← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈)

ရေခဲဂျယ်လီ ရောင်းချခြင်း

လက်တွန်းလှည်းလေးမှာ ကျောက်ပြားလမ်းပေါ်တွင် တလိမ့်လိမ့်ဖြင့် မနေ့ညက ဆိုင်ဖွင့်ခဲ့သည့် နေရာဟောင်းသို့ ဦးတည်လာသည်။

ယနေ့တွင် သူတို့ အနည်းငယ် နောက်ကျသွားသဖြင့် လမ်းဘေးဈေးတန်းမှာ ဆိုင်များ ခင်းကျင်းပြီးနေပြီ ဖြစ်သည်။ ဟွာကျွင်း လာသည်ကို မြင်သောအခါ သကြားရုပ်ရောင်းသည့် အဘိုးအိုက အပြေးအလွှား နှုတ်ဆက်၏။

“ခေါက်ဆွဲအေးရောင်းတဲ့ မိန်းကလေး၊ ကျွန်တော် ခင်ဗျားအတွက် နေရာဖယ်ထားပေးတယ်”

ထိုသို့ပြောကာ သူ့ဆိုင်ကို ဘေးသို့ နှစ်မီတာခန့် တိုးပေးလိုက်သည်။

အခြားတစ်ဖက်မှ ငွေထည်ရောင်းသည့် အမျိုးသမီးကလည်း နေရာဖယ်ပေးရန် ပြင်ဆင်သော်လည်း ဟွာကျွင်းက လက်ကာပြလိုက်၏။

“ကျေးဇူးတင်ပါတယ်၊ ဒီလောက်ဆို လုံလောက်ပါပြီ။”

“ဒါပေမဲ့...”

ထိုအမျိုးသမီးမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ဟွာကျွင်း၏ လှည်းပေါ်ရှိ ပစ္စည်းများကို ကြည့်ရသည်မှာ ဤနေရာလေးဖြင့် မလောက်နိုင်မှန်း သိသာလှ၏။

ဟွာကျွင်းက သူမကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ခေါက်ဆွဲအေးဆိုင်အတွက်ပဲ ဒီမှာ နေရာယူမှာပါ”

သူမ စကားပြောနေစဉ်မှာပင် ဟွာရှန့်အဘိုးနှင့် အဘွားတို့က ဆိုင်ကို အမြန်ခင်းကျင်းလိုက်ကြသည်။ ဟွာကျွင်းက ခေါက်ဆွဲအေး ငါးပန်းကန်ကို ချက်ချင်းလုပ်လိုက်ပြီး ငရုတ်ဆီများကို ရက်ရက်ရောရော ဆမ်းပေးလိုက်သည်။

သူမသည် လင်ဗန်းတစ်ခုကို ထုတ်ကာ ခေါက်ဆွဲအေးများကို တင်၍ ပန်ကိတ်ဆိုင် တံခါးဝသို့ သွားကာ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

“ဘယ်သူလဲ” ခပ်အုပ်အုပ် အမျိုးသားအသံတစ်သံ အတွင်းမှ ထွက်လာသည်။

“မင်္ဂလာပါ၊ ကျွန်မ ကျောက်ဂျယ်လီ ရောင်းတဲ့သူပါ။ မနေ့က ရှင့်အင်္ကျီကို မတော်တဆ ပေကျံသွားအောင် လုပ်မိလို့၊ ဒီနေ့ တောင်းပန်တဲ့အနေနဲ့ အထူးလုပ်ပေးထားတဲ့ ခေါက်ဆွဲအေးအချို့ လာပေးတာပါရှင်”

ဟွာကျွင်းသည် သူမ လေသံကို အတတ်နိုင်ဆုံး ရိုးသားဟန် ပေါက်အောင် ကြိုးစားပြောလိုက်၏။

တံခါးအတွင်းမှ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ‘ကျွိ’ ဟူသော အသံနှင့်အတူ တံခါးမှာ အနည်းငယ် ပွင့်လာသည်။ ပန်ကိတ်ဆိုင်ရှင်က ခေါင်းပြူထွက်လာပြီး ဟွာကျွင်းလက်ထဲရှိ လင်ဗန်းကို စူးစိုက်ကြည့်လိုက်သည်။

“ကျွန်တော့်ကိုပဲ ပေးလိုက်”

သူ တိုတိုတုတ်တုတ် ပြော၏။

ဟွာကျွင်းက လင်ဗန်းကို အမြန်ကမ်းပေးရင်း ပြုံးလျက် ပြန်ပြောလိုက်သည်။

“ရှင့်အတွက် ငါးပန်းကန် ပြင်ပေးထားပါတယ်၊ အကုန်လုံးကို ငရုတ်ဆီနဲ့ အမဲသားနှပ်တွေ အများကြီး ထည့်ပေးထားတယ်။ ရှင့်စိတ်တိုင်းကျဖြစ်မယ်လို့ မျှော်လင့်ပါတယ်”

ဆိုင်ရှင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွား၏။ သူသည် လင်ဗန်းကို လှမ်းယူကာ ပြောလိုက်သည်။

“ပန်းကန်တွေကိုတော့ နောက်မှ ပြန်ပေးမယ်”

ထိုသို့ ပြောရင်း ပခုံးဖြင့် တံခါးကို ပိတ်ရန် ပြင်၏။

“နေဦးရှင်”

ဟွာကျွင်းက သူ့ကို အမြန်လှမ်းခေါ်လိုက်သည်။ “နောက်ထပ် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ”

သူမသည် ခေါက်ဆွဲအေးဆိုင်ကို တစ်ချက်ညွှန်ပြပြီးနောက် ပန်ကိတ်ဆိုင် အဝင်ဝရှိ ထောင့်လေးကို ညွှန်ပြကာ တောက်ပစွာ ပြုံးလျက် ပြောတော့သည်။

“ဒီနေ့ ကျွန်မ ရေခဲဂျယ်လီဆိုင်လေးလည်း ထပ်ဖွင့်ချင်လို့ပါ၊ ဒါပေမဲ့ လမ်းပေါ်မှာ နေရာမရှိတော့လို့။ ဒီနေရာလေးမှာ ပါဆယ်ရောင်းဖို့အတွက် ခဏလောက် ငှားလို့ရမလားဟင်၊ ဒီနားလေးတင်ဆိုတော့ ရှင့်စီးပွားရေးကိုလည်း မထိခိုက်စေပါဘူး”

ဆိုင်ရှင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ တကယ်ပင် လမ်းမတစ်ခုလုံးတွင် သူ့ဆိုင်ရှေ့၌သာ နေရာလွတ် ရှိတော့၏။ သူ ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ပြသည်။

“နည်းနည်းဝေးဝေးမှာ ခင်းလိုက်”

ပြောပြီးသည်နှင့် သူသည် ဆိုင်ထဲသို့ ပြန်ဝင်သွားတော့သည်။

“ကျေးဇူးတင်ပါတယ် ရှင်”

ဟွာကျွင်းသည် သက်ပြင်းချကာ ဟွာရှန့်အဘိုးကို အမြန်လှမ်းခေါ်လိုက်သည်။ သူတို့နှစ်ဦးသည် ရေခဲဂျယ်လီဆိုင်ကို အမြန်ခင်းကျင်းလိုက်ကြသည်။

တစ်မီတာခန့်ရှည်သော ကောင်တာပေါ်တွင် ပါဝင်ပစ္စည်းမျိုးစုံ ထည့်ထားသည့် အပြာရောင် ပန်းကန်ငယ်လေး တစ်ဒါဇင်ခန့် ရှိနေသည်။

ပျစ်နှစ်နေသော သကြားညိုရည်၊ ပတ္တမြားကဲ့သို့ နီရဲနေသော ဟော်သွန်းသီးအဖတ်များ၊ ပုလဲလုံးလေးများကဲ့သို့ ပိန်းဥလုံးများ၊ ဆီဥခဲကဲ့သို့ ဖြူဖွေးနေသော အုန်းဂျယ်လီ၊ ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသော သာကူနှင့် မွှေးရနံ့သင်းပျံ့နေသော ပျားရည်များ။

စားပွဲပေါ်တွင် ချစ်စရာကောင်းသော ပန်ဒါရုပ် ကြွေထည် ပိုက်ဆံစုဘူးလေး တစ်ခုလည်း ရှိ၏။ ၎င်း၏ ဘေးဘက်တွင် စာရွက်တစ်ရွက် ကပ်ထားသည်။

ကြေးပြား (၁၀)ပြား ပေးလျှင် ပါဝင်ပစ္စည်း (၅) မျိုး စိတ်ကြိုက် ရွေးချယ်နိုင်သည်

ထိုပန်ဒါရုပ်မှာ ကြီးမားပုံရသော်လည်း အထဲတွင် ကြေးပြားများစွာ ဆံ့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းအတွင်း၌ လက်ကိုင်ဖုန်းတစ်လုံးကို ဝှက်ထားသောကြောင့် ဖြစ်၏။

ဗီဒီယို ရိုက်ကူးသည့်စနစ်ကို ဖွင့်ထားပြီးဖြစ်ရာ ဟွာကျွင်းသည် ပန်ဒါရုပ်၏ မျက်နှာကို ပန်ကိတ်ဆိုင်၏ အဓိက တံခါးမကြီးဘက်သို့ တည့်တည့်ချိန်ထားလိုက်သည်။

“လတ်လတ်ဆတ်ဆတ် ရေခဲဂျယ်လီ ရပါပြီရှင်၊ တစ်ပန်းကန် ကြေးပြား (၁၀) ပြားပါ၊ ပါဝင်ပစ္စည်းတွေကို စိတ်ကြိုက်ရွေးလို့ ရပါတယ်”

သူမသည် ကြိုတင်ပြင်ဆင်ထားသော စကားလုံးများကို အသံခြောက်ကပ်ကပ်ဖြင့် အော်ဟစ်နေသော်လည်း မျက်လုံးများကမူ ပန်ကိတ်ဆိုင်ဆီသို့သာ စူးစိုက်ထား၏။

သူမ၏ အော်သံမှာ တဖြည်းဖြည်း တိုးသွားကာ တိတ်ဆိတ်ခြင်းသို့ ပြောင်းလဲသွားတော့သည်။

ယနေ့တွင် ခြယ်သပစ္စည်းဆိုင် ၌ ဖောက်သည် သိပ်မရှိသဖြင့် ဟွေ့ချွန်းနှင့် အခြားညီအစ်မအချို့သည် ဆိုင်ရှင်ထံမှ ခွင့်ယူကာ ဈေးတန်းသို့ ထွက်လာခဲ့ကြသည်။

သူတို့ သုံးဦးသား စကားပြောရယ်မောရင်း လမ်းအတိုင်း လျှောက်လာကြ၏။ မျက်စိလျှင်သော ဟွေ့ချွန်းသည် အဝေးမှပင် ဟွာကျွင်း၏ ရေခဲဂျယ်လီဆိုင်ကို လှမ်းမြင်လိုက်သည်။

စားပွဲပေါ်ရှိ ပါဝင်ပစ္စည်းမျိုးစုံမှာ မီးအိမ်ရောင်အောက်တွင် ကျောက်မျက်ရတနာများကဲ့သို့ တဖိတ်ဖိတ် တောက်ပနေကြ၏။ ဟွေ့ချွန်းမှာ ထိုမြင်ကွင်းကို ခဏတာ ငေးမောသွားမိသည်။

ဆိုင်မှ မိန်းကလေးမှာ ပို၍ ထူးဆန်းနေ၏။ သူမသည် ဆိုင်ခင်းထားသော်လည်း သူမ၏ မျက်လုံးများက ဘေးဘက်ရှိ အရာတစ်ခုကိုသာ စူးစိုက်ကြည့်နေသည်။ ဟွေ့ချွန်း ဆိုင်ရှေ့သို့ ရောက်နေသည်တောင် သူမက နှုတ်မဆက်ပေ။

ဟွေ့ချွန်းသည် စားပွဲပေါ်ရှိ ပန်ဒါရုပ်လေးတွင် ကပ်ထားသော စာရွက်ကို သတိရကာ မေးလိုက်၏။

“စိတ်မရှိပါနဲ့... ဒါက တကယ်ပဲ ကိုယ်တိုင် ထည့်ရတာလား”

ဟွာကျွင်းသည် သတိပြန်ဝင်လာပြီး ပြုံးလျက် ပြန်ဖြေသည်။

“ဟုတ်ကဲ့ရှင်၊ ရှင့်စိတ်ကြိုက် (၅) မျိုးကို ပြောပြပါ၊ ကျွန်မ ထည့်ပေးပါ့မယ်”

ဟွေ့ချွန်းမှာ ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်သေးပေ။ ဤကဲ့သို့ တဖိတ်ဖိတ်တောက်နေသော ပါဝင်ပစ္စည်းများကို သူမ တစ်ခါမှ မမြင်ဖူးချေ။ သူမ ဟွာကျွင်းကို မော့ကြည့်လိုက်သော်လည်း ဟွာကျွင်းက ရှင်းပြမည့်ပုံ မပေါ်ပေ။

ထို့ကြောင့် ဟွေ့ချွန်းသည် သူမ စိတ်ကြိုက် အရာအချို့ကို လက်ညှိုးထိုးပြလိုက်၏။

“ဒါဆိုရင်... ဒါလေးတွေပဲ ယူမယ်”

ရှေ့သို့ အနည်းငယ်ရောက်နေသော သူမ၏ သူငယ်ချင်းများမှာ ဟွေ့ချွန်း ကျန်ရစ်ခဲ့သည်ကို အခုမှ သတိထားမိကြသည်။ သူတို့ ပြန်လာသောအခါ သူမ အစားအသောက် ဝယ်နေသည်ကို တွေ့လိုက်ရသည်။

“ဒါ ဘာအသစ်အဆန်းလဲ”

သူငယ်ချင်းတစ်ဦးက သိချင်စိတ်ဖြင့် အနားတိုးကြည့်၏။ “ကြေးပြား (၁၀) ပြားတောင် ပေးရတာလား”

အခြားသူငယ်ချင်းတစ်ဦးက ဆူပူလိုက်သည်။

“နင်ကလည်း လစာထုတ်ပြီးတာနဲ့ အလကား ဖြုန်းနေပြန်ပြီ။ ပြီးခဲ့တဲ့လကလို ငါတို့ဆီက ပိုက်ဆံ ပြန်ချေးနေရဦးမယ်”

“ကြေးပြား(၁၀) ပြားက ဘာများလဲ၊ ကြည့်ဦး၊ ဒီအစားအသောက်တွေက ဘယ်လောက်တောင် လက်ရာမြောက်လဲ”

ဟွေ့ချွန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ဟွာကျွင်း၏ အာရုံမှာ ပန်ကိတ်ဆိုင်ဆီသို့ ရောက်နေသော်လည်း သူမ၏ လက်လှုပ်ရှားမှုမှာ သွက်လက်လှ၏။ သူမသည် ရေခဲဂျယ်လီတစ်ပန်းကန်ကို ခပ်ထည့်လိုက်ပြီး ပါဝင်ပစ္စည်းများကို ရက်ရက်ရောရော ထည့်ပေးလိုက်သည်။

“ဟော်သွန်းသီးဖတ်၊ ပိန်းဥလုံးလေးတွေ၊ ပျားရည်၊ ပေါက်ကွဲဘိုဘာနဲ့ မက်မွန်သီး။ ရှင့်ရဲ့ ရေခဲဂျယ်လီ ရပါပြီ”

ဟွေ့ချွန်းက ကြေးပြားများကို ကောင်တာပေါ်တင်ကာ ကျေးဇူးတင်စကားပြောပြီးနောက် ရေခဲဂျယ်လီကို ယူ၍ ထွက်ခွာသွားသည်။

ဟွာကျွင်းသည် ပန်ကိတ်ဆိုင် တံခါးကို တစ်ချက်ဝေ့ကြည့်ရင်း ကြေးပြားများကို ပန်ဒါစုဘူးထဲသို့ တစ်ပြားချင်း ထည့်လိုက်သည်။

ဟွေ့ချွန်းသည် ပန်းကန်ကို သေချာကိုင်ကာ လမ်းကြားအနောက်ဘက်သို့ အမြန်လျှောက်သွား၏။ ဆိတ်ငြိမ်သော နံရံတစ်ခုဘေးတွင် ရပ်လိုက်ပြီးမှ သူမ၏ အစားအသောက်ကို စတင်ခံစားတော့သည်။

ပါဝင်ပစ္စည်းမျိုးစုံမှာ တောင်ကုန်းလေးတစ်ခုကဲ့သို့ မြင့်တက်နေသည်။ ကြွေဇွန်းလေးဖြင့် ရေခဲဂျယ်လီကို ခပ်လိုက်ရာ အရောင်စုံ ပါဝင်ပစ္စည်းများ ပါလာ၏။ လမ်းဘေးမှ လရောင် ကျရောက်နေသဖြင့် ဖန်သားပြင်ကဲ့သို့ တောက်ပနေသည်။

၎င်းသည် သူမ အမေ ပြောပြဖူးသော အင်မော်တယ်များ စားသည့် နတ်သုဒ္ဓါနှင့် တူသည်ဟု သူမ တွေးမိ၏။

ဇွန်းကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အေးမြမှုမှာ ခေါင်းထဲသို့ စိမ့်ဝင်သွားသည်။ သကြားညို၏ အချိုနံ့နှင့် ဟော်သွန်းသီး၏ အချဉ်နံ့မှာ သိသိသာသာ ပေါ်လွင်နေပြီး၊ သေချာမြည်းကြည့်မှသာ အုန်းဂျယ်လီနှင့် နို့နံ့သင်းသင်းလေးကို ခံစားရ၏။

ဂျုံစေးကဲ့သို့ စေးပိုင်နေသော ပိန်းဥလုံးများနှင့် နူးညံ့လှသော ပျားရည်များ။

ဟွေ့ချွန်းမှာ မျက်လုံးလေးမှိတ်ကာ အရသာခံစားနေပြီး ကြေးပြား (၁၀) ပြား ပေးရသည်မှာ တန်သည်ဟု ခံစားလိုက်ရသည်။

သူမ၏ သူငယ်ချင်း နှစ်ဦးမှာလည်း လိုက်လာကြ၏။ စုအယ်က ပန်းကန်ကို ကိုင်ထားသော ဟွေ့ချွန်းကို အရင်ဆုံး တွေ့လိုက်ရသည်။

“နင် ဘာဖြစ်နေတာလဲ”

စုအယ်က ညည်းတွားရင်း အနားသို့ တိုးလာသ၏။ သို့သော် ဟွေ့ချွန်းက သူမကို ဂရုမစိုက်ဘဲ နောက်ထပ် တစ်ဇွန်းကို အားရပါးရ စားနေသည်ကို မြင်လိုက်ရသည်။

ယုရုံက အုန်းနံ့ကို ရသဖြင့် မနေနိုင်ဘဲ လက်ကမ်းလိုက်၏။

“ငါ့ကို တစ်လုပ်လောက် မြည်းခွင့်ပေးပါဦး”

ဟွေ့ချွန်းက သူမ၏ကိုယ်ကို ကာကွယ်လိုက်ရင်း ပါးစပ်ထဲရှိ ဘိုဘာများကို တဖြောင်းဖြောင်း ဝါးနေသည်။

ဤရုတ်ရုတ်သည်းသည်းဖြစ်မှုက အခြားသူများကို ပို၍ သိချင်စိတ် ဖြစ်စေ၏။ စုအယ် ပြောလိုက်သည်။

“ကြေးပြား(၁၀) ပြားပေးရတဲ့ အချိုရည်က ဘယ်လောက်တန်လဲဆိုတာ ကြည့်ရသေးတာပေါ့”

ပြောပြီးသည်နှင့် သူတို့နှစ်ဦးမှာ ဟွေ့ချွန်းကို ဝိုင်းထားလိုက်ကြသည်။

ဟွေ့ချွန်းသည် မတတ်သာဘဲ ကြွေဇွန်းကို ကမ်းပေးလိုက်ရ၏။ ယုရုံက လက်သည်းခွံခန့်ရှိသော ရေခဲဂျယ်လီကို ခပ်ယူကာ မြည်းကြည့်ပြီးနောက် ဇွန်းကို စုအယ်ထံ ပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင် ယုရုံ၏ မျက်လုံးများ ပြူးသွား၏။ ချောမွေ့သော ရေခဲဂျယ်လီနှင့် သကြားညိုရည်တို့သည် လျှာပေါ်တွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားရပြီး အေးမြမှုမှာ လည်ချောင်းထဲအထိ စိမ့်ဝင်သွားသည်။

သူမသည် ဇွန်းကို ပြန်လုရန် ကြိုးစားသော်လည်း စုအယ်က ဇွန်းကို မြဲမြံစွာကိုင်ထားပြီး လက်မောင်းဖြင့် ကာလျက် အားရပါးရ သုံးလုပ်ခန့် ခပ်စားလိုက်သည်။

၎င်းကို မြင်သောအခါ ဟွေ့ချွန်း ခြေဆောင့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောတော့၏။

“နင်တို့... နင်တို့...ငါ့အတွက် ချန်ဦးလေ”

သူမ မျက်နှာထက် ပို၍ ပြောင်စင်သွားသော ပန်းကန်အလွတ်ကို ကြည့်ရင်း ဟွေ့ချွန်းမှာ ငိုချင်သလို ဖြစ်သွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမသည် ဈေးဘက်သို့ လှည့်၍ အပြေးအလွှား သွားတော့သည်။

“ဆိုင်ရှင်က ငါတို့ကို နာရီဝက်ပဲ ပေးထားတာ၊ အခု (၁၅) မိနစ်ပဲ ကျန်တော့တယ်”

သူတို့ သုံးဦးသည် လမ်းကြားထဲတွင် ဂါဝန်ကို မလျက် ပြေးလွှားနေကြသဖြင့် လမ်းသွားလမ်းလာများမှာ တအံ့တဩ ငေးကြည့်နေကြတော့၏။

“ဘယ်က မိန်းကလေးတွေ ဒီလောက်တောင် မြန်မြန်ပြေးနေကြတာလဲ၊ ဘာတွေ သွားဝယ်ကြမလို့လဲ”

All Chapters