အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇)
မျိုးနွယ်တူ တက်တူးများ
“သတိထား”
ဟွာကျွင်း အော်ပြောလိုက်သော်လည်း နောက်ကျသွားသည်။ ငရုတ်ဆီပန်းကန်မှာ ပန်ကိတ်ဆိုင်ရှင်၏ နောက်ကျောသို့ တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။
သူ၏ နောက်ကျောတစ်ခုလုံးတွင် နီရဲနေသော ငရုတ်ဆီများ ပေကျံသွားပြီး သူ၏ ဘယ်ဘက်လက်အိတ်ပင်လျှင် ဆီများ စိုရွှဲကုန်၏။
“ဘာတွေလုပ်နေတာလဲ”
ပန်ကိတ်ဆိုင်ရှင်က ဒေါသတကြီး ဆဲဆိုလိုက်သည်။ “နည်းနည်းလေး လွဲသွားရင် ငါ့ခေါင်းကို မှန်တော့မှာ၊ ဒီလောက်တောင် ပေါ့ဆရသလား”
ဟွာရှန့်အဘွားက အထပ်ထပ်အခါခါ တောင်းပန်စကားဆိုရင်း သူ၏ အဝတ်များကို သုတ်ရန် သူမ၏ လက်ကိုင်ပုဝါကို အလောတကြီး ကမ်းပေးလိုက်သည်။
သူသည် လက်ကိုင်ပုဝါကို ယူကာ မြည်တွန်တောက်တီးရင်း ဆီများကို သုတ်နေတော့သည်။ ဟွာကျွင်းသည်လည်း ဆိုင်ရှင်တစ်ဦးအနေဖြင့် အဆက်မပြတ် တောင်းပန်နေရင်း ဆီများပေနေသော လက်အိတ်ကို သုတ်ပေးရန် အခွင့်အရေး ယူလိုက်၏။
“ရှင့်လက်အိတ်မှာ ဆီတွေ အများကြီး ပေနေပြီ။ ကျွန်မကို ပေးပါ၊ လျှော်ပြီးမှ ပြန်ပေးမယ်လေ”
ဟွာကျွင်း စကားမဆုံးခင်မှာပင် သူမက ရုတ်တရက် အားစိုက်လိုက်သည်။ ပန်ကိတ်ဆိုင်ရှင်မှာ လုံးဝ သတိမထားလိုက်မိချိန်တွင် သူမသည် လက်အိတ်တစ်ခုလုံးကို အောင်မြင်စွာ ချွတ်ယူလိုက်နိုင်တော့၏။
ပန်ကိတ်ဆိုင်ရှင်မှာ လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ ပြင်းထန်စွာ တုံ့ပြန်လိုက်ပြီး ဟွာကျွင်း၏ လက်ထဲမှ လက်အိတ်ကို လုယူကာ ပျာပျာသလဲ ပြန်စွပ်လိုက်သည်။
ဟွာကျွင်းက သတိထားပြီး ပြောလိုက်၏။
“စိတ်မရှိပါနဲ့... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး...”
ပန်ကိတ်ဆိုင်ရှင်သည် လက်အိတ်ကို ပြန်စွပ်ပြီးနောက် ဟွာကျွင်းကို ပြောလိုက်သည်။
“ကျွန်တော့်လက်မှာ ဒဏ်ရာဟောင်း ရှိတယ်၊ အဲဒါ လေတိုးလို့ မရဘူး”
ဟွာကျွင်း ထပ်မံ တောင်းပန်လိုက်သည်။
“တကယ်ကို တောင်းပန်ပါတယ်၊ ကျွန်မအမှားပါ။ တကယ်ပါ။ ခွင့်လွှတ်ပါ။ မနက်ဖြန်ကျရင် ကျွန်မဆိုင်ကို လာခဲ့ပါ၊ ခေါက်ဆွဲအေးကို အလကား ကျွေးပါ့မယ်၊ ဗိုက်ဝအောင် စားလို့ရပါတယ်...”
