ထူးဆန်းသောဓားပျံ
Vol. 002 Ch. 76
လျိုစန်းက ခေါင်းကို ဆတ်ခနဲ နောက်လှည့်ပြီး အံကြိတ်ကာ ပြောလိုက်သည်…
“မင်းက တစ်ကယ်ကို သူလျှို တစ်ယောက်ပဲ… “
ယန်စန်းကလည်း ဒေါသပုန် ထနေသော မျက်နှာဖြင့် ဝမ်လင်းကို ကြည့်လိုက်သည်။ မျက်နှာမည်းနှင့် လူကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ဝမ်လင်း သေတ္တာကို ဆွဲယူလိုက်သည့် နည်းလမ်းသည် သာမန် သေမျိုးများ လုပ်နိုင်သည့် အရာတစ်ခု မဟုတ်သည်ကို သူသိနေသည်။
ကျောင်းတော်သားပုံစံ သက်လတ်ပိုင်း လူကြီးသည်လည်း အံ့ဩမှင်တက် သွား၏။ သူက ဝမ်လင်းကို စိတ် ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
ဆောင်ရှင်းက အော်ပြောလိုက်သည်…
“မင်းက လုပ်ရဲတယ်ပေါ့… “
သူက လျင်မြင်စွာ ရှေ့သို့ ခုန်လိုက်ပြီး ဝမ်လင်း၏ ခေါင်းကို ကုတ်ဆွဲလိုက်သည်။
ဆောင်ရှင်း၏ လှုပ်ရှားမှုက လျိုစန်းတို့ လူစုကို စိတ်ရှုပ်ထွေး သွားစေ၏။ သို့သော်လည်း လျိုစန်းက ဆောင်ရှင်းကို မတားဆီးခဲ့ပေ။ လူတိုင်းက ဝမ်လင်းဆီသို့ လမ်းကြောင်းပင် ဖွင့်ပေး လိုက်ကြသည်။
ဝမ်လင်းကတော့ ခေါင်းပင် မော့မကြည့်ဘဲ သေတ္တာကို အေးအေးလူလူ ဖွင့်ကြည့်လိုက်ရာ ရှုံ့တွနေသော ဂျင်ဆင်းကို တွေ့လိုက်ရ၏။ ဂျင်ဆင်းက သေးငယ်သော်လည်း အမြစ်များစွာ ရှိသည်။ ဂျင်ဆင်းပေါ်တွင်လည်း အဝါရောင် အဆောင် စာရွက်များ ကပ်ထားပြီး အထဲတွင် စိတ်စွမ်းအင်များဖြင့် ဖုံးအုပ်ထား၏။
ဆောင်ရှင်းက ဝမ်လင်းနှင့် နီးကပ် လာသောအခါ ဝမ်လင်း၏ ခေါင်းကို ခွဲရန် အသင့် ဖြစ်နေသကဲ့သို့ သူက ပြုံးလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး မမြင်နိုင်သော အားတစ်ခုက သူ့ကို တားဆီးထားလိုက်၏။ ထို့နောက် ဆောင်ရှင်းက ဘေးဘက်သို့ လွှင့်ထွက်သွားပြီး ပြန်မထ နိုင်တော့ပေ။
သူတို့ရှေ့တွင် ဖြစ်ပျက်နေသော ထူးဆန်းသည့် ဖြစ်ရပ်ကြောင့် တခြားလူများ အားလုံးက ကြက်သေ သေသွားကြ၏။ ဝမ်လင်းက ဂျင်ဆင်းပေါ်မှ အဆောင်စာရွက်များကို မခွာဘဲ ဂျင်ဆင်းကို အချိန် တော်တော်ကြာအောင် ကြည့်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်…
“မင်းက ငယ်သူငယ်ချင်းကို တွေ့တာတောင် လာနှုတ်မဆက် တော့ဘူးလား… “
လေတိုးသံများ ဆက်တိုက် ထွက်လာပြီး သစ်တောထဲမှ အေးစက်သော မျက်နှာထားနှင့် လူငယ် တစ်ယောက် ထွက်လာသည်။ မမြင်နိုင်သည့် အားများက သူ့ကိုယ်ဘေးတွင် လှည့်ပတ်နေပြီး သူသွားသည့် ဦးတည်ရာ တစ်လျှောက်ကို ဝတ်စုံနက်များက လမ်းဖွင့် ပေးလိုက်ကြ၏။ လေထဲတွင် မျောနေသော မီးလုံး (၃)လုံးက သူရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်ကို လှည့်ပတ် နေကြသည်။
ဝတ်စုံနက်များက လူငယ်ကို လေးစားစွာ နှုတ်ဆက် လိုက်ကြသည်…
“သခင့်ကို ကြိုဆိုပါတယ်… “
လူငယ်က သွေးအန်နေသော ဆောင်ရှင်းကို ကြည့်တောင် မကြည့်ဘဲ ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်…
