အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း (၂၃၂)
လူ(၁၁) ဦးပါ ကင်းထောက်အဖွဲ့
မူလတန်းကျောင်းမှ ဆရာအချို့နှင့် ခေတ္တအစည်းအဝေးပြုလုပ်ပြီးနောက် ကျောင်းသားစာရင်းကို စစ်ဆေးကာ ကျောင်းသား (၁၀) ဦး (ယောက်ျားလေး (၇) ဦးနှင့် မိန်းကလေး ၃ ဦး) ကို ရွေးချယ်လိုက်သည်။
၎င်းတို့အနက် အများစုမှာ လီနျန် ဝယ်ယူခဲ့သူများ ဖြစ်ကြ၏။ အသက် (၁၃) နှစ် သို့မဟုတ် (၁၄) နှစ်ဝန်းကျင်ရှိပြီး တည်ငြိမ်သောစရိုက်ရှိကာ ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသည်။ စာပေသင်ကြားရာတွင် ဝီရိယရှိရုံသာမက သိုင်းပညာတွင်လည်း ထူးချွန်ကြသူများ ဖြစ်၏။
အဘိုးကျိုင်သည် စာရင်းပါအတိုင်း တစ်ဦးချင်းစီကို သီးသန့်ခေါ်ယူစကားပြောရာ (၁၀) ဦးစလုံး ချွင်းချက်မရှိ သဘောတူညီခဲ့ကြ၏။
ထို့ကြောင့် မှောင်မည်းပြီး လေပြင်းထန်သော ဤညတွင် လူလားမြောက်ခါစ ကလေးငယ် (၁၀) ဦးကို လူသူကင်းမဲ့သော ပန်းထိုးအလုပ်ရုံသို့ သူတို့၏ ပထမဆုံး အဖွဲ့လိုက်အစည်းအဝေးအတွက် ခေါ်ယူလိုက်သည်။
ထို့နောက် သစ္စာဆိုကြသည်။
ဤသည်မှာ မော့ချွမ်း၏ ပြင်းပြသော တောင်းဆိုမှုကြောင့် ဖြစ်သည်။ သစ္စာဆိုပြီးသွားပါက သူတို့၏ လုပ်ဆောင်ချက်များသည် မမြင်ရသော ကန့်သတ်ချက်တစ်ခုအောက်တွင် ရှိနေမည်ဖြစ်ကြောင်း ဤသည်မှာ ရှေးလူကြီးများ ပြုလုပ်လေ့ရှိသည့် အရာဖြစ်ကြောင်း သူက ပြော၏။
မော့ချွမ်းသည် ‘သစ္စာစောင့်သိစွာ သေပွဲဝင်မည်’၊ ‘အမိန့်ကို နာခံမည်’၊ ‘ဘယ်သောအခါမှ သစ္စာမဖောက်’ စသည့် စကားစုများကို တစ်ကြောင်းချင်းစီ ရွတ်ဆိုပြကာ ကလေးများကို လိုက်ဆိုခိုင်း၏။
ထိုမြင်ကွင်းမှာ တကယ်ကို မယုံနိုင်စရာကောင်းပြီး ကြည့်ရသူကို သွေးဆူလာစေ၏။
မော့ချွမ်း မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“နေဦး... တစ်ခုခု လိုနေသလိုပဲ...”