ပန်ကိတ်ဆိုင်ရှင်က ဘာမှထပ်မပြောတော့ဘဲ ပျာပျာသလဲဖြင့် သူ့ဆိုင်ထဲသို့ ပြန်ဝင်သွားတော့သည်။
ဟွာကျွင်း သူမ၏ ဆိုင်သို့ ပြန်ရောက်သောအခါ ဟွာရှန့်အဘွားကို တိုးတိုးလေး မေးလိုက်၏။
“ရလိုက်လား”
ဟွာရှန့်အဘွားက ဖုန်းကို ဟွာကျွင်း၏ လက်ထဲသို့ ပြန်ထည့်ပေးရင်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“ခိုင်းတဲ့အတိုင်း အကုန်လုပ်ခဲ့တယ်။ ခုနက ဒါကို သူ့ရဲ့ ဘယ်ဘက်လက်ဆီပဲ ချိန်ထားတာဆိုတော့ ရလောက်ပါပြီ။”
ဟွာကျွင်း ခေါင်းညိတ်ပြီး ပြော၏။
“ကျွန်မအတွက် ပင်ပန်းသွားပြီနော်၊ ကျေးဇူးတင်ပါတယ်”
ခေါက်ဆွဲအေး နှစ်ပန်းကန်၊ သုံးပန်းကန်စာခန့် ကျန်နေသည်ကို မြင်သောအခါ ဟွာကျွင်းသည် ကျန်ရှိသော သခွားသီးအမျှင်၊ မုန်လာဥနီအမျှင်နှင့် မြေပဲလှော်များ အားလုံးကို ထည့်လိုက်ပြီး အထူးတန်း ခေါက်ဆွဲအေး နှစ်ပန်းကန်ကြီး ပြုလုပ်လိုက်သည်။
သူမသည် တစ်ပန်းကန်ကို ညာဘက်ရှိ သကြားရုပ်ရောင်းသော အဘိုးကို ပေးလိုက်ပြီး၊ နောက်တစ်ပန်းကန်ကို ဘယ်ဘက်ရှိ ငွေထည်လက်ဝတ်ရတနာ ရောင်းသော အစ်မကို ပေးလိုက်ကာ အိမ်နီးချင်းများနှင့် ရင်းနှီးမှု ရယူလိုက်၏။
ဟွာကျွင်းနှင့် ဟွာရှန့်အဘွားတို့သည် ဆိုင်သိမ်းပြီး ပစ္စည်းများကို လက်တွန်းလှည်းပေါ် တင်လိုက်ကြသည်။ ထို့နောက် မြို့ပြင်သို့ အတူတူ တွန်းထွက်လာခဲ့ကြသည်။
လမ်းခုလတ်တွင် ဟွာကျွင်းကို လာကြိုသော မော့ချွမ်းနှင့် တွေ့သဖြင့် သုံးဦးသား အတူတူ အိမ်ပြန်လာခဲ့ကြသည်။
ဆိုင်သို့ ပြန်ရောက်သောအခါ ဟွာကျွင်းသည် သူမ၏ ဖုန်းကို ထုတ်ယူ၍ ဟွာရှန့်အဘွား ရိုက်ထားသော ဗီဒီယိုကို အကြိမ်ကြိမ် ပြန်ကြည့်နေ၏။
ပတ်ဝန်းကျင်မှာ တော်တော်လေး မှောင်နေသဖြင့် ဗီဒီယိုမှာ သိပ်မရှင်းပေ။ ဟွာကျွင်းမှာ အချိန်အတန်ကြာအောင် ကြည့်ပြီးမှ နောက်ဆုံးတွင် လျှို့ဝှက်ချက်ကို ရှာတွေ့သွားတော့သည်။
တုန်ခါနေသော ဗီဒီယိုထဲတွင် ပန်ကိတ်ဆိုင်ရှင်၏ ဘယ်ဘက်လက်ကျောပေါ်၌ အရိပ်တစ်ခု ရှိနေသည်။
ဟွာကျွင်းသည် ဗီဒီယိုကို ခေတ္တရပ်ကာ စခရင်ရှော့ ရိုက်လိုက်သည်။ ထို့နောက် သေချာကြည့်ရန် ပုံကို ချဲ့လိုက်သည်။ ၎င်းက တက်တူးတစ်ခု ဖြစ်နေ၏။
