နောက်ဆုံးမှာတော့ သူ့စိတ်ကြိုက် အေးအေးဆေးဆေး ကျင့်ကြံနိုင်သွားပါပြီ။ ဟန်ကျွယ်ဟာ မော်တယ်လောကမှာ ပြိုင်ဘက်ကင်းနေပြီ ဆိုပေမဲ့ စိတ်မလျှော့ဘဲ ဆက်လက်အားထုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ အချိန်အများစုက ကျင့်ကြံခြင်းမှာ အချိန်ကုန်ဆုံးတာပါ။ အရင်နဲ့ မတူတာကတော့ ဟန်ကျွယ်ဟာ အချိန်ယူပြီး သူ့တပည့်တွေကို ပညာသင်ကြားပေးပါတယ်။

ဒီထဲမှာ ဟန်ကျွယ် ဂရုအစိုက်ဆုံးကတော့ ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကံတရား အထောက်အပံ့ ရှိသူတွေ မဟုတ်တာကြောင့် ကျင့်ကြံမှုစွမ်းရည်က သိပ်မမြင့်မားပါဘူး။ ရိုးရိုးသားသား ပြောရရင် သူတို့နှစ်ယောက်အတွက် အတိဒုက္ခဖြတ်ကျော်အဆင့် ရောက်ဖို့တောင် မိုးပေါ် လှေကားထောင်တက်ရသလို ခက်ခဲပါတယ်။

အခွင့်အရေးကြီးတစ်ခု ရပြီး ဖီးနစ်ငှက်လို ပြာပုံပေါ်ကနေ ပြန်မွေးဖွားရင် တစ်မျိုးပေါ့။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင်ကျင့်ကြံသူ ဆိုပေမဲ့ ကံတရားကိုတော့ မပြောင်းလဲနိုင်ပါဘူး။ မဟုတ်ရင် ‌အထက်ဘုံတက်သူတွေက အများကြီး ဖြစ်နေမှာပါ။

ဟန်ကျွယ်ရဲ့ အမြင်မှာတော့ ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာက အသက်အရွယ်ကြီးလို့ သေသွားလည်း သတင်းကောင်း ဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြန်လည်မွေးဖွားပြီး စွမ်းရည်ကောင်းရှိရင် သူတို့ကျင့်ကြံမှုက အခုထက်တော့ ပိုမြန်မှာပါ။

ပြန်လည်မွေးဖွားခြင်းက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အလွယ်တကူ ပြောင်းလဲပစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတူညီတဲ့ အတွေ့အကြုံတွေနဲ့ မှတ်ဉာဏ်တွေကြောင့်ပါပဲ။

ဟန်ကျွယ်သာ သူတို့နှစ်ယောက် ပြန်လည်မွေးဖွားလို့ သူတို့နှစ်ယောက် မှတ်ဉာဏ်တွေကို နိုးထစေခဲ့ရင်တော့ တစ်ခြားသူတစ်ယောက်လုံးလုံး ဖြစ်သွားမှာ မဟုတ်ပါဘူး။

ဒါက ဟန်ကျွယ်ရဲ့ အစီအစဉ်သာ ဖြစ်ပါတယ်။ ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာက ကျိန်းသေပေါက် သေချင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် အခုအချိန်မှာ ဟန်ကျွယ် လုပ်နိုင်တာက သူတို့ကို တက်နိုင်သလောက် ကူညီဖို့ပါပဲ။

ခုနစ်နှစ်ကြာပြီးနောက်။

ရှင်းဟုန်ရွှမ်ဟာ အခွင့်အရေးရှာဖို့အတွက် ထပ်ထွက်သွားပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ချန်ယွီအာလည်း လိုက်သွားပါတယ်။ နှစ်ယောက်ဆိုတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးလို့ ရပါတယ်။

ရှင်းဟုန်ရွှမ် ပြန်လာကတည်းက ချန်ယွီအာဟာ ရှင်းဟုန်ရွှမ်ဆီ မကြာခဏ သွားလည်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တော်တော်လေး တိုးတက်သွားပါတယ်။ အခုဆိုရင် ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာက အခင်ဆုံးသူငယ်ချင်းတွေလိုပါပဲ။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သိလိုက်ရတဲ့အခါ နားလည်ရခက်သွားပါတယ်။

ဖြစ်နိုင်တာကတော့ ဝူတောက်ကျန်နဲ့ နတ်မိမယ်ရှီရွှမ်က သူတို့ကို ရန်စလိုက်သလိုပါပဲ။

ရှင်းဟုန်ရွှမ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဆီမှာ ကောင်းကင်ရုပ်သေးရုပ် ကိုယ်စီရှိမှန်း သိလိုက်ရတဲ့အခါ အခြေအနေကို ချက်ချင်း နားလည်သွားပါတယ်။