“ငါ သိတဲ့လူက (၁၀)နှစ် အတွင်းမှာ ဒီလောက် မပြောင်းလဲနိုင်ဘူး… မင်း ဘယ်သူလဲ… “
ဝမ်လင်းက လူငယ်ကို ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ သိုလှောင်အိတ်ထဲမှ အဝါရောင် စာရွက်လေး တစ်ရွက်ကို ထုတ်ပြလိုက်၏။
လူငယ်က အဝါရောင် စာရွက်ကို မြင်သောအခါ ခဏတာ မှင်တက်သွားပြီး ဝမ်လင်းကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်…
“မိတ်ဆွေ… အဲဒီပစ္စည်းက ဘာလဲ … ကျေးဇူးပြုပြီး ဂျင်ဆင်းလေး ငါ့ကို ပေးလို့ ရမလား… ဂျင်ဆင်းက ငါ့အတွက် အရမ်း အရေးကြီး နေလို့ပါ… “
ဝမ်လင်းက သူ့ရှေ့မှ လူငယ်ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားပြီး သူ့နှလုံးသား ထဲတွင်လည်း သံသယများ ပေါ်လာသည်။ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကြည့်ရာ ကောင်းကင်ထက်တွင် တစ်ခုခု မူမမှန်တာကို တွေ့ရှိသွားပြီး စိတ်ထဲတွင် အေးစက်စွာ ပြုံးကာ ဂျင်ဆင်းကို ပစ်ပေးလိုက်သည်…
“ဒီကိစ္စကို မေ့လိုက်ပါ… ငါ လူမှားသွားလို့ပါ… “
လူငယ်၏ မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ လူငယ်က ဂျင်ဆင်းကို ဖမ်းပြီး ပြောလိုက်သည်…
“မိတ်ဆွေကို ကျေးဇူးတင်ပါတယ်… ခွင့်ပြုပါဦး… “
နှုတ်ဆက်ပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်စဉ်တွင် ကောင်းကင်ထက်တွင် အနက်ရောင် တိမ်တိုက်တစ်ခု ပေါ်လာ၏။ အနက်ရောင် တိမ်တိုက် ပေါ်လာသည့် အချိန်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အစောင့်အရှောက် အဖွဲ့မှ လူတိုင်းကို နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားစေသည်။
အနက်ရောင် တိမ်တိုက်က လျင်မြန်စွာ အောက်သို့ ကျဆင်လာသည်။ အနက်ရောင် တိမ်တိုက် နိမ့်ဆင်းလာသည့် အချိန်တွင် ထူးဆန်းသော လေပြင်းက ပေါ်လာပြီး ပိုပြီးပိုပြီး ပြင်းထန်လာ၏။ အနက်ရောင် တိမ်တိုက်သည် နီးကပ်လာမှ အဖြူရောင် ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီး တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက လေပြင်းများ ကြားထဲတွင် တည်ငြိမ်စွာဖြင့် အောက်သို့ ဆင်းသက်လာသည်။
သူ ထွက်ပေါ်လာသည်နှင့် အစောင့်တစ်ယောက်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သွေးမြူ တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် တခြားသော အစောင့်များစွာ၏ ခန္ဓာကိုယ်များလည်း ပေါက်ကွဲသွားပြီး သွေးမြူများ အဖြစ်သို့ ပြောင်းသွားသည်။
သွေးမြူများက လေထဲတွင် အတူတကွ စုစည်းလာပြီး နောက်ဆုံးတွင် တောက်ပနေသော သွေးစက်တစ်စက် ဖြစ်သွား၏။
အဖြူရောင် ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးက ပါးစပ်ဟပြီး ထိုသွေးစက်ကို စုပ်ယူ လိုက်သည်။ သွေးစက်က သူ့ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် သူ၏ မျက်နှာက နီမြန်းသွား၏။ သူက ပြောလိုက်သည်…
