စွမ်းအားကြီးသော မြေးတပည့်များ၊ ကျယ်လောင်သော ပေါက်ကွဲမှု
Vol. 10 Ch. 141
အခန်း (၁၄၁) စွမ်းအားကြီးသော မြေးတပည့်များ၊ ကျယ်လောင်သော ပေါက်ကွဲမှု
ဂျိရှင်းရှန်ဟာ စကားပြောလို့ ပြီးသွားတဲ့အခါမှာ ဟန်ကျွယ်မျက်နှာက နည်နည်း စိုးထိတ်နေတာကို သတိပြုမိသွားတာကြောင့် အတော် ကျေနပ်သွားပါတယ် ‘ကြည့်ရတာ ငါ့အရည်အချင်းက သူ့ကို ခြိမ်းခြောက်နိုင်သေးတာပဲ’
ဟန်ကျွယ်က ဂရုတစိုက် မေးလိုက်ပါတယ် “ဒီတစ်ခါလည်း ကျုပ် နိုင်မယ်ဆိုရင် ခင်ဗျားက နောက်တစ်ခါ ထပ်လာပြီး ကျုပ်နဲ့ လက်ရည်စမ်းအုန်းမှာလား”
ဟန်ကျွယ်စကားကြောင့် ဂျိရှင်းရှင်ဟာ ချက်ချင်းကို မပျော်တော့ပါဘူး။
‘မင်းက ဘာကိုဆိုလိုတာလဲ...’
‘ကိုယ့်ကိုကိုယ် တော်တော်လေး အထင်ကြီးတာပဲ’
“မဖြစ်နိုင်ဘူး... ငါ ဂျိရှင်းရှန်က လောကမှာ ပြိုင်ဘက်ကင်းတယ်၊ အရင်တစ်ခေါက် ငါရှုံးသွားတာက ငါ့ကျင့်ကြံမှုက မင်းထက် အဆင့်နိမ့်နေလို့၊ ဒီတစ်ခေါက်တော့ ငါ မင်းကို ကျိန်းသေပေါက် အနိုင်ယူပြမယ်”
“မကောင်းဆိုးဝါးဧကရာဇ်ကို သတ်သွားတဲ့ အကွက်ကို ထုတ်သုံးချည်၊ ငါ ခုခံမယ်”
ဟန်ကျွယ်ဟာ ပြောစရာစကား မရှိတော့ပါဘူး ‘အခုခေတ်လူငယ်တွေက ဘာလို့ သေချင်နေရတာလဲ’
ဟန်ကျွယ်ဟာ တုံ့ဆိုင်းသွားပါတယ် “အဲဒီလောက်ကြီး လိုလို့လား”
ဂျိရှင်းရှန်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဘာလဲ၊ မင်းက ငါ့ကိုရှုံးမှာ ကြောက်နေတာလား၊ ဒီနေ့ ငါ့စိန်ခေါ်မှုကို မဖြစ်မနေ မင်း လက်ခံရမယ်”
ဟန်ကျွယ်ဟာ သက်ပြင်းချပြီး ညလက်ကို မြှောက်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ လက်ခလယ်နဲ့ ဂျိရှင်းရှန်ကို ညွှန်ပြလိုက်ပါတယ်။
ဂျိရှင်းရှန်ကလည်း လက်နှစ်ဖက်ကို လှုပ်ခါလိုက်တဲ့အခါမှာ ရွှေရောင်လျှပ်စီးတွေ လွှတ်ခနဲ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံကာ ခိုင်ခံ့တဲ့ ရွှေရောင်မျှော်စင်သဏ္ဍာန် ဖြစ်ပေါ်လာပါတယ်။
ဟန်ကျွယ်လည်း လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်လိုက်ပြီး မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းကို ထုတ်သုံးဖို့ စွမ်းအား စတင်စုဆောင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို အသုံးပြုဖို့ တုံ့ဆိုင်းနေပါတယ်။
‘ငါ စိတ်ဝိညာဉ်စွမ်းအား ဘယ်လောက်ထိ အသုံးပြုသင့်လဲ’
ဟန်ကျွယ်ဟာ လက်ခလယ်က စိတ်ဝိညာဉ်စွမ်းအားက ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်တဲ့အခါမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ဂျိရှင်းရှန်ကို မျက်မှောင်ကြုတ်သွားစေပါတယ်။
‘ဒါက မကောင်းဆိုးဝါးဧကရာဇ်ကို သတ်သွားတဲ့ ဓားချီလား၊ တကယ့်ပဲ လက်ချောင်းကို ဓားအဖြစ် သုံးထားတာပဲ၊ အံမခန်းပညာရပ်ပဲ’ ဂျိရှင်းရှန်ဟာ သူ့ကိုယ်သူ တွေးတောလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ လက်ခလယ်မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအား ၅၀ ရာခိုင်နှုန်းအထိ တိုးသွားတဲ့အခါမှာတော့ ဂျိရှင်းရှန်ဟာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပါတယ်။
