← Chapters

ရန်သူနှင့်ကြုံတွေ့ရခြင်း

Vol. 002 Ch. 75

ရန်သူနှင့်ကြုံတွေ့ရခြင်း

Vol. 002 Ch. 75

လျိုစန်းနှင့် သူ့အဖွဲ့ကလည်း အံ့ဩနေကြသည်။ သက်လတ်ပိုင်း လူကြီး၏ ထိုကဲ့သို့သော အမူအရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လျိုစန်းက ဝမ်လင်းနှင့် ဝေးရာသို့ ခြေလှမ်း အနည်းငယ် မသိမသာ ဆုတ်လိုက်ပြီး ဆရာဝမ်ကို မေးလိုက်သည်…

“ဆရာ… ဒီညီငယ်လေးနဲ့ ပတ်သက်ပြီး ဘာတွေ့လို့လဲ… ငါတို့ကြောင့် သူလည်း သွေးရောင် လှမ်းတဲ့ အန္တရာယ်နဲ့ ကြုံတွေ့ ရမှာလား… “

ဝမ်လင်းကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ သူက စစ်ထူနန်၏ ပျင်းရိပျင်းတွဲ စကားသံ ကို ကြားလိုက်ရသဖြင့် သက်လတ်ပိုင်း လူကြီးကို ကြည့်ရုံသာ ကြည့်လိုက်ပြီး ဘာစကားမှ မပြောချေ။

“ဒီကောင်လေးက စိတ်ဝင်စားဖို့ ကောင်းတယ်… သူ့ရဲ့ အနာဂတ်ဟောတဲ့ ပညာက တစ်ကယ်ပဲ ကောင်းတယ်… အဲဒီပညာက သာမန်လူတွေကို ကြည့်တဲ့ အချိန်ပဲ သူတို့ရဲ့ အနာဂတ်ကို မြင်ရတာ… ငါတို့လို ကျင့်ကြံသူတွေကို လာကြည့်ရင်တော့ ရေပေါ်မှာ အရုပ် ဆွဲသလို ဖြစ်နေမှာပဲ… ဂိုဏ်းတစ်ခု လုံးကို သုတ်သင်နေတဲ့ ငါ့ရဲ့မှတ်ဉာဏ် တချို့ကိုပဲ သူ့ကို ပြလိုက်တာပါ… သူက အဲဒါကို ခံနိုင်ရည် မရှိဘူး… “

အသက်တစ်ခါ ရှူလိုက်တိုင်း သက်လက်ပိုင်း လူကြီးထံမှ ချွေးများက ပိုမို ထွက်လာပြီး ဝမ်လင်းကို ကြည့်နေသည့် သူ့အကြည့်များက တည်ငြိမ် မနေနိုင်တော့ချေ။ သူ့အကြည့်များတွင် ကြောက်လန့်ခြင်းများ ပြည့်နေပြီး လျိုစန်း၏ စကားကို ကြားလိုက်ရသောအခါ သူက ချက်ချင်း ပြောလိုက်သည်…

“ဒီညီလေးနဲ့ ဘာမှမဆိုင်ပါဘူး… ငါ့ရဲ့ ပညာက နိမ့်သေးတော့ မြင်အောင် မကြည့်နိုင်ခဲ့ဘူး… ငါ မြင်အောင် မကြည့်နိုင်ခဲ့ဘူး… “

သူက ခါးသက်သက် အမူအရာဖြင့် စကားကို ထပ်ကာထပ်ကာ ပြောလိုက်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ အလွန်ထိတ်လန့် မှင်တက်သွားရသည်။ မြင်လိုက် ရသည်က သာမန် မြင်ကွင်းမျိုး မဟုတ်ပေ။ သွေးများဖြင့် နေရာအနှံ့ ဖုံးလွှမ်းနေပြီ… ထိုနေရာတွင် ရှိနေသည့် လူများကလည်း သာမန်သေမျိုး လူသားများ မဟုတ်ကြချေ။ သူတို့က လေပေါ်တွင် ပျံဝဲနေကြပြီး တောင်များကိုလည်း ဖျက်ဆီးနေကြ၏။ ရှေ့ဖြစ်ဟော ပညာရပ်ကို သင်ယူခဲ့သည့် အချိန်ကတည်းက သက်လတ်ပိုင်း လူကြီးသည် ဤကမ္ဘာပေါ်တွင် အင်မော်တယ်များ ရှိသည်ကို သိထား၏။ ထို့ကြောင့် အင်မော်တယ်များ ကြားတွင် သူ ပါဝင် မပက်သတ်လိုပေ။ မဟုတ်လျှင် သူ သေဆုံး သွားရပေလိမ့်မည်။