“ကျန်းဟူ… မင်းသိတဲ့လူ တစ်ယောက်ယောက် ပါတယ်မလား… ဒါကို ဝန်ခံဖို့ ဘာလို့ ကြောက်နေ တာလဲ… “
ကျန်းဟူက အလျင်အမြန် လေးစားစွာဖြင့် ပြောလိုက်သည်…
“ဆရာ… တပည့် ဒီလူကို မသိပါဘူး… “
ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက် ကြည့်ရာ ထိုလူကြီးက အလွှာ(၁၅) အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရပြီး မှင်တက်သွား၏။
ထိုလူကြီးက ပြုံးပြီး ဝမ်လင်းကို မေးလိုက်သည်…
“ကျင့်ကြံသူလေး… မင်း ငါ့တပည့်ကို သိလား… “
ဝမ်လင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်…
“သိတာပဲဖြစ်ဖြစ် မသိတာပဲဖြစ်ဖြစ် ဘာဖြစ်သွားမှာ မို့လဲ… “
ဝမ်လင်း၏ အဖြေကို ကြားပြီး အဖြူရောင်ဝတ် လူကြီးက အနည်းငယ် အံ့ဩသွားကာ ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်…
“ဘာမှတော့ မဖြစ်ပါဘူး… မင်းက အလွှာ (၈)ကိုတောင် ရောက်နေပြီဆိုတော့ မင်းရဲ့သွေးကိုသာ သောက်လိုက်ရရင် ငါ့ရဲ့ကျင့်စဉ်က နည်းနည်းလေးတော့ တိုးတက် သွားမှာပဲ… “
ကျန်းဟူ မျက်နှာပျက်သွားပြီး အဖြူရောင်ဝတ် လူကြီးရှေ့သို့ လျင်မြန်စွာ သွားကာ ပြောလိုက်သည်…
“ဆရာ… သူက ကျွန်တော့် ငယ်သူငယ်ချင်းပါ… ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးပါ… “
အဖြူရောင်ဝတ် လူကြီး၏ မျက်ဝန်းတွင် အေးစက်စက် အလင်းရောင် လက်သွားပြီး ပြောလိုက်၏…
“ထွက်သွား… သာမန် သေမျိုးတွေရဲ့ သွေးတွေအားလုံး ငါ့အတွက် သွားပြီး ယူလာခဲ့… ဒီမှာ မင်းကိစ္စ မရှိတော့ဘူး… “
ကျန်းဟူက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်တွင် သက်လတ်ပိုင်း လူကြီးက တစ်ခုခု ပြောလိုက် သကဲ့သို့ လှောင်ပြုံး ပြုံးလိုက်သည်။ ကျန်းဟူ၏ မျက်နှာလည်း ရုတ်တရက် ဖြူရော်သွားပြီး သူ၏ဒွါရ အပေါက်များမှ သွေးများ စတင် စီးကျလာပြီး နဖူးမှလည်း ချွေးများ ဆက်တိုက် စီးကျ လာသည်။
ဝမ်လင်းက မျက်ခုံးပင့်သွားပြီး ဆွဲငင်အား နည်းစနစ်ဖြင့် လက်တစ်ခု ဖန်တီးပြီး သက်လတ်ပိုင်း လူကြီးကို ဖမ်းချုပ်လိုက်၏။ သက်လတ်ပိုင်း လူကြီး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး နှာခေါင်းရှုံ့ကာ ပါးစပ်ကို ဟလိုက်သည်။ ပါးစပ်ထဲမှ အစိမ်းရောင် အလင်းတစ်ခု ထွက်လာ၏။ အစိမ်းရောင် အလင်းက ဓားတစ်ချောင်း အဖြစ် ပြောင်းလဲသွားပြီး ဝမ်လင်း၏ ဆွဲငင်အား နည်းစနစ်ဖြင့် ဖန်တီးထားသော လက်ကြီးကို ခုတ်ပိုင်းလိုက်သည်။
ဝမ်လင်း၏ ဆွဲငင်အား နည်းစနစ်က စိတ်ကူးလို့ မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိ နေသော် လည်း သူ ဖန်တီးထားသော လက်ကြီးသည် ဓားကြောင့် နှစ်ပိုင်းဖြစ်သွား၏။ နောက်ထပ် လက်နှစ်ဖက် ကို ဖန်တီးပြီး တစ်လက်က ကျန်းဟူကို လှမ်းဆွဲလိုက်ကာ နောက်လက် တစ်ခုက လေထဲမှ ဓားကို ဖမ်းချုပ် ထားလိုက်သည်။