အရောင်နှင့် အရွယ်အစားမှာ မော့ချွမ်း၏ တက်တူးနှင့် ဆင်တူသော်လည်း ပုံစံမှာမူ ကွဲပြားနေသည်။
“မော့ချွမ်း၊ လာကြည့်ပါဦး”
ဟွာကျွင်း မီးဖိုချောင်ဘက်သို့ လှမ်းခေါ်လိုက်သည်။
မော့ချွမ်းက လက်ကိုသုတ်ရင်း မကျေမနပ်ဖြစ်နေသော ပုံစံဖြင့် ထွက်လာ၏။
“ကျွန်တော့် သခင်မလေးရယ်၊ ခင်ဗျားကတော့ ပျော်ခဲ့ပြီးပြီ၊ အခု ပြန်လာတော့လည်း ကျွန်တော့်ကိုပဲ အော်ပြီး ခိုင်းနေတုန်းလား”
စကားမဆုံးခင်မှာပင် သူသည်လည်း ထိုပုံကို သတိထားမိသွားသည်။
“ဒါ... ဒီပုံကို ဘယ်ကရတာလဲ”
“ဘယ်လိုလဲ၊ ရှင့်ရဲ့ တက်တူးနဲ့ အရမ်းတူတယ် မဟုတ်လား”
“ခင်ဗျား မျက်လုံးတွေကလည်း မသေးပါဘူး၊ ဘာလို့ ရှင်းရှင်းလင်းလင်း မမြင်ရတာလဲ။ ဒါက ကျွန်တော့်ဟာနဲ့ လုံးဝကွဲပြားတယ်၊ ကျွန်တော့်ဟာက ကြယ်နဲ့လ၊ သူ့ရဲ့ ကင်းခြေများ အမြီးကတော့ ကြည့်ရတာ အရမ်း ရုပ်ဆိုးတယ်၊ ခင်ဗျားမှာ အလှအပဆိုင်ရာ ခံစားမှု လုံးဝမရှိဘူးပဲ”
ဟွာကျွင်း တိုးတိုးလေး ရေရွတ်လိုက်၏။
“ရှင်းနေတာပဲ၊ အဲဒါက မျိုးနွယ်တူ တက်တူးတွေပဲဟာ”
မော့ချွမ်းက မေးလိုက်၏။
“ဒါကို ဘယ်နေရာက ရိုက်ခဲ့တာလဲဆိုတာ ကျွန်တော့်ကို မပြောရသေးဘူးနော်”
ဟွာကျွင်းသည် ထိုညနေက ဈေးထဲတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို တစ်ခုမကျန် မော့ချွမ်းအား ပြန်ပြောပြလိုက်သည်။
မော့ချွမ်း၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး သူ၏ ဂုတ်ပေါ်တွင် ချွေးအေးများ စီးကျလာသည်ကို ခံစားလိုက်ရ၏။
“ခင်ဗျား ဒီလို စွန့်စားမှုမျိုး မလုပ်သင့်ဘူး။ ဒါက နန်းတွင်းက လူတွေရဲ့ ‘ဝံပုလွေ ကင်းမြီးကောက်’ တံဆိပ်ပဲ”
“နန်းတွင်းလား”
“မြောက်ပိုင်းနယ်မြေရဲ့ အရှင်သခင်ဖြစ်တဲ့ တိရှိုးပဲ”
“ရှင် သေချာလို့လား”
မော့ချွမ်း မျက်လုံးလှန်ပြလိုက်သည်။
“သေချာတာမှ (၁၀၀) ရာခိုင်နှုန်းပဲ၊ ကျွန်တော် မှားစရာ အကြောင်းမရှိဘူး”
“သူတို့က မြို့ထဲမှာ ဘယ်လိုဖြစ်ပြီး ပေါ်လာတာလဲ၊ ပြီးတော့ အဲဒီလူက ပန်ကိတ်ဆိုင်တောင် ဖွင့်ထားသေးတယ်”
“ပန်ကိတ်ဆိုင် ဖွင့်ထားတယ်”
မော့ချွမ်း လှောင်ရယ်လိုက်၏။
“အဲဒီလူတွေက လူသားစား ပေါက်စီဆိုင် ဖွင့်တာမျိုးနဲ့ ပိုတူလိမ့်မယ်...”