သူ နဖူးကို ရိုက်လိုက်ပြီး ပြော၏။
“အဖွဲ့နာမည် လိုတာပေါ့၊အထူးတပ်ဖွဲ့တွေကို ကြည့်လေ၊ ‘ပျံလွှားကျား’၊ ‘လင်းတ’၊ ‘သိန်းငှက်’ ဆိုပြီး နာမည်အသီးသီး ရှိကြတာပဲ၊ နာမည်တွေက တစ်ခုထက်ပိုပြီး တစ်ခုခန့်ညားလိုက်တာ၊ မင်းတို့ကို ဘယ်လိုခေါ်ရမလဲ၊ ခဏစဉ်းစားပါရစေဦး”
သူ ဉာဏ်စွမ်းကုန် စဉ်းစားလိုက်ပြီး ပြော၏။
“မင်းတို့က ကင်းထောက်အဖွဲ့ဆိုတော့ နာမည်က ဆီလျော်ဖို့ လိုတယ်။ ငါထင်တာကတော့... ‘မျက်စိစွေ အေးဂျင့်များ’ လို့ ခေါ်ရင် ကောင်းမလားလို့”
ဟွာကျွင်း
“ရှင် ဘာတွေ ကြည့်ထားတာလဲ၊ မျက်စိစွေတာတောင် သိနေတာလား”
ဤနာမည်ကို အဖွဲ့ဝင်များက စုပေါင်းငြင်းပယ်လိုက်ကြ၏။
“ဒါဆိုရင် ‘မျက်စိလေ့ကျင့်ခန်း ကွန်မန်ဒိုရော’
လူတိုင်း တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြပြန်၏။
မော့ချွမ်း လက်မလျှော့ဘဲ စိတ်ကူးဉာဏ်ကို ဆက်လက်အသုံးချသည်။
“ရန်ကျန်းရဲ့ တတိယမြောက်မျက်လုံးလို့လည်း ခေါ်လို့ရတယ်”
“ဟိုးရပ်စ်ရဲ့ မျက်လုံး” ဟွာကျွင်းက ပြောလိုက်သည်။
“ရပ်စ် ဆိုတာ ဘယ်သူလဲ”
“ဟိုးရပ်စ်ပါ၊ သူက အီဂျစ်နတ်ဘုရားတစ်ပါး။ တိုက်ပွဲတစ်ခုမှာ သူ့ရဲ့ ဘယ်ဘက်မျက်လုံး ဆုံးရှုံးသွားခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီမျက်လုံးက နတ်ဘုရားမတစ်ပါးရဲ့ စွမ်းအားကို ရရှိခဲ့တယ်။ လူတွေက သူ့ရဲ့ မျက်လုံးပုံစံကို အဆောင်အဖြစ် ရေးဆွဲကြတယ်”
ပြောပြီးသည်နှင့် ဟွာကျွင်းသည် စက္ကူပေါ်တွင် ဟိုးရပ်စ်မျက်လုံး သင်္ကေတကို ဆွဲပြလိုက်သည်။
အဖွဲ့ဝင်များက ထိုပုံစံကို မြင်မြင်ချင်း သဘောကျသွားကြ၏။
ဟွာကျွင်းသည် ပုံအချို့ ထပ်ဆွဲကာ ညှပ်ထုတ်လိုက်ပြီး ၎င်းတို့ထံ ကမ်းပေးရင်း ပြောလိုက်သည်။
“ဒါက မင်းတို့အတွက် အဆောင်တွေပါ။ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ကြပါစေ”
အချိန်အကန့်အသတ်ရှိသဖြင့် ထိုနေ့မှာပင် ထွက်ခွာရမည်ဖြစ်ရာ အထူးသင်တန်းပေးရန် အချိန်မရှိပေ။ ဆရာများက အရေးကြီးသော သတိပြုစရာများကိုသာ အမြန်ဆုံး ရှင်းပြပေးနိုင်ခဲ့သည်။
ကံကောင်းသည်မှာ ဤတာဝန်သည် အဓိကအားဖြင့် ကင်းထောက်ရန်အတွက်သာ ဖြစ်ပြီး အခြားသူများနှင့် ထိပ်တိုက်တွေ့ဆုံမှုကို အတတ်နိုင်ဆုံး ရှောင်ရှားရမည်ဖြစ်သဖြင့် အလွန်အမင်း အန္တရာယ်မရှိပေ။
ဟွာကျွင်းသည် ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ပေးခဲ့ပြီး ညကြည့်ဝတ်စုံများနှင့် ကိုယ်ထည်တပ်ကင်မရာ (၁၀) လုံး ပံ့ပိုးပေးခဲ့၏။