ဒီနေ့မှာတော့ စုချီနဲ့ ပဋိပက္ခကောင်းကင်ခွေး ပြန်လာပါတယ်။

ဟန်ကျွယ်ဟာ သေလာက်အောင် ကြောက်သွားပြီး စုချီကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ အမြန်ခေါ်သွင်းလိုက်ပါတယ်။ ပဋိပက္ခ‌ကောင်းကင်ခွေးကိုတော့ ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။

ပဋိပက္ခကောင်းကင်ခွေးဟာ ရန်ထျန်တုန်း၊ ငရဲကြက်နက်တို့ကို တွေ့လိုက်ရတဲ့အခါ စိတ်ထိခိုက်လွန်းတာကြောင့် အသံပျောက်အောင် ငိုကြွေးပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ တောင်အောက်ဆင်းလိုက်ကတည်းက ဒုက္ခခံစားခဲ့ရတာပါ။

ရန်ထျန်တုန်းဟာ အပေါ်ယံမှာတော့ နှစ်သိမ့်ဟန်ပြုနေပေမဲ့ စိတ်ထဲမှာတော့ ဝမ်းသာနေပါတယ်။

‘ခွေးစုတ်’

‘အခုတော့ မှတ်ပြီမလား’

ရွှင်ချန်အန်းဟာ ပဋိပက္ခကောင်းကင်ခွေးနဲ့ စုချီအကြောင်းကို စပ်စုပါတယ်။ မုရုံချီကတော့ မကြာသေးခင်က ထွက်သွားတာကြောင့် ဝီရိယတောင်ပေါ်မှာ ရှိမနေပါဘူး။

ငရဲကြက်နက်က ထုံးစံအတိုင်း စကားစလိုက်ပါတယ် “လာ... တိုက်ကြရအောင်၊ ဒီလောက်နှစ်တွေကြာပြီဆိုတော့ မင်းအစွမ်းကို ဟောဒီဆရာကြီးကြက် သိရအောင် ပြပါအုန်း”

‘နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ မင်းကို သင်ခန်းစာပေးရတယ်လို့ အိပ်မက်မက်တာ အကြိမ်ပေါင်း အတော်များနေပြီ’

ပဋိပက္ခကောင်းကင်ခွေးဟာ ငတုံး မဟုတ်ပါဘူး။ ငရဲကြက်နက်က သူ့ထက်စွမ်းအားကြီးနေတယ် ဆိုတာကို ဒက်ခနဲ သိလိုက်ပါတယ်။ အဲဒါကြောင့် ပဋိပက္ခကောင်းကင်ခွေးဟာ ဖူစန်းသစ်ပင်ပေါ်က ရွှေကျီးကန်းနှစ်ကောင်ကို လှမ်းကြည့်လိုက်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အဲဒါ ဘာတွေလဲ၊ မင်းရဲ့ သားတွေလား”

ရွှေကျီးကန်းလေးနှစ်ကောင်ဟာ နေမီးလျှံစစ်ကို ဖုံးကွယ်ထားတာကြောင့် ဘာရောင်ဝါမှ ထွက်မနေပါဘူး။ ဒါ့အပြင် သူတို့ကျင့်ကြံမှုအဆင့်က ပဋိပက္ခကောင်းကင်ခွေးထက် အဆင့်အများကြီး ပိုမြင့်ပါတယ်။ ဒါကြောင့် ပဋိပက္ခကောင်းကင်ခွေးဟာ ရွှေကျီးကန်းနှစ်ကောင်ရဲ့ ကျင့်ကြံမှုကို ဘယ်လိုမှ မမြင်နိုင်ပါဘူး။

“ဟုတ်တယ်၊ ဒါက မင်းအတွက် ငါမွေးထားတဲ့ မောင်နှမနှစ်ယောက်ပဲ” ငရဲကြက်နက်က မျက်နှာသေနဲ့ ပြန်ဖြေလိုက်ပါတယ်။ ငရဲကြက်နက်ဟာ ရွှေကျီးကန်းအကြောင်း ကြားလိုက်ရတာနဲ့ မသက်မသာ ဖြစ်သွားပါတယ်။

အကြောင်းအရင်းတစ်ချို့ကြောင့် ရွှေကျီးကန်းလေးနှစ်ကောင်ဟာ အနားကပ်ရတာကို သိပ်ကြိုက်ပါတယ်။ ဒီကိစ္စက ငရဲကြက်နက်ကို တော်တော်လေး ဒုက္ခပေးပါတယ်။

ငရဲကြက်နက်ဟာ ဟန်ကျွယ်ပြီးရင် ရွှေကျီးကန်းနှစ်ကောင်ကို အကြောက်ဆုံးပါ။

ပဋိပက္ခကောင်းကင်ခွေးဟာ ခေါင်းမော့ ရင်ကော့ပြီး ပြောလိုက်ပါတယ် “ငါ သူတို့နဲ့ တိုက်ပြီး ငါ့ကျင့်ကြံမှုရလဒ်ကို ပြမယ်”

