← Chapters

ကောင်းကင်ဘုံဝင် ပဥ္စမအဆင့်၊ နဂါးစစ် မျိုးဆက်

Vol. 10 Ch. 142

ကောင်းကင်ဘုံဝင် ပဥ္စမအဆင့်၊ နဂါးစစ် မျိုးဆက်

Vol. 10 Ch. 142

အခန်း (၁၄၂) ကောင်းကင်ဘုံဝင် ပဥ္စမအဆင့်၊ နဂါးစစ် မျိုးဆက်

“ဘာသံလဲဟ”

“ဘာဖြစ်သွားတာလဲ၊ တစ်ယောက်ယောက် ကောင်းကင်စမ်းသပ်မှုကို ကျရှုံးတာလား”

“ငါလည်း မသိဘူးလေ၊ ဒီအသံက ဂိုဏ်းအပြင်ဘက်ကနေ လာတာ”

“သေစမ်း... ဒီအသံကြောင့် ငါ့မှာ အတွင်းနတ်ဆိုး ဖြစ်ပေါ်လုနီးနီးပဲ”

“အား... ငါက လက်နက်တစ်ပါး သွန်းလုပ်‌နေတာ၊ အခုတော့ ငါ့ရဲ့တန်ဖိုးရှိပစ္စည်းတွေ အကုန်ဆုံးပြီ”

“ရန်သူ တိုက်ခိုက်တာများလား”

ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေဟာ ထိတ်လန့်သွားကြပါတယ်။ အကြီးအကဲတွေလည်း ဂူအောင်းနေရာက ထွက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပါတယ်။

ဟန်ကျွယ်ဟာ ရွှေကျီးကန်းလေးနှစ်ကောင်ရဲ့ မူမမှန်မှုကို သတိထားမိတာကြောင့် ရွှေကျီးကန်းနှစ်ကောင်ရဲ့ အကြည့်နောက်ကို လိုက်ကြည့်ပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ နတ်ဆိုးသားရဲရော နတ်သားရဲရော တစ်ကောင်မှ မတွေ့ရပါဘူး။

ယွီဂျင်ဂိုဏ်းတော်ကြီး ပတ်လည်က တောတောင်ရေမြေတွေကလည်း အကောင်းပကတိ ရှိနေပြီး ထိခိုက်ပျက်စီးတာ လုံးဝ မရှိပါဘူး။ ဒါကြောင့် ခုနက ပေါက်ကွဲသံက အဝေးကြီးကနေလာတယ်ဆိုတာ ကောက်ချက်ချနိုင်ပါတယ်။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး မိုင်တစ်ရာပတ်လည်ကို စစ်ဆေးလိုက်ပေမဲ့လည်း နတ်ဆိုးသားရဲရော နတ်သားရဲရော တစ်ကောင်မှ မတွေ့ရပါဘူး။ ဒီလိုမတွေ့ပေမဲ့လည်း ဟန်ကျွယ်ဟာ သတိကြီးကြီးထားပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေပါတယ်။

မကြာခင်မှာပဲ...

တာအိုသခင်ကျိုးတိနဲ့ လီချင်ဇဲ့တို့ဟာ အကျိုးအကြောင်းမေးဖို့ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ကျုပ်လည်း ဘာဖြစ်မှန်း မသိဘူး”

ငရဲကြက်နက်၊ ရွှင်ချန်အန်း၊ ဝူတောက်ကျန့်နဲ့ တစ်ခြားသူတွေဟာ ဖူစန်းသစ်ပင်ရဲ့ မူမမှန်မှုကို လုံးဝထုတ်မပြောပါဘူး။ သူတို့က ဟန်ကျွယ်ကို သစ္စာရှိကြတာပေါ့။ ယွီဂျင်ဂိုဏ်းတော်ကြီးကို မဟုတ်ပါဘူး။

“နောက်ထပ်ကပ်ဘေးတစ်ခု မဖြစ်စေဖို့ပဲ မျှော်လင့်တယ်” လီချင်းဇဲ့က စိုးရိမ်စွာ ပြောလိုက်ပါတယ်။ လီချင်းဇဲ့ဟာ ဒီအတောအတွင်း ကျင့်ကြံရင်းနဲ့ အလုပ်ရှုပ်နေတာပါ။ စိတ်ဝိညာဉ်ပြောင်းလဲအဆင့်ကို ထိုးဖောက်ပြီးတဲ့နောက် သူ့ကျင့်ကြံမှုက ရှေ့ဆက်မတက်တဲ့အတွက် လီချင်းဇဲ့ဟာ အရမ်းစိုးရိမ်နေပါတယ်။

ဝီရိယတောင်က စိတ်ဝိညာဉ်ချီတွေ ပြည့်လျှံထွက်နေပေမဲ့လည်း လီချင်းဇဲ့အရည်အချင်းက အကန့်အသတ်ရှိတာကြောင့် ကျင့်ကြံမှု ရပ်တန့်နေရတာပါ။

“မစိုးရိမ်ပါနဲ့၊ ကျုပ် ရှိနေသမျှကာလပတ်လုံး ယွီဂျင်ဂိုဏ်းတော်ကြီး ဘာမှ မဖြစ်ဘူး၊ ဂိုဏ်းကိုသာ ပြန်စီမံအုပ်ချုပ်ပါ၊ တပည့်တွေကို အလန့်တကြား မဖြစ်စေနဲ့” ဟန်ကျွယ်က ပြောလိုက်ပါတယ်။

တာအိုသခင်ကျိုးတိနဲ့ လီချင်းဇဲ့လည်း ခေါင်းညိတ်လိုက်ပြီး ဟန်ကျွယ်ကို ထပ်မနှောင့်ယှက်တော့ပါဘူး။ တာအိုသခင်ကျိုးတိနဲ့ လီချင်းဇဲ့ ထွက်ခွာသွားတဲ့အခါမှာ ဟန်ကျွယ်က ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ် ‘ဘာဖြစ်တာလဲ၊ ဖူစန်းသစ်ပင်က ဘာလို့ ညတိုင်း လှုပ်ခါနေရတာလဲ၊ နောက်ထပ်သားရဲကရော ဘာလို့ ထပ်မလာတာလဲ’

ဒီလိုနဲ့ နှစ်ဝက်ကြာတဲ့အခါမှာတော့ တာအိုသခင်ကျိုးတိ ထပ်ရောက်လာပါတယ်။

“လွန်ခဲ့တဲ့နှစ်ဝက်က ကျုပ်တို့တွေ ကြားလိုက်ရတဲ့ အသံကျယ်ကြီးက နတ်ဆိုးတွေဆီကနေလာတာ၊ ခေါင်းသုံးလုံးမြွေနဂါးဘုရင်လို့ခေါ်တဲ့ ရှေးဟောင်းသားရဲတစ်ကောင် မွေးဖွားတာကနေ ဒီအသံကျယ်ကြီး ထွက်လာတာ၊ ဒီမြွေနဂါးက သွေးစည်းရောနေလို့ တောင်ပံတစ်စုံရှိတယ်၊ ဒီကောင်က လေကိုထိန်းချုပ်နိုင်ပြီး မိုးကို ဆင့်ခေါ်နိုင်တယ်၊ ပြီးတော့ ရက်စက်ကြမ်းတမ်းပြီး ကျုပ်တို့ ရန်ဒေသနဲ့လည်း သိပ်မဝေးဘူး” တာအိုသခင်ကျိုးတိဟာ လေးနက်တည်ကြည်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတယ်။

‘ခေါင်းသုံးလုံး မြွေနဂါးဘုရင်လား’

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီသားရဲက နတ်ဆိုးတွေနဲ့ ပူးပေါင်းလိုက်လို့လား”

“အဲဒီလိုတော့ မပူးပေါင်းဘူး၊ ဒီကောင်က အရမ်းအစားကြီးတော့ နတ်ဆိုးတွေက သူ့ကို လက်မခံဘူး၊ သူ နတ်ဆိုးဘုရင်ဖြစ်တုန်းက သူ့လက်အောက်က နတ်ဆိုးတွေ မကြာခဏ စားသောက်လေ့ရှိတယ်၊ ဒါကြောင့် နတ်ဆိုးတွေက သူ့ဆီမှာ အမှုမထမ်းချင်ကြဘူး”

ဟန်ကျွယ်ဟာ ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ နတ်ဆိုးတွေကလည်း အရင်တစ်ခေါက်တုန်းက နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူတွေလို မဟာစစ်ပွဲစလိမ့်မယ်လို့ တွေးမိလိုက်တာပါ။ ကံကောင်းထောက်မစွာပဲ ခေါင်းသုံးလုံးမြွေနဂါးဘုရင်မှာ နတ်ဆိုးတွေရဲ့ အားပေးထောက်ခံမှု မရှိပါဘူး။

အဲဒီနောက် ဟန်ကျွယ်ခေါင်းထဲ မေးခွန်းတစ်ခု ဝင်လာပါတယ် ‘ဖူစန်းသစ်ပင် လှုပ်ခါနေတာက ခေါင်းသုံးလုံးမြွေနဂါးဘုရင်ကြောင့်လား၊ ဒါဆိုရင် ခေါင်းသုံးလုံးမြွေနဂါးဘုရင်က ဘာလို အခုထိ မလာသေးတာလဲ’

‘သတိရှိတာလား... ဒါမှမဟုတ်... တစ်ခုခုကြံနေတာလား’

ဟန်ကျွယ်ဟာ အကြောင်းရင်းကို စဉ်းစားမရတာကြောင့် ကြမ္မာဆိုးစာအုပ်သုံးပြီးတော့ပဲ ဖြေရှင်းမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

တာအိုသခင်ကျိုးတိဟာ ဒီအတောအတွင်း ဂိုဏ်းရဲ့တိုးတက်မှုတွေကို ပြောပြပါတယ်။ တာအိုသခင်ကျိုးတိဟာ မုရုံချီကို အကြီးဆုံးတပည့်အဖြစ် မြေတောင်မြှောက်ပေးပြီး တစ်ဂိုဏ်းလုံးရဲ့တပည့်တွေကို အမိန့်ပေးနိုင်တဲ့ အခွင့်အာဏကို အပ်နှံချင်နေတာပါ။ ဒီလိုဆိုရင် မုရုံချီရဲ့ အဆင့်အတန်းက အကြီးအကဲတွေထက် နည်းနည်းနိမ့်တယ်ဆိုပေမဲ့ အခွင့်အာဏာကတော့ အကြီးအကဲတွေထက် ပိုမြင့်မားမှာပါ။

ဟန်ကျွယ်ဟာ ငြင်းဆန်ခြင်းမရှိဘဲ တာအိုသခင်ကျိုးတိ စိတ်တိုင်းကျ ပြုလုပ်စေပါတယ်။ မုရုံချီကလည်း တာအိုသခင်ကျိုးတိကို တော်တော်လေး ကျေနပ်အားရသွားစေပါတယ်။ တာအိုသခင်ကျိုးတိဟာ မုရုံချီရဲ့ အရည်အချင်းက ဒီလောက်ထိ ကြောက်ဖို့ကောင်းလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်လက်အောက်က တစ်ခြားတပည့်တွေလည်း မုရုံချီလိုပဲ စွမ်းအားကြီးလားဆိုတာ သိချင်သွားပါတယ်။ ဒါပေမဲ့ တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို မမေးရဲပါဘူး။ ဟန်ကျွယ်က မုရုံချီကို ယွီဂျင်ဂိုဏ်းတော်ကြီးအတွက် အလုပ်လုပ်ပေးစေတာပဲ တော်‌တော်လေး ဟုတ်နေပါပြီ။

တာအိုသခင်ကျိုးတိ ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ခေါင်းလုံးမြွေနဂါးဘုရင်ကို ကျိန်စာတိုက်ပါတယ်။

ရန်ဒေသ မြောက်ပိုင်းနယ်။

နတ်ဆိုးဘုရင်တျန်စုဟာ နှင်းပေါ်မှာ တုန်ယင်စွာ ဒူးထောက်နေပါတယ်။ သူ့ရှေ့မှာတော့ နီရဲနေတဲ့ မျက်လုံးသုံးစုံက နတ်ဆိုးဘုရင်တျန်စုကို စိုက်ကြည့်နေပါတယ်။ ဒီမျက်လုံးတွေက နတ်ဆိုးဘုရင်တျန်စုရဲ့ ခန္ဓာကိုယ်ထက်တောင် ကြီးမားနေပါတယ်။

“အရှင်ပြောတဲ့ ဦးတည်ရာက ယွီဂျင်ဂိုဏ်းတော်ကြီးပဲ... ကျွန်တော် အကြံပေးရမယ်ဆိုရင် ဒီအကြံကို လက်လျှော့လိုက်ပါ” နတ်ဆိုးဘုရင်တျန်စုက တုန်ယင်စွာ ပြောလိုက်ပါတယ်။ နတ်ဆိုဘုရင်းတန်စုဟာ သူ့ရှေ့က နတ်ဆိုးကြီးပေးနေတဲ့ ကြောက်ရွံ့မှုကြောင့် ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ပြန်အမှတ်ရသွားပါတယ်။ တကယ့်တော့ ဒီနတ်ဆိုးကြီးပေးတဲ့ ကြောက်ရွံ့မှုက ကြီးမြတ်တဲ့စပါးအုံးစိမ်းထက် အများကြီး သန်မာပါတယ်။

ဒီနတ်ဆိုးကြီးကတော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ပဲ ဖြစ်ပါတယ်။

“ယွီဂျင်ဂိုဏ်းတော်ကြီးက အရမ်းစွမ်းအားကြီးလို့လား”

“အရမ်းစွမ်းအားကြီးတယ်၊ အဲဒီမှာ အမတတောင် ရှိနေနိုင်တယ်”

“စောက်ပိုတွေ မပြောနဲ့၊ အမတက သေမျိုးလောကမှာ ဘယ်လိုလုပ်ပြီး နေမှာလဲ”

“ဘာပဲဖြစ်ဖြစ် သူတို့တွေက အရမ်းစွမ်းအားကြီးတယ်၊ လောကတစ်ခုလုံးမှာ ယွီဂျင်ဂိုဏ်းတော်ကြီးက ကြောက်စရာအကောင်းဆုံးပဲ၊ ကျွန်တော့်အမြင်မှာ ကောင်းကင်အမတစံအိမ်က ယွီဂျင်ဂိုဏ်းတော်ကြီးလောက် ကြောက်ဖို့မကောင်းဘူး”

ခေါင်းသုံးလုံး မြွေနဂါဘုရင်ဟာ တိတ်ဆိတ်သွားပါတယ်။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ပထမတုန်းက စိတ်ဝိညာဉ်ချီကို စုပ်ယူရင်းနဲ့ မြေအောက်မှာ အိပ်ပျော်နေတာပါ။ ဒါပေမဲ့ ဖူစန်းသစ်ပင်က တဖြည်းဖြည်း ကြီးထွားလာတာကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်လည်း အိပ်ရာကနေ နိုးလာခဲ့ပါတယ်။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ မြေပေါ်တက်လာပြီး သူ့ကိုဆွဲဆောင်တဲ့ ရတနာနောက်ကို လိုက်ပါတယ်။ ဒါပေမဲ့ အကြောင်းအရင်းတစ်ချို့ကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ အလွန်တရာ ကြောက်ရွံ့မှုကို ခံစားနေရပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ သူ့ကိုဆွဲဆောင်တဲ့ ရတနာ‌နောက်ကို ဆက်လိုက်ရင် သေလိမ့်မယ်ဆိုပြီး ခံစားနေရတာ ဖြစ်ပါတယ်။

ဒီလိုခံစားနေရတာကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ရှေ့ကို တဟုန်ထိုးမသွားရဲဘဲ ဖြေးဖြေးချင်း ခရီးဆက်ကာ လမ်းမှာတွေ့တဲ့နတ်ဆိုးတိုင်းကို မေးမြန်းလာခဲ့ပါတယ်။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ မေးမြန်းတိုင်း အဖြေတစ်ခုပဲ ရခဲ့ပါတယ်။

အဲဒါကတော့ သူ့ကိုဆွဲဆောင်တဲ့ ရတနာက ရန်ဒေသမှာဆိုရင် ယွီဂျင်ဂိုဏ်းတော်ကြီးမှာ ကျိန်းသေပေါက် ရှိနေလိမ့်မယ်၊ ယွီဂျင်ဂိုဏ်းတော်ကြီးဆိုရင် လုံးဝမသွားနဲ့ဆိုပြီးတော့ပါ။

အရင်တုန်းက ရန်ဒေသမှာ ယွီဂျင်ဂိုဏ်တော်ကြီးဆီ ပျံသန်းသွားတဲ့ ကျိုတုတ်လည်း အစအန ရှာမရတော့ပါဘူး။ ယွီဂျင်ဂိုဏ်းတော်ကြီးကို အင်အားသိန်းသန်းချီနဲ့ ဖျက်ဆီးချင်တဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းလည်း သေပွဲဝင်ခဲ့ရပါတယ်။

ဒီအကြောင်းအရာတွေက လူသားမျိုးနွယ်စုက မေ့သွားပြီဆိုပေမဲ့ နတ်ဆိုးတွေဆီမှာတော့ အလွန်ကြောက်ဖို့ကောင်းတဲ့ ဒဏ္ဍာရီတွေအဖြစ် ကျန်ရှိနေတုန်းပါ။

‘ယွီဂျင်ဂိုဏ်းတော်ကြီးက အဲဒီလောက်တောင် စွမ်းအားကြီးတာလား’ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘုံဝင် ဆဋ္ဌမအဆင့်မှာပါ ‘ဒီလောကမှာ ဘယ်သူက ငါ့ကို သတ်နိုင်မှာလဲ’ ဒီလိုတွေးလိုက်ပေမဲ့လည်း ခေါင်းသုံးလုံး မြွေနဂါးဘုရင် ခံစားနေရတဲ့ မသက်မသာ ဖြစ်မှုက ပျောက်မသွားပါဘူး။

နတ်ဆိုးဘုရင်တျန်စုကလည်း ခေါင်းသုံးမြွေနဂါးဘုရင်က စိတ်ဆိုးပြီး သူ့ကို စားမှာ ဆိုးတာကြောင့် တစ်ချက်ကလေးတောင် မလှုပ်ရဲပါဘူး။

နောက်ဆုံးမှာ‌တော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ထွက်ခွာသွားပါတယ်။ ဒီတော့မှာပဲ နတ်ဆိုးဘုရင်တျန်စုဟာ သက်ပြင်းချနိုင်ပါတော့တယ်။

ဆယ်သုံးနှစ် ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင် ပဥ္စမအဆင့်ကို ထိုးဖောက်ရောက်ရှိသွားပါတယ်။ ဖူစန်းသစ်ပင်ကလည်း ၁၃ နှစ်လုံးလုံး ညတိုင်း လှုပ်ခါပါတယ်။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်က တမင်တကာ လှုပ်ခါနေတာလားလို့တောင် သံသယဝင်သွားပါတယ်။

ကြည့်ရတာတော့ လူသားစားပန်းလို့ သားကောင်ကို ဆွဲဆောင်နေပုံပါပဲ။ ဒါပေမဲ့ ရွှေကျီးကန်းနှစ်ကောင် ရှိနေတာကြောင့် သေမျိုးလောကမှာရှိနေတဲ့ နတ်ဆိုးပဲဖြစ်ဖြစ် နတ်သားရဲပဲဖြစ်ဖြစ် ဖူစန်းသစ်ပင်ဆီကို လာရဲမှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ သတိကြီးကြီးထားပါတယ်။ မကြာခဏဆိုသလိုလည်း ယွီဂျင်ဂိုဏ်းတော်ကြီးကို စစ်ဆေးပြီး နတ်ဆိုးတွေ ရောဝင်လာမှာကို ကာကွယ်ပါတယ်။ အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ဆောင်ပြီး ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာရှိတဲ့ စွမ်းအားအကြီးဆုံးလူကို စစ်ဆေးလိုက်ပါတယ်။

