ကောင်းကင်ဘုံဝင် တတိယအဆင့်၊ မိစ္ဆာသခင်အား သတ်ဖြတ်ခြင်း
Vol. 10 Ch. 138
အခန်း (၁၃၈) ကောင်းကင်ဘုံဝင် တတိယအဆင့်၊ မိစ္ဆာသခင်အား သတ်ဖြတ်ခြင်း
ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့ စုချီဟာ မကောင်းဆိုးဝါးဧကရာဇ်ကို သတ်သွားတဲ့ ဓားချီကို ပြန်တွေးမိလိုက်ပါတယ် ‘အဲဒီဓားချီပိုင်ရှင်က ဆရာသခင်များလား’
“ဒီနှစ်တွေမှာရခဲ့တဲ့ မင်းရဲ့အတွေ့အကြုံတွေကို ငါ့ကို ပြောအုန်း” ဟန်ကျွယ်က ပြုံးလိုက်ပါတယ်။ ဟန်ကျွယ် အပြုံးက စုချီမျက်လုံးထဲမှာတော့ အလွန်တရာကြင်နာပြီး အလွန်တရာမှ နွေးထွေးနေပါတယ်။
စုချီဟာ လုံးဝခံစားသွားရပြီး ပါးစပ်ထောင့်နားက သွေးစကို သုတ်ပစ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရှေ့မှာ ထိုင်လိုက်ပြီး သူ့ရဲ့နှစ်ရာချီ အတွေ့အကြုံကို စတင်ပြောပြပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်းနဲ့ စုချီစကားကို နားထောင်ပါတယ်။ ဟန်ကျွယ်ဟာ စကားတစ်လုံးမှမဆိုဘဲ စုချီပြောတာကို ဆက်တိုက်နားထောင်ပေးပါတယ်။
စုချီရဲ့ အတွေ့အကြုံတွေက တကယ့်ကို ရင်တုန်စရာကောင်းလှပါတယ်။ အတတ်အကျ အနိမ့်အမြင့်တွေက ရုတ်ခြည်းပြောင်းလဲသွားတာကြောင့် တကယ့်ကိုအံဖွယ်ပုံပြင်တစ်ခုလို့ပါပဲ။ ကလေးတွေကိုတောင် အိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြလို့ရပါတယ်။
စုချီဟာ သူ့အတွေ့အကြုံတွေကို ဆယ်ရက်ဆယ်ညတိုင်တိုင် မရပ်မနား ပြောပြပါတယ်။ ဒီလိုပြောပြတာကြောင့် စုချီဟာ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်နဲ့ နီးကပ်နေတာတောင် အာခြောက်သွားပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီနှစ်တွေက မင်းအတွက် တော်တော်လေးကို ခက်ခဲခဲ့တာပဲ”
စုချီက ပြန်ပြောလိုက်ပါတယ် “ဆရာသခင်... ဆရာသခင်ရဲ့ အစီအစဉ်ကြောင့်သာ ကျွန်တော် ရှင်သန်နိုင်ခဲ့တာပါ”
ဟန်ကျွယ်ဟာ ရင်ထဲမှာ ကသိကအောက် ဖြစ်သွားပေမဲ့ မျက်နှာကတော့ တစ်ချက်ကလေးမှ ပျက်မသွားပါဘူး။
“အရင်ဆုံး ဆယ်နှစ် ကျင့်ကြံလိုက်အုန်း၊ ပြီးရင် ဆန်းကြယ်စွမ်းအား သင်ပေးမယ်” ဟန်ကျွယ်က ပြောလိုက်ပါတယ်။
စုချီဟာ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ဆရာတပည့်နှစ်ယောက်ဟာ စကားတစ်လုံးမှ မဆိုတော့ဘဲ ကျင့်ကြံအားထုတ်ပါတော့တယ်။
လက်ယာ-လက်ဝဲ စစ်ပွဲပြီးသွားတဲ့နောက် ကောင်းကင်အမတစံအိမ်ဟာ မြင့်မြတ်နယ်မြေတွေနဲ့ ပူးပေါင်းပြီး နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူတွေကို တစ်ဆင့်ပြီးတစ်ဆင့် သုတ်သင်ပါတယ်။ ဒါကြောင့် လက်ဝဲကျင့်ကြံသူတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုတ်သွားရကာ နောက်ဆုံးမှာတော့ ကြွက်တွေလို တွင်းအောင်းသွားရပါတယ်။ လက်ဝဲကျင့်ကြံသူတွေက စိတ်လိုက်မာန်ပါ မလုပ်ရဲတော့တာကြောင့် လောကကြီးလည်း ပြန်လည်အေးချမ်းသွားပါတယ်။
လက်ယာလမ်းစဉ်ဟာ သူတို့ရဲ့ အပေါ်ယံအင်အားက သိပ်မကြီးမားမှန်း သဘောပေါက်သွားတာကြောင့် မြင့်မြတ်နယ်မြေတွေက သူတို့ရဲ့ ပါရမီရှင်တွေကို အားပေးအားမြှောက်ပြုပြီး စတင်ကြော်ငြာပါတော့တယ်။
ဒီအထဲမှာ ဂျိရှင်းရှန်က နာမည်အကျော်ဆုံးပါ။ ဂျိရှင်းရှန်ဟာ မကောင်းဆိုးဝါးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လော့ချင်းမော့ကို သတ်ဖြတ်ခဲ့ပြီး လက်ဝဲကျင့်ကြံသူတစ်သန်းကို သုတ်သင်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ဂျိရှင်းရှန်ရဲ့ ဂုဏ်သတင်းက လုံးဝ ပြိုင်ဘက်ကင်းပါတယ်။
ဂျိရှင်းရှန်ဟာ ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ်တောင် ဖြစ်ခါနီးနေပါပြီ။ ဒါပေမဲ့ မကောင်းဆိုးဝါးဧကရာဇ်ကို သတ်သွားတဲ့ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူက သရုပ်မှန်ကို ထုတ်မပြတာကြောင့် ဂျိရှင်းရှန်ဟာ နံပါတစ်နေရာကို မယူနိုင် ဖြစ်နေရပါတယ်။
ဒီလိုနဲ့ နောက်ထပ် အချိန်ဆယ်နှစ်ဟာ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်လည်း ကောင်းကင်ဘုံဝင် တတိယအဆင့်ကို ထိုးဖောက်သွားပါပြီ။
၁၇ နှစ်မှာ အဆင့်လေးတစ်ဆင့် တက်တာက ဟန်ကျွယ်အတွက်တော့ တော်တော်လေး နှေးကွေးလွန်းပါတယ်။ ဒါပေမဲ့ ဒီသတင်းသာ ပျံ့နှံ့သွားရင် ကျိန်းသေပေါက် ပွက်လောရိုက်သွားမှာပါ။
ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က ကောင်းကင်ဘုံဝင်အဆင့် ထိပ်ဆုံးကို အမြန်ဆုံး ရောက်ရှိပြီး အမတအဆင့်ကို ထိုးဖောက်ဖို့ပါ။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ စုချီကို ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက် ခေါ်ယူသွားပြီး ဆန်းကြယ်စွမ်းအား စတင်သင်ကြားပေးပါတယ်။
ရန်ထျန်တုန်းကတော့ တောင်ခြေပို့ခံလိုက်ရပါတယ်။ တစ်ခြားသူတွေက ကြီးမားတဲ့ ကံတရား အထောက်အပံ့ရှိတာကြောင့် စုချီရဲ့ ကြမ္မာဆိုးကို မကြောက်ကြပါဘူး။ ကံတရားအထောက်အပံ့ အနည်းဆုံးနဲ့ ကျင့်ကြံမှု အနိမ့်ဆုံးဖြစ်တဲ့ ပဋိပက္ခကောင်းကင်ခွေးတောင် စုချီရဲ့ ကြမ္မာဆိုးကို ချေဖျက်နိုင်ပါတယ်။
စုချီရဲ့ ကြမ္မာဆိုးက မော်တယ်လောကကိုပဲ ကပ်ဘေးဆိုက်စေတာပါ။ အထက်ဘုံတွေမှာဆိုရင်တော့ ဒီလောက်ထိ အင်အားကြီးမားလောက်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် စုချီက မော်တယ်ပဲ ရှိသေးတော့ အမတတွေကို ကပ်ဘေးဆိုက်စေဖို့က မဖြစ်နိုင်သေးပါဘူး။ စုချီ အမတဖြစ်လာရင်တော့ တစ်မျိုးပေါ့။
စုချီဟာ ဟန်ကျွယ်ရဲ့ သင်ကြားပြသမှုကို ရရှိတော့မှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ် ‘နောက်ဆုံးတော့ ဆရာသခင်ဆီကနေ တစ်ခုခု လေ့လာခွင့်ရခဲ့ပြီ’
ရန်ထျန်တုန်း၊ ရွှင်ချန်အန်းနဲ့ ဝူတောက်ကျန့်ဟာ စုချီကို စပ်စုချင်ကြနေပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ မကျေမနပ် ဖြစ်သွားပါတယ် ‘ငါတို့နှစ်ယောက်လုံး ပြန်မလာတာက နှစ်ရာချီကြာပြီပဲ၊ သခင်က ဘာလို့ ဒီစုချီကို ဒီလောက်တောင် အရေးပေးရတာလဲ’
ပဋိပက္ခကောင်းကင်ခွေးဟာ သူ့သခင်က သူ့ကို ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ အခုလို လျစ်လျူရှုလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ပါဘူး။ လျစ်လျူရှုခံရတာက ပဋိပက္ခကောင်းကင်ခွေးကို တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။
ဟန်ကျွယ်ဟာ စုချီကို တစ်လကြာအောင် ဆန်းကြယ်စွမ်းအား သင်ကြားပေးပါတယ်။ စုချီက ဆန်းကြယ်စွမ်းအားကို ကျင့်ကြံအားထုတ်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်ကို ရောက်လာပြီး တင်ပလ္လင်ခွေ အတိုင်းမသိတဲ့ အသက်ဓာတ်ကို ခံစားပါတယ်။
‘တကယ့်ကို နတ်သစ်ပင်ပဲ’
အခုအချိန်မှာ ဖူစန်းသစ်ပင် ထုတ်လွှတ်တဲ့ စိတ်ဝိညာဉ်စွမ်းအားက ဝီရိယတောင်တစ်ခုလုံးမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားကို ကျော်တက်သွားပါပြီ။ ဒီအပြင် စိတ်ဝိညာဉ်ချီက များပြားလွန်းတာကြောင့် ပတ်ဝန်းကျင်ကို စတင်ပျံ့နှံ့ပါတယ်။ ဒီလိုပျံ့နှံ့တာကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးတစ်ခုလုံးကို အကျိုးထူး ရစေပါတယ်။ ဝီရိယတောင်နဲ့ အနီးအနားက တောင်တွေက အကျိုးထူးကို စတင်ခံစားရပါတယ်။ တာအိုသခင်ကျိုးတိဟာ ဝီရိယတောင်ရဲ့ ဘေးနားပတ်ဝန်းကျင်က တောင်တွေကို ကောင်းချီးနယ်မြေအဖြစ် သတ်မှတ်ပြီး ဂိုဏ်းအတွက် အကျိုးထူးဆောင်တဲ့သူတွေကိုပဲ ကျင့်ကြံခြင်းလိုဏ်ဂူ တည်ဆောက်ခွင့် ပြုထားပါတယ်။
ဒီကိစ္စက ဟန်ကျွယ်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ပြဒါးငှက်နဲ့ တာအိုသခင်ကျွယ်ရန်ကို ကျိန်စာတိုက်ပါတယ်။ ကျိန်စာတိုက်ရင်းနဲ့ လူမှုဆက်ဆံရေးကို ဖွင့်ပြီး စာအိတ်တွေကို စစ်ဆေးပါတယ်။
မတွေ့ရတာကြာပြီဖြစ်တဲ့အတွက် သူ့မိတ်ဆွေတွေ ဘယ်လိုအခြေနေရှိလဲဆိုတာကို ဟန်ကျွယ်ဟာ သိချင်နေပါပြီ။
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၃၂၁၁
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးသူတော်စင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြတ်သွားသည်နှင့် တွေ့ကြုံလိုက်ရသောကြောင့် သေဘေးမှ လွတ်မြောက်သွားသည်။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် နတ်ဆိုးလမ်းစဉ်၏ ဆန်းကြယ်စွမ်းအားကို အမွေဆက်ခံ ရရှိသွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မော်တယ်လောကသို့ ပြန်ရောက်လာပါပြီ။ ဂျိရှင်းရှန်သည် မိုးကောင်းကင်နှင့် မြေကြီး၏ အဓိပ္ပာယ်စစ်ကို သိမြင်နားလည်သွားသောကြောင့် ကောင်းကင်ဘုံဝင်အဆင့်သို့ ရောက်ရှိသွားပါပြီ။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် သင့်မိတ်ဆွေ မော့ဖူချို၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် အထက်ဘုံတက်သွားပြီး အမတစ်ဦး ဖြစ်သွားသောကြောင့် ကံတရားအထောက်အပံ့ များစွာ တိုးမြင့်သွားပါပြီ။]
[သင့်မြေးတပည့် မုရုံချီသည် ကံအားလျော်စွာ အခွင့်အရေးတစ်ခု ရရှိပြီး ခန္ဓာကိုယ် ပြောင်းလဲသွားခဲ့ပါပြီ။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၈၉၂
ဟန်ကျွယ်က ကျင့်ကြံခြင်းလောကက တကယ်အေးချမ်းသွားပြီလို့ ခံစားလိုက်ရပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ မိစ္ဆာသခင်ကို တွေးမိလိုက်ပါတယ်။ မိစ္ဆာသခင်ရဲ့ ဝိညာဉ်အပိုင်းအစက အဓိကခန္ဓာကိုယ်ကို ပြန်ရောက်သွားပြီလားဆိုတာ ဟန်ကျွယ် မသိပါဘူး။
ဟန်ကျွယ်ဟာ မိစ္ဆာသခင်ရဲ့ ဝိညာဉ်အပိုင်းအစပေါ်က လမ်းခြောက်သွယ်အမှတ်အသားကို အာရုံခံလိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ မိစ္ဆာသခင်ရဲ့ ရောင်ဝါကို ဖမ်းမိသွားပါတယ်။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါမှာ မိစ္ဆာသခင်ရဲ့ ဝိညာဉ်အပိုင်းအစကို ပျောက်ကွယ်သွားပြီး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် မိစ္ဆာသခင်ရဲ့ ဝိညာဉ်အပိုင်းအစက အဓိကခန္ဓာကိုယ်ကို ပြန်ရောက်သွားပြီလို့ ဟန်ကျွယ် မှတ်ချက်ချလိုက်ပါတယ်။
‘အဓိကခန္ဓာကိုယ်ကို ပြန်ရောက်ပြီဆိုတော့ သေပေတော့’
ဟန်ကျွယ်ဟာ ညာလက်မြှောက်ပြီး ကောင်းကင်ယံကို လက်ညိုးနဲ့ ညွှန်လိုက်ပါတယ်။ အဲဒီနောက် မျက်လုံးမှိတ်ပြီး လမ်းခြောက်သွယ်အမှတ်အသားကို သေသေချာချာ အာရုံခံလိုက်ပါတယ်။
တစ်ခြားတစ်ဖက်မှာတော့...
လူသူကင်းမဲ့နေတဲ့ သဲကန္တာရတစ်ခုမှာ သဲတွေ လွှင့်ပျံနေပါတယ်။ မိစ္ဆာသခင်ဟာ ချောက်ကမ်းပါးတစ်ခုပေါ်မှာ လေထဲဝဲပျံနေပြီး သူ့ရှေ့မှာတော့ လူသုံးယောက် ရှိနေပါတယ်။ ဒီလူသုံးယောက်ကတော့ မော့ဖူချို၊ မော့ကျူနဲ့၊ ဝတ်ရုံနက် အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။
မော့ဖူချိုနဲ့ တစ်ခြားသူတွေရဲ့ မျက်နှာမှာ မယုံကြည်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
“ဒါက ငါတို့မော့မိသားစုရဲ့ မူလအစပဲ၊ မိစ္ဆာမျိုးနွယ်စုက မင်းတို့ကို ရွေးချယ်ခဲ့တာ၊ မင်းတို့သာ မိစ္ဆာမျိုးနွယ်စု ပေးအပ်လိုက်တဲ့ တာဝန်ကို ပြီးမြောက်မယ်ဆိုရင် မော့မိသားစုက အထက်ဘုံရဲ့ အမတမိသားစု ဖြစ်လာလိမ့်မယ်” မိစ္ဆာသခင်က အပြုံးနဲ့ ပြောလိုက်ပါတယ်။ ပြုံးလိုက်တဲ့ဆိုပေမဲ့ မိစ္ဆာသခင်အပြုံးက သရဲတစ္ဆေထက် ပိုကြောက်ဖို့ ကောင်းပါတယ်။
မော့ဖူချိုက အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကျုပ်တို့က ကျုပ်တို့ရဲ့ မွေးဖွားလာမှုကို မရွေးချယ်နိုင်ဘူး၊ ဒါပေမဲ့ ပဋိပက္ခဖြစ်စေတဲ့ မိစ္ဆာတော့ လုပ်မှာ မဟုတ်ဘူး”
မိစ္ဆာသခင်က နှာခေါင်းရှုံ့လိုက်ပါတယ် “အို... မင်း လူအများကြီး သတ်ပြီးပြီ မဟုတ်လား”
“ကျုပ်က ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့တာ မဟုတ်ဘူး၊ အချိန်အများစုမှာ ရွေးချယ်စရာမရှိလို့ သတ်ခဲ့ရတာ”
“အဲဒါဆိုရင် မင်းရဲ့ညီအစ်ကို ကျိုးဖန်ကရော၊ မင်း သူ့ကို ဘယ်လိုသတ်လိုက်လဲဆိုတာ မေ့သွားပြီလား”
မော့ဖူချိုရဲ့ မျက်နှာဟာ ရုတ်ခြည်းဆိုသလို မည်းမှောင်သွားပါတယ်။ ကျိုးဖန် သေဆုံးမှုက မော့ဖူချိုနှလုံးသားမှာ အခံစားရဆုံးပါပဲ။
ကျိုးဖန်ကို တွေးမိလိုက်တိုင်း မော့ဖူချိုဟာ အရမ်းကို မသက်မသာ ဖြစ်ရပါတယ်။ ဥပမာပေးရရင် နှလုံးသားက မီးအပ်နဲ့ ထိုးဆွနေလို့ မြန်မြန်သေပါရစေလို့ ဆုတောင်းနေတဲ့ လူတစ်ယောက်လို့ပါပဲ။
ဝတ်ရုံနက် အမျိုးသမီးက ရုတ်တရက် ဝင်ပြောလိုက်ပါတယ် “မိစ္ဆာမျိုးနွယ်စုက မော်တယ်လောကကို ထိန်းချုပ်ချင်တယ်၊ အမတတွေက ဘယ်လိုတွေးမလဲ၊ ကျွန်မတို့က လူသားတွေ၊ မိစ္ဆာတွေ မဟုတ်ဘူး၊ ကျွန်မတို့သာ မိစ္ဆာမျိုးနွယ်စုကို ကူညီပြီး လူသားတွေကို ဖယ်ရှားလိုက်ရင် ကျွန်မတို့က ကိုယ့်ဘာသာ ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး၊ ပြီးတော့ မကောင်းဆိုးဝါးဧကရာဇ်တောင် မအောင်မြင်တာ၊ ဒီကိစ္စ အောင်မြင်ဖို့ အချိန်ဘယ်လောက်တောင် ယူရမှာလဲ၊ မိစ္ဆာတွေကို အကူအညီကောင်းကောင်း ပေးနိုင်မဲ့လူကို မစေလွှတ်ဘူးလား”
မိစ္ဆာသခင်ဟာ ဝတ်ရုံနက်အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းတို့ကောင်တွေ မရှိရင်တောင် မိစ္ဆာမျိုးနွယ်စုက အောင်မြင်မှာပဲ၊ ငါတို့တွေ နတ်ဆိုးလမ်းစဉ်ကို စကျင့်လိုက်ကတည်းက ငါတို့တွေက လူသားတွေ မဟုတ်တော့ဘူး၊ မိစ္ဆာမျိုးနွယ်စုက မင်းတို့မျိုးရိုးတစ်ခုတည်း ရှိတာ မဟုတ်ဘူး၊ အနန္တမော်တယ်ကမ္ဘာမှာ မရေမတွက်နိုင်တဲ့ မိစ္ဆာမျိုးနွယ်တွေ အများကြီးရှိတယ်၊ မိစ္ဆာမျိုးနွယ်စုက စေလွှတ်ထားတဲ့ အကူအညီ ကောင်းကောင်းပေးနိုင်မဲ့လူ ရှိတယ်၊ အဲဒီလူက ငါပဲ”
မိစ္ဆာသခင်ရဲ့ လေသံဟာ ယုံကြည်မှုအပြည့်နဲ့ပါ။
မော့ကျူက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဒါဆို ရှင်က မကောင်းဆိုးဝါးဧကရာဇ်ထက် စွမ်းအားပိုကြီးတယ်ပေါ့”
“ကြီးတာပေါ့၊ မကောင်းဆိုးဝါးဧကရာဇ်က ငါ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ၊ ပြီးခဲ့တဲ့တစ်ခေါက် ငါမတိုက်ခိုက်တာက မကောင်းဆိုးဝါးဧကရာဇ်ကို အသုံးချပြီး လက်ယာလမ်းစဉ်ရဲ့ အင်အားကို စမ်းသပ်ချင်လို့ပဲ”
မိစ္ဆာသခင်ရဲ့ စကားတွေဟာ မကောင်းဆိုးဝါးဧကရာဇ်ကို အထင်အမြင်သေးတဲ့ စကားလုံးတွေနဲ့ ပြည့်နေပါတယ်။
ဒီအချိန်မှာပဲ...
ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခုကို ရောက်ရှိလာတာကြောင့် မိစ္ဆာသခင်နဲ့ မော့ဖူချိုကို တုန်လှုပ်ချောက်ချားသွားစေပါတယ်။ သူတို့နှစ်ဦးဟာ အလိုလို လှည့်ကြည့်မိလိုက်တဲ့အခါမှာတော့ တောက်ပလွန်းတဲ့ ဓားချီကို တွေ့လိုက်ရပါတယ်။
မိစ္ဆာသခင် မတုံ့ပြန်နိုင်ခင်မှာပဲ ဓားချီက မိစ္ဆာသခင်ရဲ့ နဖူးတည့်တည့်ကို လာမှန်ပါတယ် ‘ဒါက...’
“ဝုန်း...”
မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်း ဆန်းကြယ်စွမ်းအားဟာ မိစ္ဆာသခင်ကို ဓားချီထဲ မြှုပ်နှံပစ်လိုက်ပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ လေအလျင်က မော့ဖူချိုနဲ့ တစ်ခြားသူနှစ်ယောက်ကို လွှင့်စဉ်ထွက်သွားစေပါတယ်။
ဓားချီဟာ ရုတ်ခြည်း ရောက်လာခဲ့သလို လျင်မြန်စွာပဲ ပြန်ပျောက်ကွယ်သွားပါတယ်။ မော့ဖူချိုနဲ့ တစ်ခြားသူနှစ်ယောက်ဟာ လေပေါ်မှာ ကိုယ်ကိုကိုယ် ပြန်ထိန်းချုပ်လိုက်ပြီး စောစောကနေရာကို တအံတဩ ကြည့်လိုက်တဲ့အခါမှာတော့ မိစ္ဆာသခင်ကို မတွေ့ရတဲ့အပြင် မိစ္ဆာသခင်ရဲ့ ရောင်ဝါ အစအနကိုတောင် အာရုံခံလို့ မရတော့ပါဘူး။
မိစ္ဆာသခင်ဟာ ခန္ဓာကိုယ်ရော ဝိညာဉ်ရော အလုံးစုံ ပျက်သုဉ်းသွားပါပြီ။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။