လျိုစန်းက မျက်မှောင်ကြုတ်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သည့် အချိန်တွင် စူးစူးဝါးဝါး အော်ဟစ်သံကြီးကို ကြားလိုက်ရ၏။ ဦးခေါင်းပြတ်တစ်လုံးက လေထဲသို့ ပျံဝဲလာပြီး မြေပြင်ပေါ်သို့ ကျကာ လိမ့်သွားပြီး မီးပုံဘေးတွင် ရပ်တန့်သွားသည်။

လျိုစန်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားကာ ချက်ချင်း ထရပ်လိုက်၏။ သူက ထိုဦးခေါင်း ပိုင်ရှင်သည် ကင်းလှည့်နေသည့် လူစုထဲမှ တစ်ယောက် ဖြစ်သည်ကို သူ မှတ်မိ၏။

ယန်စန်းက ဦးခေါင်းကို ဆွဲယူလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်…

“အားကုံး… ငါ မင်းအတွက် လက်စားချေပေးပါ့မယ်… “

အစောင့်များ အားလုံးက သူတို့၏ လက်နက်များကို ထုတ်ယူ လိုက်ကြ၏။

မျက်နှာမည်းနှင့် လူကြီးက လျိုစန်းဘေးတွင် လာရပ်ပြီး မေးလိုက်သည်…

“မင်း ဘယ်သူလဲ… ကြည့်ရတာ မင်းတို့ကောင်တွေက စည်းမျဉ်းတွေကို နားမလည်ဘူး ထင်တယ်… “

အဝေးမှ လှောင်ပြောင် ရယ်မောသံ တစ်ခု ထွက်ပေါ်လာသည်။ တရှဲရှဲ မြည်သံများ ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်လူ ဒါဇင်များစွာ မြေကြီးထဲမှ ထွက်ပေါ်လာသည်။ သူတို့က လူတိုင်း ကို စိုက်ကြည့်ပြီး သူတို့၏ အင်္ကျီများကို ဖုန်ခါ လိုက်ကြ၏။

“တောင်ခွဲလက်ဝါး လျိုစန်း… ပစ္စည်းကို ငါတို့လက်ထဲ အပ်လိုက်ပါ… ဒါဆို ငါတို့ ချက်ချင်း ထွက်သွားပေးမယ်… မပေးဘူး ဆိုရင်တော့ ဒီမှာရှိတဲ့ လူအားလုံး သေရလိမ့်မယ်… “

ဝတ်စုံနက် အုပ်စုထဲမှ ပိန်ကပ်ကပ် အဘိုးအိုတစ်ယောက်က ခြိမ်းခြောက်စကား ဆိုရင်း ရှေ့သို့ ထွက်လာသည်။

လျိုစန်း၏ မျက်နှာက ရေကဲ့သို့ တည်ငြိမ်နေပြီး ပြောလိုက်သည်…

“ဘယ်သူများလဲ မှတ်တယ်… လင်းတ အစောင့်အရှောက် အဖွဲ့ကပဲ… “

ထိုအဘိုးအိုက ရယ်မောလိုက်သည်…

“ရောင်းရင်းလျို… အရေး မပါတာတွေ ပြောမနေပါနဲ့… မင်းရဲ့ ဧရာမ အစောင့်အရှောက် အဖွဲ့က နှစ်(၆၀၀) ဂျင်ဆင်းကို လျှို့ဝှက်ပြီး သယ်လာတာ ငါ သိပြီးပြီ… ဂျင်ဆင်းကို လက်ထဲအပ်ရင် မင်းတို့ အသက် ရှင်ရမယ်… မင်းရဲ့အသက်ကို အန္တရာယ်အဖြစ် မခံပါနဲ့ကွာ… “

လျိုစန်း မျက်မှောင် ကြုတ်သွား၏။ သူက ဘေးပတ်ပတ်လည်မှ လူများကို ကြည့်ပြီး တွေးလိုက်သည်…

‘လင်းတအဖွဲ့က ငါ ဂျင်းဆင်း သယ်လာတာကို ဘယ်လိုသိသွားတာလဲ… ကြည့်ရတာ အဖွဲ့ထဲမှာ လောဘကြီးတဲ့ နှလုံးသားနဲ့ လူတွေ ရှိနေတယ် ထင်တယ်… ‘

ထို့သို့ တွေးပြီးနောက် သူ့အကြည့်က ဝမ်လင်းထံသို့ ရောက်သွားပြီး သရော်ပြုံး ပြုံးလိုက်၏။

သူက မျက်နှာမည်းနှင့် လူကြီးကို ဝေ့ကြည့်လိုက်ပြီး လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တစ်လုံးချင်း ပြောလိုက်သည်…

“ငါ့မှာ ဂျင်ဆင်း ရှိတာပဲ ဖြစ်ဖြစ် မရှိတာပဲ ဖြစ်ဖြစ် မင်းရဲ့ နိမ့်ကျတဲ့ သိုင်းပညာလောက်နဲ့ ငါ့ဆီက လုနိုင်မယ် ထင်နေတာလား… “

မျက်နှာမည်းနှင့်လူကြီးက လျိုစန်းထံမှ အချက်ပြမှုကို ရပြီး တိတ်တဆိတ် ဝမ်လင်း၏ နောက်သို့ ရောက်သွား၏။

ထိုအချင်းအရာကို သိလိုက်သည့် ဝမ်လင်းက မျက်မှောင် ကြုတ်သွား၏။ သက်လက်ပိုင်း လူကြီးက မျက်နှာမည်းနှင့် လူကြီးကို အလျင်အမြန် တားဆီးလိုက်သည်…

“မင်း ဘာလုပ်နေတာလဲ… ဒီညီငယ်လေးက ရန်သူ မဟုတ်ဘူး… “

မျက်နှာမည်းနှင့် လူကြီးက မှင်တက်သွားပြီး ဘာမှ ပြန်မပြော နိုင်တော့ချေ။

ထိုအချိန်တွင် ဝတ်စုံနက် အဖိုးအိုက အားရပါးရ ရယ်မောလိုက်သည်…

“ရောင်းရင်လျို… ငါက မင်းကို မနိုင်ပါဘူး… ဒါပေမဲ့ ငါ့ရဲ့သခင်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေး သွားလုပ်နေလို့ပါ… ငါ့ရဲ့ သခင်နဲ့ဆို မင်းက သေလူ တစ်ယောက်ပဲ… “

ထို့နောက် သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ပြောလိုက်သည်…

“သခင့်ကို ကြိုဆိုပါတယ်… “

ပြောပြီးသည်နှင့် ချက်ချင်း ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။

ဝတ်စုံနက် အားလုံးသည် အလွန် စိတ်လှုပ်ရှား လာကြ၏။ သူတို့ကလည်း အဘိုးအို လုပ်သလို လိုက်လုပ်ပြီး အော်လိုက်ကြသည်…

“သခင့်ကို ကြိုဆိုပါတယ်… “

ရုတ်တရက် အရပ်မျက်နှာ အားလုံးမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်…

“ဂျင်ဆင်းကို ထုတ်ပေးလိုက်… မဟုတ်ရင် မင်း သေရမယ်… “

အသံနှင့်အတူ လက်သီးအရွယ် မီးလုံးတစ်လုံးက မြင်းလှည်းများ ပတ်ပတ်လည် ဝိုင်းထားသည့် အထဲသို့ ပစ်လွှင့်လာ၏။ ထိုမီးလုံးက အစောင့်အရှောက် အဖွဲ့ဝင် တစ်ယောက်ကို ထိသွားသည်။ မီးလုံးက အလွန်အမင်း ပူပြင်းသည့်အတွက် အော်တောင်မအော်လိုက် နိုင်ခင်မှာပင် ထိမှန် ခံလိုက် ရသည့် အဖွဲ့ဝင်က သေဆုံးသွား၏။

ထိုနေရာတွင် ရှိသည့် အစောင့်အရှောက် အဖွဲ့ဝင်တိုင်းက မှင်တက်သွားသည်။ တချို့ဆိုလျှင် အံ့ဩလွန်း၍ ကိုင်ထားသည့် လက်နက်များပါ မြေပြင်ပေါ်သို့ လွတ်ကျသွား၏။

ယန်စန်းက ကြောက်လန့်သော အမူအရာဖြင့် ပြောလိုက်သည်…

“ဒါ…ဒါက ဘယ်လို လက်နက်မျိုးလဲ… “

မီးလောင်နေသည့် နေရာအနီး တစ်ဝိုက်တွင် အပူရှိန်က ချက်ချင်း မြင့်တက် လာသဖြင့် မီးအပူက မည်မျှ ပြင်းသည်ကို လူတိုင်းက နားလည်မိသွား၏။

လျိုစန်း၏ မျက်နှာက အံ့ဩမှု အပြည့်နှင့် ဖြစ်သည်။ သူက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး မီးလောင်နေသော ခန္ဓာကိုယ်ကို ကြည့်လိုက်၏။

မျက်နှာမည်းနှင့် လူကြီးကလည်း အလွန် ကြောက်လန့်နေဟန် ရပြီး တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်…

“အင်မော်တယ်… အင်မော်တယ် နည်းစနစ်လား… “ မျက်နှာမည်းနှင့် လူကြီးသည် ကလေးဘဝက အင်မော်တယ် ဂိုဏ်းဝင်ခွင့် စမ်းသပ်မှုကို ဝင်ဖြေဖူး၏။ ဝင်ခွင့်တွင် ကျရှုံးပြီးနောက်မှ သူက သိုင်းလောကထဲသို့ ဝင်ရောက်လာြခင်း ဖြစ်သည်။ ဝင်ခွင့် စမ်းသပ်မှုကို သူ့စိတ်ထဲတွင် အရိုး စွဲအောင် မှတ်မိနေသည်။ ထို့ကြောင့် မီးလုံးများကို မြင်လိုက်ရသောအခါ သူက ချက်ချင်း မှတ်မိ လိုက်ခြင်း ဖြစ်၏။

အဘိုးအိုက ဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်သည်…

“တစ်ကယ်တော့… ငါတို့ရဲ့ သခင်က အင်မော်တယ် တစ်ယောက်ပဲ… မင်းလက်ထဲက ဂျင်ဆင်းကို ငါတို့လက်ထဲ ဘာလို့မပေးသေးတာလဲ… “

အဖွဲ့သား အားလုံးက သူတို့၏ ခေါင်းဆောင်လျိုစန်းကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အကူအညီ တောင်းခံနေသည့် အရိပ်အယောင်များဖြင့် ပြည့်နေ၏။ တစ်ဖက် လူများသည် သာမန် လူများသာ ဖြစ်ပါက သတ္တိရှိရှိ တိုက်ခိုက် ရဲသော်လည်း တစ်ဖက်မှ ခေါင်းဆောင် သည် အင်မော်တယ် တစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် အဖွဲ့သား အားလုံးက တိုက်ခိုက်ရန် မဝံ့ရဲ ကြတော့ချေ။

လျိုစန်း၏ မျက်နှာတွင် ခါးသည်း မှုများဖြင့် ပြည့်လာသည်။ သူက တစ်ခုခုပြောရန် ပြင်လိုက် ချိန်တွင် မီးလုံး (၃)လုံးက လေထဲတွင် ပေါ်လာ၏။

ဝမ်လင်း၏ မျက်လုံးက အရောင် တောက်လာပြီး စိတ်ဝင်စား လာသည်။ မီးလုံးများကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် ချီစုစည်းခြင်း အဆင့် အလွှာ(၃)ထက် မြင့်မည် မဟုတ်သည်ကို ခန့်မှန်း မိလိုက်၏။ သူက မေးစေ့ကို ပွတ်လိုက်ပြီး နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ သိပ်မဝေးသည့် နေရာမှ သစ်ပေါ်ကြီး တစ်ပင်ပေါ်တွင် ရှိနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

“ဘာလဲဟ… “

ဝမ်လင်း ရေရွတ်လိုက်၏။ ထိုလူသည် အသက်(၂၀)ခန့် ရှိပြီး အလွှာ(၂) အထွတ်အထိပ်တွင် ရှိနေကာ အလွှာ (၃)ထဲသို့ ဝင်ရောက်လု နီးပါး ရှိနေလေပြီ။ ထိုလူငယ်လေး၏ မျက်နှာက ညှိုးငယ်နေပြီး အမာရွတ်များဖြင့် ဖုံအုပ်ထား၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ကြမ်းကြုတ်ဟန် ရှိသော်လည်း ထို မျက်နှာကို ဝမ်လင်း အလွန် ရင်းနှီးနေသည်။

ကျောင်းတော်သားပုံစံ သက်လတ်ပိုင်း လူကြီးက သက်ပြင်းချပြီး ပြောလိုက်သည်…

“လောင်လျို… ပစ္စည်းကို သူတို့ဆီ ပေးလိုက်ပါ… ဒီအကြောင်းကို မြောက်ပိုင်း မိသားစုက သိသွားရင်တောင်မှ ငါတို့ကို အပြစ်တင်မှာ မဟုတ်ဘူး… ရန်သူ့ ခေါင်းဆောင်က အင်မော်တယ် တစ်ယောက် ဖြစ်နေတယ်… အင်မော်တယ် တစ်ယောက်ကို ငါတို့ ဘယ်လို အံတုနိုင်မှာလဲ… “

လျိုစန်းက အနည်းငယ် တုံ့ဆိုင်း နေပြီးနောက် အကူညီမဲ့သည့် ဟန်ဖြင့် သေးငယ်သော သေတ္တာ လေး တစ်လုံးကို ထုတ်ယူပြီး မြေပြင်ပေါ်တွင် ချပေးလိုက်၏။

သေတ္တာလေးက မြေပြင်ပေါ်သို့ ရောက်သည်နှင့် သေတ္တာလေးက လေထဲသို့ မြောက်တက် လာပြီး ဝမ်လင်း၏ လက်ထဲသို့ ပျံသန်းရောက်ရှိ သွားသည်။

***

All Chapters