[ခေါင်းသုံးလုံး မြွေနဂါးဘုရင်:ကောင်းကင်ဘုံဝင် ဆဋ္ဌမအဆင့်၊ နဂါးစစ်၏ မျိုးဆက်ဖြစ်သည်။]

‘ဒီကောင် နောက်ဆုံးတော့ ရောက်လာပြီပဲ’ ဟန်ကျွယ်ဟာ မျက်လုံးပေါက်ကို ကျဉ်းလိုက်ပါတယ် ‘နဂါးစစ်ရဲ့ မျိုးဆက်ဆိုပါလား၊ နောက်ခံရှိတာပဲ’

ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်နဲ့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်လိုက်တဲ့အခါမှာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်က တော်တော်လေး အားနည်းတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ရဲ့ တည်နေရာကို ရှာဖွေလိုက်တဲ့အခါမှာတော့ ချက်ချင်းဆိုသလို ဆွံအသွားါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ လူငယ်တပည့်တစ်ယောက် အသွင် ပြောင်းလဲပြီး ဝီရိယတောင်ခြေမှာ တခြားတပည့်တွေနဲ့ ဒူးထောက်နေလို့ပါ။

ရွှင်ချန်အန်း၊ မုရုံချီနဲ့ ဖန်းလျန်တို့ အောင်မြင်ပြီးကတည်းက ဝီရိယတောင်ခြေမှာ ဒူးလာထောက် တပည့်တွေက မနည်းပါဘူး။ ဒီတပည့်တွေဟာ အသံမထွက်ရဲတာကြောင့် ငြိမ်သက်စွာ ရှိခိုးကြပါတယ်။

အထူးသဖြင် မုရုံချီ နာမည်ကြီးလာကတည်းက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေဟာ နတ်သတ်အကြီးအကဲကို ပိုပြီးတော့ ယုံကြည်လေးစား ကိုးကွယ်လာကြပါတယ်။

‘ဒီကောင်က ဘာလုပ်နေတာလဲ’ ဟန်ကျွယ်ဟာ မေးစေ့ပွတ်ပြီး စဉ်းစားလိုက်ပါတယ်။

‘ထားလိုက်ပါတော့... သူက ဒူးထောက်ချင်မှတော့ ဆက်ဒူးထောက်ခိုင်းတာ ပိုကောင်းတယ်’

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

တစ်နှစ်ကြာပြီးနောက်။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဆက်ရှိခိုးနေတုန်းပါပဲ။ ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ဒီအတိုင်း ဆက်ထားလို့ မဖြစ်တော့ဘူး တွေးမိတာကြောင့် ရွှင်ချန်အန်းကို တောင်အောက်ဆင်းပြီး ခေါ်စေပါတယ်။ ရွှင်ချန်အန်း တစ်ခုခုဖြစ်မှာကို စိုးရိမ်တဲ့အတွက် ရွှေကျီးကန်းနှစ်ကောင်ကိုပါ အဖော်ထည့်ပေးလိုက်ပါတယ်။ ရွှေကျီးကန်းနှစ်ကောင်ဟာ ရွှင်ချန်အန်းရဲ့ ပခုံးတစ်ဖက်တစ်ချက်ကနေ တောင်အောက်ကို လိုက်ပါသွားပါတယ်။

‌ရွှေကျီးကန်းနှစ်ကောင်ဟာ ကောင်းကင်ဘုံဝင် သတ္တမအဆင့်ရှိတာကြောင့် ဆဋ္ဌမအဆင့်ပဲ ရှိသေးတဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို အေးအေးဆေးဆေးကို အနိုင်ယူနိုင်မှာပါ။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

#hanjue #lightnovel #thawhtetzin #ဟန်ကျွယ် #သော်ထက်ဇင်

All Chapters