ဟွာကျွင်းက စဉ်းစားမရဖြစ်နေသည်။ “တကယ်လို့ သူတို့က စစ်ရေးသတင်းတွေ လာစုဆောင်းတာဆိုရင်ကော၊ ဒါပေမဲ့ ဒါက မြို့တော်မှ မဟုတ်တာ၊ ဘာတွေကို လာစုံစမ်းတာလဲ”
မော့ချွမ်းလည်း အတွင်းရေးကို မသိသဖြင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ မနက်ဖြန်ကစပြီး အဲဒီနားကို မသွားနဲ့တော့။ ပြဿနာ မရှာနဲ့”
“မဖြစ်ဘူး”
ဟွာကျွင်းက စာရွက်နှင့် ဘောပင်ကို ဆွဲယူလိုက်သည်။ “ဒါကို လုမင်လီကို အသိပေးရမယ်”
မော့ချွမ်းက ခေတ္တစဉ်းစားပြီးနောက် ပြော၏။
“သူကတော့ သူ့ကိုယ်သူတောင် မနည်း ကာကွယ်နေရတဲ့ အခြေအနေမှာ ရှိနေမှာ”
ဟွာကျွင်းက ရုတ်တရက် ခေါင်းမော့ကြည့်ကာ မေးတော့သည်။
“ရှင် ဘာကို ဆိုလိုတာလဲ”
“သူ မပြန်လာတာ ဒီလောက်တောင် ကြာနေပြီဆိုတာ မထူးဆန်းဘူးလား၊ ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်...”
ဟွာကျွင်း
“ကျွန်မကို အကြာကြီး ရင်မခုန်ခိုင်းနဲ့တော့၊ ပြောပါ”
မော့ချွမ်းက ဟွာကျွင်းကို တစ်ချက်ကြည့်လိုက်၏။
“ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်။နန်းတော်ထဲက အဲဒီလူက... သူ့ကို ဖမ်းထားတာပဲ”
“ဒါပေမဲ့ ကျွန်မ သူ့ဆီက စာ လက်ခံရနေတုန်းပဲလေ”
“အဲဒီစာတွေထဲမှာက သာမညကိစ္စတွေပဲ ပါတာ၊ ဘာမှ သက်သေမပြနိုင်ဘူး။ ဒါပေမဲ့ သူ လောလောဆယ် ဘေးကင်းနေသေးတယ်ဆိုတာကိုတော့ ပြနေတယ်”
ဟွာကျွင်းက သူမလက်နားရှိ စာရွက်ကို ကြည့်လိုက်၏။ “ဒါဆို ဒီစာကို ကျွန်မ ဆက်ရေးသင့်လား”
“ရေးလိုက်ပါ၊ စစ်သူကြီးလုက သူ့အဘိုးအဘွားတွေအိမ်ကို ပို့ခိုင်းတယ် မဟုတ်လား၊ သူ တစ်ခုခုကို ခန့်မှန်းမိလို့ ကြိုတင်ပြင်ဆင်ထားတာလည်း ဖြစ်နိုင်ပါတယ်”
သူက စားပွဲကို ခေါက်ရင်း ဆက်ပြော၏။
“ဒါပေမဲ့ သူ အချိန်မီ ပြန်လာနိုင်မယ်လို့တော့ မျှော်လင့်လို့ မရဘူး။ ကျွန်တော်တို့ လုပ်ရမှာက မြို့ထဲက အဲဒီသူလျှိုတွေနဲ့ ဝေးဝေးနေဖို့ပဲ။ မနက်ဖြန်ကစပြီး လျှောက်မသွားနဲ့တော့”
ဟွာကျွင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ရှင် ပြောတာ မှန်ပါတယ်”
နောက်တစ်နေ့တွင် ဟွာကျွင်းသည် ရေခဲဂျယ်လီ ပြုလုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးကို ပြင်ဆင်ပြီး ဟွာရှန့်အဘွားထံ အပ်နှံလိုက်၏။