ဟွာကျွင်းသည် ငွေကုန်ကြေးကျခံကာ မှတ်တမ်းတင်ကိရိယာများ၏ ဟာ့ဒ်ဝဲကို အဆင့်မြှင့်တင်ပေးခဲ့ပြီး သိုလှောင်မှုပမာဏ တိုးချဲ့ခြင်း၊ တုန်ခါမှုထိန်းချုပ်ခြင်းနှင့် ညကြည့်စနစ်များကို ကောင်းမွန်အောင် ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားကုန်သွားပါက အသုံးပြုနိုင်ရန် ပါဝါဘဏ့် (၁၀) ခုကိုလည်း ပြင်ဆင်ပေးခဲ့သည်။
မှတ်တမ်းတင်ကိရိယာများသည် အမည်းရောင်ဖြစ်ပြီး ညကြည့်ဝတ်စုံတွင် ချိတ်ထားပါက လုံးဝမမြင်ရပေ။ လိုရာခရီးကို ရောက်ရှိပါက ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် မြင်တွေ့သမျှကို မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။
ထိုစဉ် အာချင်းက တံခါးကို တွန်းဖွင့်ဝင်လာပြီး ဟွာကျွင်းကို ပြောလိုက်၏။
“သူဌေးမဟွာ၊ ကျွန်တော်ကိုလည်း သွားခွင့်ပြုပါ၊ ကျွန်တော်က သူတို့ထက် အသက်ကြီးတယ်၊ သူတို့ကို စောင့်ရှောက်ပေးနိုင်ပါတယ်”
အာချင်း၏ စွမ်းဆောင်ရည်ကို လူတိုင်း မြင်တွေ့ခဲ့ပြီးဖြစ်ရာ ဟွာကျွင်း သဘောတူ ခေါင်းညိတ်လိုက်သည်။
သူမသည် အာချင်းအား လမ်းကြောင်းများကို အော့ဖ်လိုင်းမှတ်တမ်းတင်နိုင်သည့် အက်ပ်ပါသော နာရီတစ်လုံး ပေးလိုက်ပြီး အသုံးပြုပုံကို နှစ်မိနစ်ခန့် သင်ကြားပေးလိုက်သည်။
ထို့ပြင် ကိုယ်လုံခြုံရေးအတွက် ဓားများ၊ လျှပ်စစ်တုတ်များ၊ ခရီးဆောင်ရိက္ခာများ၊ ရေနှင့် ရှေးဦးသူနာပြုသေတ္တာများကိုလည်း ဟွာကျွင်း ပြင်ဆင်ပေးထားသည့် ရေစိုခံခရီးဆောင် ကျောပိုးအိတ်များထဲသို့ ထည့်ပေးလိုက်သည်။
အားမန်က ဟွာကျွင်း၏ ပခုံးကို အသာအယာပုတ်ကာ မီးဖိုချောင်ဘက်သို့ ညွှန်ပြလိုက်၏။
ဟွာကျွင်းသည် သူမနောက်သို့ မီးဖိုချောင်ထဲသို့ လိုက်သွားရာ ရှို့ယွန်း ပို့လိုက်သည့် ဝက်သားမှာ စားပွဲပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
“ကျွန်မကို ကြည့်ဦး၊ ဒါကို လုံးဝ မေ့နေတာ၊ ဒါကို ခုတ်ထစ်ပြီး ကျန်တာကို ကလေးတွေအတွက် နှုတ်ဆက်စာအဖြစ် ချက်ပေးကြရအောင်”
အားမန်က ခေါင်းညိတ်၏။
ရှေ့ခြေထောက်နှစ်ဖက်ကို မူလတန်းကျောင်း ထမင်းစားဆောင်သို့ ပို့လိုက်ပြီး၊ နောက်ခြေထောက်နှစ်ဖက်ကို အားမောက်နှင့် လျိုအာတို့အား ပေးလိုက်သည်။ နံရိုးနှစ်ချောင်းကိုမူ ဧည့်သည်များအတွက် တည်းခိုခန်း မီးဖိုချောင်တွင် ထားရှိလိုက်သည်။
ဝက်ကလီစာများကိုမူ ဟွာကျွင်းအား ပေးလိုက်၏။ သူမသည် ၎င်းတို့ကို စားရသည်မှာ အလွန်ကြိုက်နှစ်သက်ပြီး ဟင်းလျာအမျိုးမျိုး ချက်နိုင်သောကြောင့် ဖြစ်သည်။