‘မကောင်းတော့ဘူး၊ ဒါက ငါ ရပ်တန့်နိုင်ပါ့မလား’
‘ငါ သေများ သေသွားမလား’ ဒီအတွေးဟာ ဂျိရှင်းရှန် ခေါင်းထဲကို ရုတ်တရက် ဝင်ရောက်လာပါတယ်။
‘မဖြစ်နိုင်ဘူး... ငါက ကောင်းကင်အမတစံအိမ်ရဲ့ သမိုင်းမှာ စွမ်းအားအကြီးဆုံး ပါရမီရှင်ပဲ၊ ငါက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ’
ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်း ဆန်းကြယ်စွမ်းအားရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ထပ်မံတိုးမြှင့်လိုက်ပါတယ်။
၈၀ ရာခိုင်နှုန်း။
“နေအုန်း” ဂျိရှင်းရှန်ဟာ ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ သူ့နဖူးပြင်မှာလည်း ဇီးသီးလောက်ရှိတဲ့ ချွေးစေ့တွေ တစိမ့်စိမ့် ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ လက်ပြန်ရုတ်ပြီး တအံတဩ မေးလိုက်ပါတယ် “တစ်ခုခု မှားနေလို့လား”
ဂျိရှင်းရှန်ဟာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပါတယ်။ အဲဒီနောက် မဆိုစလောက် နီရဲနေတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ထားလိုက်ပါတော့၊ မင်းက ငါ့ကို မနှောင့်ယှက်စေချင်မှတော့ မင်းအားမှပဲ ထပ်လာတော့မယ်... နှုတ်ဆက်ခဲ့တယ်”
ပြောဆိုပြီးတာနဲ့ ဂျိရှင်းရှန်ဟာ ချက်ချင်းလှည့်ထွက်ကာ အရိပ်တစ်ခုအသွင် ပြောင်းလဲပြီး တောအုပ်ကြားထဲမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဂျိရှင်းရှင်ပုံစံကိုကြည့်ပြီး ခေါင်းခါကာ ရယ်မောလိုက်ပါတယ်။
‘ဒီကောင်က ဒီလိုကျတော့လည်း ချစ်စရာကောင်းသားပဲ...’
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်သွားတဲ့အခါမှာ ဝူတောက်ကျန့်ရဲ့ မေးခွန်းထုတ်ခြင်းကို ခံလိုက်ရပါတယ်။
“သခင် ခုနက ဘယ်သွားတာလဲ”
“မိတ်ဆွေတစ်ယောက်ကို သွားတွေ့တာ”
“ယောက်ျားလား မိန်းမလား”
“ဟင်... အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ”
ဟန်ကျွယ် မျက်မှောင်ကြုတ်တာကို မြင်လိုက်ရတဲ့ ဝူတောက်ကျန့်ဟာ အလန့်တကြား ဖြစ်သွားပြီး ချက်ချင်းလက်ဝှေ့ယမ်းကာ ပြောလိုက်ပါတယ် “ကျွန်မက သခင့်အတွက် စိုးရိမ်လို့ပါ”
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဂရုမစိုက်တော့ဘဲ မျက်စိမှတ်လိုက်ပြီး သိစိတ်ကို ရှင်းဟုန်ရွှမ်ရဲ့ ကောင်းကင်ရုပ်သေးရုပ်ဆီ ရွှေ့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ဆက်ပြီးတော့ စစ်ဆေးတဲ့အခါမှာ ကျောက်တုံးရုပ်ထုထဲမှာပဲ ဝိညာဉ်အပိုင်းအစတစ်ခု ရှိနေတာကို တွေ့လိုက်ရပါတယ်။
ထောင်ချောက်တွေလည်း နည်းနည်းပါးပါးတော့ ရှိပါတယ်။ ဒါပေမဲ့ အန္တရာယ် သိပ်မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့စုံစမ်းမှုကို ရပ်တန့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် နိုးလာရင်တော့ ကျောက်တုံးရုပ်ထုထဲက ဝိညာဉ်အပိုင်းအစကို မနှောင့်ယှက်ဖို့ သတိပေးမှာပါ။ မတော်လို့ ဒီဝိညာဉ်အပိုင်းအစက အရမ်းစွမ်းအားကြီးနေရင် ဟန်ကျွယ်လည်း ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။
အရင်ဘဝက ဟန်ကျွယ် ဖတ်ခဲ့ဖူးတဲ့ဝတ္ထုတွေအရ လောကမှာ ပုန်းကွယ်နေတဲ့ စွမ်းအားကြီး ကျင့်ကြံသူတွေ အများကြီးပါ။ နယ်ပယ်ခြောက်ရပ်ကို ညက်ညက်ကြေအောင် လုပ်နိုင်တဲ့ ကြောက်မက်ဖွယ် တည်ရှိမှုကလည်း မော်တယ်လောကမှာ ပုန်းအောင်းကောင်း ပုန်းအောင်းနေနိုင်ပါတယ်။ နောက်ပြီးတော့ မြေလျှေက်အမတတွေက ခွေးသာသာရှိပြီး ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေကို နေရာတကာမှာ တွေ့မြင်နိုင်တဲ့ခေတ်ကလည်း အချိန်မရွေး ရောက်လာနိုင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်လာပြီး ဆက်လက်အားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကျင့်ကြံမှုအလျင်ကို ထိန်းထားရပါမယ်။ ကျင့်ကြံမှုအလျင်က ပိုမြန်လေ ကောင်းလေပါပဲ။ နှေးကွေးသွားရင်တော့ ဟန်ကျွယ်ဟာ မသက်မသာ ခံစားရမှာပါ။
ငါးနှစ်ကြာပြီးနောက်။
ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဧည့်အကြီးအကဲ တုခူဟာ ဟန်ကျွယ်ဆီကို လာလည်ပါတယ်။ တုခူဟာ အထက်ဘုံမတက်ခင် ဟန်ကျွယ်ကို လာနှုတ်ဆက်တာပါ။ ဒါ့အပြင် စုချီကို တွေ့ချင်တာလည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် စုချီက နတ်ဆိုးနိုင်ဂိုဏ်းရဲ့ နောက်ဆုံးတပည့် ဖြစ်တာကြောင့် တုခူဟာ အထက်ဘုံမတက်ခင် စုချကို မဖြစ်မနေ နှုတ်ဆက်ချင်ပါသေးတယ်။
ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ကျုပ်အထင် အကြီးအကဲတု သူကို သွားမတွေ့တာ ပိုကောင်းလိမ့်မယ်၊ ဒီအတိုင်းပဲ အထက်ဘုံတက်သွားပါ”
တုခူဟာ ဟန်ကျွယ်စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့လဲ၊ အကြီးအကဲဟန်က ကျုပ် သူ့ကို တစ်ခုခုလုပ်လိုက်မှာ ကြောက်နေတာလား”
“မဟုတ်ဘူး... အကြီးအကဲတုအတွက် ပြောနေတာ”
“ကျုပ်က နှုတ်ဆက်စကား ပြောရုံလေးတင်ပါ၊ အကြီးအကဲဟန်က ကျုပ်ကို တားဆီးမယ်ဆိုရင် ဒီကိစ္စက ကျုပ်ရဲ့ အတွင်းနတ်ဆိုး ဖြစ်လာလိမ့်မယ်”
“ကောင်းပြီလေ... ဒါဆိုလေ မြန်မြန်ဆန်ဆန်လုပ်”
“အင်း... မြန်မြန်ပဲ တွေ့မှာပါ”
တုခူဟာ စုချီကိုရှာဖို့ လိုဏ်ဂူထဲက ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ တုခူကို တိတ်တဆိတ် ကျိန်ဆဲလိုက်ပါတယ် ‘ငါက မင်းကို ကူညီဖို့ ကြိုးစားနေတာ၊ ဒါကို မင်းကများ ငါ့ကို စိတ်ဆိုးရသေးတယ်’
ဟန်ကျွယ်ကို ပိုပြီးတော့ ဆွံအသွားစေတာကတော့ တုခူဟာ စုချီကို ရှာပြီးတာနဲ့ ချက်ချင်း တန်းမနှုတ်ဆက်ဘဲ သူနဲ့ နတ်ဆိုးနိုင်ဂိုဏ်းရဲ့ အတိတ်က အကြောင်းအရာတွေကို စပြောပါတော့တယ်။
စုချီလည်း တုခူကြောင့် ဆွံအသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စုချီအမြင်မှာ နတ်ဆိုးနိုင်ဂိုဏ်းကို ဖျက်ဆီးခဲ့တာက သူ့ဆရာသခင် ဖြစ်နေလို့ပါ။ စုချီဟာ ဒီကိစ္စကို တုခူသိသွားရင် သူ့ဆရာသခင်ကို ပြဿနာရှာမှာစိုးတဲ့အတွက် လျှို့ဝှက်ထားလိုက်ပါတယ်။
ငါးရက်ငါးည ကြာပြီးတဲ့နောက်မှာတော့ တုခူ ပြန်သွားပါတယ်။ အကြောင်းအရင်းတစ်ချို့ကြောင့် ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ တုခူက ဆန်းစစ်လိုက်တဲ့အခါမှာ အနက်ရောင် ရောင်ဝါတွေ လွှမ်းခြုံနေတာကို တွေ့လိုက်ရပါတယ်။
ဒါက ကပ်ဘေးကြီးတစ်ပါးရဲ့ လက္ခဏာတစ်ခုပါပဲ။
ရှစ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံနေတုန်း မျက်လုံးဖွင့်လိုက်ပြီး တုခူကို သတိရသွားတာကြောင့် စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကံအားလျော်စွာ အခွင့်အရေးတစ်ခု ရရှိပြီး မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာကို ရရှိသွားခဲ့သည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးသူတော်စင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။]
[သင့်မိတ်ဆွေ တုခူသည် ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ပြီး အထက်ဘုံတက်ရာ ရုတ်တရက် ပြောင်းလဲသွားသော ကောင်းကင်စမ်းသပ်မှုကြောင့် သေလုနီးပါး ဖြစ်သွား၏။ ဘုံပျံတက်ရာတွင် အောင်မြင်ခဲ့သော်လည်း ကျင့်ကြံမှုကို ကြီးမားစွာ ထိခိုက်သွားသောကြောင့် ကျင့်ကြံမှုတိုးတက်ရမည့်အစား လျော့ကျသွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်အမတစံအိမ်ရှိ စီနီယာတစ်ဦး ထားရစ်ခဲ့သော ဝိညာဉ်အတွေး၏ အသိအမှတ်ပြုမှုကို ရရှိပြီး တန်ခိုးကြီးဆန်းကြယ်စွမ်းအားအား သင်ယူလေ့လာခဲ့သည်။]
[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၅၃၂၁
[သင့်မြေးတပည့် မုရုံချီသည် သတ်ဖြတ်မှုအတွင်း၌ လှံတာအိုအား သိမြင်နားလည်သွားခဲ့သောကြောင့် ကျင့်ကြံမှု များစွာတိုးတက်သွားပြီး နတ်စွမ်းအား နိုးထသွားခဲ့၏။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် သရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇၆၂
ဟန်ကျွယ်ဟာ တုခူကို ကရုဏာမသက်ဘဲ မနေနိုင်ပါဘူး။
ဒါပေမဲ့ တုခူရဲ့ ကံတရားက တော်တော်လေး ကောင်းပါတယ်။ မဟုတ်ရင် ဘုံပျံတက်တာ အောင်မြင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကျိုးဖန်က မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ရရှိသွားတာကို သတိပြုမိသွားပါတယ် ‘ဒီကောင်က တကယ့်ကို ဇာတ်လိုက်ပဲ၊ မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာတောင် ရသွားတယ်’
မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာက မော်တယ်လောကမှာ ကျိန်းသေပေါက် ပြိုင်ဘက်ကင်းတဲ့ ရတနာပါ။
ဖန်းလျန်ကိုတော့ ဟန်ကျွယ်ဟာ အံအားသင့်ခြင်း မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်က လိုဏ်ဂူထဲမှာ ထိုင်နေရင်တောင် အခွင့်အရေးတွေက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ ကျိန်းသေနေလို့ပါပဲ။ ဟန်ကျွယ်ကို အံအားသင့်စေတာက မုရုံချီရဲ့ နတ်စွမ်းအား နိုးထမှုပါ။
‘ငါ့မြေးတပည့်တွေက တကယ့်ကို အံမခန်းပဲ’
ဟန်ကျွယ်ဟာ သူ မျှော်လင့်ရမဲ့သူတွေက သူ့တပည့်တွေ မဟုတ်ဘဲ သူ့မြေးတပည့်တွေ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အခုဆိုရင် ဖန်းလျန်နဲ့ မုရုံချီဟာ ရွှင်ချန်အန်းနဲ့ ရန်ထျန်တုန်းကို ကျော်တက်သွားပြီး သူတို့ရဲ့ အရည်အချင်းနဲ့ ကံတရားအထောက်အပံ့ကို အစွမ်းကုန် ထုတ်သုံးနေပါပြီ။
အထူးသဖြင့် မုရုံချီက မြေတောင်မြှောက်ပေးရင် မြှောက်ပေးသလောက် ကြီးထွားမဲ့လူပါ။ ပြဒါးငှက်ကို သတ်မဲ့လူက မုရုံချီတောင် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပြီး ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာ ဝူတောကျန့်က ရုတ်တရက် ပြောလိုက်ပါတယ် “သခင်... ကျင့်ကြံရာက ထလာပြီလား၊ သခင်ကို ပြောစရာရှိတယ်... ဖူစန်းသစ်ပင်က ထပ်လှုပ်ရှားနေပြန်ပြီ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့လဲ”
ဝူတောက်ကျန့်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်မလည်း မသိဘူး၊ ဒါပေမဲ့ ဒီအတောအတွင်း ညပိုင်းမှာ ဖူစန်းသစ်ပင်က လှုပ်ခါနေတယ်၊ သခင်ရဲ့ တပည့်တွေလည်း တော်တော်လေး စိုးရိမ်နေကြတယ်”
ဟန်ကျွယ်ဟာ ထိုင်ရာကထလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ထွက်လိုက်ပါတယ်။
ဟန်ကျွယ်ကို မြင်လိုက်ရတဲ့ ရွှင်ချန်အန်း၊ ပဋိပက္ခကောင်းကင်ခွေးနဲ့ ငရဲကြက်နက်တို့ဟာ ချက်ချင်းပဲ ဒူးထောက်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို မော့ကြည့်လိုက်တဲ့အခါမှာ ရွှေကျီးကန်းနှစ်ကောင်က ဖူစန်းသစ်ပင်ပေါ်မှာ မှိန်းနေတာကို တွေ့လိုက်ရပါတယ်။
‘ရွှေကျီးကန်းနှစ်ကောင်က ဖူစန်းသစ်ပင်ပေါ်ကနေ မဆင်းဘူးပဲ’
‘ဒါဆို ဖူစန်းသစ်ပင်က ဘာဖြစ်လို့ ထပ်လှုပ်နေရတာလဲ၊ ပြဿနာကို တမင် ဖိတ်ခေါ်ချင်နေတာလား’
“သခင်... ကျွန်တော် ဖူစန်းသစ်ပင်ပေါ်ကနေ လုံးဝမခွာဘူး၊ ခွာရင်တောင် ငါးမိနစ်ထက် မပိုဘူး” ငရဲကြက်နက်ဟာ ကြောက်ရွံ့တဲ့လေသံနဲ့ ဟန်ကျွယ်ကို ချက်ချင်း ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို လျစ်လျူရှုပြီး ဖူစန်းသစ်ပင်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ အလွန်တရာ သန်မာပြီး အသက်ဓာတ်ပြည့်ဝနေတာကို တွေ့လိုက်ရပါတယ်။ ဖူစန်းသစ်ပင်ဟာ တစ်ခုခု ဖြစ်ထားပုံ မပေါ်ပါဘူး။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ်။
“ဝုန်း...”
မိုးမြေတစ်ခုလုံး တုန်ခါသွားပြီး မိုးခြိမ်းသံထက် အဆရာထောင် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပါတယ်။ ကျယ်လောင်လွန်းတဲ့ ဒီပေါက်ကွဲသံကြောင် ဝူတောက်ကျန့်နဲ့ တစ်ခြားလူတွေဟာ ထိတ်လန့်သွားကြပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးထဲက တစ်ခြားတပည့်တွေလည်း တုန်လှုပ်ချောက်ချားသွားကြပါတယ်။ ဖူစန်းသစ်ပင်ပေါ်က ရွှေကျီးကန်းနှစ်ကောင်လည်း ချက်ချင်း ခေါင်းမော့ပြီး အရပ်မျက်နှာတစ်ဖက်တည်းကို ကြည့်လိုက်ပါတယ်။ ဒီအချိန်မှာ ရွှေကျီးကန်းနှစ်ကောင်ရဲ့ မျက်လုံးထဲကို ကြည့်လိုက်မယ်ဆိုရင် ရန်လိုနေတာကို အတိုင်းသား တွေ့မြင်နိုင်မှာပါ။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
#hanjue #lightnovel #thawhtetzin #ဟန်ကျွယ် #သော်ထက်ဇင်