အစိမ်းရောင် ဓားသေးလေးက တုန်ခါလာပြီး အလင်းရောင်များ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ သက်လတ်ပိုင်း လူကြီး၏ မျက်နှာ အမူအရာက ပြောင်းလဲသွားပြီး သိုလှောင်အိတ်ထဲမှ အနက်ရောင် ဓားအိမ်တစ်ခုကို ထုတ်ယူလိုက်သည်။ သက်လတ်ပိုင်း လူကြီး၏ လက်ထဲမှ ဓားအိမ်က ဓားမရှိ တာတောင်မှ အနီရောင် အလင်းများ တောက်ပစွာ ထုတ်လွှတ်ပေးနေ၏။
ဓားအိမ် ထွက်ပေါ်လာသည်နှင့် ဆွဲငင်အား နည်းစနစ်ဖြင့် ဖမ်းချုပ်ထားခြင်းခံရသော အစိမ်း ရောင် ဓားလေးက နေရာမှ ပျောက်ကွယ်သွားပြီး ဓားအိမ်ဘေးတွင် ပေါ်လာ၏။
ဝမ်လင်း၏ အပြင်ပိုင်း မျက်နှာက တည်ငြိမ်နေဟန် ရှိသော်လည်း နှလုံးသား ထဲတွင်မူ ထိတ်လန့် နေလေသည်။ သူ၏ ဆွဲငင်အား ပညာရပ်က ပထမဆုံးအကြိမ် ရှုံးနိမ့်သွားခြင်း ဖြစ်၏။ အေးစက်စက် အလင်းရောင် တစ်ခုက ဝမ်လင်း၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားပြီး သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်ရာ သစ်သားနက် အပိုင်းအစများ ထွက်ပေါ်လာသည်။ သစ်သားနက်များက ကျာပွတ် တစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး လျင်မြန်စွာ အဖြူရောင်ဝတ် သက်လတ်ပိုင်း လူကြီးထံသို့ ပစ်လွှင့်သွား၏။
ထိုအချိန်တွင် စစ်ထူနန်၏ အသံကို ဝမ်လင်းကြားလိုက်ရသည်…
“ဝမ်လင်း… ဓားက တစ်ခုခုတော့ တစ်ခုခုပဲ… ထူးဆန်းနေတယ်… “
တစ်ချိန်တည်းမှာပင် ဓားက ဓားအိမ်ထဲသို့ ဝင်သွား၏။ သို့သော်လည်း တစ်ခုခုက တားဆီး ထားသကဲ့သို့ တဝီဝီ အသံများ ထွက်ပေါ်လာသည်။ ဓားက ဓားအိမ်ထဲသို့ (၅)ပုံ တစ်ပုံခန့်သာ ဝင်လို့ရပြီး နောက်ထပ် မတိုးဝင်နိုင်တော့ပေ။ သို့သော်လည်း ဓားက အစိမ်းရောင် တောက်ပနေရာမှ အပြာရောင်သို့ ပြောင်းလဲသွားပြီး ဓားက ဓားအိမ်ထဲမှ ထွက်လာကာ တိုးဝင်လာသည့် ကျာပွတ်ကို ခုတ်ပိုင်းလိုက်၏။
ကျာပွတ်သည် ကျန်းခွမ်းထံမှ ရရှိထားသည့် ပစ္စည်းဖြစ်သည်။ တံခါးပိတ် လေ့ကျင့်စဉ် ကာလတွင် စစ်ထူနန်၏ အကြံပေးချက်အရ ကျာပွတ်ကို ကိုယ်ပိုင်ပစ္စည်း တစ်ခုအဖြစ် သန့်စင်ခဲ့၏။
ဝမ်လင်းက ကျာပွတ်ကို ထိန်းချုပ်ပြီး ဓားကို မထိစေဘဲ ရှောင်သွားစေကာ သက်လတ်ပိုင်း လူကြီးထံသို့ တိုးဝင် သွားစေသည်။
သက်လတ်ပိုင်း လူကြီးက သရော်ပြုံး ပြုံးလိုက်ပြီး ကျာပွတ်ကို လျစ်လျူရှုကာ ဓားကို လက်ညှိုး ထိုးပြီး စကားတချို့ ရွတ်လိုက်၏။ ပျံသန်းနေသော ဓားက တုန်ခါလာပြီး ရုတ်တရက် ပျောက်ကွယ်သွားကာ သက်လတ်ပိုင်း လူကြီးရှေ့တွင် ပေါ်လာပြီး အပေါ်မှ အောက်သို့ ခုတ်ပိုင်းလိုက်သည်။
သက်လတ်ပိုင်း လူကြီးက ရွှေရောင်သွေးစက် တစ်စက်ကို ထွေးထုတ်လိုက်၏။ ရွှေရောင် သွေးစက်က ပါးလွှာသော အမျှင်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ဓားထဲသို့ ဝင်ရောက်သွား၏။
***