ပဋိပက္ခကောင်းကင်ခွေးဟာ စကားဆုံးတာနဲ့ ဖူစန်းသစ်ပင်ဆီ တန်းတန်းမတ်မတ် လျှောက်သွားပါတယ်။

ရန်ထျန်တုန်း၊ ငရဲကြက်နက်နဲ့ ရွှင်ချန်အန်းဟာ ပဋိပက္ခကောင်းကင်ခွေးကို မတားဘဲ ထူးဆန်းတဲ့အပြုံးကို ပြုံးလိုက်ပါတယ်။

တစ်ခြားတစ်ဖက်မှာတော့ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ မောင်းထုတ်ခံရပြန်ပါတယ်။

ဝူတောက်ကျန့်ဟာ မခံမရပ်နိုင် ဖြစ်နေပါတယ်။ အရင်က မိန်းမဖြစ်လို့ ဝူတောက်ကျန့် လက်ခံနိုင်ပါသေးတယ်။ အခုဟာက ယောက်ျားတစ်ယောက်အတွက် သူ့ကို မောင်းထုတ်တာကို ဝူတောက်ကျန့်ဟာ လုံးဝ လက်မခံနိုင်ပါဘူး။

ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ စုချီက ဟန်ကျွယ်ကို ဆက်တိုက်ရှိခိုးပါတယ်။ ပြီးတဲ့အခါမှာတော့ ပဋိပက္ခကောင်းကင်ခွေးလိုပဲ အားပါးတရ ငိုကြွေးတာကြောင့် ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။

“ဆရာသခင်.... ကျွန်တော် ဆရာသခင်ပေးတဲ့ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ပါပြီ၊ ဒီနှစ်တွေမှာ ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

စုချီဟာ အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ ဒီ့အပြင် စုချီဟာ ဝီရိယတောင်ကို ပြန်ရောက်မှာပဲ စိတ်ချလက်ချ ဖြစ်သွားပါတယ်။

‘လျှို့ဝှက် ကာကွယ်ပေးတာလား...’

‘ကာကွယ်ပေးတာ မဟုတ်ဘူး၊ အဲဒါ မင်းရဲ့ ကြမ္မာဆိုးပဲ...’

ဟန်ကျွယ်က အ‌လေးအနက် ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး မင်းငါနဲ့အတူ ကျင့်ကြံနိုင်ပြီ”

ဟန်ကျွယ် စကားက သာမန်ကာလျှံကာဆိုပေမဲ့ စုချီရင်ထဲမှာတော့ အနွေးထွေးဆုံး စကားလုံးတွေ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး လက်မြှောက်ကာ စုချီကို ပါးရိုက်လိုက်ပါတယ်။

စုချီဟာ လေထဲလွှင့်ပျံသွားပြီး လိုဏ်ဂူနံရံနား ပြုတ်ကျသွားပါတယ်။ စုချီဟာ သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး ဟန်ကျွယ်ကို ခေါင်းမော့ကြည့်ကာ တစ်စုံတစ်ခု ပြောဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ စုချီ ဘာမှမပြောနိုင်ခင်မှာပဲ နတ်ဆိုးအရိပ်တစ်ခုကို တွေ့လိုက်ရပါတယ်။

ဒီနတ်ဆိုးအရိပ်ကတော့....

မိစ္ဆာသခင်ပါ။

စုချီဟာ ထိတ်လန့်သွားပါတယ်။ စုချီဟာ မိစ္ဆာသခင်က ဘယ်ရောက်သွားလဲဆိုတာကို စဉ်းစားမရ ဖြစ်နေတာပါ။ အခုလို သူ့ကိုယ်ထဲမှာ ပုန်းအောင်းနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။

‘ငါ မိန်းမတွေနဲ့ ဆက်ဆံတုန်းကလည်း မိစ္ဆာသခင်က...’ စုချီရဲ့ မိစ္ဆာသခင်ကို မုန်းတီးမှုက ရုတ်ခြည်းဆိုသလို ကြယ်ပွင့်အပြည့် ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ နတ်ဆိုးအရိပ်ကို ကြည့်လိုက်ပြီး မျက်နှာသေနဲ့ မေးလိုက်ပါတယ် “ခင်ဗျားက ကျုပ်တပည့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာလို့ ပုန်းနေရတာလဲ”