ပန်းလက်ဖက်ရည် ရေခဲဂျယ်လီ တစ်ပုံးအပြည့်၊ သကြားညိုရည်၊ ဟော်သွန်းပြား၊ ပိန်းဥလုံး၊ စပျစ်သီးခြောက်၊ မက်မွန်သီးဘူး၊ မြေပဲထောင်း၊ အုန်းဂျယ်လီ၊ သာကူနှင့် ပျားရည်ပဲ တို့ကို တစ်ဘူးစီ ပြင်ဆင်ထားသည်။
ပန်းလက်ဖက်ရည် ရေခဲဂျယ်လီကို ဟွာကျွင်းက ပန်းလက်ဖက်ရည်ကို ကျိုချက်ပြီး ဂျယ်လီမှုန့်ထည့်ကာ သေချာမွှေ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ သူမသည် ၎င်းကို တစ်နေ့နှင့် တစ်ညလုံး ရေခဲသေတ္တာထဲတွင် ထည့်ထားခဲ့၏။
မနေ့ညက စမ်းသပ်ချက်အရ ဟွာကျွင်း ရေခဲနှစ်ဘူးစာလောက် အရည်ပျော်သွားတတ်သည်ကို သိသဖြင့် ရေခဲတုံး အပိုသုံးဘူးကိုပါ ပြင်ဆင်ထားရာ လုံလောက်မည်။
ညနေစောင်းတွင် ဟွာရှန့်အဘွားနှင့် အဘိုးကို ခေါ်ကာ ခေါက်ဆွဲအေးနှင့် ရေခဲဂျယ်လီများကို လက်တွန်းလှည်းပေါ်တင်၍ မြို့ထဲသို့ လျှောက်လှမ်းလာကြသည်။
မော့ချွမ်း လှည်းကို ဆွဲထားပြီး ဟွာကျွင်းကို ရှေ့တစ်လှမ်းမှ မတိုးစေဘဲ မေးတော့၏။
“မနေ့က ကျွန်တော့်ကို ကတိပေးတယ် မဟုတ်လား၊ ဆိုင်မှာပဲ ငြိမ်ငြိမ်လေး နေပါ့မယ်လို့။ ဘာလို့ ကတိဖျက်တာလဲ”
ဟွာကျွင်းက လှည်းကို တွန်းမရသဖြင့် ခါးထောက်ရပ်ကာ မေးလိုက်သည်။
“ကျွန်မ ရှင်ကို ဘာကတိပေးလို့လဲ”
ဟွာကျွင်း ပြောလိုက်၏။
“လုမင်လီကို မျှော်လင့်လို့ မရဘူးဆိုတဲ့ အချက်မှာ ရှင်ပြောတာ မှန်တယ်လို့ ပြောတာပါ။ မြို့ထဲကို မဝင်ဘူးလို့ ကတိမပေးခဲ့ဘူး”
မော့ချွမ်း ဒေါသထွက်သွားသည်။
“ခင်ဗျား ဒါပေမဲ့ မြို့ထဲကို ဝင်လို့မရဘူး။ အဲဒီမှာ အရမ်းအန္တရာယ်များတယ်”
ဟွာကျွင်း
“ကျားတွင်းထဲ မဝင်ဘဲ ကျားသား ဘယ်ရမလဲ၊ ဒီနေ့ ကျွန်မ သွားပြီး စုံစမ်းကြည့်ဦးမယ်၊ တခြား ဘာများ လုပ်လို့ရမလဲဆိုတာ”
မော့ချွမ်း
“ကျွန်တော့် သခင်မလေးရယ်၊ ခင်ဗျားက တိုက်ခိုက်ရေးလည်း မကျွမ်းဘဲ ဘာပြဿနာ သွားရှာဦးမလို့လဲ”
ဟွာကျွင်းသည် သူမ၏ လွယ်အိတ်ကို ဖွင့်ကာ ပစ္စည်းအချို့ကို ထုတ်ပြလိုက်၏။ “ငရုတ်ကောင်းစပရေး၊ ငရုတ်ရည်၊ လျှပ်စစ်တုတ်၊ ဓားမြှောင်။ လိုတာရှိသေးလား”
မော့ချွမ်းသည် သူမကို တား၍ မရနိုင်မှန်း သိလိုက်သဖြင့် လွှတ်ပေးလိုက်ရတော့သည်။
“အချိန်တန်ရင် ကျွန်တော် လာကြိုမယ်။ လျှောက်မသွားနဲ့နော်”