ဝက်ခေါင်းနှင့် ဝက်သုံးထပ်သားသာ ကျန်တော့သည်။
အားမန်သည် မီးမှုတ်စက် ကို အသုံးပြု၍ ဝက်ခေါင်းကို ဖုတ်ကာ အမွေးများကို ဖယ်ရှားလိုက်ပြီး ရေထဲတွင် ခေတ္တစိမ်ကာ ဓားဖြင့် အရေပြားကို စင်အောင် ခြစ်လိုက်သည်။
ဟွာကျွင်းသည် အိုးကြီးတစ်လုံးကို ရှာဖွေကာ ဝက်ခေါင်းကို ထည့်ပြီး ရေထည့်ကာ မီးပြင်းပြင်းဖြင့် တည်လိုက်၏။ ရေဆူလာသောအခါ မီးကို လျှော့ကာ ဆက်လက်တည်ထားလိုက်သည်။
အဘွားကျန်းက ကျန်ရှိနေသော အသားများကို ကြည့်ကာ ပြော၏။
“နှမြောစရာပဲ၊ အခုသာ ဆောင်းတွင်းဖြစ်ပြီး မုန်ညင်းချဉ်သာရှိရင် ဝက်သားစွပ်ပြုတ် အိုးကြီးတစ်လုံး ချက်လို့ရမှာ”
ဟွာကျွင်း
“ကျွန်မမှာ မုန်ညင်းချဉ် ရှိပါတယ်၊ အဘွား ဘယ်လိုမျိုး လိုချင်တာလဲ ပြောလိုက်ရုံပဲ၊ အကုန်ရှိတယ်”
အဘွားကျန်းမှာ အလွန်ဝမ်းသာသွားပြီး ဟွာကျွင်းကို ပုံဖော်ပြတော့သည်။
ရှိနေသူတိုင်းလည်း ပျော်ရွှင်နေကြ၏။ ယခင်နှစ်များက နှစ်သစ်ကူးနီးပါက ရွာထဲတွင် နှစ်ပတ်လည်ဝက်ကို သတ်ရန် ပြင်ဆင်ကြလေ့ရှိသည်။
များသောအားဖြင့် တစ်ရွာလျှင် ဝက်တစ်ကောင် သတ်လေ့ရှိပြီး လတ်လတ်ဆတ်ဆတ် သတ်ထားသော ဝက်သား၊ သွေးအူချောင်းနှင့် ဝက်ရိုးများကို အိုးကြီးတစ်လုံးတွင် ချက်ကာ လူတိုင်း စုပေါင်းစားကြသည်။
ဤသည်မှာ နှစ်သစ်ကူးအတွက် မရှိမဖြစ် လိုအပ်သော ထုံးတမ်းစဉ်လာတစ်ခု ဖြစ်လာခဲ့၏။
ယခုနှစ် နှစ်သစ်ကူးအတွင်းတွင်မူ လူတိုင်းမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်လာကြရပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်နေခဲ့သည်။ ဝက်သားစွပ်ပြုတ် စားရန် မည်သူကမှ စိတ်မကူးနိုင်ခဲ့ပေ။ ယနေ့တွင်မူ မမျှော်လင့်ဘဲ သူတို့၏ ဆန္ဒများ ပြည့်ဝသွားခဲ့ရ၏။
ဟွာကျွင်းသည် မော့ချွမ်းအား ကုန်စုံဆိုင်သို့ သွားပြီး မုန်ညင်းချဉ် သွားယူရန် ခိုင်းလိုက်သည်။ သူသည် လျှပ်စစ်စကူတာလေးဖြင့် သွားလိုက်ပြန်လိုက် လုပ်ရာ (၁၀) မိနစ်အတွင်း ပြန်ရောက်လာ၏။
အဘွားကျန်းသည် ဝက်ဦးနှောက်နှင့် အူများကို ရှာလကာရည်၊ ဆားကြမ်းတို့ဖြင့် စင်ကြယ်အောင် ဆေးကြောကာ အူ၏ တစ်ဖက်ကို ချည်နှောင်ပြီး ဝက်သွေးများကို ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။
ဤသည်မှာ သူတို့၏ စားသောက်မှုပုံစံတစ်ခုဖြစ်ပြီး “သွေးအူချောင်း” ဟု ခေါ်၏။
သွေးအူချောင်းကို ရေအေးထဲသို့ ထည့်ရင်း အဘွားကျန်း ပြောလိုက်သည်။