မိစ္ဆာသခင်က လှောင်သံနဲ့ ပြောလိုက်ပါတယ် “သူပြောနေတဲ့ ဆရာသခင်ဆိုတာက မင်းကိုး၊ မင်းက ငါ့တည်ရှိမှုကို အာရုံခံနိုင်တယ်ဆိုတော့ မဆိုးဘူး၊ မင်းက ကောင်းကင်ဘုံဝင် ကျင့်ကြံသူ ဖြစ်ရမယ်”

“သူက မိစ္ဆာသခင်ပဲ” စုချီက တအံတဩ ပြောလိုက်ပါတယ်။

[မိစ္ဆာသခင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီမှု:ကြယ်လေးပွင့်။]

ရုတ်တရက် ရှေ့မှာပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ သတိကြီးလှတဲ့ ဟန်ကျွယ်ဟာ မိစ္ဆာသခင်ရဲ့ သတင်းအချက်အလက်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[မိစ္ဆာသခင်: ကောင်းကင်ဘုံဝင် သတ္တမအဆင့်၊ ဝိညာဉ်အပိုင်းအစ အဖြစ် ရှိနေသည်။ လွန်ခဲ့သော နှစ်တစ်သောင်းတွင် နတ်ဆိုးလမ်းစဉ်၏ စွမ်းအားအကြီးဆုံး နတ်ဆိုးကျင့်ကြံသူဖြစ်ပြီး မိစ္ဆာသခင်အဖြစ် လူသိများသည်။ သင်သည် စုချီ၏ ဆရာသခင် ဖြစ်သောကြောင့် မိစ္ဆာသခင်သည် သင့်အား မုန်းတီးသွားပြီး အနာဂတ်တွင် ကျိန်းသေပေါက် လိုက်သတ်မည် ဖြစ်သည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

‘အား... ဝိညာဉ်အပိုင်းအစလား’

ဟန်ကျွယ်ဟာ ရုတ်တရက် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စုပ်ယူမှုကို အသုံးပြုပြီး မိစ္ဆာသခင်ရဲ့ ဝိညာဉ်အပိုင်းအစကို လက်ဖဝါးထဲ စုပ်ယူလိုက်ပါတယ်။ အဲဒီနောက် လမ်းခြောက်သွယ် အမှတ်အသားကို မိစ္ဆာသခင်ရဲ့ ဝိညာဉ်အပိုင်းအစမှာ မှတ်သားလိုက်ပါတယ်။

“မင်း ဘာလုပ်တာလဲ” မိစ္ဆာသခင်က ဒေါသတကြီး မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းပြီးမှာ ပြန်ပြောလိုက်ပါတယ် “ခင်ဗျားက မိစ္ဆာသခင်ပဲ၊ တကယ်ဆိုရင် ခင်ဗျားကို ကျုပ် သတ်ပစ်ရမှာ၊ ဒါပေမဲ့ ကျုပ်က ပြဿနာတက်မှာ အရမ်းကြောက်တယ်၊ အဲဒီတော့ ခင်ဗျားကို လွှတ်ပေးမယ်၊ ခင်ဗျားဘက်ကလည်း ကျုပ်တပည့်ကို လွှတ်ပေးရမယ်”

မိစ္ဆာသခင်ဟာ ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့အခါမှာ ဟန်ကျွယ်ကို အထင်အမြင်သေးသွားပြီး သူရဲဘောကြောင်တဲ့လူလို့ မှတ်ယူလိုက်ပါတယ်။

“ရတယ်လေ”

“ကောင်းပြီ၊ ဒါဆိုရင် ခင်ဗျားသွားလို့ရပြီ” ဟန်ကျွယ်က ပြောလိုက်ပါတယ်။

“နှုတ်ဆက်ခဲ့တယ်” မိစ္ဆာသခင်ရဲ့ ဝိညာဉ်အပိုင်းအစဟာ ချက်ချင်းပဲ ထွက်ပြေးသွားပါတယ်။

[မိစ္ဆာသခင်သည် သင့်အပေါ်တွင် မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ ဒီသတိပေးချက်ကြောင့် မျက်ခုံးပင့်တက်သွားပါတယ် ‘မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ’

မိစ္ဆာသခင် ထွက်သွားပြီးတဲ့နောက် စုချီက ပြောလိုက်ပါတယ် “ဆရာသခင်... သူ့စကားကို ယုံလို့မရဘူး”

ဟန်ကျွယ်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ငါ သူ့ကို မယုံပါဘူး၊ ဝိညာဉ်အပိုင်းအစပဲမို့လို့ လွှတ်ပေးလိုက်တာ”

မိစ္ဆာသခင်ရဲ့ ဝိညာဉ်အပိုင်းအစသာ အဓိကခန္ဓာကိုယ်ကို ပြန်ရောက်သွားရင် ဘယ်သူက အကြံသမားလဲ ဘယ်သူက ငတုံးလဲဆိုတာကို ဟန်ကျွယ်က သေသေချာချာ ပြသပေးမှာပါ။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters