← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃)

ညဉ့်ပုလဲ ရောင်းချခြင်း

တိရစ္ဆာန်ဆရာဝန်နှင့် ဟွာရှန့်တို့၏ ဂရုစိုက်မှုအောက်တွင် ဖျားနာနေသောမြင်းမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ကိုယ်တိုင် အစာစားနိုင်လာသည်။

တိရစ္ဆာန်များမှာ ထိုအတိုင်းပင်။၊ အစာစစားနိုင်ပြီဆိုလျှင် အခြေခံအားဖြင့် ကျန်းမာရေးပြန်ကောင်းလာပြီဟု ဆိုနိုင်၏။

ကံကောင်းသည်မှာ တိရစ္ဆာန်ကုသရေးဆေးဝါးများကို တင်းကျပ်စွာ ကန့်သတ်မထားသဖြင့် ဟွာကျွင်းသည် လိုရမည်ရ ဆရာဝန်ညွှန်းထားသော ဆေးဘူးအချို့ကို ထပ်မံဝယ်ယူထားလိုက်သည်။

ဤမြင်းမှာ စစ်မြင်းဟူသော အမည်နှင့်အညီ ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်မကောင်းမွန်သေးမီမှာပင် ၎င်း၏ ထူးခြားသော အရည်အသွေးများမှာ သိသာထင်ရှားနေပြီဖြစ်သည်။

ထိုမြင်းသည် တစ်ကိုယ်လုံး အမည်းရောင်ဖြစ်ပြီး ခွာလေးဖက်သာ အဖြူရောင်ဖြစ်ကာ နဖူးပေါ်ရှိ အမွေးများမှာ ပန်းချီဆွဲထားသကဲ့သို့ ရှိနေသည်။ သူ၏ မျက်လုံးများမှာလည်း စိုပြည်ကာ စိတ်ဓာတ်တက်ကြွမှု အပြည့်ရှိ၏။

ထို့ပြင် ကြွက်သားလိုင်းများမှာ ချောမွေ့နေပြီး အရပ်ရှည်ကာ ခန့်ညားထည်ဝါသော်လည်း လေးလံထိုင်းမှိုင်းဟန် မရှိပေ။

မော့ချွမ်းမှာ အမည်ပေးခြင်းကို စွဲလန်းနေသူပီပီ ဤမြင်းကိုလည်း ဟိန်းထွက်နေသော အမည်တစ်ခု ပေးရန် ဇွတ်တောင်းဆိုနေတော့သည်။

ဤတစ်ကြိမ်တွင်မူ သူသည် တော်တော်လေး အားကိုးထိုက်သွား၏။

“သူ့ကို ‘ဖန်းလိ’ လို့ ခေါ်ကြရအောင်”

“ဖန်းလိ၊ အဲဒါ ဘာအဓိပ္ပာယ်လဲ” ဟွာကျွင်း မေးလိုက်သည်။

မော့ချွမ်းက ဂုဏ်ယူစွာ ကောင်းကင်ကို ကြည့်ကာ သုံးကြိမ်တိုင်တိုင် ရယ်မောလိုက်သည်။

“ဟား ဟား ဟား နောက်ဆုံးတော့ ကျွန်တော့်အလှည့် ရောက်ပြီ။ ဖန်းလိ ဆိုတာ ဖန်းရှန့် သတ္တဝါလို့လည်း ခေါ်တဲ့ မိစ္ဆာတစ်မျိုးရဲ့ နာမည်ပဲ၊ ဒီမိစ္ဆာက မီးနဲ့ရှို့လို့ မလောင်သလို၊ ဓားနဲ့ခုတ်လို့လည်း မပြတ်ဘူး၊ သူ့ရဲ့ အသက်က တော်တော်လေး ပြင်းထန်တယ်။ သူနဲ့ တူတယ်လို့ မထင်ဘူးလား”

ဟွာရှန့်ကလည်း ဟွာကျွင်းကို တောင်းပန်တိုးလျှိုးသော မျက်လုံးများဖြင့် ကြည့်ကာ ပြော၏။

“သမီး ဒီနာမည်ကို ကြိုက်တယ်၊ သူ့ကို ဖန်းလိ လို့ပဲ ခေါ်ရအောင်”

ဟွာကျွင်း ခေါင်းညိတ်ပြသည်။

“ငါလည်း ဒီနာမည်က ကောင်းတယ်လို့ ထင်တယ်”

ဟွာရှန့် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လိုက်၏။ သူသည် မြင်း၏လည်ပင်းကို ပုတ်ကာ ပြောလိုက်သည်။

“သိပ်ကောင်းတာပဲ၊ ဖန်းလိ ဖန်းလိ အခုကစပြီး မင်းမှာ နာမည်ရှိသွားပြီ မင်းနာမည်က ဖန်းလိ”

မော့ချွမ်း ခေါင်းညိတ်ပြီး ပြော၏။ “ဟုတ်တယ်၊ အခုကစပြီး မင်းကို ‘ကုန်းရှူးထုံ’ လို့ မခေါ်တော့ဘူး၊ ‘ဖန်းလိ’ လို့ပဲ ခေါ်မယ်။ မှတ်ထားဦး၊ ဒီနာမည်ကို ပေးတာ ငါပဲ”

ထိုအခါမှ ဟွာကျွင်းသည် မြင်း၏ နားရွက်နောက်တွင် ‘ကုန်းရှူးထုံ’ ဟူသော စာလုံးသုံးလုံး ရိုက်နှိပ်ထားသည်ကို သတိထားမိတော့သည်။

ဟွာကျွင်းမှာ သိချင်စိတ်များဖြင့် မေးလိုက်၏။

“သူ့မှာ နာမည်ရှိပြီးသားပဲကို ဘာလို့ ပြောင်းမှာလဲ”

“နာမည်ရှိရှိ မရှိရှိ ထားလိုက်ပါ၊ ကျွန်တော်ပေးတဲ့ နာမည်က ကောင်းလား မကောင်းလားပဲ ပြော”

“တော်တော်လေး ကောင်းပါတယ်”

“ခင်ဗျားရဲ့ ဟိုးရပ်စ်မျက်လုံးထက်တော့ မညံ့ပါဘူးနော်”

“အော်... အဲဒီလိုကိုး၊ ရှင်က ဒီလောက်အထိ အရှုံးမပေးချင်တာ ကျွန်မ မသိခဲ့ဘူး”

ထိုအခါ သူမ၏ ဖုန်းမြည်လာ၏။ ညဉ့်ပုလဲကို ယနေ့ လေလံတင်မည်ဖြစ်ကြောင်း အကြောင်းကြားရန် လေလံကုမ္ပဏီမှ ခေါ်ဆိုခြင်း ဖြစ်သည်။

လေလံခန်းမမှာ ဟောင်ကောင်မြို့တွင် ရှိသောကြောင့် ညဉ့်ပုလဲကိုလည်း ထိုနေရာသို့ ပို့ဆောင်ထားပြီးဖြစ်သည်။ ဟွာကျွင်းတို့ မသွားနိုင်သော်လည်း ကံကောင်းသည်မှာ အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှု ရှိနေခြင်းပင်။

ထိုနေရာမှ လူများက သီးသန့်လင့်ခ်တစ်ခု ပေးပို့လာရာ ၎င်းကို နှိပ်လိုက်ပါက လေလံပွဲ လုပ်ငန်းစဉ်တစ်ခုလုံးကို မြင်တွေ့နိုင်၏။

ဟွာကျွင်းတို့ သုံးဦးစလုံးသည် ဧည့်ခန်းသို့ အမြန်ပြန်သွားကာ တိုက်ရိုက်ထုတ်လွှင့်မှုကို တီဗွီတွင် ချိတ်ဆက်၍ အတူတူ ကြည့်ရှုလိုက်ကြသည်။

လေလံခန်းမကို ရိုးရိုးရှင်းရှင်းပင် ပြင်ဆင်ထားပြီး သူမ သွားဖူးသည့် နေရာများနှင့် လုံးဝ မတူပေ။ ထိုင်ခုံတန်း အချို့မှာ ပြည့်နေပြီဖြစ်ပြီး ဘေးပတ်ပတ်လည်တွင်လည်း ဖုန်းများကိုင်ကာ သူတို့၏ ဖောက်သည်များနှင့် အဆက်မပြတ် ဆက်သွယ်နေကြသော လူများစွာ ရှိနေသည်။

လေလံတင်သူ အမျိုးသမီးမှာ အပြာရင့်ရောင် ပန်းပုံပါ ချီပေါင်ကို ဝတ်ဆင်ထားပြီး စင်မြင့်အဖြူရောင်နောက်တွင် ရပ်နေကာ လှပ၍ ကျွမ်းကျင်သော ပုံစံရှိသည်။ သူမသည် တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာကို အပြန်အလှန် အသုံးပြု၍ အဆက်မပြတ် ပြောဆိုနေပြီး သူမနောက်ကွယ်ရှိ လေလံဈေးနှုန်းပြဘုတ်မှ ဂဏန်းများသည်လည်း တရိပ်ရိပ် ပြောင်းလဲနေ၏။

မကြာမီ ဟွာကျွင်း၏ ညဉ့်ပုလဲ အလှည့်ရောက်လာသည်။ လေလံတင်သူက အင်္ဂလိပ်ဘာသာဖြင့် ကျွမ်းကျင်စွာ မိတ်ဆက်ပြီးနောက် တရုတ်ဘာသာဖြင့် ထပ်မံ ပြောကြားသည်။

“ပစ္စည်းနံပါတ် (၁၀၇၂)၊ ညဉ့်ပုလဲ ဖြစ်ပါတယ်။ ဒါက ခန့်မှန်းဈေး မြင့်မားတဲ့ ပစ္စည်းတစ်ခုပါ။ လေလံဆွဲချင်တယ်ဆိုရင် တန်ဖိုးမြင့် လေလံဆွဲတဲ့ ကတ်ပြားကို အသုံးပြုပေးပါ။ အဖွင့်ဈေးကတော့”

သူမ ခေတ္တရပ်ကာ ဆက်ပြော၏။ “သန်း (၁၈၀) ပါ၊ ဒါပေမဲ့ ကျွန်မဆီမှာ စာဖြင့် ပေးပို့ထားတဲ့ ကော်မရှင်ခ သန်း (၃၀၀) ရှိပါတယ်”

“ဟား ဘုရားရေ ကျွန်တော့်တစ်သက်မှာ ဒီလောက်များတဲ့ ငွေမျိုး တစ်ခါမှ မမြင်ဖူးဘူး”

မော့ချွမ်း အော်ဟစ်လိုက်၏။

သူ စကားပြောနေစဉ်မှာပင် လေလံဆွဲသူ အရေအတွက်မှာ ရေတွက်မရအောင် များပြားနေပြီး ညဉ့်ပုလဲ၏ ဈေးနှုန်းမှာ သန်း (၅၀၀) ကျော်အထိ တက်သွားပြီဖြစ်သည်။

ဈေးနှုန်းမှာ ဆက်လက် မြင့်တက်နေ၏။ လေလံတင်သူမှာ စကားအလွန်မြန်ပြီး အင်္ဂလိပ်ဂဏန်းများကို တစ်ခုပြီးတစ်ခု ရွတ်ဆိုနေရာ တရုတ်လို ပြောရန်ပင် အချိန်မရတော့ပေ။

မော့ချွမ်းမှာ နားမလည်သော်လည်း အလွန်အမင်း အံ့အားသင့်နေမိသည်။

ဟွာကျွင်းသည် ငွေအများကြီး မမြင်ဖူးသော ဆင်းရဲသည့် ဘွဲ့ရကျောင်းသူလေး မဟုတ်တော့သော်လည်း ယခုအချိန်တွင် သူမ၏ ရင်ခုန်သံမှာလည်း မြန်ဆန်နေဆဲပင်။

အဆုံးသတ်ခါနီးမှသာ လေလံတင်သူက တရုတ်လို တစ်ကြောင်း ပြောလိုက်၏။

“နောက်ဆုံး အခွင့်အရေးပါ၊ (၂) ဘီလီယံနဲ့ ရောင်းထွက်သွားပါပြီ၊ (၂) ဘီလီယံနဲ့ အတည်ပြုပါတယ်”

တူဖြင့် ထုလိုက်သောအသံနှင့်အတူ ညဉ့်ပုလဲ ရောင်းထွက်သွားပြီဖြစ်သည်။

မော့ချွမ်း၏ မျက်လုံးများ ပြူးသွား၏။

“ကျွန်တော် နားကြားမမှားဘူး မဟုတ်လား၊ (၂) ဘီလီယံ တောင်တဲ့ အဲဒါ ငွေဘယ်နှစ်တေးတောင် ရှိမှာလဲ”

ဟွာကျွင်း၏ မျက်လုံးများမှာ တီဗွီပေါ်မှာပင် ရှိနေဆဲဖြစ်သည် ။

“ကျွန်မလည်း မသိဘူး...”

မော့ချွမ်းက သူမ၏ အင်္ကျီလက်ကို ဆွဲကာ အတင်းမေး၏။ “မြန်မြန်၊ ကျွန်တော့်ကို တွက်ပေးဦး၊ အဲဒါက ပေါက်စီ ဘယ်နှစ်လုံးလောက် ဝယ်လို့ရမှာလဲ”

ဟွာကျွင်းက မော့ချွမ်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“(၂) ဘီလီယံ ဆိုတာ...”

မော့ချွမ်းက လက်ချောင်းများဖြင့် ရေတွက်သော်လည်း မရပေ။

“ဘယ်လောက်တောင်လဲ”

“အားကစားကား တစ်စီးကို ယွမ်တစ်သန်းလို့ သတ်မှတ်ရင် (၂) ဘီလီယံနဲ့ ကားအစီးရေ နှစ်ထောင် ဝယ်လို့ရတယ်...”

မော့ချွမ်းမှာ နားမလည်နိုင်သေးပေ။

ဟွာကျွင်းက သက်ပြင်းချကာ ဆက်ပြော၏။

“တကယ်လို့ ကျွန်မက ဒီ (၂) ဘီလီယံကို ဘဏ်မှာ ထည့်ထားပြီး တစ်ပြားမှ မသုံးရင်တောင် ဘဏ်က ကျွန်မကို နေ့တိုင်း အတိုး တစ်သောင်းခြောက်ထောင် ပေးလိမ့်မယ်၊ အဲဒါက ပေါက်စီ တစ်သောင်းခြောက်ထောင် ဝယ်လို့ရတယ်”

“တစ်ပြားမှ မကုန်ဘဲ နေ့တိုင်း ပေါက်စီ တစ်သောင်းကျော် အလကား ရမှာလား”

မော့ချွမ်း အံ့ဩသင့်စွာ ပြောလိုက်သည်။

သတင်းအချက်အလက်များမှာ များပြားလွန်းလှသဖြင့် သူ စကားမပြောတော့ဘဲ ဆိုဖာပေါ်တွင် ကွေးကာ ဖြည်းဖြည်းချင်း အစာချေဖျက်နေတော့သည်။

ငွေများ ရောက်ရှိလာပြီးနောက် ဟွာကျွင်းသည် ဆိုင်အားလုံးအတွက် ကျန်ရှိသော လက်ကျန်ငွေများကို ပေးချေလိုက်ပြီး လမ်းမကြီးကို ပြုပြင်ရန် စတင်လိုက်သည်။

သူမသည် စနစ်တကျ စီမံကိန်းချနိုင်ရန် ဗိသုကာပညာရှင်တစ်ဦးနှင့် ချက်ချင်း ဆက်သွယ်လိုက်သည်။

ဟွာကျွင်း၏ အယူအဆမှာ လမ်းမကြီးကို ရှေးဟောင်းစတိုင် အဖြစ် ပြောင်းလဲရန်ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် အလယ်တွင် မြစ်တစ်စင်း ဖြတ်စီးနေသဖြင့် ဗိသုကာပညာရှင်က ဟွေကျိုး ဗိသုကာပုံစံဖြင့် ပြုလုပ်ရန် အကြံပြုသည်။

ဟောင်းနွမ်းပျက်စီးနေသော အန္တရာယ်ရှိ အဆောက်အဦးများကို ဖြိုချပြီး ပြန်လည် တည်ဆောက်မည်ဖြစ်ကာ အိမ်အားလုံး၏ အမြင့်ကို အမျိုးမျိုးထားပြီး အစီအစဉ်တကျ လှပအောင် ပြင်ဆင်မည်။

အပြင်ဘက် နံရံများကိုလည်း တစ်ပြေးညီ အဖြူရောင်သုတ်ကာ ရှေးဆန်သော ပုံစံဖော်မည်ဖြစ်ပြီး တံစက်မြိတ်များကို ပြန်လည် ဒီဇိုင်းဆွဲကာ မီးခိုးရောင် အုတ်ကြွပ်များ မိုးမည်။

မြစ်ရေကိုလည်း ပြုပြင်ရန် လိုအပ်၏။ ဟွာကျွင်းသည် ငွေသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ၍ ရေဆိုးသန့်စင်သည့် စက်ကိရိယာများကို အပေါ်ဆုံးတွင် တပ်ဆင်လိုက်သည်။ “ငွေကြေး” ၏ အစွမ်းကြောင့် မြစ်ရေမှာ လျင်မြန်စွာပင် ကြည်လင်လာတော့သည်။ နေသာသောနေ့များတွင် မြစ်ရေမှာ ကျောက်စိမ်းရောင်ကဲ့သို့ စိမ်းမြနေတတ်၏။

ထိုဘက်ရှိ ကုန်တိုက်ကြီး ဖွင့်လှစ်ချိန်တွင် ဤလမ်းမကြီးကိုလည်း တရားဝင် ပိတ်လိုက်ပြီး ပြန်လည် တည်ဆောက်ရေး စတင်လိုက်သည်။

မော့ချွမ်းနှင့် အန်နာဂူတို့ တွေ့ဆုံကြပြီး နောက်ဆုံးတွင် သူသည် ကြယ်ရောင်တောက်ပမျိုးမှုန်ကို ထုတ်ယူရန် သဘောတူလိုက်သည်။

အန်နာဂူက သုတေသနအဖွဲ့ကို ဘယ်လို ရှင်းပြလိုက်သည်တော့ မသိသော်လည်း နောက်တစ်နေ့တွင် လူ (၅) ဦးပါသော အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး မော့ချွမ်းနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးကြ၏။

ထို့နောက် သူတို့သည် မော့ချွမ်းကို ဘူမိဗေဒ တက္ကသိုလ် ဓာတ်ခွဲခန်းသို့ ခေါ်သွားကာ သူ၏ တက်တူးထဲမှ မှိုများကို စမ်းသပ်ပြွန်ထဲသို့ ပြောင်းထည့်ရန် ခွဲစိတ်မှုအသေးစားလေး ပြုလုပ်ကြသည်။

အန်နာဂူက သူ့ကို တက္ကသိုလ်အတွင်း လိုက်လံပြသပေးသေး၏။ အမှန်ဆိုလျှင် မော့ချွမ်းမှာ တက္ကသိုလ်တက်ရမည့် အရွယ်ဖြစ်သော်လည်း ကံမကောင်းစွာ သူက စားဖို့သောက်ဖို့ကိုသာ စိတ်ဝင်စားပြီး ကျောင်းဝင်းကြီးကိုမူ လုံးဝ စိတ်မဝင်စားပေ။

မှိုများ မရှိတော့သော အရေပြားမှာ တဖြည်းဖြည်း ချောမွေ့လာပြီး မကြာမီမှာပင် မည်သည့်ခြေရာလက်ရာမှ မမြင်ရတော့ပေ။

သူသည် နှစ်ရက်ခန့် စိတ်ဓာတ်ကျနေပြီး အဝေးကို ငေးကြည့်နေတတ်သော်လည်း နှစ်ရက်သာ ကြာ၏။

ဟွာကျွင်းက သူ့ကို ဘယ်လို ဖျောင်းဖျရမလဲ စဉ်းစားမရသေးမီမှာပင် သူသည် ယခင်အတိုင်း စားဖို့သောက်ဖို့ကိုသာ ပြန်လည် တွေးတောနေပြီဖြစ်သည်။

ထိုနေ့တွင် ဟွာကျွင်းသည် ပေးစာနှစ်စောင် လက်ခံရရှိ၏။

တစ်စောင်မှာ လုမင်လီထံမှ ဖြစ်ပြီး၊ သူသည်လည်း အခြေအနေကို စုံစမ်းရန် စစ်မြင်းမွေးမြူရေးခြံသို့ လူများလွှတ်ထားကြောင်း၊ ၎င်းတို့သည် ဟွာကျွင်း လွှတ်လိုက်သော ဟိုးရပ်စ်မျက်လုံး အဖွဲ့နှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း၊ စိတ်မပူရန် အသိပေးထားသည်။

ထိုအခါမှ ဟွာကျွင်း တကယ် စိတ်အေးသွားတော့သည်။

သူမ၏ အမြင်တွင် ထို (၁၁) ဦးမှာ အထက်တန်းကျောင်းသားအရွယ် ကလေးများသာ ဖြစ်ပြီး ပူးပေါင်းကြံစည်မှုတစ်ခုအတွင်း ပါဝင်ပတ်သက်နေရခြင်းမှာ သူမအတွက် တကယ်ကို စိတ်မသက်မသာ ဖြစ်ရ၏။

အခြားတစ်စောင်မှာ ကျန်းရှီယွဲ့ထံမှ ဖြစ်ပြီး၊ သူမ လွှတ်လိုက်သော လူနှစ်ဦးနှင့် တွေ့ဆုံပြီးဖြစ်ကြောင်း၊ သူ သိသမျှ အားလုံးကို သင်ကြားပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

All Chapters