“သိပ်အကြာကြီး မချက်နဲ့နော်၊ အကျက်လွန်သွားရင် မကောင်းဘူး၊ ဒီမှာ ကြည့်လေ၊ သွားကြားထိုးတံနဲ့ ဒီလို ထိုးကြည့်လို့ သွေးမထွက်တော့ရင် ရပြီ”
သူမသည် သွေးအူချောင်းကို ဆယ်ယူကာ အပြားလေးများ လှီးလိုက်သည်။ အပြင်ဘက်တွင် အူခွံပါးပါးလေးရှိပြီး အတွင်း၌ အညိုရောင်သန်းသော ဝက်သွေးများမှာ ခဲသွားကာ အငွေ့တထောင်းထောင်း ထွက်နေ၏။
ဝက်သုံးထပ်သား အပြားများ၊ အရိုးနွှင်ထားသော အရိုးများနှင့် မုန်ညင်းချဉ် (၃)၊ (၄) အိတ်ခန့်ကို အိုးထဲသို့ တစ်ပြိုင်နက် ထည့်ကာ တည်လိုက်သည်။ နောက်ဆုံးတွင် သွေးအူချောင်းနှင့် ကြာဆံများကို ထည့်လိုက်သည်။
ဟင်းရည်မှာ နို့နှစ်ရောင်သန်းလာသည်အထိ ဆက်တိုက်တည်ထားရာ မီးဖိုချောင်တစ်ခုလုံးတွင် အသားနံ့များ ပြည့်နှက်သွား၏။
ဤချက်ပြုတ်နည်းမှာ ရိုးရှင်းသော်လည်း လူကို နွေးထွေးစေသည့် ဆွဲဆောင်မှုတစ်ခု ရှိပေသည်။
ဝက်သားစွပ်ပြုတ် ရလာသောအခါ လူတိုင်း ပန်းကန်လုံးအကြီးကြီးဖြင့် ခပ်ယူကြသည်။ အပေါ်ယံတွင် ရွှေရောင်အဆီများ ဝဲနေပြီး အတွင်း၌ နီဖြူရောင် သွေးအူချောင်းများနှင့် နို့နှစ်ရောင် ဝက်သုံးထပ်သား အပြားများ ရှိနေ၏။ ထူးထူးခြားခြား ဟင်းခတ်အမွှေးအကြိုင်များ မပါသော်လည်း ကျေးလက်ဆန်သော အရသာမှာ ပြည့်စုံနေသည်။
ဝက်ခေါင်းမှာလည်း ကျက်လုနီးပါး ဖြစ်နေပြီး ဦးခေါင်းခွံကို အလွယ်တကူ ဖယ်ရှားလိုက်နိုင်သည်။ ကျန်ရှိသော အသားများကို ကြက်သွန်ဖြူဆော့စ်နှင့် တွဲဖက်စားကြသည်။
ကြက်သွန်ဖြူကို ညှပ်ကာ ပဲငံပြာရည် အနည်းငယ် ထည့်လိုက်ရုံပင် ဖြစ်သည်။
စနစ်တကျ ပြုပြင်ပြီးနောက် ဝက်သားမှာ ညှီနံ့များ လုံးဝမရှိတော့ဘဲ အရသာမှာ အလွန်ကောင်းမွန်လှ၏။
ကလေးများအတွက်လည်း ထမင်းအိုးကြီး နှစ်အိုး ချက်ပေးရာ သူတို့မှာ အားရပါးရ စားကြ၏။
နောက်ဆုံးတွင် ဟွာကျွင်း ဘေးကင်းရေးကို ဂရုစိုက်ရန် မှာကြားလိုက်ပြီးနောက် သူတို့မှာ ကျောပိုးအိတ်ကိုယ်စီဖြင့် ထွက်ခွာသွားကြတော့သည်။
စိတ်မပူဘူးဟု ပြောလျှင် လိမ်ရာကျပေမည်။ ဟွာကျွင်းသည် ထွက်ခွာသွားသော ကလေးများ၏ ကျောပြင်များကို ကြည့်ရင်း စိတ်မအေးနိုင်ဖြစ်နေ၏။
မော့ချွမ်းက သူမဘေးတွင် ရပ်နေရင်း နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့၊ ဒီက အစားအသောက်တွေကြောင့်ပဲဖြစ်ဖြစ် သူတို့ ကျိန်းသေ ဘေးကင်းကင်းနဲ့ ပြန်လာမှာပါ”
‘ဒီနေရာက ထွက်သွားပြီးရင် ဘယ်သူက ဒီလို အရသာရှိတဲ့ အစားအသောက်တွေ ပေးနိုင်မှာမို့လို့လဲ’